← Chapters

ဝင်္ကပါအားချိုးဖျက်ခြင်း

Vol. 015 Ch. 1470

ဝင်္ကပါအားချိုးဖျက်ခြင်း

Vol. 015 Ch. 1470

သဏ္ဌာန်မဲ့ အလင်းလွှာက ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များကို အပြည့်အဝ ဖုံးလွှမ်းထားပြီး သူတို့သည် စတင်၍ စင်မြင့်ထက်သို့ ပျံသန်းတက်လိုက်ကြသည်။ ယန့်စွေ့သည် သူ ထိုင်နေခဲ့သည့် နေရာမှ မျောလွင့်၍ အပေါ်သို့ တက်လာခဲ့ကာ ကု့ချင်းကြိုးများကို ကစားနေပြီး ကျန်သည့် လူများနောက်သို့ လိုက်လာခဲ့သည်။

သူ့ရှေ့မှ တန်ခိုးရှင်များသည် မတူညီသည့် ဝင်္ကပါကြီးများ ခင်းကျင်းလိုက်ကာ တစ်ခုစီတွင် လူကိုးယောက် ပါဝင်ပေသည်။ သို့သော် အားလုံးသော ဝင်္ကပါများ စုပေါင်းပြီးမှ တစ်ခုတည်း ဖြစ်လာကာ သူတို့အားလုံးကို ယန်စွေ့က ထိန်းချုပ်ထားသည်။

ရီထျန်းယွိက အထင်ရှားဆုံး ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်သည် နတ်အလင်းတို့ဖြင့် တောက်ပနေကာ ဝင်္ကပါတစ်ခုလုံး၏ ခေါင်းဆောင်ပင် ဖြစ်သည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ဂီတသံက သူတို့ပေါ်သို့ ကျရောက်လာပြီး သူတို့ စွမ်းအားများကို လွှမ်းမိုးရန် ကြိုးစားသော်လည်း မှော်တေးသွားသည် ယန်စွေ့ထံမှ ပေါက်ကွဲထွက်လာသည့် နတ်ဘုရားအသံနှင့် လေထဲတွင် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ သဏ္ဌာန်မဲ့ အင်အားများ တိုက်မိခြင်းကို မည်သူမှ မမြင်နိုင်သော်လည်း ထိုအချိန်တွင် မွန်းကျပ်ဖွယ် ဖိအားက ရွှမ်ထျန်းဝင်္ကပါပေါ်သို့ ကျရောက်လာသည်။

မမြင်နိုင်သည့် တိုက်မိမှု ဖြစ်ပွားပြီးနောက် မဟာလမ်းစဉ်၏ စွမ်းအားများသည် မည်သည်မှ မကျန်တော့အောင် ပြိုကွဲပျက်စီးသွားသည်။

“ဗြဟ္မာ့သန့်စင်ကောင်းကင်က အသာစီးရဖို့ မဖြစ်နိုင်ဘူး” စင်မြင့်အောက်မှ တန်ခိုးရှင်များအားလုံးက တိုက်ပွဲအား အာရုံစိုက်နေကြသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်သည် ဝင်္ကပါအား ချိုးဖျက်နိုင်လိမ့်မည်ဟု လူအများက မျှော်မှန်းထားကြသည့် အင်အားစု ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် နတ်ဘုရားအသံက ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများကို ထိန်းချုပ်ကာ ယင်းတို့က သူတို့နှင့် တသားတည်း ဖြစ်သွားကြပြီး ဗြဟ္မာ့သန့်စင်ကောင်းကင်၏  မှော်တေးသွားနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။

လူတိုင်းသည် ရီထျန်းယွိဆီသို့ ကြည့်လိုက်ကြပြီး သူ့အနီးရှိ မဟာလမ်းစဉ် စွမ်းအားများအားလုံး ဖျက်ဆီးခံရသည်ကို မြင်သည်။

မဟာလမ်းစဉ်နှင့် ဂီတဖြစ်နေပြီး ရီထျန်းယွိ ခန္ဓာကိုယ်သို့ ပေါင်းစည်းနေကာ သူ၏ အရှိန်အဝါများကို မြှင့်တင်ပေး၍ အလွန် အားကောင်းသန်မာလာစေသည်။ သူက မဟာလမ်းစဉ်နှင့် ကိုယ်တိုင် ရင်ဆိုင်နိုင်ရန်ထိပင် သန်မာလာသည်ဟု ထင်မှတ်ရပေသည်။

