← Chapters

ပုံစံအသစ်ဖြစ်သွားသော ယခင်ကအိမ်

Vol. 1 Ch. 25

ပုံစံအသစ်ဖြစ်သွားသော ယခင်ကအိမ်

Vol. 1 Ch. 25

ထိုညတွင် စုရွှေလျန်နှင့် လင်းစစ်ယောင်တို့သည် ဖန်းလော့မြို့သို့ ပြန်လာပြီး ဈေးကြီးနှင့် နီးသော တည်းခိုခန်းတွင် တည်းခိုခဲ့ကြသည်။

နောက်တစ်နေ့မနက် နေထွက်ခါစ အချိန်တွင် လင်းစစ်ယောင်သည် ဈေးထဲမှ ဘိလပ်မြေ ပန်းရံသမားတစ်ဦးနှင့် လက်သမားတစ်ဦးကို ငှားလိုက်သည်။ သူတို့သည် ပြုပြင်မွမ်းမံရန် အိမ်ရှိရာသို့ဦးတည်လိုက်ကြပြီး ပန်းထိုးပစ္စည်း အမျိုးမျိုးဝယ်ယူနေသော စုရွှေလျန် ကိုအဖော်ပြုရန် ဝံပုလွေနှစ်ကောင်ကိုတော့ ထားခဲ့လိုက်ကြသည်။

သူမသည် ဆိုင်များစွာကို ဖြတ်လျှောက်သွားခဲ့သော်လည်း နေမြင့်မလာခင် (မွန်းလွဲမတိုင်ခင်) တွင် သူမနှစ်သက်သည့် အရောင်အနည်းငယ်ကို ရွေးထုတ်နိုင်ခဲ့သည်။ သူမသည် ရိုးရှင်းသော ပန်းပုံစံပါသော ချည်ထည်များကို အမြဲနှစ်သက်ခဲ့ပြီး အောက်ခံအတွက် ခရမ်းရောင်ဖျော့ဖျော့ ၊ အဖြူရောင်ဖျော့ဖျော့၊ အဝါ‌ရောင်၊ အနီရင့်‌ရောင်နှင့် ယှက်ချည်စသည့်အထည်ငါးလိပ်ကို ‌‌​​​ရွေးယူခဲ့သည်။ ဤသည်မှာ ပြတင်းပေါက်နှင့် တံခါးများအတွက် လိုက်ကာများပြုလုပ်ရန်၊ စားပွဲခင်းနှင့် အရွယ်အစားအမျိုးမျိုးရှိသော လက်သုတ်ပုဝါများ ပြုလုပ်ရန်အတွက် ဖြစ်၏။

သူမ၏ စေ့စပ်ပွဲအကြောင်း စဉ်းစားမိပြီး စုရွှေလျန်သည် စိမ်းပြာရင့်ရောင်ဖဲနှင့် မီးခိုးရောင် ပိုးသား ဘရိုကိတ်တစ်ထည်ကို ကောက်ယူလိုက်ရင်း ရှက်ပြုံးလေး ပြုံးလိုက်သည်။ သူမသည် လင်းစစ်ယောင်အတွက် အဝတ်အစားနှစ်စုံ ပြုလုပ်ရန် စီစဉ်ထား၏။ သူမကိုယ်တိုင်အတွက်တော့ အစိမ်း‌ရောင်ကြာပွင့်များပါ‌သော နူးညံ့အိစက်နေသည့် ကြက်သွေးရောင်ဘရိုကိတ်တစ်ထည်ကို ရွေးချယ်လိုက်သည်။ ထို့နောက်တွင်တော့ သူမတို့အတွက် အတွင်းခံတစ်ထည်နှင့် အလယ်အလတ်တန်းစားအဝတ်များ ပြုလုပ်ရန် ပါးလွှာသော ချည်ဖြူထည် နှစ်ထည်ကို ရွေးယူခဲ့သည်။ နောက်ဆုံးတွင် ပြုံးနေသော ဝန်ထမ်းရှေ့၌ စုရွှေလျန်သည် သူမတို့၏ မင်္ဂလာဝတ်စုံအတွက် အနီရောင် အထည်အမြောက်အများကို ရွေးထုတ်လိုက်သည်။ သူမ ကျသင့်ငွေအမြန်ပေးချေပြီး ဆိုင်ဝန်ထမ်းအား အထည်များကို သူမတို့၏ လက်ရှိတည်းခိုခန်းသို့ ပို့ဆောင်ခိုင်းခဲ့သည်။

