ဟွာအိမ် ရောင်းရန်မရှိတော့ပါ။
Vol. 1 Ch. 21
ဖန်းဟွာမြို့ထဲသို့ ဝင်လာပြီးနောက် ထူးဆန်းသောဖြစ်ရပ်တစ်ခုကို မြင်တွေ့ခဲ့ရသည်။ ရွာသူရွာသားများသည် "ပွဲတစ်ခုရှိတယ်၊ကြည့်စရာပွဲတစ်ခုရှိတယ်" ဟု ထပ်တလဲလဲ ရေရွတ်ရင်း မြို့အရှေ့ဘက်ဆီသို့ ဦးတည်သွားနေကြသည်။
စုရွှေလျန်နှင့် လင်းစစ်ယောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ဘာဖြစ်နေသနည်း ဟူသော မေးခွန်း အကြည့်များဖြင့် ကြည့်လိုက်ကြ၏။တစ်စုံတစ်ယောက်ကို မေးခါနီးတွင် ငိုသံတစ်ခုကြားလိုက်ရပြီး "ဘုရားရေ၊ကလေးမ၊ မင်းအချိန်မီရောက်လာတာပဲ"ဟု ပြောသံကြားလိုက်ရသည်။
"အဒေါ်လောင်၊ တစ်ခုခုဖြစ်ခဲ့တာလား?" စုရွှေလျန်သည် အပြင်းအထန် မောပန်းနွမ်းနယ်နေသော အဒေါ်လောင်ကို ကြည့်ရင်း မနေနိုင်ပဲ မေးလိုက်မိသည်။
"အိုက်ယား၊သတင်းဆိုးပဲ" အဒေါ်လောင် သူမရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်သည်။ အသက်ဝအောင်ရှူပြီးတဲ့နောက်မှာတော့ သူမသည် "ဒီကိစ္စက နင်နဲ့လည်းသက်ဆိုင်တယ်"ဟုပြောရင်း စုရွှေလျန်ကို အရှေ့ဖက်ဆီသို့ ဆွဲခေါ်သွားသည်။
အဒေါ်လောင်၏စကားများကို နားထောင်ပြီးနောက် ဒီအုတ်အုတ်ကျက်ကျက်အခြေအနေသည် သူမနှင့်ပတ်သက်နေကြောင်း စုရွှေလျန် သဘောပေါက်လိုက်သည်။ စုရွှေလျန် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်မိသည်။ သို့သော် သူမလက်ကိုထပ်ကိုင်ထားသည့် နွေးထွေးသော လင်းစစ်ယောင်၏လက်ကလေးကြောင့် သူမစိတ်များ ငြိမ်သက်သောအခြေအနေသို့ပြန်လည်ရောက်ရှိလာခဲ့၏။
အရင်တုန်းက စုရွှေလျန်နှင့် လျို့ရှီသည် ငွေတုံး လေးဆယ့်နှစ်တုံးတန် စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။ ဟွာမိသားစုသည် ဤရောင်းချခြင်းအကြောင်းကို မြို့မှာရှိတဲ့ သားအကြီးဆုံးဆီသို့ အကြောင်းကြားရမည်ဖြစ်၏။ သို့သော် သူမတို့ရောက်ပြီးသည်နှင့် မကြာမီမှာပင် သူမတို့ဝယ်လိုသော ဂေဟာကို ငါးဆယ့်ခြောက်ပြားပေးသောအခြားဝယ်သူတစ်ဦးအား ရောင်းချပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။
ယခုတော့ ဟွာအိမ်သည် ရုတ်ရုတ်သဲသဲ ဖြစ်နေပေပြီ။ စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းနှင့်အတူ ငွေပေးချေမှု လက်ခံရရှိပြီးနောက် ယနေ့တွင် အိမ်ပြောင်းရွှေ့ပေးရမည်ဖြစ်၏။ သို့သော်လည်း သူတို့တွင် ရွှေ့စရာအိမ်မရှိပေ။ မြို့ကိုပတ်ကြည့်ပြီးနောက် ပရိဘောဂများမပါသည့် ဈေးအသက်သာဆုံးအိမ်သည် ခုနစ်ဆယ့်ငါးပြားနှင့် ရောင်းချမည်ဖြစ်ကြောင်း သိလိုက်ရသည်။