အဆုံးမဲ့ ကြမ်းတမ်းသည့် လေစီးကြောင်းများသည် သူ့ထံမှ ထွက်ပေါ်လာကာ စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မည်သူမဆို ထိုလေစီးကြောင်းများကို ကြည့်ကာ ယင်း၏ စွမ်းအားကို ခံစားသိရှိနိုင်သည်။ ကောင်းကင်အာဏာစက်ပြည်ထောင်သည် ခရမ်းရင့်ကောင်းကင်နန်းတော်ထက် အားကောင်းသည်မှာ ရှင်းလင်းလှပေသည်။

မဟာလမ်းစဉ်၏ ထက်ရှသော တေးသွားက ထွက်ပေါ်လာပြီး ရီထျန်းယွိ၏ လက်ထဲတွင် စုတ်တံတစ်ချောင်း ပေါ်ပေါက်လာသည်။ ထိုသည်က ချန်းချိုးစုတ်တံပင် ဖြစ်၏။

ထိုမျှမကဘဲ တသားတည်းဖြစ်နေသည့် မဟာလမ်းစဉ်က သူတို့အနီး လေထဲတွင် အခြားသော ချန်းချိုးစုတ်တံများ အများအပြား ပေါ်ပေါက်လာစေရန် လုပ်ဆောင်ပေးနေသည်။ တစ်ခုချင်းစီတွင် အလွန် ကြောက်မက်ဖွယ် အားကောင်းလှသည့် သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်နေသည်။

ရီထျန်းယွိက ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်သည်။ “နတ်မိမယ်တို့ကို အပြစ်ပြုမိပါပြီ”

သူက ပြောပြီးသည်နှင့် နတ်မိမယ်များကို ချန်းချိုးစုတ်တံနှင့် ညွှန်လိုက်ကြသည်။ ခဏချင်းအတွင်း သတ်ဖြတ်ခြင်းစွမ်းအင်လှိုင်းတို့က ရွှမ်ထျန်းဝင်္ကပါဆီ လွှမ်းခြုံလာကာ စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းထားလိုက်သည်။

ချင်းဟယ်သည် ဤတိုက်ပွဲက ခက်ခဲသည့် တိုက်ပွဲဖြစ်လိမ့်မည်ကို သိရှိပေသည်။ ရွှမ်ထျန်းဝင်္ကပါက အတော်လေး အားကောင်းသော်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဝင်္ကပါသည် ထိတ်လန့်အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။ ထို့ကြောင့် သူမက ပို၍ အာရုံစိုက်ကာ အားထုတ်လိုက်သည်။

သူမ၏ မျက်နှာက လေးနက်သွားပြီး ကု့ချင်းကြိုးများကို ကစားလိုက်သည်။ ခဏချင်းပင် သူမထံ၌ အစွမ်းထက် ဝိညာဉ်စွမ်းအားများ စုစည်းလာကာ ဝင်္ကပါအတွင်း ဖြန့်ကျက်၍ အားဖြည့်ပေးလိုက်သည်။

ရွှမ်ထျန်းဝင်္ကပါအတွင်း နေရာတစ်ခုစီတွင် ဝင်္ကပါကို ထိန်းချုပ်နေသည့် နတ်မိမယ်တစ်ဦး ရှိပြီး အားလုံးသော တန်ခိုးရှင်များက သူမတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အရှင်မ လက်အောက်မှ နတ်မိမယ်ကိုးပါးကို မတူညီသည့် သွေးဆက်ကိုးခုအဖြစ် ခွဲခြားထားသည်။ သွေးဆက်တစ်ခုစီတွင် မတူညီသည့် စွမ်းရည်များ ရှိသည့်အတွက် သူတို့၏ စွမ်းအားများက ကွဲပြားခြားနားနိုင်ပေသည်။

ပြင်းထန်သည့် ထိပ်တိုက်တွေ့ဆုံမှုက ရွှမ်ထျန်းဝင်္ကပါကို လှုပ်ခတ်စေခဲ့သည်။ ရီထျန်းယွိသည် ကြောက်မက်ဖွယ် အရှိန်အဝါနှင့်အတူ လေကို ဖြတ်သန်း၍ လျှောက်လာခဲ့သည်။

