သန့်စင်သောယန်အဆောင်ရတနာ
Vol. 34 Ch. 643
ရှောင်လုံထျန်းသည် စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ခြေလှမ်းနေပြီ ဖြစ်ကြောင်းကို သိသည်။
သာမန် နောက်ပိုင်းအခြေတည်ဝိညာဉ်ကျင့်ကြံသူများကို မဆိုနှင့်၊ အထွတ်အထိပ် အခြေတည်ဝိညာဉ် ကျင့်ကြံသူများသည်ပင် သူတို့နှင့် ရင်ဆိုင်ရလျှင် အမြန်သေဆုံးသွားနိုင်သည်၊ ပြီးလျှင် လက်ရှိ၌ အင်အားလည်း ပူးပေါင်းထားသေးသည်။
သူတို့၏ပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ်သည် သေချာပေါက်တစ်ဦးချင်းစွမ်းအားထပ်ပိုသာပေလိမ့်မည်။
စံသခင်မိုးကြိုးနိယာမနှင့်ချူးကွမ်းလီတို့က သူတို့ကိုယ့်ကိုယုံကြည်မှုရှိနေကြပြီး ရှောင်လုံရှန်း၏စကားကို ကြားလျှင် အပြုံးဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“စိတ်ချပါ အရှင်၊ ဒီကိစ္စကို ကျွန်တော်တို့ဆီသာအပ်ထားလိုက်ပါ။”
ထို့သို့ပြောပြီးနောက်၊ စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့က ကျင့်ကြံသူအချို့နှင့် အတူ စုချင်းချန်နှင့် အခြားသူများဆီသို့ လာနေကြသည်။
အလွန်စွမ်းအားကြီးသောအရောင်အဝါနှစ်ခုက သူတို့နား ချဉ်းကပ်လာသည်ကို အာရုံခံမိသည်နှင့် စုချင်းချန်၊ စံသခင်ကြယ်၊ ဝူပင်းယွင်နှင့် စံသခင်ဖုန်းယွင်တို့က အမူအရာများ အနည်းငယ်ပြောင်းလဲသွားကြသည်။
ချက်ချင်းနီးပါးပင် သူတို့သည် ပြိုင်ဖက်၏စွမ်းအားက သူတို့ထပ်ပို၍ သန်မာကြောင်းကို ခံစားမိလိုက်သည်။
“ကြည့်ရတာ အခြားတစ်ဖက်က ကျုပ်တို့အခြေအနေကို သိသွားပြီထင်တယ်။”
လေးဦးစလုံးက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ရုတ်တရက်၊
ကြီးမားသော စည်းတံဆိပ်က ရုတ်တရက် စုချင်းချန်၏လက်ထဲတွင် ပေါ်လာခဲ့သည်။
ထိုစည်းတံဆိပ်က ရှေးဟောင်းဖြစ်ကာ အလွန်ကြီးမားသောအရောင်အဝါရှိသည်။
၎င်းသည်ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ နေရာလပ်များက ထင်ယောင်ထင်မှားများဖြစ်လာသည်။
လေဟာနယ်၏အလယ်တွင် အရိပ်နှစ်ခုက ရုတ်တရက် ပေါ်ထွက်လာသည်။
သူတို့သည် ရွှေရှန်းလန်နှင့် ဓားသခင် အဇူရာလန်တို့ဖြစ်သည်။
ထိုကဲ့သို့ အခြေတည်ဝိညာဉ် နဝမအဆင့် ကျင့်ကြံသူနှစ်ဦးက ဝူပင်းယွင်တို့၏ဘက်တွင် ပေါ်လာလျှင် စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့၏ နလုံးခုန်မြန်သွားကြသည်။
သူတို့သည် ဝူပင်းယွင်နှင့် အခြားသုံးဦးတို့အား ရင်ဆိုင်ရန် ယုံကြည်ချက်ရှိသော်လည်း၊ ယခုမူ ယုံကြည်ချက်မရှိတော့ပါ။
အဆုံး၌ သူတို့သည် ဝိညာဉ်ဖွဲ့စည်းခြင်းသို့ ခြေလှမ်းတစ်ဝက်သာ စရသေးသောသူများဖြစ်ကာ အစစ်အမှန် ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်မဟုတ်သေးပါ။
အခြေတည်ဝိညာဉ် နဝမအဆင့်ကျင့်ကြံသူငါးယောက်နှင့် ရင်ဆိုင်ရခြင်းမှာ အလွန်ခက်ခဲစွာ ရင်ဆိုင်ရမည်ဖြစ်သည်။
“ရှင်တို့ကဒီကိုလာဖို့ရွေးချယ်ပြီးမှတော့ ကျွန်မတို့က လွယ်လွယ်နဲ့ပြန်လွတ်ပေးလို့ဘယ်ဖြစ်မလဲ။”
