အနောက်တောင်ဘက်တွင်တည်ရှိသောအိမ်
Vol. 1 Ch. 23
"စားပါ မိန်းကလေးတို့၊ ကြက်ဥရောထည့်စားလေ၊ အသီးအရွက်တွေချည်းပဲ စားမနေပါနဲ့။ ” ဝမ်အိမ်၏ ဇနီးသည်ဖြစ်သူ ယန်ရှီသည် စုရွှေလျန်၏ပန်းကန်ထဲသို့ ကြက်ဥအနည်းငယ်ကို ယဉ်ကျေးစွာ ထည့်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒေါ်လေးယန်" စုရွှေလျန် ပြုံးပြီး ပြန်ဖြေလိုက်သည်။
လင်းစစ်ယောင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ပန်းကန်ထဲကို ကြက်ဥတစ်ခြမ်းထည့်ပေးလိုက်သည်။ သူမအားကြည့်နေသောသူ့ကို မြင်တော့ ရွှေလျန် စကားမဲ့စွာပြုံးလိုက်မိ၏။
လင်းစစ်ယောင်သည် သူ့အပြုံးကို တခြားသူများမမြင်စေရန် ခေါင်းငုံ့လိုက်သည်။ သူသည် တစ်ကိုက်တည်းဖြင့် ထိုကြက်ဥပိုင်းကို စားပြီးသွားသည်။
"ကျွတ် ကျွတ်! ဒီစုံတွဲကို ကြည့်လိုက်စမ်း၊ အရမ်း ကြည်နူးစရာကောင်းတာပဲ !” ယန်ရှီက နောက်ပြောင်ပြောလိုက်သည်။
ယန်ရှီက သူတို့သည် စေ့စပ်ထားပြီးဖြစ်ပြီးဒီကို လက်ထပ်ရန် ရောက်လာခြင်းဖြစ်သည်ဟု လောင်အိမ်၏အမျိုးသမီး ဟွာအိမ်ရှေ့တွင်ပြောနေသည်ကို ဒီမနက်တွင်ပင် ကြားလိုက်ရသည်။ ဟွာအိမ်သည် သူတို့ဘက်က ကတိမတည်ဘူးလို့ ဘယ်သူထင်မိမှာလဲ။
ယန်ရှီသည် ထိုအချိန်က ထွက်သွားပြီဖြစ်သော်လည်း သူမ၏ခင်ပွန်းသည် ဟွာအိမ်ထဲတွင်ရှိနေသောကြောင့် သူမ၏အတွေးအမြင်များကို သူနှင့် မဆွေးနွေးနိုင်ခဲ့ပေ။ သူ့ကိုယ်ပိုင်အစီအစဉ်နှင့် သူတို့အိမ်အကြောင်း ပြောပြပြီး နေ့လည်စာစားဖို့တောင် ဖိတ်မယ်လို့ သူမ မထင်ထားမိခဲ့ဘူး။
သူမ ဒီအိမ်ကိုရောင်းချင်နေတာကြာပြီဖြစ်သောကြောင့် အိမ်ရောင်းမည့်အကြောင်းကိုသိတော့ ယန်ရှီ အလွန်ပျော်သွားခဲ့သည်။ အိမ်သည် ဤနေရာနှင့် ဝေးကွာပြီး စောင့်ရှောက်ရခက်သည်ဟု မဆိုလိုပါ။ သို့သော် လက်ထပ်ရမည့်အရွယ်ရောက်နေပြီဖြစ်သော သူမ၏သားပင်လျှင် ထိုကဲ့သို့ ချုံးချုံးကျနေသောအိမ်တွင် နေထိုင်ရန် ငြင်းဆန်ပြီး သူမတို့နှင့်အတူ နေထိုင်နေသည်။ ဒီအိမ်ဟောင်းကို မပြိုကျခင် အခုရောင်းလိုက်တာက ပိုကောင်းသည်။ အဲ့လိုပြိုကျသွားရင် သူမတို့လည်း ဘာပိုက်ဆံမှမရဘဲ ပြန်ပြင်ဖို့ အခကြေးငွေတောင် လို,လာပေလိမ့်မည်…။
ဤအတွေးဖြင့် ယန်ရှီသည် စုရွှေလျန် နှင့် လင်းစစ်ယောင်တို့ကို ပို၍ပင် ယဉ်ကျေးပျူငှာလာသည်။
….
