#တိုင်ဂျီယင်ယန်ကျင့်၀တ်နတ်မိုးကြိုး#
Vol. 65 Ch. 919
သံကြိုးများက သူ့ပတ်လည်၌ ကွန်ရက်တစ်ခု ဖွဲ့စည်းထားလေပြီ။
လွတ်မြောက်ရန်အတွက် နေရာမရှိပါ။
လူတိုင်းဒီမြင်ကွင်းကို လေးနက်သည့် အမူအရာများဖြင့် ကြည့်နေကြ၏။
ဘေးမှကြည့်နေသူများအနေဖြင့် သူတို့က အင်မော်တယ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့နယ်ပယ်က ဖိနှိပ်ခံထားရပြီး မြေအင်မော်တယ်နယ်ပယ်တွင်သာ ရှိနေသည့်တိုင် သူတို့၏အမြင်အကျယ်အ၀န်းက ရှိနေဆဲပင်။
အသက်ရှုကြိမ်ရေအနည်းငယ်အတွင်း မုဖူရှန်း မရေမတွက်နိုင်လောက်သည့် အရာများကို ပြီးမြောက်ခဲ့သည်။
ဥပမာအားဖြင့် လျှပ်စီးသံကြိုးများထုတ်လွှတ်ခြင်း သို့မဟုတ် ချီလင်မိုးကြိုးသားရဲကို ထောင်ချောက်ဆင်ရန်အတွက် မိုးကြိုးအတားအဆီးကို အသက်သွင်းခြင်းတို့ဖြစ်သည်။
ချီလင်မိုးကြိုးသားရဲက လျှပ်စီးသံကြိုးများကို ရှောင်ရှားနိုင်ခဲ့သော်လည်း မုဖူရှန်း မိုးကြိုးအတားအဆီးကို ထုတ်လွှတ်စဉ် သူတခြားလက်တစ်ဖက်က လျှပ်စီးသံကြိုးများ၏ ဦးတည်သွားရာလမ်းကြောင်းကို ထိန်းချုပ်နေသည်။
သံကြိုးက ချီလင်မိုးကြိုးသားရဲကို မထိသည့်တိုင် မုဖူရှန်း၏ထိန်းချုပ်မှုအောက်တွင် ချီလင်မိုးကြိုးသားရဲကို ဝိုင်းရံထားလေပြီ။
ဒါက ဧရာမငှက်လှောင်အိမ်ကြီးတစ်ခုအလား။
ထိုအချိန်တွင် မုဖူရှန်းရယ်မောသည်။
"အခုတော့ ကွန်ရက်ထဲ ၀င်လို့ရပြီ"
ထိုနေရာတွင် မုဖူရှန်း ညာလက်ကိုကျစ်ပြီး သူ့နောက်သို့ ဆွဲယူလိုက်၏။
လျှပ်စီးသံကြိုးများက ချီလင်မိုးကြိုးသားရဲထံ စတင်စုစည်းလာကြ၏။ သံကြိုးများ လှုပ်ယမ်းနေစဉ် ၎င်းတို့က ချီလင်မိုးကြိုးသားရဲ၏ ဧရာမခန္ဓာကို အရူးအမူးရစ်ပတ်သည်။
ဂါး....! ဂါး.....! ဂါး....!
ချီလင်မိုးကြိုးသားရဲဟိန်းနေစဉ်မှာပင် ၎င်း၏ဧရာမကိုယ်က တွန့်ပြီးရုန်းကန်နေသည်။
ကိုယ်ကိုလှည့်လိုက်သောအခါ မိုးကြိုးစွမ်းအားပမာဏအများအပြားက သူ့ပတ်လည်၌ ပေါ်လာပြီး လျှပ်စီးသံကြိုးများကို ချိုးဖျက်ကာ ထွက်ပြေးလွတ်မြောက်ချင်သည်။
သို့စေကာမူ ချီလင်မိုးကြိုးသားရဲတွင် မိုးကြိုးစွမ်းဆောင်ရည်သာ ရှိတာကို မုဖူရှန်းမြင်ကတည်းက ဘယ်လိုလုပ် အထူးပြင်ဆင်မှုတစ်ချို့ မရှိဘဲနေမည်နည်း။
မုဖူရှန်း၏ အဆောင်ပြောင်းလဲမှုအောက်တွင် ဒီလျှပ်စီးသံကြိုးများက မိုးကြိုးသဘာ၀စွမ်းအားကို စုပ်ယူနိုင်သည်။
ထို့ကြောင့် ချီလင်မိုးကြိုးသားရဲတွင် ဒီသံကြိုးများနှင့် အဆောင်များကို တိုက်ရိုက်ချိုးဖျက်ရန် စွမ်းအားမရှိသရွေ့ ၎င်းမိုးကြိုးစွမ်းအားထုတ်လွှတ်စဉ် သံကြိုးများက ချက်ချင်း စုပ်ယူသွားပေလိမ့်မည်။
ဒါက အသုံးမ၀င်ဖြစ်သည်သာမက သံကြိုးကိုလည်း အလိုအလျောက် အားဖြည့်ပေးနေလေရာ သံကြိုးများ၏ ချည်နှောင်သည့် စွမ်းအားကို တဖြည်းဖြည်းပိုတိုးလာစေသည်။