ဂီတသံ ဆက်လက်၍ ထွက်ပေါ်နေပြီး ချင်းဟယ် အနောက်တွင် နတ်ဘုရားမတစ်ပါး၏ ပုံရိပ် ထွက်ပေါ်လာသည်။ မမြင်ရသည့် ဓားများက လေထဲသို့ ဖြတ်သန်းရိုက်ခတ်သွားကာ ကောင်းကင်အာဏာစက်ဘုံ တန်ခိုးရှင်များ၏ ဝင်္ကပါတို့ကို ချိုးဖျက်ရန် ကြိုးစားနေသည်။

ယန်စွေ့က ချင်းဟယ်ကို ကြည့်၍ အေးစက်စွာ ပြုံးလိုက်သည်။ သူက ကြိုးကို တီးခတ်နေပြီး ဂီတက မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်သွားသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အားလုံးသော တန်ခိုးရှင်များက အတူ ပူးပေါင်းနေပြီး ကြောက်မက်ဖွယ် နတ်အလင်းများက ရီထျန်းယွိထံမှ ပေါက်ကွဲထွက်လာသည်။

ထိုအချိန်တွင် တောက်ပသည့် ရွှေရောင်ခွန်ပန်ငှက်က အော်မြည်ရင်း ပေါ်ပေါက်လာပြီး ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များကို ဖုံးလွှမ်းသွားသည်။ ကြည့်ရသည်မှာ သူတို့က ငှက်အသွင်သို့ ပြောင်းလဲသွားသည်။

မရေတွက်နိုင်သည့် ဓားများက သူတို့ဆီသို့ ရိုက်ခတ်လာသော်လည်း သူတို့၏ ခံစစ်ကို ချိုးဖျက်နိုင်ခြင်း မရှိပေ။ သူတို့၏ ခုခံမှုက အသွေးအသားများသာ မဟုတ်တော့သလို ထင်မှတ်ရသည်။ သူတို့၏ စွမ်းအားများအားလုံးကို ရီထျန်းယွိထံသို့ ပေါင်းစပ်သွားသည်။ ခွန်ပန် အလင်းလွှာအောက်တွင် ရီထျန်းယွိသည် ဖိအား အကုန်လုံးကို သူတစ်ယောက်တည်း ခံနေရသကဲ့သို့ ဖြစ်လာသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် တူညီသော တိုက်ခိုက်မှုကြောင့် ချက်ချင်း ရှုံးနိမ့်သွားခဲ့ရသည်။

ရီထျန်းယွိ၏ မျက်လုံးများမှ ရွှေရောင်အလင်းတို့ တောက်ပလာသည်။ သူက ချန်းချိုးစုတ်တံကို ဝှေ့ယမ်းလိုက်ပြီး သူက ‘ဖျက်ဆီးခြင်း’‘စွမ်းအား’ နှင့် ‘မြေ’ ဟူသည် စကားလုံးများကို ရေးဆွဲလိုက်သည်။

ခဏချင်းအတွင်းတွင် များပြားလှသည့် အသံများ ထွက်ပေါ်လာပြီး နတ်မိမယ်တို့၏ ရွှမ်ထျန်းဝင်္ကပါသည် များပြားလှသည့် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းစွမ်းအားတို့ဖြင့် ရိုက်ခတ်ခြင်း ခံခဲ့ရသည်။ သူတို့၏ ဝတ်စုံများသည် သွေးတို့ဖြင့် စွန်းထင်းနေပြီး အနောက်သို့ လွင့်ပျံသွားကြသည်။

သို့သော် ရီထျန်းယွိက တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။ သူက ချန်းချိုးစုတ်တံကို အောက်သို့ ကျဆင်းလာစေသည်။ သတ်ဖြတ်ခြင်းအလင်းတို့က နတ်ဘုရားအသံနှင့်အတူ တောက်ပနေသည်။ လူတိုင်းက နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် သတ်ဖြတ်ခြင်းစွမ်းအားများကို စူးစိုက်ကြည့်နေကြသည်။