အဝတ်အစားများ တည်းခိုခန်းသို့ ရောက်လာသောအခါ၊ စုရွှေလျန်သည် ပန်းပွင့်အဆင်များပါ‌သောအထည် ငါးထည်ကို ထုတ်ယူလိုက်သည်။ အိမ်အလှဆင်ရန် လိုအပ်သော အထည်များကို ဦးစွာချုပ်ရန် သူမ စီစဉ်ထားသည်။ ကံကောင်းထောက်မစွာ၊ မနေ့က သူမတို့အိမ်ကမထွက်ခင်မှာ အိမ်၏ပြတင်းပေါက်တွေနှင့် တံခါးများကို တိုင်းဖို့သတိရခဲ့သည်။ သို့မဟုတ်လျှင် ဘယ်လိုစလုပ်ရမလဲဆိုတာ သူမ သိလိမ့်မည်မဟုတ်ပေ။

စုအိမ်အတွင်းရှိ အမျိုးမျိုးသော အထည်မျိုးစုံဖြင့် ပြုလုပ်ထားသော လိုက်ကာများကို သူမ ပြန်တွေးမိသော်လည်း စုရွှေလျန်သည် သူမ လုပ်လက်စအလုပ်ကို ရပ်တန့်မသွားခဲ့ပေ။ သူမ၏ ပန်းထိုးကျွမ်းကျင်မှုကြောင့် အချုပ်အလုပ်နှင့်ပတ်သက်သော ဘယ်အရာကိုမဆို ခဏတဖြုတ်အတွင်းမှာပင် တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်နိုင်ခဲ့သည်။

အရင်ဘဝတုန်းကတော့ ဒီလို ကြမ်းတမ်းတဲ့ အပ်ချုပ်မှုမျိုးကို သူမအား ဘယ်တော့မှ လုပ်ခွင့် မပေးခဲ့‌ပေ။ သူမ၏လက်များသည် 'ပန်းထိုးရန်အတွက် မွေးဖွားလာခဲ့ခြင်းဖြစ်သည်' ဟု သူမအဖေ စုဖုန်းဟွာ ပြောဖူးသည်။

ဤအခိုက်အတန့်တွင် စုရွှေလျန်သည် သူမ၏ အတွေးထဲသို့ တစ်ဖန် နစ်မြုပ်သွားပြီး စုမိသားစုတွင်ရှိခဲ့သော အချိန်များကို ပြန်အမှတ်ရမိသည်။ စုအိမ်တွင် … အမေ၊ အကိုကြီး… ၊ ထို့နောက်တွင်တော့ စုရွှေလျန်သည် သူမ၏ အဖိုးနဲ့ အဖေကို သတိရဖို့မေ့နေပြီဆိုတာ သိလိုက်ရ၏။ သူတို့သာသိရင် စိတ်မကောင်းဖြစ်သွားမှာ သေချာပါသည်။ သူတို့သည် စုမိသားစု၏ ပန်းထိုးခြင်းကို ဆက်လက်လုပ်ကိုင်ရန် သူမကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့သော်လည်း တစ်နှစ်ခွဲမပြည့်မီတွင် သူမသည် သူတို့အကြောင်းကို စတင်မေ့နေပြီဖြစ်၏။

စုရွှေလျန် ခေါင်းယမ်းပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ ခါးသီးသော အတွေးများကို ဘေးဖယ်ကာ အလုပ်ဆက်လုပ်‌နေလိုက်သည်။

……

"ဟား!" စုရွှေလျန်သည် နောက်ဆုံးသော ချုပ်ရိုးကို ချုပ်ပြီးသောအခါ မတ်တပ်ရပ်လိုက်ပြီး သူမ၏ တောင့်တင်း‌နေသော လက်ကောက်ဝတ်များကို ခါလိုက်သည်။ အချိန်အတော်ကြာ ပန်းထိုးခြင်းမပြုခဲ့တာကြောင့် သူမ၏လက်လှုပ်ရှားမှုများသည် အနည်းငယ် အဆင်မပြေဖြစ်နေပြီး အကျွမ်းတဝင်မရှိလှပေ။

