အချိန်အကြာကြီး ပျောက်သွားပြီးနောက်
Vol. 1 Ch. 27
ထိုနေ့မွန်းလွဲပိုင်းတွင် လင်းစစ်ယောင်သည် တည်းခိုခန်းသို့ ပြန်လာခဲ့သည်။
စုရွှေလျန်သည် မေးထောက်ထားပြီး အနားယူနေရင်း သူ့ကိုစောင့်နေမိသည်။ သူ အန္တရာယ်မဖြစ်ဘဲပြန်ရောက်လာတာကို မြင်လိုက်ရတော့ သူမ ဝမ်းသာအားရဖြစ်သွား၏ “ရှင်ပြန်လာပြီ!”
“အင်း” လင်းစစ်ယောင် ခေါင်းညိတ်ပြပြီး သူမ၏ နွေးထွေးစွာ ကြိုဆိုမှုကြောင့် သူ့မျက်လုံးများထဲတွင် အလွန်တရာပျော်ရွှင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“သစ်လုံးတွေကို ဖန်းဟွာမြို့ကို သယ်သွားပြီးပြီ” စုရွှေလျန်ထံမှ စိုစွတ်သော မျက်နှာသုတ်ပဝါကို ယူပြီး လင်းစစ်ယောင်သည် သူ့မျက်နှာနှင့် လက်များကို သုတ်လိုက်သည်။ အပြင်ဝတ်ရုံကို လဲပြီးနောက် သူမအား ထိုင်ခုံဆီသို့ ခေါ်သွား၏။
"ရွှေလျန်၊ ပရိဘောဂတွေတစ်ပြိုင်တည်းလုပ်ဖို့အတွက် လက်သမားအများကြီး ငှားလိုက်ရအောင်" လင်းစစ်ယောင် ရုတ်တရက် အဆိုပြုလိုက်သည်။
စုရွှေလျန် သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ "ဘာဖြစ်လို့လဲ?" သူ့ကို ဒီလောက်စိတ်ရှုပ်နေတာ တစ်ခါမှ,မမြင်ဖူးဘူး။
လင်းစစ်ယောင်သည် အောက်သို့ငုံ့နေသောကြောင့် သူ့မျက်နှာထားကို ဖတ်ရခက်နေသည်။
“ကောင်းပြီလေ” စုရွှေလျန် သည် သူ့လက်ကြီးများကို ဆုပ်ကိုင်ရင်း ညင်သာစွာ ပြုံးလိုက်သည်။ "ကျွန်မ ရှင့်ကို အမြဲယုံကြည်နေမှာပါ "
လင်းစစ်ယောင်သည် ထိုစကားကိုကြားသောအခါ ခေါင်းမညိမ့်မီ သူမကို မော့ကြည့်လိုက်သည်။ "ကိုယ် မင်းကို လှည့်စားမှာ မဟုတ်ဘူး။"
စုရွှေလျန် ရယ်ရမလား ငိုမလား သေချာမသိတော့ပေ။ သူရှင်းပြမယ်လို့ သူမ,ထင်ခဲ့ပေမဲ့ ဒီလိုတုံ့ပြန်မှုမျိုး... ကတိပေးတာလား? သူမ၏ ပါးများ နီမြန်းလာပြီး သူမ၏ စိတ်အတွင်းက ပျော်ရွှင်မှုကို ပြသနေသည်။
…..
စုရွှေလျန်သည် စကတ်အောက်မှဝတ်ခဲ့သော ဘောင်းဘီကို လှမ်းကြည့်ရင်း အဖုံးအကာအောက်တွင် ဖုံးထားလိုက်သည်...။ အို ဘုရားရေ၊ ဒါကို တမင်ရည်ရွယ်ပြီး လုပ်နေတာလား?