ရွှေရှန်းလန်၏မျက်နှာတွင်ကြက်သီးထဖွယ် သတ်ဖြတ်ခြင်းရည်ရွယ်ချက်များပေါ်လာခဲ့သည်။
ပြီးနောက်တွင် အလွန်သေးငယ်သောအဖြူရောင်ကျောက်စိမ်းဓားက ရုတ်တရက် သူမ၏လက်ထဲတွင် ပေါ်လာသည်။
ထိုသေးငယ်သောအဖြူရောင်ကျောက်စိမ်းဓားမှ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါကို ထုတ်လွတ်နေပေသည်။
စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့၏အမူအရာများက ရုတ်တရက် ပြောင်းလဲသွားသည်။
“ဘာလဲ?
ဒါက…
သန့်စင်သောယန်အဆောင်ရတနာမဟုတ်လား?”
ထိုသန့်စင်သောယန်အဆောင်ရတနာဟုခေါ်သောပစ္စည်းက ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် ကိုင်ဆောင်သည့် သန့်စင်သောယန်စစ်မှန်ရတနာ၏ အဆီအနှစ်အမျှင်မှ ထွက်ပေါ်လာကာ သန့်စင်ထားသော အရာဖြစ်သည်။
၎င်းသည်အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာ၏စွမ်းအားကို စည်းချထားကာ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်၏ အရောင်အဝါ၏ အရိပ်အယောင်လည်း ပါဝင်ပေသည်။
၎င်းသည် အမှန်တကယ်ပင် ထိပ်တန်းအဆင့် ၆ ရတနာပင်ဖြစ်သည်။
တစ်ကြိမ်ခန့်ထိရောက်စွာအသုံးချလိုက်သည်နှင့် စံသခင်မိုးကြိုးနိယာမနှင့်ချူးကွမ်းလီကိုပင်မဆိုနှင့် ယခုမှအဆင့်ဖြတ်ကျော်ပြီးသည့် ကောင်းကင်သခင်ဆိုလျှင်ပင် စိုးရိမ်စရာရှိပေသည်။
ရှင်းလင်းစွာပင်။
သူမ၏ဂိုဏ်းဖြစ်သည့် ကန့်သတ်မဲ့ဂိုဏ်းမှ သူမ၏ဆရာဖြစ်သူ တုန်းဖန်ထျန်းရှင်းသည် တကယ်ပင် ရင်းနှီးမြုပ်နှံထားပုံပေါ်သည်။
သူသည် တကယ်ပင်သူသယ်ဆောင်သော အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာ ကန့်သတ်မဲ့ဓားကိုသုံးကာ အဆင့် ၆ သန့်စင်သောယန်အဆောင်ရတနာကို ဖန်တီးရန် ဆန္ဒရှိခဲ့ပေသည်။
တုန်းဖန်ထျန်းရှင်း၏လုပ်ဆောင်မှုက သူ၏သန့်စင်သောယန်စစ်မှန်ရတနာအားထိခိုက်မှုရှိစေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
သို့ရာတွင် သူသည် ဤတိုက်ပွဲအတွက် အကျိုးရှိစေမည်အရာများရရှိစေရန် အားလုံးကို သုံးဖို့ရန် ဆုံးဖြတ်ထားခြင်းမှာ ရှင်းလင်းနေသည်။
ရွှေရှန်းလန်၏လက်ထဲမှ သေးငယ်သည့်အဖြူရောင်ကျောက်စိမ်းဓားက ၎င်းအတွက် သက်သေပင်ဖြစ်သည်။
“ပြေး၊ အမြန်ပြေး။”
ထိုအချိန်တွင် စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့က ဝူပင်းယွင်နှင့် စံသခင်ကြယ်တို့အား သတ်ဖြတ်ရန် ဂရုမစိုက်နိုင်တော့ပေ။
ထိုနှစ်ဦးသည် အမြန်ဆုံးမဖြစ်နိုင်ခဲ့ခြင်းကိုပင် နောင်တရနေခဲ့သည်။
အဆုံး၌ အဆင့် ၆ သန့်စင်သောယန်အဆောင်ရတနာသည် အလွန်ဘိုးဘေးတန်ကာ ရှားပါးသည်။
အကြောင်းမှာ ယေဘုယျအားဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်က ထိုကဲ့သို့သော စွန့်စားမှုမျိုးကို ပြုလုပ်ရန် ဆန္ဒမရှိပေ။
သူတို့၏ရာထူးနှင့် အထောက်အထားအရပင် သူတို့၌ ထိုကဲ့သို့သောရတနာမရှိပါ။
ကျီ…..