“အင်း မိန်းကလေး၊ ငါ့မိန်းမနဲ့ ဆွေးနွေးပြီးပြီ၊ စျေးနှုန်းက ညှိနှိုင်းလို့မရဘူး။ ဒီလောက်ပဲကျမယ်။” နေ့လယ်စာစားပြီးနောက် ဝမ်ကန်းဖာသည် အိမ်ရောင်းလိုသောစျေးနှုန်းကို ၎င်းတို့အား ပြောပြရန်ရှိမရှိ အချေအတင် ဆွေးနွေးခဲ့သည်။ အိမ်ကိုမြင်တာနဲ့ ဈေးနည်းနည်းလေး ပေးမှာကို သူအရမ်းကြောက်သည်။
ရွာလူကြီးက သူမရှေ့မှာ လက်ဝါး ဖြန့်နေတာကို မြင်တော့ စုရွှေလျန် သူတောင်းနေတာကို သိလိုက်သည်...... ငွေနှစ်ဆယ်? သူမက ပြုံးပြီးပြောလိုက်သည် "ဦးလေးဝမ်၊ အိမ်က အဆင်ပြေတယ်ဆိုရင် ပိုက်ဆံက လုံးဝပြဿနာမရှိစေရပါဘူး"
"ရပါတယ်၊ ရပါတယ်" ဝမ်ကန်းဖာ သူ့လက်များကို အောက်ချရင်း ရယ်မောလိုက်သည်။ ဖြတ်သွားသော ရွာသားအနည်းငယ်ကို သတိပြုမိသောအခါ ဝမ်ကန်းဖာသည် စုရွှေလျန်ဘက်သို့ လှည့်ကာ အသံတိုးတိုးဖြင့်"အမ်...မိန်းကလေး၊ တခြားသူတွေ မေးရင် ဒီအိမ်ကို ငါရောင်းတာလို့ မပြောနဲ့နော်၊ ဟုတ်ပြီလား? ဟဲဟဲ၊ မင်းဝယ်ဖို့ စိတ်ဝင်စားတယ်လို့ မပြောခင် ငါရောင်းမယ်ဆိုတာကို ဘယ်သူ့ကိုမှ မပြောဖူးလို့။"
အမှန်က၊ သူမဝယ်ဖို့ အိမ်ရှာနေတယ်လို့ တခြားသူတွေကြားရင် သူမကိုနောက်ထပ်အိမ်ကို ညွှန်ပေးမှာကို သူစိုးရိမ်သည်။ နှိုင်းယှဉ်ကြည့်လိုက်ရင် သူ့အိမ်က ဝယ်ဖို့မတန်ဘူးဆိုတာ သူသိသည်။ နောက်ဆုံးမှာတော့ သူ့အိမ်က ဘယ်လောက်တောင် စုတ်ပြတ်နေလဲ ဆိုတာ သူသတိထားမိသည်။
“ကျွန်မနားလည်ပါပြီ ဦးလေးဝမ် ” သူမသည် အတင်းအဖျင်းပြောတတ်သူမဟုတ်သောကြောင့် စုရွှေလျန် နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။အထူးသဖြင့် မပေါ်ပေါက်သေးသော ကိစ္စများကို ပြောဆိုခြင်းမပြုရ။
ဝမ်ကန်းဖာ သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ သူမသည် အမှန်တကယ် လိမ္မာပါးနပ်သူဖြစ်၏။ သူ့သားသာ မစေ့စပ်ရသေးရင် သူ့သားနဲ့ မိတ်ဆက်ပေးလိမ့်မည်။ သူ့ စိတ်တွင် တွက်ဆနေချိန်၌ ဝမ်ကန်းဖာသည် စုရွှေလျန်နှင့် အမြဲအတူရှိနေသည့် လင်းစစ်ယောင်ကို လုံးဝမေ့သွားခဲ့လေသည်။
…