ယခင်က သူမသည် လတိုင်းလတိုင်း ဓမ္မတာမလာမည်လာမည်ကို စိုးရိမ်ခဲ့သော်လည်း သူမလက်ခံလိုက်ပြီး ၎င်းကို မေ့သွားသောအခါတွင် သူမ၏ ခန္ဓာကိုယ်သည် ဓမ္မတာလာကာ သူမကို အငိုက်ဖမ်းလိုက်သည်။
သူမ ဘာလုပ်သင့်လဲ? စုရွှေလျန်သည် အိပ်ယာပေါ်တွင် တောင့်တောင့်ကြီးလှဲနေမိသည်။ လှုပ်ရှားရမှာတောင်ကြောက်ရွံ့နေပြီး အဖြူရောင် အိပ်ယာခင်းများပေါ်တွင် ညစ်ပတ်သွားသည်။
(သူက တစ်နေရာထဲမှာပဲ နေနေတော့ သူနေတဲ့နေရာက ပေသွားတာ)
ကံကောင်းထောက်မစွာ၊ သူမသည် ယခင်တုန်းက ထိုကဲ့သို့ချည်ဖြူနှစ်လိပ်ကို ဝယ်ထားခဲ့သည်။ လက်အကျယ်လောက်ရှိတဲ့ အနားကွပ်တော်တော်များများ ပြီးရန် အချိန်နည်းနည်းကြာသွားသည်။ သူမသည် ၎င်းတို့ကို ထပ်၍ ဘောင်းဘီထဲထည့်လိုက်သည်။ ၎င်းသည် သူမအား အ၀တ်အစား နှစ်စုံလဲရခြင်းမှကင်းဝေးစေပြီး တစ်ထည်တည်းကိုသာ စွန်းထင်းမည်ဟု မျှော်လင့်ပါသည်။(မဝတ်ခင်တုန်းက ပေလို့နှစ်ထည်လဲရတယ်ဆို ၊ ဝတ်လိုက်ရင် တစ်ထည်ပဲပေပါစေတော့ ဆိုတဲ့အဓိပ္ပာယ်ပါ)
ဒါပေမယ့် ၎င်းကြောင့် သူမအခန်းထဲကနေ မထွက်ရဲပေ။
ထိုအချိန်တွင် စုရွှေလျန်သည် စုအိမ်မှ ဝါဂွမ်းဖြင့်လုပ်ထားသော လစဉ်သုံးပစ္စည်းများကို လွမ်းမိသည်။ အခြားသောအနားကွပ်များကို ယခု သူမအသုံးပြုနေသည့် ချည်သားပါးပါးဖြင့် ပြုလုပ်ထားသော်လည်း အတွင်းပိုင်းတွင် ရေစုပ်စက္ကူနှင့် ချည်သားအထူပါရှိသည်။ ထူးဆန်းတယ်လို့ ခံစားရပေမယ့် အနည်းဆုံးတော့ သူမရဲ့ စကတ်နဲ့ဘောင်းဘီကို ပေသွားစေလိမ့်မည်မဟုတ်ချေ။
ဒီအကြောင်း တွေးရင်း စုရွှေလျန် သူမရဲ့ ဖောင်းနေတဲ့ဝမ်းဗိုက်လေးကို အနည်းငယ် ပွတ်သပ်လိုက်သည်။ တစ်ချိန်တည်းတွင် သွေးတွေအများကြီး ဆင်းမလာပါစေနဲ့လို့ သူမမျှော်လင့်မိသည်။ နောက်ဆုံးတော့ တဖြည်းဖြည်းနဲ့ အိပ်ပျော်သွားခဲ့လေ၏။
…..