သို့ရာတွင် သူတို့၏တုံ့ပြန်မှုသည် ရှင်းလင်းစွာပင် နှေးသွားခဲ့သည်။
သူတို့သည် လှည့်ကြည့်လိုက်သည်နှင့်၊ ရွှေရှန်းလန်၏လက်ထဲမှ သေးငယ်သော အဖြူရောင်ကျောက်စိမ်းဓားက ရုတ်တရက် အလွန်လင်းလက်တောက်ပသည့် အလင်းများကိုထုတ်လွှတ်လာလေသည်။
ကြောက်လန့်စရာကောင်းသည့် အရောင်အဝါက စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့၏ခန္ဓာကိုယ်အား ခနတာ ရပ်တန့်သွားစေသည်။
“သေစမ်း။”
သူတို့နှစ်ဦးသားသည် နှလုံးသားထဲတွင် အော်နေကြသည်။
ထိုအချိန်တွင်၊ သူတို့သည် ဒေါသကိုသာမက ကြောက်ရွံ့မှုကိုပါ ခံစားနေရသည်။
သူတို့သည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့၏ခန္ဓာကိုယ်ထဲမှ အခြေတည်ဝိညာဉ်က လောင်ကျွမ်းနေကြတော့သည်။
သိသာစွာပင်၊ သူတို့သည် တာအိုလမ်းကြောင်းကိုဖြတ်ပစ်ရန်ပင် ဂရုမစိုက်နိုင်တော့ပါ။
အကယ်၍ သူတို့၏အသက်ပင်မရှိတော့လျှင် အနာဂတ်အတွက်ပြောနေစရာအကြောင်းမည်သို့ရှိတော့မည်နည်း?
ယခုမူ သူတို့၏အသက်ထပ် အရေးကြီးသောအရာ မရှိတော့ပါ။
ကျီ…
ဝုန်း….
ချက်ချင်းပင် လင်းလက်နေသည့် သွေးရောင်အလင်းက စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့ဆီမှ ထွက်လာလေသည်။
ချက်ကနဲမြည်သွားခဲ့သည်။
သူတို့၏ပတ်ပတ်လည်ရှိရောင်ဝါက နောက်ဆုံးတွင် အင်အားအပြည့်ဖြင့် ဖျက်သွားနိုင်ခဲ့သည်။
သူတို့၏မျက်နှာများတွင် ဝမ်းသာမှုအရိပ်အယောင်များပေါ်လာသည်။
နောက်ထပ် သူတို့သည် စဉ်းစားမည့်အချိန်ပင်မရှိပေ၊ ချက်ချင်းပင်၊ သူတို့သည် အဖြူရောင်ကျောက်စိမ်းဓားမှ လွတ်မြောက်စေရန် အရောင်အဝါများကိုထုတ်လွတ်လိုက်တော့သည်။
သို့ရာတွင်၊ ထိုနှစ်ဦးသည် မိုင်အနည်းငယ်ပျံသန်းပြီးသည့်နောက်တွင် ၊ ရုတ်တရက် ပုံရိပ်လေးခုက သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။
၎င်းသည် စုချင်းချန်၊ စံသခင်ဖုန်းယွင်နှင့် ဓားသခင်အဇူရာလန်နှင့် စံသခင်ကြယ်တို့ဖြစ်ကြသည်။
ထိုလေးဦးကအချိန်ဆွဲမနေတော့ပါ။
သူတို့သည် အင်အားအပြည့်ကိုထုတ်လွတ်လိုက်တော့သည်။
ချက်ချင်းပင်၊ အမျိုးမျိုးသော နတ်ဘုရားစွမ်းအားများ၊ ဓားအလင်းများ၊ မုန်တိုင်းများနှင့် လှိုင်းများက စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့အား တားဆီးရန် စုပြုံလာကြသည်။
သူတို့၏မျက်နှာများသည် ပျော်ရွင်နေရာမှ ချက်ချင်းပင်စိတ်ဓာတ်ကျသွားခဲ့သည်။
“မင်းတို့….”