“မင်း လက်လျှော့သင့်တယ်။ မင်း ကျုပ်တို့ကို ရပ်တန့်နိုင်မှာမဟုတ်ဘူး” ရီထျန်းယွိက ဝင်္ကပါအတွင်း အဆက်မပြတ် ပေါ်ထွက်လာနေသည့် အမျိုးသမီးများ၏ ပုံရိပ်ကို စောင့်ကြည့်ကာ ပြောလိုက်သည်။ သူက ရှေ့သို့ ဆက်လက်တိုးလာခဲ့သည်။

ရွှမ်ထျန်းဝင်္ကပါသည် အရေးသာမှု ပျောက်ဆုံးနေခဲ့သည်ဟု လူတိုင်းက တွေးမိကြသည်။ ကောင်းကင်အာဏာစက်ပြည်ထောင် ဝင်္ကပါနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်အိမ်ရှေ့စံ မင်းသားတို့သည် အလွန်ပင် သန်မာအားကောင်းလှ၏။ သူတို့ကြားမှ ထူးချွန်ပြောင်မြောက်လှသည့် ပူးပေါင်းမှုကြောင့် ရွှမ်ထျန်းဝင်္ကပါက မကြာခင်၌ ကျိုးပျက်သွားတော့မှာ သေချာနေသည်။

“ဝင်္ကပါကို ပြောင်းတော့” ချင်းဟယ်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။ ရုတ်တရက် အားလုံးစေသာ အမျိုးသမီးများ စင်မြင့်ထက် ပေါ်ပေါက်လာပြီး ပိုမိုများပြားသည့် အရိပ်များ ထွက်ပေါ်လာ၍ နေရာတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ ချန်းချိုးစုတ်တံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်းစွမ်းအားများသည်ပင် ပြိုင်ဘက် အစစ်အမှန်ကို တိုက်ခိုက်ခဲ့သည်လား မပြောနိုင်ပေ။

သို့သော် ရီထျန်းယွိက ဂရုစိုက်ဟန်မတူပေ။ သူက ကောင်းကင်ကို ညွှန်ပြလိုက်ပြီး ချန်းချိုးစုတ်တံမှ ပိုမိုများပြားသည့် ချန်းချိုးစုတ်တံတို့ ဖြစ်တည်လာသည်။ ယင်းတို့က မတူညီသည့် နေရာများမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင်

ခွန်ပန်များက တောင်ပံခတ်နေကာ ရွှေရောင်အလင်းများသည် ယင်းတို့ထံမှ ပေါက်ကွဲထွက်လာကာ လေထဲသို့ ထိုးထွက်သွား၏။

ဗြဟ္မာ့သန့်စင်ကောင်းကင်မှ ခုခံနေနိုင်ဆဲ ဖြစ်သည့်အတွက် သူသည် သူ၏ စွမ်းအား အလုံးစုံကို ခံစားကြည့်စေမည် ဖြစ်သည်။

သူ၏ ဖခင် ပြည်ထောင်ဘုရင်က သူ့ကို ချင်းဟယ်နှင့် လက်ထပ်စေလိုသည်။ ထိုသည်က ကောင်းကင်အာဏာစက် ပြည်ထောင်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မည်။ သို့သော် သူတို့က မဟာမိတ်လက်ထပ်ခြင်း မပြုနိုင်ခဲ့လျှင်ပင် သူက ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ဗြဟ္မာ့သန့်စင်ကောင်းကင်သည် မည်သည့်အရေးမှ ဝင်မစွက်ဘဲ သူတို့ကိုယ်သူတို့ ထိန်းသိမ်းစွာ နေထိုင်ခဲ့ပါက ထိုသည်က လုံလောက်နေပြီ ဖြစ်သည်။

မဟာမိတ် လက်ထပ်ခြင်း လုပ်ခဲ့သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ကောင်းမွန်သည့် အဟန့်အတားက သူတို့၏ အကြွင်းမဲ့ ခွန်အားကို သက်သေပြစေနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဗြဟ္မာ့သန့်စင်ကောင်းကင်က ဝင်္ကပါကို ခင်းကျင်းခဲ့သည့်အခါ၌ သူက အလွယ်တကူ လျှော့ပေးလိမ့်မည် မဟုတ်ပေ။

