← Chapters

လက်ထပ်ခွင့်တောင်းခြင်း

Vol. 1 Ch. 24

လက်ထပ်ခွင့်တောင်းခြင်း

Vol. 1 Ch. 24

"ကျွန်မတို့ တည်းခိုခန်းမှာ နောက်ထပ် ရက်အနည်းငယ်လောက် နေရမယ့်ပုံပဲ။" သူမတို့အခန်းထဲပြန်ရောက်ရောက်ချင်း စုရွှေလျန် လှည့်ပတ်ကြည့်လိုက်သည်။ ဟောင်းနွမ်းပျက်စီးနေသော ခြံဝင်းကြီးကို မြင်လိုက်ရတော့ သူမ မထိန်းနိုင်ဘဲ ဝမ်းနည်းစွာ သက်ပြင်းချလိုက်မိသည်။

ဝံပုလွေများထံမှ ခရီးဆောင်အိတ်ကို ကြိုးဖြည်ပေးနေသည့် လင်းစစ်ယောင်သည် ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်ပြီး "မနက်ဖြန် ဒီနေရာကို ပြုပြင်ဖို့ ပန်းရန်ဆရာကို သွားခေါ်လိုက်မယ်" ဟု ပြန်ဖြေလိုက်သည်။

ဟုတ်သည်၊ ဤတိုင်လုံးတွေ - စုရွှေလျန်သည် အိမ်ရှိ ဆိုးရွားစွာ ပဲ့ကွာကျနေသော တိုင်အများအပြားကို ညွှန်ပြရင်း “ဖြစ်နိုင်ရင် အစားထိုးသင့်တယ်၊ မဟုတ်ရင် အဲဒါတွေကို နည်းနည်းလောက် ကျားကန်ပေးထားသင့်တယ်။ ကျွန်မတို့တတ်နိုင်တဲ့အချိန်ကျမှ ပြန်ပြင်လို့ရတယ်လေ။” သူမစကားဆုံးသောအခါ စုရွှေလျန်သည် အိမ်၏အရှေ့ဘက်နှင့်အနောက်ဘက်ရှိ အခန်းများဆီသို့ လျှောက်သွားလိုက်၏။

လင်းစစ်ယောင် မျက်ခုံးပင့်လိုက်သည်။ သိသာထင်ရှားသော ရွှင်လန်းမှုဖြင့် သူပြုံးလိုက်သည်။ သူမ...သူမက သူတို့ရဲ့ အနာဂတ်ကို တွေးနေတာလား?

“အား!” စုရွှေလျန်၏ ထိတ်လန့်တုန်လှုပ်နေသော အသံကို အိမ်၏ အရှေ့တောင်ဘက်မှ ကြားလိုက်ရသည်။ သူ့လက်ထဲရှိ ပစ္စည်းများကို လွှတ်ချလိုက်ပြီး လင်းစစ်ယောင် သူမထံသို့ အမြန်‌ပြေးသွားလိုက်သည်။

"ဘာဖြစ်တာလဲ?"သူသည် စုရွှေလျန်ကိုကူညီရန် လာခဲ့ပြီး သူမ၏တုံ့ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်‌နေခဲ့သည်။

“မဟုတ်ဘူး… ဘာမှမဟုတ်ပါဘူး၊ ကြွက်အကြီးကြီးတစ်‌ကောင်တွေ့လိုက်လို့ပါ” စုရွှေလျန် သူမမျက်နှာကို ပွတ်သပ်ရင်း ရှက်သွေးဖြာသွားသည်။ အရမ်းရှက်စရာကောင်းတယ်၊ သေးငယ်တဲ့ ကြွက်တစ်ကောင်ကိုတောင် ကြောက်တယ်... သူမဟာ ကြောက်တတ်ပြီး လုံးဝ အသုံးမဝင်ဘူးလို့ အခု သူသေချာပေါက် တွေးနေမှာပဲ။

စုရွှေလျန် သူ့ကို တိတ်တဆိတ် ကြည့်လိုက်၏။ ပြက်ရယ်ပြုသည့်အရိပ်အ‌ယောင်မရှိဘဲ စိုးရိမ်နေသော သူ့မျက်လုံးများကို မြင်လိုက်ရတော့ သူမ အံ့အားသင့်သွားသည်။

