ငြင်းဆိုခြင်း
Vol. 1 Ch. 18
"မိန်းကလေး မင်းအဆင်ပြေမယ်ဆိုရင် ငါတို့အိမ်မှာနေ့လည်စာစားပါ။ အချိန်ကုန်သက်သာတာပေါ့။ မြို့ကိုလည်း ပြန်စရာမလိုတော့ဘူးလေ။ ငါတို့စုတ်ချာတဲ့အိမ်က အစားအသောက်လေးဆိုပေမဲ့ မင်းတို့ပုံမှန်စားနေကျအစားအသောက်တွေနဲ့တော့ မတူဘူးပေါ့"
ဟွာအိမ်မှလျှောက်လာပြီးနောက်တွင် အမျိုးသမီးကြီးလောင်က စိတ်အားထက်သန်စွာ ဖိတ်ကြားလိုက်သည်။
အဒေါ်ဟွာ၏အိမ်မှ သူတို့အား အနည်းဆုံးနေ့လည်စာကျွေးကာ ဧည့်ဝတ်ပြုမည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း သူနှင့်ချွေးမဖြစ်သူမှာ ထိုသို့လုပ်ရမည့်အစား ပြောင်းရွှေ့မည့်အကြောင်းကိုသာ ဆွေးနွေးနေကြကာ တစ်စက်မျှပင် မစဉ်းစားမိကြကာ အရေးပင်မလုပ်ကြတော့ပေ။ အဒေါ်လောင်သည် စုရွှေလျန်အတွက် စိတ်မကောင်းဖြစ်မိသွား၏။
"ရပါတယ် အဒေါ်လောင် ကျွန်မတို့ မြို့ထဲကိုတည်းခိုခန်းကိုပြန်ရဦးမှာ။ ပြီးတော့ အခန်းခတွေလည်းပေးရဦးမှာ။ အဲ့တာအပြင် မနက်ဖြန်ကျလိုအပ်တာတွေလည်းဝယ်ရဦးမယ်။ ဒါပေမဲ့ အဒေါ်ရဲ့ကြင်နာမှုကို စိတ်ထဲမှာ မှတ်ထားပါ့မယ်။ ဒီမှာငွေစတွေပါ။ ကြေးပြားနည်းနည်းလောက်ပဲတန်တာပါ။ ဒါပေမဲ့ အဒေါ်ယူထားဖို့ မျှော်လင့်ပါတယ်။ အဒေါ်နဲ့ ဦးလေးလောင်ကြောင့်သာမဟုတ်ရင် ဒီမြို့မှာ ခေါင်းမပါတဲ့ယင်ကောင်လိုမျိုး ဟိုယောင်ဒီယောင်လျှောက်သွားနေရမှာ"
စုရွှေလျန်က သူမအား ကျေးဇူးတင်ကြောင်းပြောလိုက်ကာ ငွေစတစ်စထုတ်ယူကာ အဒေါ်လောင်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူမသည် ထိုငွေစအား ထိုသို့ရည်ရွယ်ချက်ဖြင့် အင်္ကျီလက်ထဲတွင် တမင်သက်သက်ထည့်လာခဲ့ခြင်းဖြစ်သည်။
အစတွင် စုရွှေလျန်၌ စုစုပေါင်း ငွေစ၁၁စရှိ၏။ အငယ်ဆုံးငွေစနှစ်စအား မြင်းသမားကိုပေးလိုက်ကာ အခြားတစ်ခုအား ပွဲတော်၌ မီးအိမ်ဝယ်ခြင်းနှင့်မု့န်ဝယ်စားခြင်းတွင် သုံးစွဲခဲ့သည်။ အကြီးဆုံးငွေစသုံးစအား တည်းခိုခန်းအတွက် အခန်းခပေးချေရမည်ဖြစ်သည်။ ကျန်သေးငွေစခြောက်စအား သူမ၏အိတ်ထဲတွင် ငွေတုံးများဖြင့်အတူတူချန်ထားရမည့်အစား အချို့အား ထိုသို့အခြေအနေမျိုးတွင်သုံးရန် အင်္ကျီလက်ထဲ၌ ထည့်ထားခြင်းဖြစ်သည်။