ဝုန်း…..
ချက်ချင်းပင် အလွန်မယုံကြည်နိုင်စရာ အင်အားကြီးသော စွမ်းအားက ထွက်ပေါ်လာခဲ့သည်။
စုချင်းချန်၊ စံသခင်ဖုန်းယွင်၊ ဓားသခင်အဇူရာလန်နှင့် စံသခင်ကြယ်တို့က နောက်ဆုတ်လိုက်ကြရသည်။
စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့က အခြေတည်ဝိညာဉ်ကိုလောင်ကျွမ်းထားသော်လည်း ရှိန်လောက်စရာကောင်းသောစွမ်းအားများရှိသေးကြောင်း မည်သူမှမငြင်းနိုင်ပါ။
တစ်ကြိမ်တည်းသော တိုက်ခိုက်ခြင်းနှင့် သူတို့သည် စုချင်းချန်နှင့်အခြားသူများအား ပြန်လည်တွန်းလှန်နိုင်ခါနီးပင်။
သို့ရာတွင် သူတို့သည် စုချင်းချန်နှင့် အခြားသူများအား ပြန်လှည်တွန်းလှန်နိုင်ခါနီးဖြစ်သော်လည်း အနည်းငယ်နှေးသွားခြင်းက လွတ်မြောက်ရန်အခွင့်အရေးကိုလွတ်သွားခဲ့စေသည်။
ရုတ်တရက် အလွန်တောက်ပနေသည့် အဖြူရောင်ဓားအလင်းက နှစ်ဦး၏နောက်တွင်ပေါ်လာပြီး သူတို့အပေါ်မှဖြတ်သွားကာ အရာအားလုံးကိုဖြတ်လိုက်ပုံရလေသည်။
ချက်ချင်းပင် အားလုံး တိတ်ဆိတ်သွားခဲ့သည်။
စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့က မျက်လုံးများပြူးလာကြသည်။
သူတို့၏မျက်နှာများသည် မနှစ်လိုမှု မယုံကြည်နိုင်မှုများပေါ်လာခဲ့သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုဝင်ရန်ခြေတစ်လှမ်းသာ လိုတော့သဖြင့် ဤကဲ့သို့ဘာမှမဟုတ်ပဲသေရမည်ကို သူတို့လက်မခံနိုင်ကြပေ။
နောက်ဆုံးအတွေးက ဖြတ်သွားသည်နှင့် သူတို့၏ပုံရိပ်များသည် အမြန်ပင် တောက်ပနေသော အဖြူရောင်အလင်းအောက်တွင် ပပျောက်သွားကာ လုံးဝဘာမှမကျန်တော့သည်အထိ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျောက်ကွယ်သွားလေတော့သည်။
ထိုအရာကိုမြင်လျှင် ရှောင်လုံထျန်း၊ ယုံရှန်းနှင့် အခြားသူများသည် ထိတ်လန့်သွားကြသည်။
သူတို့သည် ထိုကဲ့သို့အလှည့်အပြောင်းဖြစ်သွားမည်ဟု အိမ်မက်ပင်မမက်ဖူးပါ။
အဆုံး၌ သူတို့၏ထင်မြင်ချက်ထဲတွင်၊ စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့၏ အင်အားဖြင့်ဆိုလျှင် သူတို့ရှုံးလျှင်ပင်၊ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်မရှိလျှင် လွတ်မြောက်ရန်ပြသနာမရှိဟု ထင်ထားကြသည်။
“သေစမ်း။”
ရှောင်လုံထျန်း၏မျက်နှာသည် အမြန်ပင် တင်းမာသွားခဲ့သည်။
သူ၏လက်မှအကြောများ ထောင်လာကာ သူ၏မျက်လုံးများက နီရဲနေသည်။
ယခုလေးတင်ကျဆုံးသွားသည့် စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့က သူ၏အရင်းနီးဆုံးမိတ်ဆွေများ ဖြစ်ကြသည်။