ထိုနေ့နံနက်တွင် လင်းစစ်ယောင်သည် ဖန်းဟွာမြို့ရှိ ဆောက်လုပ်ရေးကို ကြီးကြပ်ရန် အစောကြီး ထွက်လာခဲ့သည်။
ယခင်က ငှားရမ်းထားသော လက်သမား ဖုန်းလောင်လျှို့နှင့်အတူ အခြား လက်သမား သုံးဦးကို ငှားရမ်းခဲ့သည်။ သူတို့လေးယောက်လုံး အိမ်ပေါ်တွင် အလုပ်ရှုပ်နေကြလေ၏။
ဒီလို အရောင်ရှိတဲ့သစ်သားမျိုးကို သူတို့တစ်ခါမှ မမြင်ဖူးကြပေ။ ၎င်းတို့ကိုအပြင်မှ ယူလာသည်ဟု လျှို့ဝှက်စွာ မှန်းဆခဲ့ကြသည်။ နောက်ဆုံးတွင်တော့ လေးဘီးတပ်လှည်းနဲ့ ဒီကို သယ်လာတယ်လို့ ရွာသားတွေဆီက ကြားလိုက်ရသည်။
သူတို့၏ အလုပ်ကြောင့် ဘယ်ဆိုင်မှာ ဘယ်လိုကုန်ကြမ်းတွေ ရောင်းတယ်ဆိုတာ သိကြသည်။ ထိုကဲ့သို့သော ခရမ်းရောင်သစ်သားကို ယခင်က တစ်ခါမျှ မမြင်ဖူးသော်လည်း၊ သစ်နက်စစ်စစ်ထက် ပိုမိုခိုင်ခံ့ပုံရသည်။
သူတို့၏ တီးတိုးသံကို လင်းစစ်ယောင် သေချာကြားရသော်လည်း ထိုကိစ္စကို ရှင်းလင်းရန် သူ စိတ်မဝင်စားပေ။သူတို့၏ အရှိန်အဟုန် သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းကို မထိခိုက်စေသရွေ့ သူတို့၏ အတင်းအဖျင်းပြောခြင်းကို ရပ်တန့်ရန် မလိုအပ်ချေ။
သစ်ကိုင်းတစ်ကိုင်းကို ကိုင်ထားပြီး လင်းစစ်ယောင်သည် အိမ်တစ်ဝိုက်ကို အကြိမ်အနည်းငယ် လှည့်ပတ်ကာ နောက်ဆုံး အိမ်နောက်ဖေးတွင် ရပ်သွားခဲ့သည်။ ချယ်ရီပင်ဘေးတွင် သူသည် စက်ဝိုင်းပုံတစ်ခုဆွဲလိုက်သည်။ လက်သမားတို့၏ ထူးဆန်းသောအကြည့်များကို လျစ်လျူရှုကာ “ဒီနေရာမှာ ခုံတန်းရှည်တစ်ခုဆောက်ပေးပါ” ဟုပြောလိုက်သည်။
လက်သမားလေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ အဆုံးတွင် အသက်အကြီးဆုံး ဖုန်းလောင်လျှို့က စကားပြောလိုက်သည်။ "သခင်လေးက ခုံတန်းလျားတစ်ခုလုပ်ဖို့အတွက် သစ်သားကိုသုံးချင်တာလား?" ခြံဝင်းထဲမှာ ကျောက်စားပွဲတွေနဲ့ ထိုင်ခုံတွေ ထားတာက လူကြိုက်များပေမယ့် သစ်သားနဲ့ကျတော့.....။