"မဟုတ်ဘူး မဟုတ်ဘူး မိန်းကလေး မင်းဘာပြောလိုက်တာလဲ။ ငါတို့အတွက် ကူညီပေးရတယ်ဆိုတာက ကံကြမ္မာအလိုရပဲ။ ဒီငွေကိုမယူနိုင်ပါဘူး။ ငါသာယူလိုက်ရင် ငါ့ခင်ပွန်းက ငါ့မျက်နှာကို ကြည့်တော့မှာမဟုတ်ဘူး"
အဒေါ်လောင်သည် စုရွှေလျန်၏ပိုက်ဆံအား အလျင်အမြန်ပြန်ပေးလိုက်သည်။ သူမသည် ထိုသို့လမ်းပြပေးသည့်အတွက် ငွေစအချို့အားပေးလိုက်သည်ဆိုသောစကားသာ ပေါက်ကြားသွားပါလျှင် သူမ၏မိသားစုသည် လောဘကြီးသည်ဟု အတင်းအဖျင်းပြောခံရမည်မဟုတ်လော။
"အဒေါ်ဒီလိုငြင်းဆန်နေမယ်ဆိုရင် ကျွန်မတို့နဲ့ ထွက်ပေါက်အထိ လိုက်ခဲ့ရင်ရော ဘယ်လိုလဲ။ မြို့ကနေပြန်လာတဲ့အခါကျရင် အဒေါ်အတွက် လက်ဆောင်ဝယ်လာပါ့မယ်"
အဒေါ်လောင်သည် ငွေမယူရန် ငြင်းဆန်နေသည်မှာ မယူရဲသောကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်နေသောကြောင့် စုရွှေလျန်သည်လည်း ဖိအားမပေးတော့ဘဲ ငွေစကို အင်္ကျီလက်ထဲတွင်ပြန်ထည့်လိုက်ကာ အပြုံးတစ်ပွင့်သာ လှစ်ဟပြလိုက်၏။
"ဒီမိန်းကလေးက သဘောထားကြီးလိုက်တာ"
အဒေါ်လောင်သည် မျက်နှာနီမြန်းလာကာ လျင်မြန်စွာပင် ပြန်ပြုံးပြလိုက်၏။ စိတ်ထဲတွင်မူ စုရွှေလျန်၏သိတတ်မှုအား ဝမ်းသာနေမိသည်။ ပစ္စည်းအချို့ဝယ်လာမည်ဟုသောကမ်းလှမ်းမှုအား စဉ်းစားနေမိကာ သူမအိမ်အတွက်လိုမည်များကို လျင်မြန်စွာတွက်ချက်နေမိသည်။ သူမသည်သာ ကြွေထည်ပန်းကန်ခွက်ယောက်အချို့ရမည်ဆိုလျှင် ကောင်းပေမည်။ ချည်ပဝါအချို့ သို့မဟုတ် ရေအင်တုံအသစ်တစ်ခုဆိုလျှင်လည်း ကောင်းပေမည်။
ထိုအတွေးမျိုးဖြင့် လူသုံးယောက်နှင့် ဝံပုလွေနှစ်ကောင်သည် ဖန်းလော့မြို့ဝင်ပေါက် ရေကန်အနီးသို့ ရောက်လာကြ၏။
"အဒေါ်လောင် ပြန်လို့ရပါပြီ။ ဒီနေ့ အများကြီးဒုက္ခပေးမိသွားပြီ"
စုရွှေလျန်သည် ဖန်းလော့မြို့အား လင်းစစ်ယောင်နှင့် ဝံပုလွေနှစ်ကောင်နှင့်မပြန်ခင်တွင် အဒေါ်လောင်အား နှုတ်ဆက်စကားဆိုလိုက်သည်။
လမ်းတွင် လင်းစစ်ယောင်က သူမအားကိုယ်ဖော့သိုင်းဖြင့်ခေါ်သွားကာ တည်းခိုခန်းသို့လျင်မြန်စွာပြန်ရောက်လာကြ၏။