ပြီးပြည့်စုံသော လိုက်ကာများနှင့် မျက်နှာသုတ်ပုဝါများကို ကြည့်ရင်း သူမ ပြုံးလိုက်သည်။

သဘောတကျ ကြည့်ပြီးနောက် သပ်သပ်ရပ်ရပ် ခေါက်ထားပြီး ဖယ်ထားလိုက်သည်။ အိမ်ပြုပြင်မွမ်းမံပြီးသည်နှင့် ၎င်းတို့ကို အိမ်သို့ ယူဆောင်သွားမည်ဖြစ်၏။

တိုက်ဆိုင်စွာပင်၊ လင်းစစ်ယောင်သည် ဖန်းဟွာမြို့ထဲမှ ပြန်လာခဲ့သည်။

စုရွှေလျန်သည် စားပွဲပေါ်ရှိ အဝတ်စပိုင်းများကို သန့်ရှင်းရေးလုပ်ရင်း အလုပ်ရှုပ်နေသည်ကိုတွေ့သောအခါ သူ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းဒီနေ့ ဘာမှမစားရသေးဘူးလို့ စားပွဲထိုးကပြောတယ်" လင်းစစ်ယောင်သည် စုရွှေလျန်ထံမှ တောင်းကို ယူလိုက်ပြီး သူ့အက်ျီလက်ဖြင့် ဝှေ့ယမ်းလိုက်ရာ အဝတ်စပိုင်းများအားလုံး တောင်းထဲသို့ကျလာသည်။

"အယ်? အဲ့လောက်တောင် နောက်ကျနေပြီလား?" စုရွှေလျန် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။ ဟုတ်သားပဲ၊ ညနေစောင်းနေပြီး နေဝင်ခါနီး‌တောင်ဖြစ်နေပြီ။

လင်းစစ်ယောင်သည် မထုံးရသေးသော အချောထည်အိတ်များကို တစ်ချက်ကြည့်လိုက်သည်။ နွေးထွေးပုံပေါ်သည့် ခရမ်းရောင် ချည်သားအဝတ်အစားများကို ကြည့်လိုက်တော့ သူထွက်သွားကတည်းက သူမ အလုပ်လုပ်တာမရပ်ခဲ့ဘူးဆိုတာ သဘောပေါက်သွားသည်။

ညစာစားဖို့ သူမကို သူ့အခန်းထဲသို့ ဆွဲ‌ခေါ်ခါနီးတွင် ဘေးနားမှာ ခေါက်ထားတဲ့ အထည်အလိပ်များကို သတိထားမိသွားသည်။ အထူးခြားဆုံးမှာ တောက်ပသော အနီရောင်ပိုးထည်ဖြစ်၏။ ဒါကိုမြင်တော့ လင်းစစ်ယောင် မပြုံးဘဲ မနေနိုင်‌ပေ။

"ဘာဖြစ်လို့လဲ?" စုရွှေလျန်သည် အခန်းသန့်ရှင်းရေးလုပ်ပြီးနောက် လက်ဆေးရာမှ ပြန်လာသောအခါ လင်းစစ်ယောင်၏ အချိုးမပြေသောအပြုံးကို စိတ်ရှုတ်ထွေးစွာကြည့်နေမိသည်။

“အဟမ်းဟမ်း…..” လင်းစစ်ယောင်သည် သူ့ပါးစပ်ကို လက်ဖြင့်အုပ်ကာ ပျော်ရွှင်မှုကြောင့် ဖြစ်ပေါ်လာသော အမူအကျင့်များကို ဖုံးကွယ်ရန် ကြိုးစား‌လိုက်သည်။ လျစ်လျူရှုဟန်ဆောင်ကာ စုရွှေလျန်၏လက်ကို ညင်သာစွာကိုင်ရင်း "ထမင်းအရင်စားရအောင်၊ ပြီးရင် အိမ်အကြောင်းပြောဖို့ ကျန်သေးတယ်” ။ သူမရဲ့ ရှက်တတ်တဲ့ စရိုက်ကို သူ သတိထားမိသောကြောင့် မင်္ဂလာဝတ်စုံအကြောင်း မေးလိုက်ရင် သူမ အကြာကြီး ရှက်နေမယ်ဆိုတာ သူသိပါသည်။ သူမ၏ ရှက်ရွံ့‌နေသောအမူအရာကို ကြည့်ရတာ နှစ်သက်သော်လည်း သူမ သူ့ကို စိတ်ဆိုးသွားမှာ ကြောက်သည်။ *ချောင်းဆိုးခြင်း*ရေ သတိမထားမိချင်‌ယောင်ဟန်ဆောင်ပြီး သူမ သူ့ကိုပေးမယ့် စိတ်လှုပ်ရှားစရာ လက်ဆောင်ကို စောင့်မျှော်လိုက်ကြစို့။

…..