အမျိုးသမီးဟွာသည် ဤအနေအထားကြောင့် ကိုးရိုးကားယား အခြေအနေသို့ရောက်ရှိနေပြီဖြစ်၏။ အကြီးဆုံးချွေးမသည် "အိမ်မရောင်းပဲနဲ့ ငါတို့အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး"ဟု ကန့်ကွက်ရုံမှလွဲ၍ အဆုံးမရှိ ဆူပူနေခဲ့သည်။
သူတို့ရဲ့ဘဝတွေဒုက္ခရောက်တော့မည်ကိုကြားသောအခါ ဟွာအိမ်နှင့်အနီးဆုံးတွင်နေထိုင်သော ထျန်းအိမ်မှ အမျိုးသမီးသည် မြို့သူကြီး ဝမ်ကန်းဖာကို သူတို့အား ဤအကြပ်အတည်းမှ တာဝန်ယူပေးရန် တောင်းဆိုခဲ့သည်။ မကြာမီမှာပင် ရွာသူရွာသားများ ဒီသတင်းကိုသိသွားကြပြီး ရုတ်ရုတ်သဲသဲ အခြေအနေကိုကြည့်ရန် အပြေးအလွှားရောက်လာခဲ့ကြသည်။
"အိုက်ယား၊ မစိုးရိမ်ပါနဲ့ မိန်းကလေးရယ်။ ဟွာအိမ်က နောင်တရခဲ့ရင်တောင် မြို့သူကြီးက မျှမျှတတ ဆုံးဖြတ်ပေးမှာပါ။ သူတို့အတွက် အကျိုးရှိတာတွေကိုသာ လုပ်ပေမယ့် ရစရာမရှိတော့ဘူးဆိုတာသိတဲ့အခါ ဟွာမိသားစုကို ဒီတိုင်းပြန်လွှတ်ပေးလိမ့်မယ်လို့ထင်လား။ ဟမ့်၊အဲ့လောက်မလွယ်ဘူးလေ။ သူတို့ဘယ်လိုပဲ တုန့်ပြန်တုန့်ပြန် ငါတို့မင်းအတွက် တရားမျှတမှုယူပေးမယ်။" ဟွာအိမ်၏ တာဝန်မဲ့သော လုပ်ရပ်များကို ဝေဖန်နေကြချိန်တွင် အဒေါ်လောင်သည်လည်း စုရွှေလျန်ကို အားပေးစကားပြောရန် ကြိုးစားခဲ့သည်။
စုရွှေလျန် ထပ်ပြီး သက်ပြင်းချလိုက်မိသည်။ ဟွာအိမ်ကသာ သူတို့ရဲ့ သဘောတူညီချက်ကို ဖျက်သိမ်းချင်တယ်ဆိုရင် သူမ သူတို့ကို အခက်အခဲ ဖြစ်အောင်လုပ်မှာမဟုတ်ဘူး။တကယ်တော့ ဒါက အစကတည်းက သူတို့အိမ်လေ။ သူတို့ကို ဖယ်ရှားဖို့ဆို ခိုးမှပဲရလိမ့်မည်။ အခုတော့ သူမတို့ရဲ့အိမ်အသစ်ရှာဖွေမှုကို အစကနေပြန်လုပ်ရမည့်ပုံ ပေါ်၏။
"စိတ်မပူပါနဲ့၊ အဆိုးဆုံးအနေနဲ့ တည်းခိုခန်းမှာ ရက်အနည်းငယ်လောက်ပဲ နေရမှာပါ" သူမ၏စိတ်ဓာတ်ကျနေသော အခြေအနေကိုမြင်သောအခါ လင်းစစ်ယောင်သည် မြို့ထဲတွင် နေရသေးမှာ တော်သေးသည်ဟုတွေးပြီး သူမကို ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည်။
ပိုက်ဆံအတွက်ကတော့ လင်းစစ်ယောင် မြို့ကိုပတ်ကြည့်ပြီးနောက် ဆုကြေးငွေပေးမည့် ကြေညာစာတစ်ခုကို သတိထားမိလိုက်သည်။ တာဝန်ကတော့ သူခိုးအသေးစားများကို ဖမ်းပေးရန်ဖြစ်၏။
ဖုန်းယောင် တရားရုံးရဲ့ ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ နေ့ခင်းကြောင်တောင်မှာ ဒီရာဇဝတ်ကောင်များကို ဖမ်းဖို့.....။ အကျိုးဆက်အနေဖြင့် ဖုန်းယောင်တရားရုံးကသာ သူ့ကို ရှာတွေ့သွားမည်ဆိုလျှင် သူ့ဘေးက ဤအမျိုးသမီးလေးကို ထိခိုက်စေမိမည်ကို သူအလွန်စိုးရိမ်မိ၏။