၎င်းတို့သည် နေ့လည်စာစားရန် အချိန်မှီပြန်ရောက်လာကြသည်။ စားသောက်ပြီးသည့်နောက်တွင် အခန်းအသီးသီးဆီသို့ အနားယူရန် ပြန်သွားကြ၏။ နွေရာသီ၏မွန်းလွဲပိုင်းသည် ပူပြင်းလွန်းသောကြောင့် အပြင်ဘက်နေပူထဲတွင် အပင်ပန်းခံနေမည့်အစား ညနေပိုင်းအထိ အဘယ်ကြောင့်မနားရပါသနည်း။ ထိုသို့ဆိုလျှင် နေအေးချိန်၌ အပြင်သို့လန်းဆန်းတက်ကြွစွာလျှောက်သွားနိုင်ပေလိမ့်မည်။
"နောက်ဆုံးကျတော့ ပိုက်ဆံဆိုတာ ဒီလိုမျိုးသုံးရတာကိုး"
စုရွှေလျန်က သူမ၏ ဗလာကျင်းဖြစ်သွားသောလက်အိတ်ကပ်ကိုပုတ်ကာ အိတ်အရွယ်အစားမျိုးစုံသယ်ထားရသောလင်းစစ်ယောင် ဘက်သို့လှည့်၍ ညင်သာစွာပြောလိုက်လေသည်။ တောင်းပန်နေသည့်အကြည့်မျိုးဖြင့်ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
"ကျွန်မတို့ ကိုယ့်ဖို့ကို အဝတ်အစားအပိုလေးတွေ ဝယ်ချင်သေးတာ။ ဒါပေမဲ့ ပရိဘောဂတွေနဲ့ဒီလိုတွေဝယ်လိုက်တာ ကျန်တဲ့ငွေစခြောက်စလုံးကုန်သွားတာပဲ"
လင်းစစ်ယောင်က မျက်ခုံးပင့်ပြလိုက်၏။ နှုတ်ခမ်းပါးက အနည်းငယ်မျှပြုံးလိုက်သောကြောင့် ကွေးတက်သွား၏။ နှလုံးသားသည် အချိန်အတော်ကြာမခံစားရပြီဖြစ်သောနွေးထွေးမှုဖြင့် ပြည့်နှက်သွား၏။ သူမသည် သူ့အတွက် အဝတ်အစားများဝယ်ပေးမည်ဟု ပြောလိုက်ခြင်းဖြစ်သည်။ ဖုန်းယောင်တရားရုံးမှအရှင်မှလွဲ၍ သူ့ဘဝကို မည်သူကမျှ ဂရုမစိုက်ချေ။ အဝတ်အစားဝယ်ပေးသည်ကိုမူ မဆိုးထားနှင့်။
"ရှင်ပင်ပန်းနေပြီလား။ ကျွန်မနှစ်ခုလောက်သယ်ပေးရင်ရောဘယ်လိုလဲ"
ဘာမှသယ်မထားသောသူမက အထုတ်အပိုးများစွာသယ်ထားသောလင်းစစ်ယောင်အားကြည့်ကာ ပြောလိုက်သည်။ သူသည် စုရွှေလျန်ရှက်သွားသည်ဟု ခံစားလိုက်ရသောကြောင့်ဖြစ်သည်။
"မလိုပါဘူး"
လင်းစစ်ယောင်က သဘာဝကျကျငြင်းဆန်လိုက်သည်။ သို့သော်လည်း သူသည် သူမ၏ စိတ်ပျက်အားငယ်သွားကာ နောင်တရသွားသောမျက်နှာအား မကြည့်ရဲပေ။ ထို့ကြောင့် မိမိဘာသာ မပြတ်မသားဒွိဟဖြစ်နေသည်ကို သိရှိသွားသည့်အတွက် တောင်းဆိုမှုတစ်ခုလုပ်လိုက်သည်။
"အင်္ကျီလက်ခေါက်ဖို့ ကူညီပေးပါ"
"ဪ ကောင်းပြီ"