အိမ်သည် ပြိုကျ‌တော့မယ့်ပုံ‌ပေါ်သော်လည်း ပန်းရန်ဆရာနှင့် လက်သမားတို့က အနီးကပ်စစ်ဆေးပြီးသည့်‌နောက် သူတို့သည် အဆောက်အအုံကို ခိုင်ခံ့အောင်လုပ်‌ပေးမည်ဖြစ်သဖြင့် နှစ်အတော်ကြာအောင် နေထိုင်ရန် ပြဿနာမရှိဟု ဆိုသည်။

တကယ်တော့၊ လင်းစစ်ယောင်သည် သူ၏ ရွှမ်ဖုန်းလက်ဖဝါးမှ လေတစ်ချက်တိုက်ရုံမျှဖြင့် အိမ်ကိုဖြိုချနိုင်သည်။ သို့သော် သူသည် သူမကို ဒီအကြောင်း ပြောမည်မဟုတ်ပေ။ သူမကို ကြောက်လန့်မသွား‌စေချင်ဘူး။ နောက်ဆုံးတော့ သူတို့ စေ့စပ်လိုက်ကြပြီမို့ မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေ မရှိတော့ချေ။

ပန်းရန်ဆရာသည် သုံးရက်သာကြာမည်ဖြစ်ကြောင်း စုရွှေလျန် သိလိုက်ရ၏။ လက်သမားအတွက်ကတော့ ပရိဘောဂတွေ လုပ်ဖို့ လိုအပ်သလားဆိုတဲ့အပေါ်မှာ မူတည်‌နေသည်။ လုပ်ပြီးသား ပရိဘောဂများ ဝယ်မည်ဆိုလျှင် လက်သမားသည် အချိန်တစ်ရက်သာ လိုအပ်မည်ဖြစ်သည်။ ဘာကြောင့်ဆိုတော့ ပဲ့ကွာသွားသောတိုင်များအားလုံးကို သစ်ပါးလွှာကပ်ရန်လိုအပ်သောကြောင့်ဖြစ်၏။

“မနက်ဖြန် ဒီမှာ ပရိဘောဂဈေးတွေ သွားကြည့်ရအောင်။ ဈေးသင့်ရင် ကျွန်မတို့ဝယ်လို့ရတယ်” ဟု လက်ထဲတွင် ကျန်နေသော ငွေများကို တွက်ဆရင်း စုရွှေလျန် ပြောလိုက်သည်။

ငွေဒင်္ဂါးငါးဆယ်ဖြင့် အိမ်အတွက် တစ်ဆယ့်ငါးပြားကို ပေးဆောင်ခဲ့ပြီး၊ အထည်များအတွက် ငွေပြားသုံးပြားနှင့် ကြေးနီငါးဆယ်တို့ကို အသုံးပြုခဲ့သည်။ ပန်းရန်ဆရာ၏ သုံးရက်တာ အလုပ်လုပ်ချိန်၊ အိမ်ကို ခိုင်ခံ့အောင်လုပ်ခြင်းနှင့် ဆေးသုတ်ခြင်းတို့အတွက် ငွေတစ်ပြားထက် ပိုကုန်ကျမည်ဟု သူမ တွက်ဆမိသည်။

လက်သမား၏ ခန့်မှန်းချက်အရ၊ ပရိဘောဂအားလုံးကို ကုန်ကြမ်းပါ၀င်ပြီး ဈေးနှုန်းဖြင့် ဆောက်လုပ်မည်ဆိုပါက ငွေခြောက်ပြားခန့် ကုန်ကျမည်ဖြစ်၏။ သို့သော် ၎င်းတွင် သူတို့၏ အိပ်ယာ၊ ဗီရို၊ စားပွဲ၊ ကုလားထိုင်၊ ဗီရိုစသည်ဖြင့် လိုအပ်သော ပရိဘောဂများသာ ပါ၀င်သည်။ ရေချိုးကန်နှင့် ရေချိုးဇလုံကဲ့သို့သော ပစ္စည်းများသည် ဤစျေးနှုန်းတွင် မပါဝင်‌ပေ။ ထို့အပြင် အချိန်အားဖြင့်၊ ဤအရာများ ပြီးမြောက်ရန် တစ်လခန့် အချိန်ယူရပေမည်။