လင်းစစ်ယောင် သူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့အကြည့်က 'အသုံးမဝင်တဲ့ စကားတွေ မပြောဘဲ လုပ်စရာရှိတာသာလုပ်စမ်းပါ' လို့ပြောနေသယောင်။
လေးယောက်သား ခေါင်းကို အမြန်ငုံ့ပြီး အလုပ်ဆက်လုပ်လိုက်ကြ၏။ ဘုရားရေ၊ ဒီလူက ဘယ်သူလဲ? တစ်ချက်ကြည့်လိုက်ရုံနဲ့ ပြင်းထန်သောဖိအားတစ်ခုက သူတို့ကို ဖိနှိပ်ထားသလို ခံစားလိုက်ရသည်။ မေ့လိုက်ပါတော့၊ အလုပ်ပဲဆက်လုပ်ကြမယ်။ အလုပ်ပြီးမှ သူတို့ ဇနီးမယားတွေရှိရာ အိမ်ပြန်နိုင်ကြမှာလေ။ ကံကောင်းထောက်မစွာဖြင့် ယခုအလုပ်အတွက် လုပ်အားခသည်မနည်းပေ။ ထို့အပြင်၊ သူတို့သည် ဆယ်ရက်အတွင်း ပြီးမြောက်လျှင် အပိုကြေး ရလိမ့်မည်ဖြစ်၏။ ဒါကြောင့် အချိန်မဖြုန်းတာ အကောင်းဆုံးပဲ။
လင်းစစ်ယောင် သူတို့ကို စိတ်ထဲမထားတော့ဘဲ လမ်းဆက်လျှောက်ရန် တွေးလိုက်သည်။ ခဏအကြာတွင်၊ သူသည် လက်သမားဆရာများအား အိမ်ရှေ့မြစ်နားရှိ ဂျူဂျူးပင်အောက်တွင် ပုံစံတူ ခုံတန်းရှည်များစွာကို တည်ဆောက်ခိုင်းခဲ့သည်။ မြစ်နားရှိ မြက်ခင်းပြင်ပေါ်တွင်လည်း ငါးပင်တိုင်* အစုံများ လုပ်ထားရန်လည်း ညွှန်ကြားလိုက်သည်။
*(ငါးပင်တိုင်တွေကို ကိုယ်ခံပညာရှင်တွေလေ့ကျင့်ရေးအတွက်အသုံးပြုကြပါတယ်။ တရုတ်ကားတွေမှာဆိုရင် ကွန်ဖူးလေ့ကျင့်တဲ့အခါ ငုတ်တိုင်တွေအများကြီးပေါ်ဖြတ်သွားတာမြင်ဖူးကြလားမသိဘူး)
ထိုအချိန်တွင် အသက်နှစ်ဆယ်ကျော်လေးသာရှိသေးသော ဤခံ့ညားထည်ဝါသောအမျိုးသားသည် သိုင်းပညာရှင်ဖြစ်ရမည်ဟု လေးယောက်သမား သဘောပေါက်သွားကြသည်။ အဲ့လိုမှမဟုတ်ရင် လယ်သမားတစ်ယောက်က ဘာကြောင့် ငါးပင်တိုင် တွေလုပ်ဖို့တွေးနေမှာလဲ? ထိုကဲ့သို့ ခိုင်ခံ့သောသစ်မာကိုပင် အသုံးပြုခြင်းသည် အလှပြထားရန်အတွက်တော့ သေချာပေါက်မဟုတ်နိုင်ပေ။ ဒါကြောင့် လက်သမားလေးဦး၏ လက်များသည် ဤတာဝန်ကို ပြီးမြောက်ရန် ၎င်းတို့၏ ခွန်အားအားလုံးကို အသုံးပြုကာ ပိုမြန်သောအရှိန်အဟုန်ဖြင့် လှုပ်ရှားလာကြသည်။
…..