ယခုမူ သူတို့မရှိတော့သဖြင့် သူ့အတွက် အံဩတုန်လှုပ်ဖွယ်ဆုံးရှုံးမှုပင်ဖြစ်သည်။
အခြားတစ်ဖက်၌ ယုံရှန်းကမူ ထိတ်လန့်နေသော်လည်း စိတ်ကရှင်းလင်းနေသေးသည်။ သူသည် ချက်ချင်းပင် သန့်စင်သောယန်အဆောင်ရတနာကို သုံးချင်နေပုံရသည့် ရှောင်လုံထျန်းကိုအကြံပေးလိုက်သည်။
“အရှင်၊ အခုက သူတို့နဲ့ စစ်ပွဲစဖို့ အချိန်မဟုတ်သေးပါဘူး။ အကယ်၍ ကျွန်တော်တို့ ကဒ်တွေသုံးချင်ရင်တောင် အခုက အချိန်ကောင်းမဟုတ်သေးဘူး။”
ယုံရှန်း၏အကြံပေးချက်က စိတ်ရင်းမှန်ဖြစ်သည်။
အဆုံး၌ သူတို့၏စစ်ပွဲက ရက်အနည်းငယ်သာရှိသေးသည်။
သူတို့သည် ဆုံးရှုံးမှုများစွာခံစားခဲ့ရသော်လည်း စိတ်လိုက်မာန်ပါလုပ်ရန် အချိန်ကောင်းမဟုတ်သေးပေ။
အထူးသဖြင့် ပြိုင်ဖက်၏အဆင့် ၆ အစီအရင်ကို ကြည့်၍ ဆုံးဖြတ်ရလျှင်၊
သန့်စင်သောအဆောင်ရတနာသည် မည်မျှအင်အားကြီးပါစေ၊
ထိုအချိန်တွင် သူတို့က အစီအရင်အတွင်း၌ ပုန်းနေသရွေ့ သန့်စင်သောယန်အဆောင်ရတနာက အဆင့် ၆ အစီအရင်ကိုလှုပ်ခါစေနိုင်မည်လား?
အရေးကြီးသောအချက်မှာ ယုံရှန်းသည် ရုန်ဟန်နန်းတော်မှ စုချင်းချန်၏လက်ထဲ၌ အစီအရင်ချပ်ပြားဝိုင်းကို ရှင်းလင်းစွာမြင်နိုင်သည်။ သူမသည် ဆန္ဒရှိသရွေ့ အစီအရင်အတွင်း ဝင်နိုင်ထွက်နိုင်ကာ သူမသည် အခြားသူများကိုလည်း အတူခေါ်သွားနိုင်သေးသည်။
ဤတိုက်ပွဲတွင် သူတို့၌ အကျိုးရှိသည်က ရှင်းလင်းပါသည်။
အကယ်၍ သူတို့သည် တစ်ခုခုအောင်မြင်လိုလျှင် ပထမဆုံးရင်ဆိုင်ရမည်မှာ ပြိုင်ဖက်၏အဆင့် ၆ အစီအရင်ပင်ဖြစ်သည်။
သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းစီနီယာများက သူတို့အား အရင်ပို့ဆောင်ရသည့် အကြောင်းအရင်းမှာလည်း ဤရည်ရွယ်ချက်နှင့် ဖြစ်မည်ဟု ယုံကြည်သည်။
အဆုံး၌ အဆင့် ၆ အစီအရင်ကို မဖျက်ဘဲနှင့် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် လာလျှင်ပင် တိုးတက်မှုရရှိနိုင်ရန် ခက်ခဲသည်။
“ဟူး…”
နောက်ဆုံး၌ ရှောင်လုံထျန်းက သက်ပြင်းရှည်ချလိုက်သည်။
သူ၏အမူအရာက တဖြည်းဖြည်းတင်းမာနေရာမှ တည်ငြိမ်သွားသည်။
သူက ယုံရှန်းကို လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“တာအိုရောင်ရင်းယုံရှန်း၊ ခင်ဗျားမှန်တယ်။
ဒီတိုက်ပွဲက တစ်ရက်နှစ်ရက်နဲ့ ပြီးသွားမှာမဟုတ်ဘူး။ ငါက မိုးကြိုးနိယာမနဲ့ အစ်ကိုချူတို့အတွက် သေချာပေါက်ကလဲ့စားချေပေးမှာပါ။”
.......