အိမ်သည် ဖန်းဟွာမြို့၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ၎င်းတွင် ပင်မအဆောက်အဦ၌ အခန်းသုံးခန်းနှင့် မီးဖိုချောင်အတွက် အမြင့်ဆုံးအခန်း တစ်ခုရှိသည်။ ခြံနောက်ဖေးတွင် တောရိုင်းချယ်ရီပင်တစ်ပင်နှင့် နိမ့်ပါးသော ဝင်းထရံဖြင့် ဝန်းရံထားသည်။ အိမ်ရှေ့ ခြံဝင်းသည် အသီးအရွက်များ ရှင်သန်ကြီးထွားခဲ့သော်လည်း ဂရုမစိုက်သောကြောင့် ယခုအခါ ပေါင်းပင်များဖြင့် ပြည့်နေသည်။ ဝမ်ကန်းဖာ၏အဖေ ဒီအိမ်ကိုဝယ်ဖို့ ရွေးချယ်ခဲ့တဲ့ အဓိကအကြောင်းရင်းတစ်ခုရှိသည်။ ၎င်းမှာ အိမ်နားက ဖြတ်သွားသော မြစ်လက်တက်တစ်ခုကြောင့် ဖြစ်၏။ မြစ်သည် အနောက်ဘက်မှ အရှေ့သို့ စီးဆင်းသောကြောင့် ဤနေရာတွင် ရေသည် အကြည်လင်ဆုံးနှင့်အသန့်ရှင်းဆုံး ဖြစ်ပေသည်။
ဝမ်ကန်းဖာသည် ရွာလူကြီးဖြစ်လာသောအခါ၊ ဤအိမ်သည် မြို့၏အဝေးဆုံးတွင်ဆောက်ထားသောကြောင့်၊ သူသည် ပိုမိုအဆင်ပြေသောနေရာတွင် အခြားအိမ်တစ်ခုကို ရွေးချယ်ပြီး ထိုနေရာတွင်သာ နေထိုင်ရလေသည်။ သူ့အဖေ အသက်ကြီးလာပြီး အားနည်းလာသောအခါ အဲဒီအိမ်သစ်ကို ပြောင်းဖို့ကလွဲပြီး ရွေးစရာလမ်းမရှိတော့ချေ။
သူ့အဖေအိုကြီး ပြောင်းရွှေ့လာချိန်မှာတော့ ယန်ရှီက 'သန့်ရှင်းရေးလုပ်ခဲ့တယ်' ဟုပြောခဲ့ပြီး အခုတော့ အိမ်ဟာ လုံးဝအလွတ်ဖြစ်နေပါပြီ။ ဒါကြောင့် သူမတို့နှစ်ယောက်က အိမ်ပြောင်းဖို့ ဆုံးဖြတ်ထားရင် ပရိဘောဂနဲ့ ပစ္စည်းတွေအတွက် ပိုက်ဆံပိုကုန်လိမ့်မည်။
စုရွှေလျန်သည် အိမ်တဝိုက်ကို လှည့်ပတ်ကာ ကြည့်ရှုရင်း ပတ်ဝန်းကျင်ရှုခင်းကို ကျေနပ်နေမိသည်။
နိမ့်ပါးသော ဝန်းထရံများရှေ့တွင် ၊ အိမ်အနီး၌ စီးဆင်းနေသော စမ်းချောင်းတစ်ခုရှိသည်။ တောင်တန်းများရှိရာ အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ ဆန့်ထွက်နေသော ခုနစ်မီတာမှရှစ်မီတာခန့် ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးတစ်ခုလည်းရှိသည်။ တိမ်များနှင့်အတူ တောင်တန်းများရှေ့တွင် ထင်ရှားသော တောင်ထိပ်တစ်ခုရှိသည်။ မြင်ကွင်းက တကယ်ကို လှပပေသည်။
အိမ်နောက်ဘက်တွင်တော့ ဖန်းဟွာမြို့၏ လမ်းဆုံးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဤအိမ်သည် အဆုံးတွင်ရှိနေသောကြောင့် ငွေကြေးရရှိနေသရွေ့ အိမ်ထဲသို့ အခန်းအနည်းငယ်ထပ်ထည့်သည်မှာ အလွန်ဖြစ်နိုင်ချေရှိသည်။
သို့သော် စုရွှေလျန်သည် ကွဲအက်နေသော နံရံများနှင့် အိမ်တံခါးများကို ကြည့်လိုက်သည်။ နံရံတစ်လျှောက်တွင် ရေညှိများကပ်နေပြီး ရှိတယ်ဆိုရုံသာပြောလို့ရတဲ့ ပြတင်းပေါက်တွေ... ငွေနှစ်ဆယ်နဲ့ တန်လို့လား။သူမ စိတ်ရှုပ်သွားပြီး လင်းစစ်ယောင် ကို ကြည့်လိုက်သည်။
“ငွေတစ်ဆယ်။” လင်းစစ်ယောင် တိုက်ရိုက်ပြောလိုက်သည်။