၎င်းကလည်း ဒါကိုသတိထားမိသည့်အလား ချီလင်မိုးကြိုးသားရဲမှာ နောက်ဆုံးတော့ ငြိမ်သက်သွားသည်။
သူရုန်းကန်နေတာကို ရပ်လိုက်ပြီး မုဖူရှန်းကိုသာ တိတ်တဆိတ်ကြည့်နေသည်။
ယန်ဖုန်းနှင့် ကျန်သောသူများ၏ ထင်မြင်ချက်က မှန်ပေသည်။
မုဖူရှန်းတွင် ပြင်ပအရာ၀တ္ထုတစ်ခုခု ရှိရမည်။ သို့မဟုတ် သူ့ခွန်အားကို ဖုံးကွယ်ထားရန်အတွက် ကျွမ်းကျင်သူတစ်ယောက်ယောက် သူ့ကိုကူညီပေးထားတာ ဖြစ်ရပေမည်။
မဟုတ်ပါက သူ့တွင် ဘယ်လိုလုပ် ဒီလောက်ခွန်အားရှိမည်နည်း။
ဒါက အစောင့်သားရဲကို အမှန်တကယ်ပင် ဖိနှိပ်နိုင်ခဲ့သည်။
ဒါကို မိုးကြိုးသဘာ၀ဖြင့် ဆန့်ကျင်ခဲ့သည်ဟူသော အကြောင်းရင်းက ဖြစ်နိုင်သော်လည်း အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင် အင်မော်တယ်နယ်မြေတွင် ပေါိလာကတည်းက မည်သူကမှ အစောင့်အကြပ်သားရဲများကို မဖိနှိပ်နိုင်ခဲ့ကြသလို ဘယ်သူမှလည်း ဒီလိုနည်းမျိုးကို မတွေးခဲ့ဖူးကြပါ။
ကျိုးကိုင်၏အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။
အစက သူတို့က အမြောက်ဆံများဟုသာ သူတွေးထင်ခဲ့သည်။ အဆုံးသတ်တွင် သူတို့တွင် ယခုလိုကြောက်စရာကောင်းသည့် ခွန်အားရှိနေသည်။
ဒါပေမယ့် ဒီလိုစွမ်းအားရှိတဲ့ လူတစ်ယောက်ကို ဘာလို့တစ်ယောက်မှ မကြားဖူးရတာလဲ!
တခြားတစ်ဘက်တွင် ဖင်းယန်ကလည်း ဒီတစ်ကြိမ်တွင် အတော်လေးထိတ်လန့် တုန်လှုပ်နေသည်။
စီနီယာလု၏ တပည့်များထဲတွင် သူအများဆုံး မြင်နိုင်စွမ်းမရှိသူက မုဖူရှန်းပင်။
ထိုအချိန်က မုဖူရှန်းက စီနီယာလု၏ မထူးချွန်ဆုံးတပည့်ဖြစ်နိုင်သည်ဟုသာ သူတွေးခဲ့သည်။
ယခုကြည့်ရသည်မှာ သူက ဒါကို ကောင်းကောင်းဖုံးကွယ်ထားခဲ့သည်။
ဒါက စီနီယာလု၏စရိုက်နှင့် အနည်းငယ်ဆင်တူသည်။
ဒါပေမယ့် သူ့စရိုက်က စီနီယာလုရဲ့စရိုက်နဲ့ တစ်နည်းနည်းနဲ့ ဆင်နေတယ်ဆိုရင် ဖြစ်နိုင်ချေရှိတာက မုဖူရှန်း ခွန်အားအပြည့်ကို မထုတ်ဖော်ရသေးဘူးလား!
ဒါကိုတွေးမိသောအခါ ဖင်းယန်တုန်ယင်သွားရသည်။
စီနီယာလုတပည့်တွေက အရမ်းကြောက်စရာကောင်းတာပဲ!
ဒီတဒင်္ဂတွင် မုဖူရှန်း ချီလင်မိုးကြိုးသားရဲကို မော့ကြည့်သည်။
သို့သော် သူ့မျက်လုံးများက အင်မတန်လောဘကြီးပြီး တောက်ပသည့်အလင်းတစ်ခုနှင့် ပြည့်နှက်နေသည်။
ဒီချီလင်မိုးကြိုးသားရဲက အစောင့်သားရဲတင်မဟုတ်ဘဲ အလွန်အမင်းသန့်စင်ပြီး ထူထဲသည့် မိုးကြိုးတာအိုစည်းမျဉ်းများကနေ သိပ်သည်းလာသော တာအိုနိယာမစွမ်းအင်ခန္ဓာတစ်ခုဖြစ်သည်။
ဒီလိုဆိုရင် ငါဒါကို စုပ်ယူနိုင်လောက်လား!
ငါကိုးသွယ်ရှေးဦးမူလမိုးကြိုးနည်းစနစ်ရဲ့ အဆင့်လေးကို အသက်သွင်းနိုင်လောက်တယ်လေ!