စုရွှေလျန်က သူ၏တောင်းဆိုမှုအား ကြည့်သည့်အခါ လျင်မြန်စွာပင် အပြစ်ရှိသည်ဟုထင်နေမိသောအတွေးများကို ဘေးဖယ်ထားလိုက်ပြီး သူ့နားသို့ လျင်မြန်စွာသွား၏။ သူ၏အင်္ကျီလက်ရှည်က အိတ်များကိုသယ်ရာတွင် ခက်ခဲအောင်လုပ်နေပေသည်။ ထို့ကြောင့် တံတောင်ဆစ်အထိ ခေါက်တင်ပေးရန် ကူညီပေးလိုက်၏။ ထိုသို့ဆိုလျှင် ပူလည်းပူမည်မဟုတ်သကဲ့သို့ ပို၍လန်းဆန်းသွားသည်ဟု ခံစားရစေသည်။
ခေါင်းငုံ့လိုက်သည့်အခါတွင် သူသည် စုရွှေလျန်၏ ချိုမြကာသင်းပျံ့သောရနံအား အနံ့ခံလိုက်မိသည်။ မိမိဘာသာထိန်းကာ နားလည်ရခက်ခဲစွာ ကြီးထွားလာသောစိတ်ဆန္ဒအား စိတ်နှလုံးထဲတွင် ချိုးနှိမ်ထားလိုက်ရသည်။ စုရွှေလျန်က သူ၏အင်္ကျီလက်များအား ခေါက်တင်ပေးပြီးနောက်တွင် နောက်သို့ပြန်ဆုတ်ခါနီး၌ လင်းစစ်ယောင်အား ဦးတည်သည့် လွန်စွာချိုသာသောအသံတစ်သံကို ကြားလိုက်ရသည်။
"သခင်လေး ဒီအညတရမိန်းကလေးကို မှတ်မိပါသေးလား"
စုရွှေလျန်က သူမရှေ့မှ မက်မောစရာကောင်းစွာဝတ်ဆင်ထားသည့် မိန်းကလေးအား စပ်စုကာ ကြည့်လိုက်မိသည်။ မိန်းကလေးက ယခုတွင် မိန်းကလေးက မျက်နှာအေးစက်စက်ဖြင့် လင်းစစ်ယောင်အား ဦးစွာနှုတ်ဆက်ရန် စိတ်အားထက်သန်နေသည်။ သူမက ဆက်ပြောလိုက်၏။
"ဒီအညတရမိန်းကလေးရဲ့နာမည်က လုဝမ်အာပါ။ မြောက်ပိုင်းလမ်းက လုအိမ်ကပါ။ ခုနှစ်လပိုင်း ခုနှစ်ရက်မြောက်နေ့ပွဲတော်နေ့က သခင်လေးက ဒီက ပန်းပေးချင်ခဲ့တာ။ ဒါပေမဲ့ သခင်လေးက အစောကြီးထွက်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒီနေ့တော့ ဒီကမိန်းကလေးက အပြင်ထွက်လာတော့ သခင်လေးနဲ့ပြန်ဆုံဖို့ ကံကောင်းသွားတာပေါ့။ သခင်လေးကို အတူတူစကားပြောဖို့ ရှင်းဟွာစံအိမ်ကိုများ ဖိတ်ကြားလို့ရမလား"
လုဝမ်အာက စွဲဆောင်မှုရှိကာ ဖြားယောင်းသွေးဆောင်သောအသံအား မြှင့်တင်ပြောလိုက်ပြီး လင်းစစ်ယောင်အား အကြောက်တရားကင်းမဲ့စွာ အပြင်သို့သွားရန် တိုက်တွန်းနေလေသည်။