လင်းစစ်ယောင်သည် သူမစိတ်အေးသွားစေရန် သူမ၏ ပခုံးပေါ်သို့ လက်တစ်ဖက်ဖြင့် ပုတ်ပေးလိုက်သည်။ နောက်လက်တစ်ဖက်ကမူ သူမ၏ ကြောက်လန့်မှုများလျော့သွားစေရန် သူမ၏ ပျော့ပျောင်းဖြူစင်သော လက်များကို ညင်သာစွာ ဆုပ်ကိုင်ပေးထားသည်။

"ကျေးဇူးတင်ပါတယ်!" စုရွှေလျန် ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည် ။

သူမ၏ ကျေးဇူးတင်စကားကို ကြားသောအခါ လင်းစစ်ယောင် မျက်မှောင်ကြုတ်လိုက်ပြီး “နောက်ဆိုရင် ကိုယ့်ကို ကျေးဇူးတင်စရာ မလိုဘူး” ဟု ပြောလိုက်သည်။ ကျေးဇူးတင်စကားသည် သူစိမ်းများအတွက်သာဖြစ်ပြီး၊ သူ့အတွက်တော့ ကျေးဇူးတင်စကားတွေ ဘာတွေ မလိုအပ်‌ပေ။

စုရွှေလျန်သည် သူ၏နက်နဲသော မျက်လုံးများကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

လင်းစစ်ယောင် သူ့လက်ဖြင့် သူမပါးပြင်ကို ပွတ်ပေးလိုက်သည်။ သူမ၏ အသားအရေသည် နူးညံ့‌ချောမွေ့ပြီး ချွေးပေါက်များကင်းကာ အပြစ်အနာအဆာ ကင်းစင်သည်။ ဒီလို နူးညံ့တဲ့ ခံစားချက်တွင် နစ်မြောသွားပြီး... လွှတ်ဖို့ ခက်ခဲသလို လွှတ်လည်း မလွှတ်ချင်‌တော့ပေ။

သူ၏ နူးညံ့သောအထိအတွေ့တွင် စုရွှေလျန်၏ပါးနှစ်ဖက်လုံး နီမြန်းလာသည်နှင့်အမျှ သူမ၏အသားအရေကို မီး‌လောင်သွားသလို ခံစားလိုက်ရသည်။

"အိမ်ပြင်ပြီးတာနဲ့ လက်ထပ်ကြရအောင်" လင်းစစ်ယောင်သည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးသော ဆန္ဒများကို အမှတ်တမဲ့ ထုတ်ဖော်လိုက်သည်။

စုရွှေလျန် မယုံကြည်နိုင်စွာ မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်မိသည်။ သူ......သူက သူမကို လက်ထပ်ခွင့် တောင်းနေတာလား?

လင်းစစ်ယောင်သည် သူ၏‌တွေဝေနေမှုကို ဣ‌‌​န္ဒြေဆယ်လိုက်ပြီး စုရွှေလျန်၏မျက်နှာအမူအရာကိုကြည့်လိုက်သောအခါ၊ အနည်းငယ်ရှက်သွားပြီး သူ့ခေါင်းကို သဘာဝမကျစွာ တစ်ဖက်သို့လှည့်လိုက်သည်။ မကြာခင်မှာ သူက “မင်းသဘောမတူရင် ကိုယ်ဘယ်တော့မှ ဒီကိစ္စကို မပြော‌တော့ဘူး”။ ခဏကြာတော့ သူမနှင့် အနည်းငယ် ဝေးရာကို သူသွားလိုက်သည်။ သူသာ သူမအနားမှာ ကြာကြာရှိနေရင် သူ့စိတ်ဆန္ဒတွေကို ရဲရဲတင်းတင်း မကြိုးစားတော့ဘူးလို့ အာမ,မခံနိုင်တာ‌ကြောင့်ဖြစ်၏။

“အားယောင်…” သူ့လုပ်ရပ်ကိုမြင်တော့ စုရွှေလျန်သည် သူ့အက်ျီလက်ကို ဆွဲလိုက်ပြီး “ရှင် ကျွန်မကို အဖြေပြန်‌ပေးဖို့တောင် အချိန်မပေးနိုင်ဘူးလား… ဒါ‌တော့ မတရားဘူး” သူမ ဆက်ပြောလိုက်ပြီး စုရွှေလျန်သည် လင်းစစ်ယောင်၏လက်ကို အရင် ဆုပ်ကိုင်လိုက်သည်။ သူမ၏မျက်နှာ နီမြန်းလာသော်လည်း ရဲတင်းသောစကားများကို ဆက်ပြောလိုက်၏၊ "ကျွန်မပြောချင်တာက ကျွန်မ....ကျွန်မ ရှင့်ကိုလက်ထပ်ဖို့ဆန္ဒရှိပါတယ်... ရှင့်ရဲ့ဇနီးဖြစ်ချင်ပါတယ်.... ကျွန်မ..." စုရွှေလျန်၏စကားများ တဖြည်းဖြည်း အား‌ပျော့လာသည်။