တစ်ချိန်တည်း၌ ခံတပ်၏အပြင်ဘက်တွင် ဖြစ်သည်။
စုချင်းချန်၊ စံသခင်ဖုန်းယွင်၊ ဓားသခင် အဇူရာနှင့် အခြားသူများက အံ့ဩနေကြသည်။
သူတို့သည် ချူးကွမ်းလီနှင့် စံသခင်မိုးကြိုးနိယာမတို့အား ဆုံးရှုံးရပြီးနောက် ၎င်းတို့၏ပြိုင်ဖက်များက တည်ငြိမ်နေကာ တိုက်ခိုက်မှုများကို ပြန်လည် ရုတ်သိမ်းသွားခဲ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကြည့်ရသည်မှာ ထိုတိုက်ပွဲက လွယ်ကူစွာ ပြီးဆုံးသွားမည်မဟုတ်ပေ။
ထိုအချိန်တွင်၊ များစွာသောမျက်နှာများက တည်ငြိမ်လေးနက်နေကြသည်။
အချိန်က အမြန်ပင် ကျော်လွန်သွားသည်။
ဒေသကြီးလေးခု၏ကြားရှိတိုက်ပွဲက ဆယ်နှစ်ကျော်လာခဲ့သည်။
လွန်ခဲ့သောဆယ်နှစ်အတွင်းတွင်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များ တရားဝင် စစ်မြေပြင်သို့ ဝင်ပါခြင်းမရှိသေးခင်တွင် နှစ်ဖက်စလုံးက ၎င်းတို့ကိုယ်စီအောင်မြင်မှုနှင့် ကျရှုံးမှုများ ရှိကြသည်။
နှစ်ဖက်စလုံးမှများစွာသောကျင့်ကြံသူများက ကျဆုံးသွားခဲ့ရပြီး အခြေခံတည်ဆောက်ခြင်းမှ ရွှေအမြုတေအဆင့်နှင့် အခြေတည်ဝိညာဉ်အဆင့်အထိ ပါပေသည်။
သို့ရာတွင်၊ ထိုအရာများထဲမှ အသက်ရောက်ဆုံးမှာ ကောင်းကင်ဘုံသားရဲချောက်နက်မှ နတ်ဆိုးမျိုးနွယ်ပင် ဖြစ်သည်။
အဆုံး၌ များစွာသောနယ်မြေများပါဝင်သည့် စစ်ပွဲတစ်ခုဖြစ်ရာ အကျယ်အဝန်းနှင့် ပြင်းထန်မှုကသာမန်ဂိုဏ်းများ သို့ မိသားစုစစ်ပွဲများနှင့် ယှဉ်လျှင် များစွာကျော်လွန်နေပေသည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများ၏လေ့လာမှုများအရ လွန်ခဲ့သောဆယ်နှစ်အတွင်းတွင် နတ်ဆိုးမျိုးနွယ် တစ်သောင်းခန့်က စစ်ပွဲကြောင့် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ရသည်။
အဆင့် ၅ နတ်ဆိုးဧကရာဇ် နှောင်းပိုင်းအဆင့်များပင် ပါဝင်လေသည်။
***