အခုဆို နွေရာသီကုန်ခါနီးပြီ။ အိမ်ကို သန့်ရှင်းရေးလုပ်တာ၊ ပရိဘောဂတွေ ဆောက်တာနဲ့ဆို အိမ်မ‌ရွှေ့မီ ဆောင်းဦး‌ရောက်သွားမည်ဟု သူမ ခန့်မှန်းထားသည်။ အဲဒီအချိန်အထိ တည်းခိုခန်းမှာနေဖို့ လိုအပ်တဲ့ ပိုက်ဆံကို မတွက်နဲ့ဦး၊ ဆောင်းရာသီအတွက် ပြင်ဆင်ဖို့လည်း လိုလာပေလိမ့်မည်။ ဥပမာအားဖြင့်၊ ဆောင်းရာသီအင်္ကျီများနှင့် ထူထဲသောအိပ်ယာများ၊ ပြင်းထန်သောဆောင်းရာသီမုန်တိုင်းများအတွက် (မပုပ်သိုးလွယ်သော) အစားအစာများ ပြင်ဆင်ခြင်းတို့ပြုလုပ်ရန်ဖြစ်၏။

စုရွှေလျန်သည် အိမ်နှင့်ပါလာသော မြေသြဇာကောင်းသော မြေနှစ်ဧကအကြောင်း တွေးနေမိသည်။ မကြာသေးမီနှစ်များအတွင်း ဦးလေးဝမ်သည် ၎င်းကို ဂျုံစိုက်ရန် အသုံးပြုခဲ့သည်။ အိမ်နှင့်အတူ လယ်မြေကို လွှဲပေးခဲ့သော်လည်း သီးနှံများသည် သူ့အပိုင် ဖြစ်သင့်သည်။ ထို့ကြောင့် ယခုဆောင်းရာသီတွင် သူမတို့ကိုယ်တိုင် အစားအသောက်များ သိုလှောင်ရန် လိုအပ်‌ပေသည်။

ထို့ကြောင့် ငွေကို လျှော့သုံးဖို့ လိုသေးသည်။

ဒါကို စဉ်းစားရင်း စုရွှေလျန် သူ့ကိုယ်သူ ယုံကြည်မှုတွေ တိုးလာစေရန် လက်များကို လက်သီးတင်းတင်းဆုပ်ပြီး သူမကိုယ်သူမ အားပေးလိုက်သည်။

လင်းစစ်ယောင်သည် ဤမြင်ကွင်းကို သဘောကျနေမိသည်။ သို့သော်လည်း လုပ်ကြံသတ်ဖြတ်သူအဖြစ် သူ့ရဲ့သရုပ်မှန်ကို ဖျောက်ဖျက်ပြီးနောက် သူမည်ကဲ့သို့ဖြစ်လာကြောင်းကို တွေးတောရင်း သူ့နှလုံးသားသည် အနည်းငယ် ခါးသီးသွားသည်။ သူ့ကျန်းမာရေးကို ဂရုစိုက်ဖို့ မိန်းကလေးတစ်ယောက်ကို အားကိုးနေရတယ်… သူ အသုံးမကျသလို ခံစားရသည်။ သို့သော် သူစုဆောင်းထားတာ‌တွေကို ပြန်ယူရန်လျှို့ဝှက်နေရာသို့ သွားလိုက်လျှင်၊ စုရွှေလျန် အသုံးမပြုရရုံသာမက အဖွဲ့က လူတွေလည်း သူ့ကို ခြေရာခံနိုင်သွားလိမ့်မည်။

"အားယောင်? အဆင်‌ပြေရဲ့လား?" စုရွှေလျန်သည် လင်းစစ်ယောင် တစ်ယောက် အတွေးထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်‌နေသည်ကို မြင်သောအခါ၊ သူမသည် သူ့အက်ျီလက်‌လေးကို ညင်သာစွာ ဆွဲလိုက်သည်။