ကြည့်ရှုနေသူများသည် ရွှမ်ထျန်းဝင်္ကပါမှနေ၍ သွေးများ စွန်းထင်းလျက် လွင့်စင်ထွက်လာသည့် လူများကို မြင်တွေ့ပေသည်။ သူတို့ထဲက အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ကြသည်။

ထိုအချိန်တွင် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ ဂီတသံသည် လေထုကို ဖြတ်သန်းထွက်ပေါ်လာသည်။ လူတိုင်းသည် လေးနက်သည့် လေထုအခြေအနေကို ခံစားမိနိုင်ကြသည်။ အားလုံးသော နတ်မိမယ်များက စတင်၍ သီကြွေးလိုက်ကြပြီး ရုတ်တရက် ရွှမ်ထျန်းဝင်္ကပါများက စုစည်းလာကြသည်။

ချင်းဟယ်၏ အထက် လေထဲတွင် ကြီးမားသည့် နတ်ဘုရားမ ပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ သူမက ရင်သပ်ရှုမောဖွယ်လှပပေမဲ့ ချောက်ချားဖွယ်လည်း ကောင်းနေသည်။ သူမထံ၌ ဦးခေါင်းသုံးလုံး လက် ခြောက်ဖက် ရှိနေသည်။

ချင်းဟယ်က တေးသွားကို တီးခတ်နေပြီး ထိုကြီးမားသည့် နတ်ဘုရားမသည် လက်တစ်ဖက်စီတွင် ဓားတစ်လက်စီ ကိုင်စွဲထားခဲ့၏။ မရေတွက်နိုင်သည့် တောက်ပသော ဓားအလင်းများက အော်မြည်ကာ လေထုနှင့် တစ်ဟုန်ထိုး ရိုက်ခတ်သွားခဲ့သည်။

သန့်စင်သည့် နတ်အလင်းများက သူမထံမှ တောက်ပနေပြီး နတ်ဓားများအဖြစ် ပြောင်းလဲသွားသည်။ ယင်းသည် ဖျက်ဆီး၍ မရနိုင်သော သန့်စင်သည့် အလင်းများနှင့် တူပေသည်။

များပြားလှသည့် ချန်းချိုးစုတ်တံများက လေထဲသို့ ဖြတ်ကာ ထိုးထွက်လာသော်လည်း ယင်းတို့သည် သန့်စင်သည့် ဓားများနှင့် တွေ့သည့်အခါတွင် မည်သည်မှ မကျန်တော့အောင် ဖျက်ဆီးခံလိုက်ရသည်။

ရီထျန်းယွိနှင့် အနီးဆုံး စုတ်တံများသာလျှင့ ဆက်လက်၍ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။ သို့သော် ဓားအလင်းများက ဆက်လက်၍ ကျဆင်းလာနေကာ ကြီးမားသည့် ခွန်ပန်ဆီသို့တိုင် ရောက်ရှိလာသည်။ ယင်းသည် စတင်ကာ ခုခံမှုကို တစတစတိုက်စားနေသည်။

ဝုရှ်! သက်စောင့်ဝိညာဉ်များ ထွက်ပေါ်လာပြီး ကောင်းကင်အာဏာစက် နတ်ပန်းချီ ပေါ်ပေါက်လာသည်။ နတ်ဘုရားအသံက ယင်းနှင့် တသားတည်းဖြစ်နေကာ ရီထျန်းယွိ၏ ခန္ဓာကိုယ်ကို နတ်အလင်းတို့နှင့် ဖုံးလွှမ်းထားသည်။ ခွန်ပန်သည် အတောင်တဖျတ်ဖျတ်ခတ်ကာ ဓားအလင်းတို့ လာနေသည့် ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။ ယင်းသည် ခြေသည်းလက်သည်းများကို ထုတ်ကာ နတ်ဘုရားမအား တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

နတ်ဘုရားမ၏ လက်များက ကျဆင်းလာပြီး လက်ထဲမှ ဓားတို့နှင့် ခွန်ပန်လက်သည်းများကို တိုက်ခိုက်လိုက်သည်။ ထိုသည်က ကြောက်မက်ဖွယ် ထိပ်တိုက်တိုက်ခိုက်မှု ဖြစ်ကာ ပြင်းထန်သည့် မဟာလမ်းစဉ် မုန်တိုင်းက ပေါက်ကွဲထွက်လာသည်။

ခွန်ပန်သည် အတောင်များကို ဖြန့်ကာ အထက်သို့ ဆက်လက်ပျံသန်းနေသည်။ သန့်စင်သည့် ဓားများက အဆုံးမဲ့ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကျဆင်းလာကာ လက်သည်းများနှင့် ရိုက်ခတ်လိုက်သည်။

ဘုန်း.. ဘုန်း.. ဘုန်း..