လင်းစစ်ယောင် တည်းခိုခန်းသို့ ပြန်ရောက်သောအခါ စုရွှေလျန်သည် ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းပင်ရှိသေး၏။
လင်းစစ်ယောင် သူမ၏နဖူးလေးကို ညင်သာစွာ ပွတ်သပ်လိုက်၏။ အရာအားလုံး ပုံမှန်အတိုင်းရှိနေတဲ့အတွက် စိတ်သက်သာရာရသွားသည်။ အခန်းတဝိုက်ကို တစ်ချက်စစ်ကြည့်လိုက်တော့ သူထွက်သွားတဲ့မနက်ကအတိုင်း ဘာမှ မပြောင်းလဲတာကို သတိထားမိသည်။
သူ မျက်မှောင်ကြုတ်လိုက်၏။ အဲဒီနေ့,နေ့လယ်က ဖြစ်ပျက်ခဲ့တာတွေကို တည်းခိုခန်းမှူးကို မေးဖို့ အောက်ထပ်ကိုဆင်းသွားလိုက်သည်။ သူမ အစားအစာတွေကို မမှာခဲ့ဘူးဆိုတာရယ်၊ ဒီနေ့ နေ့လည်စာစားဖို့ အပြင်မထွက်တာရယ်ကို သိလိုက်ရတော့ လင်းစစ်ယောင် ပိုပြီးမျက်မှောင်ကြုတ်မိသွားသည်။
ဟင်းအမယ် အနည်းငယ်ကို မှာယူပြီးနောက် လင်းစစ်ယောင်သည် သူမ မစားရသည့် အကြောင်းရင်းကို ဆက်လက် ခန့်မှန်းကာ သူမ၏ အခန်းသို့ ပြန်လာလိုက်သည်။
"အာ၊ ရှင်ပြန်လာပြီလား? ဒီလောက်တောင်နောက်ကျနေပြီလား?" စုရွှေလျန်သည် ဆူညံသံကြောင့် နိုးလာပြီး မျက်လုံးများကို လေးကန်စွာ ဖွင့်လိုက်သည်။ ဒီတစ်ခါ ကောင်းကောင်း အိပ်ပျော်သွားပဲ။ ဝမ်းဗိုက်အောက်ပိုင်း နာကျင်မှုကိုတောင် သူမ မေ့လုနီးပါး ဖြစ်နေပြီ။
လင်းစစ်ယောင်က စားပွဲထိုးအား အစားအသောက်နဲ့ ရေနွေးထားရမယ့်နေရာကို ညွှန်ကြားနေတာကို သူမမြင်တော့ တစ်နေကုန်ခါနီးပြီဆိုတာ သိလိုက်ရသည်။
"တစ်နေရာရာ အဆင်မပြေဖြစ်နေလို့လား" လင်းစစ်ယောင်သည် အိပ်ထားတာကြောင့်နီရဲနေသော သူမပါးပြင်များကို ညင်သာစွာ မသုတ်ပေးမီ ရေးနွေးစိမ်မျက်နှာသုတ်ပုဝါကို ရေညှစ်လိုက်သည်။
စုရွှေလျန် သူ့မေးခွန်းကို ကြားတဲ့အခါ သူမ၏မျက်နှာသည် ပို၍ပင်နီမြန်းလာသည်။
ဒါကို လင်းစစ်ယောင်မြင်တော့ သူမကို ပဟေဠိမျက်ဝန်းများဖြင့်ကြည့်လာသည်။ သူမ၏ ပုံမှန် အပူချိန်ကြောင့်သာ မဟုတ်လျှင် သူမ ဖျားနေတယ်လို့ ထင်မိပေလိမ့်မည်။
"ဒီနေ့ နေ့လည်ခင်း ဘာမှမစားခဲ့ဘူးလား" လင်းစစ်ယောင်သည် သူမကို ထထိုင်ဖို့ ညင်သာစွာ ကူညီပေးပြီး ခေါင်းမှီကို မှီစေလိုက်သည်။ ပန်းကန်လုံးထဲတွင် ထမင်းဖြည့်လိုက်ပြီး ဟင်းပွဲ၏ဘေးတွင် တူတစ်စုံထည့်ကာ သူမဘေးတွင် ပြန်ထိုင်လိုက်သည်။ ဒီအနေအထားသည် သူမအစာစားဖို့ ကူညီပေးမယ့်ပုံပေါ်နေသည်။