လင်းစစ်ယောင်သည် သူ့အတွေးများမှ လှုပ်နှိုးခံလိုက်ရပြီး စုရွှေလျန်၏ စိုးရိမ်နေသော မျက်နှာကို မြင်လိုက်ရ၏။ “ကိုယ် အဆင်ပြေပါတယ်” ပြန်ဖြေရင်း သက်သေပြသည့်အနေဖြင့် အနည်းငယ် ပြုံးပြလိုက်သည်။

"ရှင်အဆင်‌ပြေတာသေချာရဲ့လား" စုရွှေလျန် သူ့အဖြေကိုကြားသော်လည်း စိုးရိမ်နေသေးသဖြင့် သူမလက်ကို မြှောက်လိုက်သည်။ သူ့နဖူးကို စမ်းကြည့်မယ်လုပ်တော့ လင်းစစ်ယောင်သည် ရုတ်တရက် သူမလက်ကို လှမ်းဆွဲလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ဟန်ချက်ပျက်သွားပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

"ကိုယ်က တကယ် အသုံးမကျဘူး မဟုတ်လား" လင်းစစ်ယောင် သူမပုခုံးပေါ် ခေါင်းတင်ပြီး သက်ပြင်းချလိုက်သည်။ “ဘာမှအသုံးမဝင်တဲ့သူတစ်ယောက်လိုပဲ။”

"အဲ့လို မဟုတ်ပါဘူး!" သူ့ကိုယ်သူ မုန်းတီးသော စကားများကြောင့် စုရွှေလျန် မည်းမှောင်နေသော အနက်ရောင်သူ့မျက်ဝန်းများထဲသို့ လျှင်မြန်စွာ ကြည့်လိုက်သည်။ သူမ နှစ်သိမ့်တဲ့လေသံနဲ့ ဆက်ပြီး “ရှင့်ကြောင့်သာမဟုတ်ခဲ့ရင် ကျွန်မ တောထဲကနေ အန္တရာယ်ကင်းကင်းနဲ့ ဘယ်ထွက်လာနိုင်ပါ့မလဲ?အိမ်တစ်လုံးဝယ်ပြီး ဖန်းဟွာ မြို့ မှာ ဘယ်လိုလုပ်နေနိုင်ပါ့မလဲ? တည်းခိုခန်းမှာ နေပြီး၊ ကျွန်မနှစ်သက်တဲ့ အရာတွေအားလုံးကို ဘယ်လုပ်နိုင်ပါ့မလဲ? လင်းစစ်ယောင်….” နောက်ဆုံးစာကြောင်းနှင့်အတူ စုရွှေလျန် အနည်းငယ် ဒေါပွလာသည်။

“ရွှေလျန်…” လင်းစစ်ယောင် သူမကို ညင်သာစွာ ပွေ့ဖက်ထားရင်း သက်ပြင်းချလိုက်သည်။ "တောင်းပန်ပါတယ် ကိုယ်....."

“တစ်ယောက်နဲ့တစ်ယောက် အပြင်လူလို့ မသတ်မှတ်ရဘူးလို့ ဘယ်သူပြောခဲ့တာလဲ” စုရွှေလျန်သည် သူ့စကားကို မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

"ဟား.. ဟုတ်ပါပြီ၊ ကိုယ်မှားတာပါ" သူမ၏ မကျေမနပ်ရေရွတ်သံတွင် ဖုံးကွယ်ထားသည့် နှစ်သိမ့်သောလေသံကို ကြားလိုက်ရတော့ လင်းစစ်ယောင် နောက်ဆုံးတွင် သူ့နှလုံးသားထဲက အနှောင်အဖွဲ့ကို စွန့်လွှတ်လိုက်သည်။ ပြုံးလျက်ပင် သူမ၏ နူးညံ့သောလက်များကိုယူကာ သူမ၏ နွေးထွေးမှုကို ခံစားနိုင်ရန် သူ့မျက်နှာနှင့်ကပ်လျက် ဆုပ်ကိုင်ထားမိသည်။ သူ့မျက်လုံးများသည် နက်ရှိုင်းသော တွယ်တာမှုကို ပြသနေ‌သည်။ သူမကို ပိုင်ဆိုင်ခွင့်ရတာ သူ ဘယ်လောက်‌တောင် ကံကောင်းလိုက်သလဲ။

***

All Chapters