ဝမ်ကန်းဖာ ကြားသောအခါ ဖြူဖျော့သွားလေ၏။ စုရွှေလျန်ဘက်သို့ လှည့်ပြီး “အဲ… မိန်းကလေး၊ ဒီအိမ်မှာ မြေသြဇာကောင်းတဲ့ မြေနှစ်ဧကလည်း ပါပါတယ်။ ဒီအိမ်ရဲ့အနောက်ဘက်မှာရှိပြီး အိမ်နဲ့လည်း အရမ်းနီးတယ်၊ ငွေတစ်ဆယ်က နည်းနည်းတော့ နည်းတယ် မထင်ဘူးလား”
အိုး ဟုတ်တာပေါ့၊ မြေနှစ်ဧက ရှိသေးတယ်လေ။ စုရွှေလျန်၊ လင်းစစ်ယောင်ကို ပြန်မကြည့်ခင် ခေါင်းညိတ်လိုက်သည်။
“ဆယ့်ငါးပြား” လင်းစစ်ယောင်သည် သူမ၏အမူအရာကိုမြင်သောအခါ နောက်ထပ်ငါးပြားထပ်ပေးလိုက်၏။
ထိုအချိန်တွင် ဝမ်ကန်းဖာသည် သူ့ရှေ့တွင်ရှိသော အေးစက်သောလူသည် အိမ်ပိုင်ရှင် ဖြစ်သည်ကို သိလိုက်ရ၏။သူသည် လူမှားဝိုင်းခံရပြီး မဆိုင်သောသူ၏ပေါင်ကို ဖမ်းဆုပ်ထားသည်ဟုခံစားနေရသည်။(အိမ်ပိုင်ရှင်က လင်းစစ်ယောင်ဆိုပေမဲ့ သူက စုရွှေလျန်ကို ကပ်ဖားလုပ်မိသွားတာ) သို့သော် ခေါင်းဆောင်ဖြစ်မှန်း သူသိပေမဲ့ ဈေးအကြောင်းကို မငြင်းဝံ့ပေ။ လင်းစစ်ယောင် ထုတ်လွှတ်လိုက်သော အေးစက်မှုသည် လူတစ်ယောက်၏ခြေထောက်ကို ပျော့ခွေသွားစေနိုင်သည်။
ကောင်းပြီ၊ သူတို့လက်ခံမယ့် အနိမ့်ဆုံးဈေးက ငွေတစ်ဆယ်ပဲဆိုပြီး သူ့မိန်းမနဲ့ ဆွေးနွေးပြီးပြီ။ ဒီအိမ်က ဒီမှာကြာကြာရှိနေလေလေ၊ သူ့တန်ဖိုးက နိမ့်ကျလာလေဖြစ်၏။ ထိုအတွေးကြောင့် ဝမ်ကန်းဖာ သူ့ရှေ့က အတွဲကို ခေါင်းညိတ်ပြပြီး "သဘောတူတယ်ကွာ!"ဟုပြောလိုက်သည်။
နောက်ဆုံးတွင်တော့ သူတို့သည် ဝမ်ကန်းဖာ၏ လက်ရှိနေထိုင်ရာသို့ ပြန်သွားကြသည်။ နှစ်ဦးသဘောတူစာချုပ်ချုပ်ပြီးသောအခါ ဝမ်ကန်းဖာသည် အိမ်နှင့်မြေကွက်ကို စုရွှေလျန်အား လွှဲပေးခဲ့ပြီး သူမပေးထားသော ငွေနှစ်ဆယ်အတွက် အအမ်းငွေငါးပြားကို တွန့်ဆုတ်စွာဖြင့်ပေးလိုက်သည်။ ညည်းတွားရင်း သူက “မိန်းကလေး၊ အခုကစပြီး အဲဒီအိမ်က မင်းအပိုင်ဖြစ်သွားပြီ။ အိမ်ကိုသေချာဂရုစိုက်ပြီး ပြန်တည်ဆောက်ပါ!" ယန်ရှီက သူ့ကို ဆွဲဆိတ်လိုက်တဲ့အခါမှသာ သူပြောလိုက်တာကို သူ သဘောပေါက်သွားပြီး ရှက်ရွံ့စွာ ပြုံးပြ၏။
စုရွှေလျန်က “ဟုတ်ကဲ့ပါ” ဟု ပြန်ဖြေရင်း ပြုံးလိုက်သည်။ လင်းစစ်ယောင်ကို လှည့်ကြည့်လိုက်တော့ သူတို့နှစ်ယောက်စလုံး၏မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်တွေ မျှဝေနေကြသည် ။ နောက်ဆုံးတော့ သူတို့မှာ ပြန်ပြင်စရာလိုတယ်ဆိုပေမဲ့ ကိုယ်ပိုင်အိမ်ရှိလာပြီလေ။
***