"ကျွန်မ... ကျွန်မကိုယ့်ဘာသာစားပါ့မယ်" စုရွှေလျန် ပန်းကန်လုံးနှင့် တူများကို လှမ်းယူလိုက်သည်။
"ဘာဖြစ်နေတာလဲ ကိုယ့်ကိုပြော၊ မဟုတ်ရင်တော့ ကိုယ်ခွံ့ကျွေးမှာနော်" လျင်မြန်သော ရွေ့လျားမှုနှင့်အတူ ပန်းကန်လုံးနှင့် တူများကို လက်တစ်ဖက်မှ အခြားတစ်ဖက်သို့ ရွှေ့လိုက်သည်။ လင်းစစ်ယောင် သူမကို အေးစက်စက်အသံဖြင့် ခြိမ်းခြောက်လိုက်သော်လည်း အနည်းငယ်စိုးရိမ်သောလေသံပါနေသည်။
စုရွှေလျန်သည် သူ့စကားကြောင့် ဒေါသထွက်ကာ ရှက်သွားသည်။ သူမ ခေါင်းကို လှည့်လိုက်ပြီး သူ့ကိုလျစ်လျူရှုလိုက်၏။
လင်းစစ်ယောင် သက်ပြင်းချလိုက်သည်။ "ရွှေလျန်၊ ငါ့ကိုပြောပြဖို့ မသင့်တော်တဲ့ကိစ္စမို့လို့လား? ...ဒါမှမဟုတ် မင်းဖွင့်ပြောဖို့အတွက် ငါကအရည်အချင်းမရှိလို့လား? ”
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့!" စုရွှေလျန် ထိုစကားကိုကြားသောအခါ သူမ ချက်ချင်းလှည့်ကြည့်လိုက်သည်။ ယောက်ျားနဲ့မိန်းမကြားက ကျင့်ဝတ်တွေကို ဘေးဖယ်ထားပြီး၊ သူ့ကိုယ်သူ ရှုတ်ချတဲ့စကားတွေကို ဆက်မပြောနိုင်အောင် သူ့ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။
လင်းစစ်ယောင် သူမလက်ကို ယူကာ သူ့လက်ဖဝါးထဲတွင် ဆုပ်ကိုင်လိုက်ပြီး မျက်တောင်မခတ်ဘဲ အနက်ရောင်မျက်ဝန်းများဖြင့် သူမကို ကြည့်နေလိုက်သည်။
" ကျွန်မရဲ့... ဟိုဟာ...လာနေလို့ " သူ့ကို မခုခံနိုင်တဲ့အဆုံး စုရွှေလျန်သည် လင်းစစ်ယောင် ကို စိတ်ရှုပ်စွာဖြင့် ဤစာကြောင်းအား တိုးတိုးလေးပြောလိုက်သည်။
"ဘယ်ဟာလဲ?" လင်းစစ်ယောင် သည် သူမဆက်ပြောဖို့ ရည်ရွယ်ချက်မရှိဘဲ ခေါင်းကိုသာငုံ့နေသည်ကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။
"ကျွန်မရဲ့ဓမ္မတာ!!" စုရွှေလျန်သည် ချက်ချင်းပင် ရှက်ကိုးရှက်ကန်းဖြင့် ဒေါသတကြီး အော်လိုက်သည်။ မတော်မလျော်ကျယ်လောင်သော အသံဖြင့် ပြောလိုက်မိသည်ကို သူမသိသောအခါ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
လင်းစစ်ယောင်၏ စိတ်သည် အနည်းငယ် လွတ်ထွက်သွားသည်။ သူမ ဘာကိုဆိုလိုသည်ကို နောက်ဆုံးသိလိုက်သောအခါတွင် သူ့မျက်နှာသည် နီမြန်းလာခဲ့ချေ၏။
……
“တည်းခိုခန်းမှူးရဲ့ဇနီးက ဒီလောက်နဲ့ လုံလောက်ရဲ့လား သိချင်နေတယ်” လင်းစစ်ယောင်သည် ချည်ဖြူတစ်ထည်ကို ကိုင်ထားရင်း စုရွှေလျန်၏ အခန်းထဲသို့ ဝင်လာခဲ့သည်။