စုရွှေလျန်သည် စိုးရိမ်မှုအပြည့်ဖြင့် မျက်မှောင်ကြုတ်လျှက်ရှိသော လင်းစစ်ယောင်၏ မျက်နှာကို ကြည့်လိုက်သည်။ သူ သူမအတွက် စိုးရိမ်ပေးနေသည်မှာ အရမ်းကို ချိုမြိန်လွန်းလှ၏။ သူ့အမူအရာသည် အေးစက်နေသော်လည်း သူ့မျက်လုံးထဲက စိုးရိမ်မှုများကို သူမ ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
"ကျွန်မ အခုအဆင်ပြေပါတယ်။ အဒေါ်ဟွာက မရောင်းဖို့ဆုံးဖြတ်လိုက်ရင်တောင် ကျွန်မတို့ ဘာမှ ဆုံးရှုံးသွားမှာ မဟုတ်ဘူးလေ" စုရွှေလျန် ပြုံးကာ သူ့ကိုနှစ်သိမ့်လိုက်သည်။
သူမ၏ဘက်တော်သားဖြစ်သော အဒေါ်လောင်သည် သူမကို တိတ်တဆိတ်ချီးကျူးလိုက်သည်။ ဆွေကြီးမျိုးကြီးများမှဆင်းသက်လာသော အမျိုးသမီးများသည် ရက်ရောကြသည်။ သူမ၏အကြီးဆုံးချွေးမသာ ဖြစ်ခဲ့လျှင် အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။ အိမ်မရောင်းဖြစ်လျှင်တောင်မှ ဟွာအိမ်သည် အနည်းဆုံးတော့ သူတို့ရဲ့အချိန်ဖြုန်းမှုအတွက် အခကြေးငွေ ပေးရလိမ့်မည်။ ခွေးတွေကို အိမ်နှင့်ပတ်သက်သော အထုပ်များကို သယ်ခိုင်းလျှင်တောင်မှ ပိုက်ဆံအများကြီးကုန်ကျသည်။ အိုင်း၊ သူတို့မြို့တော်ကနေ နေ့တိုင်းဒီမြို့ကို လမ်းလျှောက်လာတာကိုသာ ကြည့်ပေတော့။ ဒါကိုတွေးရင်း အမျိုးသမီးလောင်သည် ခွေးတွေပေါ်က အထုပ်များကို အနီးကပ် လှည့်ကြည့်လိုက်သည်။ လကဆောင်တွေဟာ သူမအတွက်လားဆိုတာသေချာမသိပေမဲ့ စာချုပ်ဖျက်သိမ်းလိုက်တာကြောင့် သူမဘာမှ မရနိုင်ဘူးဆိုတာကိုတော့ သံသယဖြစ်မိသည်။
……
"သူတို့လာပြီ၊သူတို့လာပြီ၊ သူတို့ဟုတ်တယ်မလား"
"သူတို့ပဲ ဖြစ်ရမယ်။ သူတို့ကြည့်ရတာ ယဉ်ကျေးပုံပဲ၊ စာချုပ်ချုပ်ဖို့ ဆက်ပြီးတွန်းအားပေးမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား"
"အဲ့လိုတော့ ကျိန်းသေပေါက်ပြောလို့မရဘူးလေ။ ယဉ်ကျေးပုံပေါ်လေလေ ပတ်သက်ဆက်ဆံရ ဆက်ဆံရတာ ခက်လေလေပဲတဲ့"
"ငါတော့ သူတို့ကို ဆင်ခြင်တုံတရားမဲ့တဲ့သူတွေလို့ မထင်ဘူး။ ငါပြောချင်တာက အဲဒီမိန်းကလေးဘယ်လောက်လှလဲကြည့်စမ်း။ ဆိုးတာက သူမမှာ ပိုင်ရှင်ရှိပြီးသား ဖြစ်နေတယ်။ အဲ့လိုသာမဟုတ်ရင် ငါတို့သားရဲ့ဇနီးဖြစ်လာဖို့ သူမကို ငါ့အိမ်ကိုဖိတ်မယ်၊ ဟီးဟီး"