မဟာလမ်းစဉ်စွမ်းအားများက တုန်ခါနေသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ များပြားလှသော တန်ခိုးရှင်များနှင့် ကောင်းကင်အာဏာစက် ပြည်ထောင် တန်ခိုးရှင်များသည် သူတို့လူများ၏ စွမ်းအားများကို ပေါင်းစပ်ကာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် စွမ်းအားက အလွန် ပြင်းထန်လှကာ ကောင်းကင်ကို တုန်လာနေစေသည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အမျိုးသမီးများသည် ဝင်္ကပါမှနေ၍ တစ်ယောက်ပြီး တစ်ယောက် လွင့်စင်ထွက်သွားကြသည်။ သူတို့၏ စွမ်းအားများက ထိုတိုက်ခိုက်မှုများကို တောင့်ခံနိုင်ခြင်း မရှိပေ။

ခွန်ပန်က အထက်သို့ ဆက်လက် ပျံသန်းနေသည်။ ထိုမြင်ကွင်းကို မြင်တွေ့ရသည့် လူတိုင်းသည် တုန်ယင်လာကြပေသည်။

“ဝင်္ကပါက ကျိုးပျက်တော့မှာပဲ” ကောင်းကင်နတ်တံခါးမှ ဟွားချင်းယွင်က ပြောလိုက်သည်။

ရီဖူရှင်းသည်လည်း ထိုသည်ကို မြင်ခဲ့ပေမဲ့ သူတို့က ခန့်မှန်းထားပြီးသား ဖြစ်သည်။ ရွှမ်ထျန်းဝင်္ကပါသည် ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိခဲ့ပေ။ အထူးသဖြင့် နတ်ဘုရားနန်းတော်မှ လူများကလည်း မနာလိုဖွယ်ကောင်းလောက်အောင်ပင် ရီထျန်းယွိအား ကူညီပံ့ပိုးပေးနေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံသည် မာနကြီးပုံပေါ်သော်လည်း အလွန် ရေပန်းစားလေသည်။

“ဟင်....” ထိုအချိန်တွင် ရီဖူရှင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့က ဖြစ်ပေါ်လာသည်။ သူက ထိုသည်ကို ရွှမ်ထျန်းဝင်္ကပါအတွင်း၌ မြင်လိုက်ရပြီး ချင်းဟယ်က ကု့ချင်းတီးခတ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူမက ကျက်သရေရှိ ကြော့ရှင်းသည့် နတ်မိမယ်တစ်ပါးလို ရှေ့သို့ လျှောက်လာပြီး ကြီးမားသည့် နတ်ဘုရားမ ပုံရိပ်အတွင်းသို့ ဝင်ရောက်သွားကာ တစ်ခုတည်းအဖြစ်ပေါင်းစပ်သွားသည်။

“သူမက လက်လျှော့ဖို့ စိတ်ကူးမရှိသေးဘူးလား” ဟွားချင်းယွင်က အံ့အားသင့်သည့် အကြည့်များ ဖြစ်ပေါ်လာကာ ပြောလိုက်သည်။

“ကြည့်ရတာ သူမက ဒီတစ်ကြိမ်မှာ အရမ်း အလေးအနက်ထားနေတာ ဖြစ်မယ်” ကျန်းထိုက်ချူးက ပြောလိုက်သည်။ ချင်းဟယ်သည် နတ်ဘုရားမ၏ ပုံရိပ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူမ၏ တိုက်ခိုက်မှုစွမ်းအားက အဆက်မပြတ်တိုးတက်လာသည်။ သူမက အပေါ်သို့ တက်နေသော ခွန်ပန်ကို ဖိနှိပ်လိုက်သည်။