လင်းစစ်ယောင်သည် သူမကိုပွေ့ဖက်လိုက်သောအခါတွင် သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင်ပင် တုန်လှုပ်သွားခဲ့သည်။ သူ၏ ယခင်က အေးခဲနေသော မျက်လုံးများကို ရီဝေမှုအနည်းငယ်ဖြင့် ဖုံးအုပ်ထားပြီး ပျော်ရွှင်မှုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

"အား! အားယောင်!" မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် စုရွှေလျန် သူ၏လည်ပင်းအား ရုတ်တရက် ဖက်လိုက်မိပြီး ထိတ်လန့်သွားသည်။ သူသည် သူမကို လေထဲတွင် ပတ်၍ဝဲနေသောကြောင့် စုရွှေလျန် ရွှင်လန်းသော အပြုံးဖြင့် သူ့ကို ပြုံးပြလိုက်သည်။

…

"ဒါဆို ရှင် ကုတင်ကြီး တစ်လုံးပဲ လုပ်ခိုင်းရတဲ့ အကြောင်းရင်းက ဒါကြောင့်လား?" စုရွှေလျန် မယုံကြည်နိုင်စွာ မေးလိုက်သည်။ သူ သူမကို လက်ထပ်ဖို့ တောင်းဆိုရတဲ့ အကြောင်းရင်းက ပရိဘောဂ‌တွေ လျှော့ဝယ်ဖို့အတွက်တဲ့လား? အိုး ဘုရားရေ၊ သူမဘယ်လိုတောင် ရူးမိုက်လိုက်တာလဲ? အာ! သူ့ကို သံသယမဝင်ဘဲ သူမရဲ့ ခံစားချက်အစစ်အမှန်‌တွေကိုတောင် ပြောပြ‌ခဲ့တာ‌လေ။

စုရွှေလျန် ဒေါသတကြီးဖြစ်နေတာကိုမြင်တော့ လင်းစစ်ယောင်သည် သူမကို ချယ်ရီပင်အောက်ကနေ အပြင်ကို ခေါ်သွားလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ နွေရာသီ၏အကြွင်းအကျန်ဖြစ်သော ချယ်ရီသီးရိုင်းအနည်းငယ်သည် သူ့လက်ထဲသို့ ကျလာခဲ့သည်။သန့်ရှင်းပြီးတဲ့အခါ သူမကို မရှင်းပြခင် စုရွှေလျန်ဆီသို့ ချယ်ရီသီးများကိုလက်ကမ်းပေးလိုက်သည်။ “ကိုယ်တို့က လက်ထပ်တော့မှာမို့ အဲ့လိုပြောခဲ့တာလေ။ အိပ်ယာတစ်ခုတည်းနဲ့လည်း လုံလောက်ပါတယ်။ ကိုယ့်စကားတွေကို ဒေါသထွက်လို့မရ‌ဘူးနော်၊ အဲဒါဆို တရားမျှတမှာ မဟုတ်‌တော့ဘူး။”

သူ... သူ၊ သူမပြောခဲ့သလိုမျိုးလိုက်ပြောနေတာပဲ... အိုး။

စုရွှေလျန် ဒေါသတကြီး တွေးလိုက်မိသည်။ ကောင်းပြီ၊ သူ့ကို နားလည်မှုလွဲခဲ့တာ သူမကိုယ်တိုင်ပဲ‌လေ။ ဒါပေမယ့် သူဘာလို့ အကြိမ်တိုင်းမှာ သူမကို ကြည့်ရင်း ဒီလို မပြတ်မသားအမူအရာနဲ့ စကားပြောနေရတာလဲ..?