"နင် အဲဒီအလှလေးကို ချွေးမတော်ချင်တယ်ပေါ့လေ။ နင့်သား တနျိုနဲ့ယှဉ်လိုက်ရင် အဲဒီကောင်မလေးရဲ့နောက်က အမျိုးသားက ပိုချောတယ်။ တနျို အတွက်ကတော့..ငါထင်တာက ဝမ်အိမ်က ချွင်းပေါင်နဲ့ပဲလက်ထပ်ဖို့ ကံပါလာတယ်ထင်တယ်"
"နင်....နင့်ရဲ့ ညစ်ပတ်တဲ့ပါးစပ်က ဒီလိုပြောထွက်ရဲတယ်၊ ဖီးးး"
……
စုရွှေလျန်နှင့် လင်းစစ်ယောင်တို့ ဟွာအိမ်ထဲသို့ ဝင်လာသောအခါ တီးတိုး တီးတိုး ပြောနေသူများ ပျာယာခတ်သွားကြသည်။
အမျိုးသမီးကြီးလောင် ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် အတင်းပြောနေသော သူမနှင့် ရင်းနှီးသည့် အမျိုးသမီးများက ဘေးသို့ဆွဲခေါ်လိုက်သည်။
"ဝါး၊ ငါ့ကိုယ်ငါသတ်သေလိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါတို့မိသားစု အနာဂတ်အတွက် ငါဒါကို လုပ်ခဲ့တာ နင်မသိဘူးလား။ တခြားသူတွေ နောက်ကွယ်မှာဘာတွေပြောနေလဲဆိုတာ ငါမသိဘူးထင်နေလား။ မနေ့က အိမ်ကိစ္စကျေအေးဖို့ သွားတော့မှ ငါသိလိုက်ရတာ။ ငါတို့မိသားစုကောင်းဖို့အတွက် ငါလုပ်ခဲ့တာပါ။ ဒါတောင် နင်က အကြင်နာတရားမရှိ ငါ့ကိုရိုက်ဝံ့သေးတာလား၊ ဟင့်ဟင့်"
စုရွှေလျန်သည်တံခါးအပြင်ဖက်ကနေ ဒီစကားများကို ကြားသောအခါ ဟွာအိမ်ထဲသို့ဝင်ရန် ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားလိုက်သည်။ သူမကြားလိုက်သောစကားများအရ သူတို့သည် ကိုယ်ရေးကိုယ်တာများကို ပြောဆိုနေပုံရပြီး အဲ့လို အချိန်မှာဝင်သွားလိုက်လျှင် ရိုင်းစိုင်းရာကျပေလိမ့်မည်။
"အာ၊ မိန်းကလေးစု၊မင်းကဒီမှာကို အထဲဝင်ပါ" သူမ အိမ်ထဲသို့မဝင်ခင် အခြေအနေတွေငြိမ် အောင်စောင့်ဆိုင်းနေစဉ်မှာပဲ ဟွာအိမ်ရဲ့ အကြီးဆုံး ချွေးမ ဖုန်းရှီသည် တံခါးကို ဖွင့်လိုက်သည်။ သို့သော်လည်း သူမ၏အမူအရာသည် လွန်ခဲ့သောစက္ကန့်အနည်းငယ်ကဒေါသထွက်နေသောအမူအရာနှင့် လုံးဝကွဲပြားသွားသည်။
စကားထပ်မပြောပဲ ဖုန်းရှီသည် စုရွှေလျန်ကိုအိမ်ထဲသို့ဆွဲခေါ်လိုက်သည်။ သူမ၏ကြမ်းတမ်းသော အပြုအမူများကိုကြည့်ရင်း လင်းစစ်ယောင် မျက်မှောင်ကြုတ်မိသည်။ သူ စုရွှေလျန်ရဲ့လက်ကောက်ဝတ်ကို ကြည့်လိုက်တော့ ထိုကြမ်းတမ်းသော လယ်သမားမိန်းမ၏ လုပ်ရပ်ကြောင့် အနီရောင်ပြောင်းနေပြီဖြစ်၏။ သူသည် စုရွှေလျန်ဆီသို့ လမ်းလျှောက်သွားပြီး ဖုန်းရှီကိုအေးစက်စက်ကြည့်ကာ နောက်ထပ်ဘယ်သူမှ သူမကို မဆွဲနိုင်အောင် ပွေ့ဖက်ကာကွယ်လိုက်သည်။