ထိုယောင်္ကျားသည် ပထမဆုံးအကြည့်ဖြင့်ပင် သူမ၏နှလုံးသားထဲတွင် နေရာယူသွားသောသူဖြစ်သည်။ ခြေတံရှည်များဖြင့် လမ်းလျှောက်စဉ်က လူအုပ်စုမှမျက်နှာများဖြင့် ခြားနားစွာ ခပ်လှမ်းလှမ်းမှပင် ချောမောခံ့ညားသောမျက်နှာအား သတိထားမိခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမ၏နှလုံးသားက ယခင်ကမဖြစ်ဖူးသော ရင်ခုန်ခြင်းမျိုးဖြစ်သွားခဲ့ရသည်။ သူ့အား ပန်းပေးရန် မအောင်မြင်ခဲ့သောကြောင့် လုဝမ်အာသည် ရက်အတော်ကြာစိတ်ဓာတ်ကျနေရှာသည်။ ချမ်းသာသောလူပျိုလှည့်သူများက မကြာခဏအုပ်စုဖွဲ့ကာ သူမဘေးသို့ရောက်လာကြသည်ဆိုလျှင်ပင် လုဝမ်အာသည်မူ တစ်ကြိမ်တစ်ခါမျှသာတွေ့ဆုံးဖူးသောထိုယောင်္ကျားအား တမ်းတနေပေသည်။
လုဝမ်အာသည် သူ့အား ဘယ်သောအခါမှ ထပ်မတွေ့ရဟုထင်ခဲ့မိကာ အိမ်ထဲတွင် ရက်ပေါင်းများစွာပိတ်နေလေသည်။ ရက်အနည်းငယ်မျှကြာပြီးနောက်တွင် အပြင်သို့လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်ကာ မမျှော်လင့်ဘဲ ကံကောင်းစွာဖြင့် သခင်လေးနှင့် နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံရခြင်းဖြစ်သည်။
'ဒါကံကြမ္မာသတ်မှတ်ထားတာမလား'
လုဝမ်အာ စိတ်လှုပ်ရှားစွာ တွေးနေမိသည်။ သူမသည် သူ့အား ပြေးဖက်ချင်မိကာ သူ့အားရူးအောင်လုပ်နိုင်သောထိုယောင်္ကျားအား စိုးမိုးခြယ်လှယ်ချင်မိသည်။
လင်းစစ်ယောင်၏ခန္ဓာကိုယ်က ရုတ်တရက်ပင် လေးအေးတစ်ခုတိုးဝှေ့သွားသည့်ပုံပေါ်ကာ လက်ဝှေ့ကာ တစ်နေရာမှပေါ်လာသောထိုငမိုက်သားအား ခါထုတ်ပစ်ချင်သောစိတ်အား ချိုးနှိမ်ထားရသည်။ စိတ်မချမ်းမသာစွာဖြင့်ပင် သူမအား လျစ်လျူရှုကာ ဘေးချင်းတိုက်သွားလိုက်ပြီး စုရွှေလျန်အားပြောလိုက်၏။
"ပြန်ကြမယ်"
တည်းခိုခန်းဆီသို့ ဦးတည်သွားလိုက်ပေသည်။
စုရွှေလျန်က လုဝမ်အာအား လှည့်မကြည့်ခင် မျက်လုံးလေးအား ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ လုဝမ်အာသည် လင်းစစ်ယောင်၏ တုံ့ဆိုင်းခြင်းမရှိသောအေးစက်စက်တုံ့ပြန်မှုအား အံ့ဩတုန်လှုပ်သွားသည်။ သူမအသိဝင်လာသောအခါတွင် ခပ်မြန်မြန်လှည့်လိုက်ကာ စုရွှေလျန်အား ကြည့်လိုက်မိသည်။ စုရွှေလျန်က အပြုံးတစ်ပွင့်ဖြင့် လှည့်ကြည့်လိုက်ပြီး ပြန်လှည့်သွား၏။ သူမ၏စိတ်ထဲတွင် ကြာရှည်စွာအာရုံမစိုက်ထားမိဘဲ တည်းခိုခန်းသို့ပြန်သည့် လင်းစစ်ယောင်အားအမှီလိုက်ရန်သာ အမြန်ပြေးလိုက်လာမိပေသည်။
***