စုရွှေလျန် သူမ၏ အတွေးများနှင့် အလုပ်ရှုပ်နေချိန်တွင် လင်းစစ်ယောင်အား သူမကို ချယ်ရီသီးကျွေးခွင့်ပြုလိုက်သလိုမျိုး သူမ၏ပါးစပ်ကို မသိစိတ်က မတော်တဆ ဟ‌ပေးလိုက်မိ၏။ သူမ၏ အတွေးများ ပြီးဆုံးသွားပြီးနောက် စကားပြောခါနီးတွင် နောက်ထပ် ချယ်ရီသီးတစ်လုံးကျွေးခံလိုက်ရ‌လေသည်။

နောက်ဆုံးတွင် သူသည် သူမကို အစာကျွေးနေမှန်း သိလိုက်ရတော့ စုရွှေလျန်၏မျက်နှာ နီရဲလာသည်။ ပူလောင်နေသော ပါးပြင်များကို ကိုင်ကာ အိမ်ထဲသို့ ပြန်ပြေးသွားရင်း “ကျွန်မတို့ လိုအပ်တဲ့အရာတွေ ရှိ မရှိ သွားစစ်လိုက်ဦးမယ်” ဟုဆိုသည်။ ပြီးတဲ့နောက်မှာတော့သူမသည် အ​နောက်​ခန်းထဲသို့ဝင်​ကာ အပြင်သို့ ပြန်​ထွက်မလာတော့ချေ​​။

ကျန်ချယ်ရီသီးတွေ ကိုင်ထားတဲ့ သူ့လက်ကို ကြည့်ရင်း လင်းစစ်ယောင်သည် "မင်းတို့ ငါ့ကို ကူညီတဲ့အတွက်..."ဟု ပြောလိုက်ပြီး ရိုးရှင်းသော လှုပ်ရှားမှုဖြင့် မြေဆီလွှာကို အားဖြည့်ပေးနိုင်သောချယ်ရီသီးအရိုင်းအနည်းငယ်ကို ချယ်ရီပင်အောက်ရှိ ရွှံ့နွံထဲသို့ ကြဲချလိုက်သည်။

(ချယ်ရီသီးက မြေဩဇာကောင်းစေတယ်လို့ ပြောချင်တာပါ။)

…

စုရွှေလျန်ကတော့ သူမကိုယ်သူမ အိမ်အနောက်ခန်းတွင် သော့ခတ်ထားလိုက်သည်။ တံခါးကို မှီထားရင်း၊ ပုံမှန်ပြန်ဖြစ်လာအောင် အချိန်များစွာယူလိုက်ရသည်။

အို့ ဘုရားရေ၊ သူ ဘယ်တုန်းက ဒီလောက် အရှက်မဲ့လာတာလဲ? သူမကို ချယ်ရီသီးအရိုင်းတွေ တကယ်ကျွေးဖို့... ပြီးတော့သူမကလည်း စားခဲ့မိတယ်...။

စုရွှေလျန် ထိုမြင်ကွင်းကို ပြန်မြင်‌ယောင်ပြီးနောက် သူမ၏ပါးများ နောက်တစ်ဖန် နီမြန်းလာပြန်သည်။

သူမ၏ယခင်စုအိမ်သည် အလွန်ရှေးရိုးဆန်သည်ဟု ဆိုနိုင်၏။ စုအိမ်၏ အကြီးအကဲ စုဖုန်းဟွာသည် လီရူရှီနှင့် ထိမ်းမြားလက်ထပ်ခဲ့ရသည်။ (သူတို့ချင်းမကြိုက်ပဲ လူကြီးတွေစီစဉ်ပေးလို့လက်ထပ်ခဲ့ရတာပါ)။ ဒီလိုမျိုး လက်ထပ်မှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ သို့သော် ဒီလိုမျိုးစုံတွဲတွေသည် များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် လျစ်လျူရှုထားတတ်ကြသည်။

စုရွှေလျန်သည် ထိုကဲ့သို့အိမ်မျိုးတွင် ကြီးပြင်းလာသောကြောင့် လင်နှင့်မယားကြားက ရင်းနှီးမှု အတိုင်းအတာနှင့် တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးစွာ ဆက်ဆံရန်လိုအပ်သည်ဟု သူမ အမြဲတွေးခဲ့သည်။

သို့သော် စုရွှေလျန်သည် မနေ့ညနေခင်းက လင်းစစ်ယောင်၏ ရံဖန်ရံခါ ရင်းနှီးသော အပြုအမူများကို ပြန်တွေးနေမိသည်။ သူမကိုယ်တိုင်လည်း သူ သူမအပေါ်ဆက်ဆံပုံကို နှစ်သက်လာခဲ့သည်။ သူမ ဆိုးသွမ်းလာပြီလား? စုရွှေလျန်သည် သူမ၏အစ်မဖြစ်သူ သူမအား အနောက်တိုင်းရုပ်ရှင်အချို့ ကြည့်ရှုရန် ခေါ်ဆောင်သွားသည့်အချိန်ကို ပြန်ပြောင်းစဉ်းစားမိသည်။ အိုး! စုရွှေလျန် သူမ၏မျက်နှာကို အုပ်လိုက်မိသည်။ ဒါကိုသာ အမေမြင်ရင် ဘယ်လိုတုံ့ပြန်လိမ့်မလဲ?