"မင်းက ဟွာအိမ်နဲ့စာချုပ်ချုပ်ထားတဲ့ မိန်းကလေးစုပဲဖြစ်ရမယ်။ ငါကရွာသူကြီးဖြစ်ပြီး ငါ့ကို ဦးလေးဝမ်လို့ခေါ်လို့ရတယ်။"ဟု အသက်ကြီးကြီးအမျိုးသားတစ်ယောက်က ပြောလိုက်သည်။ ထိုလူသည် တခြားရွာသားများနှင့်ယှဉ်လျှင် ပိုမိုကောင်းမွန်စွာဝတ်စားထားပြီး လက်ထဲတွင် ဆေးတံတစ်ချောင်းကို ကိုင်ထားသည်။ သူသည် ဟွာအိမ်က အကြီးဆုံးချွေးမ၏ အတင်းဆွဲခေါ်ခြင်းခံလာရသော စုရွှေလျန်ကိုမြင်လိုက်တဲ့အခါ သေသေချာချာ သဘောပေါက်ပြီး မေးလိုက်သည်။
"ဟုတ်ကဲ့၊ ဦးလေးဝမ်" စုရွှေလျန်ခေါင်းညိတ်ပြီး ရွာသူကြီးကို တလေးတစား နှုတ်ဆက်လိုက်သည်။
"မိန်းကလေး ဖန်းဟွာမြို့ထဲမှာနေဖို့ရည်ရွယ်ထားတာလား?" ရွာသူကြီးသည် စုရွှေလျန်ကိုမကြည့်ခင် ဆေးတံကို ရှိုက်ဖွာလိုက်သည်။
စုရွှေလျန်ခေါင်းညိတ်လိုက်သည်။
ရိုးရိုးသားသားပြောရလျှင် သူမအခြားမြို့မှာ အခြေချနေထိုင်နိုင်သည်။ သို့သော် သူမသည် ထိုနေရာများနှင့် မရင်းနှီးသည့်အပြင် လင်းစစ်ယောင်အတွက်လည်း သူမ မမေးပဲနှင့်သိသည်။ ထိုအုပ်စု၏ လိုက်ဖမ်းခြင်းခံနေရသော သူသည် ဒီနေရာကို စူးစမ်းဖို့ ဘယ်လိုလုပ်အချိန်ရှိမှာလဲ။ ဘာပဲဖြစ်ဖြစ်၊ သူမတို့ ဘာကြောင့်ဒီမှာ မနေရမှာလဲ? ဒီမြို့က သူမတောထဲက ထွက်လာပြီးနောက် ရောက်ဖူးတဲ့ ပထမဆုံးမြို့လေ။
"အိုင်း…" သူမခေါင်းညိတ်လိုက်တာကိုမြင်တော့ ရွာသူကြီးက ခေါင်းယမ်းရင်း ဘေးကထိုင်ခုံကိုဆွဲပြီး ထိုင်လိုက်သည်။ ဟွာအန်းကို တစ်ချက်ကြည့်လိုက်ပေမဲ့လည်း သူဘာတွေးနေလဲဆိုတာ သေချာမသိနိုင်ပေ။ ရုတ်တရက်ဆိုသလိုပင် ဖုန်းရှီသည် နောက်ထပ်ကျယ်လောင်စွာငိုကြွေးလိုက်ပြီး စကားတစ်လုံးမှ မပြောပဲ စုရွှေလျန်ကိုထားခဲ့သည်။
"အာ... အစ်မကြီး၊ ကျွန်မ အဒေါ်လောင်ဆီက အကြောင်းစုံကြားပြီးပါပြီ။ တကယ်လို့ အိမ်ကိုမရောင်းချင်တော့ဘူးဆိုရင် ကိစ္စမရှိပါဘူး။ လက်မှတ်ထိုးထားတဲ့စာချုပ်ကို ပြန်ပေးလိုက်မယ်လေ၊ အဆင်ပြေတယ်မလား။ တခြားသူတွေကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ကျေးဇူးပြုပြီး မငိုပါနဲ့တော့"
စုရွှေလျန်သည် လင်းစစ်ယောင် လက်ထဲမှ အိတ်ကိုယူလိုက်ရင်း စာရွက်များကို ထုတ်ကာ စာချုပ်နှင့်ငွေတုံးများကို တစ်ဖန်ပြန်လဲလှယ်ရန် အဆင့်သင့်ဖြစ်နေ၏။
စုရွှေလျန်အလွယ်တကူ သဘောတူလိုက်ကြောင်း သိလိုက်ရတော့ ဟွာမိသားစု၏ အကြီးဆုံးချွေးမသည် အံ့အားသင့်သွားပြီး စိတ်ထိခိုက်နေသော အမူအရာကို ဆက်ထိန်းထားဖို့ မကြိုးစားတော့ပေ။ ရွာသူကြီးနှင့် ဟွာအန်းသည်လည်း စုရွှေလျန်၏တုံ့ပြန်ပုံကြောင့် အံ့အားသင့်သွားကြသည်။
"ဒါပဲလား?"
သူတို့ခက်ခက်ခဲခဲစဉ်းစားထားရတဲ့ တန်ပြန်ရေးအစီအစဉ်တွေတောင်မှ မသုံးရသေးဘူးလေ။
***