ပြင်းထန်သည့် ထိပ်တိုက်တွေ့ဆုံမှုက ထိုနေရာရှိ လူများအားလုံးကို ထိတ်လန့် တုန်လှုပ်သွားစေပေသည်။ ရီထျန်းယွိက ထိုတိုက်ပွဲအတွင်း၌ သူ၏ ခွန်အား အကုန်နီးပါးကို အသုံးပြုခဲ့ပြီး ကောင်းကင်အာဏာစက် သတ်ဖြတ်ခြင်း ပညာရပ်ကိုပင် အသုံးပြုခဲ့သည်။

ရီဖူရှင်းသည် ဤတိုက်ပွဲကို ကြည့်ရင်း ရီထျန်းယွိ နှင့် သူ့ အစ်ကိုသုံးတို့ ကြားမှတိုက်ပွဲကို တွေးမိခဲ့သော်လည်း ဤတိုက်ပွဲက ဝင်္ကပါစွမ်းအားများပါ ထပ်ဖြည့်ထားသည့်အတွက် ပိုမို ပြင်းထန်နေပေသည်။

ဤစွမ်းအားပမာဏက ရှန့်ထိုအဆင့် ကန့်သတ်ချက်ကိုပင် ကျော်လွန်နေသည်။

“မင်းအခုထိ လက်မလျှော့သေးဘူးလား” ဝင်္ကပါအတွင်းမှ ရီထျန်းယွိ၏ အသံထွက်ပေါ်လာသော်လည်း ချင်းဟယ်က မရပ်တန့်ခဲ့ပေ။

ဘန်း… ဘန်း... ဘန်း..

အဆက်မပြတ် ထွက်ပေါ်လာသည့် ပြင်းထန်သော တိုက်ခိုက်မှုများက လူတိုင်း၏ နှလုံးသားများကို တုန်ယင်စေသည်။ ဟွားချင်းယွင်က ထိုမြင်ကွင်းကို ကြည့်ရင်း ရီဖူရှင်းအား ပြောလိုက်၏။ “သူမက ရီထျန်းယွိကို အပြင်းအထန် တိုက်ခိုက်နေတာပဲ။

သူမ အနိုင်ရစေချင်တဲ့ တစ်ယောက်ယောက်များ ရှိနေလို့လား”

ဤတစ်ကြိမ်၌ ချင်းဟယ်သည် အလွန်ပင် ရက်စက်ပြင်းထန်စွာ တိုက်ခိုက်နေခဲ့သည်။ သူမက အခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ဟုပင် ထင်မှတ်ရသည်။

“ဗြဟ္မာ့သန့်စင်ကောင်းကင်က ဘာမှပြောမထားဘူးလေ။ ကျုပ်တို့က လျှောက်ပြီး မခန့်မှန်းသင့်ဘူး” ရီဖူရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူသည်လည်း ထိုမြင်ကွင်းကို ကြည့်နေရင်း ချင်းဟယ်၏ ပြတ်သားသော လှုပ်ရှားမှုများအတွက် အနည်းငယ် အံ့အားသင့်နေခဲ့သည်။

ဘုန်း…

မဟာလမ်းစဉ်စွမ်းအားများက ပျက်စီးသွားပြီး ကောင်းကင်က တုန်ခါနေသည်။ တန်ခိုးရှင်အဖွဲ့သည် နောက်သို့ လွင့်စင်သွားကာ ဝတ်စုံများက သွေးစွန်းနေလျက် သွေးများလည်း အန်နေကြသည်။ သူတို့အားလုံးက ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။

ရွှမ်ထျန်းဝင်္ကပါက ပြိုကွဲသွားကာ ချင်းဟယ်သည်လည်း နောက်သို့ ဆုတ်ခွာသွားရသည်။ သူမ၏ ဝတ်စုံတွင် သွေးတို့ စွန်းထင်းနေသည်။ သူမသည် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သော်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများက ဤတိုက်ပွဲ၌ ခံနိုင်ရည် မရှိခဲ့ပေ။

ရွှမ်ထျန်းဝင်္ကပါက ကျိုးပျက်သွားခဲ့သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများက လုပ်ဆောင်နိုင်ခဲ့သည်။ ရီထျန်းယွိနှင့် အခြားသူများက အလွန် အားကောင်းလှသည်။

***

All Chapters