“ရွှေလျန်…” လင်းစစ်ယောင် အခန်းတံခါး ခေါက်လိုက်ပြီးနောက် တံခါးတွင် မှီ၍ မျက်နှာတစ်ခုလုံးနီရဲ‌နေသည့် စုရွှေလျန်ကို တွေ့လိုက်ရသည်။ "ဘာဖြစ်နေတာလဲ?" သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အာ? ဟင့်အင်း...ဘာမှမဟုတ်ဘူး!" စုရွှေလျန် ကြက်သေ,သေနေရာမှ ပြန်သတိထားမိသောအခါတွင် သူမ၏နဖူးကို စမ်းကြည့်ရန် ရောက်ရှိလာသော လင်းစစ်ယောင်၏လက်ကြောင့် အံ့သြသွားသည်။ "အားယောင် ?"

"မင်းကိုယ်တွေ ပူနေတယ်၊ အအေးမိ‌နေတာလား" လင်းစစ်ယောင် စိုးရိမ်တကြီး မေးလိုက်သည်။

“မဟုတ်ပါဘူး ၊အိမ်က အရမ်းပူတော့ အအေးမိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" စုရွှေလျန် အမြန်ပြန်ဖြေလိုက်သည်။ အကြောင်းရင်းအမှန်ကိုတော့ သူမကိုယ်တိုင်သာ သိသည်။

"တော်သေးတာပေါ့။ ဒါဆို မင်းရှက်‌နေလို့လား"

"မဟုတ်ပါဘူး!" စုရွှေလျန် ငြင်းဆိုလိုက်သောအခါ လင်းစစ်ယောင်၏ မျက်လုံးများထဲတွင် ရယ်ချင်‌နေသော အရိပ်အ‌ယောင်များကို တွေ့လိုက်ရသည်။ ထိုအခါမှသာ သူသည် သူမကို လှည့်စားနေမှန်း သိလိုက်ရသည်။ သူမ ဒေါသတကြီးနှင့်ပြောလိုက်သည် “ရှင် ၊ရှင်…..”

“ရွှေလျန်…” လင်းစစ်ယောင် သူမ၏ ထွက်ပြေးနေသော ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်ပြီးပြောလိုက်၏ “ကိုယ်တို့က စေ့စပ်ပြီးသားမို့ ရှက်နေစရာ မလိုဘူး”

“ဘယ်…ကျွန်မဘယ်တုန်းက…..” စုရွှေလျန် ဝန်ခံရန်ငြင်းဆန်ရင်း နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။

“ဟားဟား…..” လင်းစစ်ယောင် ပထမဆုံးအကြိမ် အထိမ်းအကွပ်မဲ့ရယ်လိုက်ခြင်းပင်။ သူသည် စုရွှေလျန် ၏ ခေါင်း‌လေးကို ပွတ်သပ်လိုက်ရင်း ပျော်ရွှင်စွာဖြင့်"ရှက်‌နေတဲ့တစ်‌ယောက်က ကိုယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?"

သူ ပထမအကြိမ် ထိန်းမနိုင်သိမ်းမရ ရယ်မောနေတာကို မြင်လိုက်ရတော့ စုရွှေလျန် အံ့အားသင့်သွားသည်။ သူမ အချိန်အနည်းငယ် မှင်သက်သွားမိ၏။ သူ ရယ်လိုက်တဲ့အခါ အရမ်းချောတယ်။ လုဝမ်အာ က သူ့ကို ဖွင့်ပြောခဲ့တာ၊ အ‌ဒေါ်လောင်က သူ့ကို သားမက်အဖြစ် လိုချင်ခဲ့တာတွေက အံ့သြစရာ မရှိ‌တော့ပါဘူးလေ… ပြီးတော့ သူမ… သူနဲ့ အသက်ကြီးတဲ့အထိ အတူတူနေနိုင်တဲ့အတွက် သူမ အရမ်းကံကောင်းတာပဲ။

***

All Chapters