"အိုး...အဲဒါဆို လုံလောက်ပါပြီ" စုရွှေလျန်သည် ကုတင်ပေါ်တွင် အနားယူနေရင်း သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ပွတ်သပ်လိုက်သည်။ လင်းစစ်ယောင်ထံမှ ချည်ထည်ကို လက်ခံလိုက်ပြီး အများအားဖြင့် အဝတ်စပိုင်း လေးငါးပိုင်းခန့် ရနိုင်သည်ဟု သူမ မှန်းကြည့်လိုက်သည်။
ဟုတ်တယ်၊ အသက်အကြီးဆုံးဖြစ်ခဲ့တဲ့ စုရွှေလျန်ဟာ သူမရဲ့အတိတ်မှတ်ဉာဏ်ကို အားကိုးပြီး သူမရဲ့အမျိုးသမီးလစဉ်သုံးတွေကို ချုပ်ပါတော့မယ်။ နောက်ဆုံးတော့ သူမဟာ အနားယူဖို့အတွက် တစ်ပတ်တာလုံး အိပ်ယာပေါ်မှာ မနေချင်တော့ပေ။ ဒါ့အပြင်၊ သူမ အိပ်ရာထဲမှာ ငြိမ်နေလျှင်လည်း အဝတ်အစားတွေ မစွန်းထင်းဘူးလို့ မဆိုလိုဘူးလေ။ သူမ အိပ်ရာထဲကထွက်လို့မရဘူးဆိုတော့ ကောင်းမွန်တဲ့ တန်ပြန်ရေးအစီအမံတစ်ခုကို ဘာကြောင့် မစဉ်းစားရမှာလဲ?
သာမန်အားဖြင့် လူတိုင်းသည် ချည်သားဝတ်ရုံများနှင့်ဂွမ်းကပ်များပြုလုပ်ရန် သူတို့ရိတ်သိမ်းထားသော ဝါဂွမ်းများ ဖြူဖွေးပြီးနူးညံ့ပွရွနေစဉ်တွင် အသုံးပြုလေ့ရှိကြသည်။ တချို့သော ဝါဂွမ်းအကြွင်းအကျန်များကိုမူ ချန်ထားခဲ့ကြ၏။ ဤနေရာတွင် ဝါဂွမ်းသည် ဈေးမကြီးသောကြောင့် များစွာမရောင်းရသော်လည်း ထိုကြွင်းကျန်များကို ဖြတ်သွားသော ဈေးသည်များထံ ရောင်းချကြသည်။
ဒီအဝတ်စကို တည်းခိုခန်းပိုင်ရှင်၏ ကိုယ်ပိုင်သိမ်းထားတဲ့ထဲမှ ယူလာတာဖြစ်ရပေမည်။
စုရွှေလျန် တောင်းဆိုသည့်အတိုင်း လင်းစစ်ယောင်သည် သူမ၏အိတ်ထဲမှ ချည်ထိုးအပ်အထူကြီးတစ်ချောင်းကို ယူကာ မညှပ်ရသေးသောအဖြူရောင်အထည်ပါးလေးတစ်ထည်နှင့်အတူ သူမထံသို့ ယူဆောင်လာခဲ့သည်။ သူ သိချင်နေသော်လည်း လင်းစစ်ယောင်သည် ထိုအကြောင်းနှင့်ပတ်သက်ပြီးမမေးခဲ့ပေ။ သူမရဲ့ရာသီလာချိန်နဲ့ ပတ်သတ်ပြီး တစ်ခုခုဖြစ်နေတယ်လို့ သူထင်ခဲ့သည်။
ထိုအတွေးကြောင့် လင်းစစ်ယောင်၏ မျက်နှာသည် မသိမသာ နီမြန်းသွားခဲ့သည်။
အမျိုးသမီးတစ်ဦးသည် ဓမ္မတာစလာလျှင် ကလေးမွေးနိုင်သည်ဟု ဆိုလိုသည်။ ကလေးတွေ... သူသည် မိဘမဲ့ဖြစ်ပြီး လွန်ခဲ့သော အနှစ်နှစ်ဆယ်တွင် လူသတ်သမား စစ်လင်အဖြစ် အမှောင်ဘက်ခြမ်းတွင် နေထိုင်ခဲ့သည်။ သို့သော်လည်း နောင်တွင် သူသည် ကိုယ်ပိုင် သားသမီးများပင် ရနိုင်ပေလိမ့်မည်..။
***