ဒါကိုတွေးမိသောအခါ မုဖူရှန်း ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ပထမတွင် မုဖူရှန်းရှေ့တိုးပြီး ချီလင်မိုးကြိုးသားရဲ၏ ရှေ့ခြေသည်းတစ်ချောင်းကို စုပ်ယူရန်အတွက် ဆွဲယူလိုက်၏။
အကယ်၍စုပ်ယူလို့ မရပါကလည်း ကယ်တင်ရန်အတွက် အခွင့်အလမ်းတစ်ခု ရှိနေဆဲပင်။
ဒီစွမ်းအင်ကသာ အရမ်းသန့်စင်နေပါက ဒီအဆင့်တွင် အလွန်များပြားသည့် သန့်စင်မိုးကြိုးစွမ်းအင်ကို သူခံနိုင်ရည်ရှိမည်မဟုတ်။
ထို့ကြောင့် သူအချိန်မီရပ်၍လည်းရသည်။
မုဖူရှန်း၏ လုပ်ရပ်ကိုမြင်သောအခါ လူတိုင်း ဝေခွဲမရဖြစ်သွားကြ၏။
သို့စေကာမူ မုဖူရှန်း ရှေ့ခြေသည်းကို စုပ်ယူနေသောအခါ သူတို့တွင် အံ့ဩသင့်နေသည့် အကြည့်တစ်ခု ရှိနေကြပြီး လူတိုင်း၏ အမူအရာက အေးခဲသွားကြသည်။
သူတို့၏မျက်လုံးများက မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
သူ...သူအခုဘာလုပ်နေတာလဲ!
သူ....အစောင့်သားရဲရဲ့ တာအိုနိယာမစွမ်းအားကို စုပ်ယူနေတာလား!
မင်းလုပ်နိုင်လို့လား!
မှန်ပေသည်။ ခြိမ်းခြောက်မှုမရှိကြောင်းကို အတည်ပြုပြီး သူဒါကိုစုပ်ယူနိုင်လေရာ ချီလင်မိုးကြိုးသားရဲကို သူ့ကိုယ်ထဲသို့ ပါးစပ်အကျယ်ကြီးဟပြီး စတင်စုပ်ယူသည်။
သန့်စင်သည့်မိုးကြိုးစည်းမျဉ်းပမာဏ အများအပြားက မုဖူရှန်း၏ ခြေလက်အင်္ဂါများနှင့် အရိုးများထဲသို့ ၀င်လာကြ၏။
မုဖူရှန်း၏ကိုယ်ပေါ်၌ ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးနှင့် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးတို့က စတင်အဆက်မပြတ် လင်း၀င်းလာကြပြီး မိုးကြိုးစွမ်းအားက ဘက်ပေါင်းစုံသို့ ပစ်လွှတ်သွားသည်။
ဒါက လျှပ်စီးအကျဉ်းထောင်တစ်ခုပမာ မုဖူရှန်းကို ၀န်းရံနေသည်။
ထိုအခိုက်အတန့်၌ ဒါက အောက်က ကြည့်ရှုသူများ၏ အသိအမြင်ကို ဖုံးထားပုံရပြီး သူတို့အသိများကို လျှပ်စီးအကျဉ်းထောင်ထဲ စိမ့်၀င်ခြင်းကနေ တားဆီးနေသည်။
မုဖူရှန်း ဒါကို တမင်တကာလုပ်ခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချီလင်မိုးကြိုးသားရဲထံမှ မိုးကြိုးစွမ်းအားကို စုပ်ယူပြီးနောက် ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးနှင့် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးအပြင် သူ့ရင်ဘတ်အောက်တွင် ဖြည်းဖြည်းချင်း မြှင့်တက်လာနေသည့် အဖြူအမည်းမိုးကြိုးစွမ်းအားလုံးတစ်ခု ရှိနေသောကြောင့်ပင်။
ဒါက အမျှင်စအနည်းငယ်ဟုသာ ဆို၍ရသော်လည်း ၎င်း၏စွမ်းအားက အတော်လေး ကြောက်စရာကောင်းသည်။
အရင်မိုးကြိုးသုံးမျိုးနှင့် မတူတာက ဒီထဲကနေ ဖြောင့်မတ်တည့်အော်ရာတစ်ခု ထိုးထွက်လာခြင်းပင်။
ကိုးသွယ်ရှေးဦးမူလမိုးကြိုးနည်းစနစ်၏ စတုတ္တမြောက်နတ်မိုးကြိုး!
တိုင်ဂျီယင်ယန်ကျင့်၀တ်နတ်မိုးကြိုး!
သို့စေကာမူ ဒါကိုအပြည့်အ၀ မဖွဲ့စည်းရသေးပါ။
လက်ရှိမုဖူရှန်းက ကနဦးကျင့်ကြံသူတစ်ယောက်သာဖြစ်သေးသည်။
သို့သော် ယခုလိုအဆင့်ကို ရောက်နိုင်ခြင်းကပင် အတော်လေးအံ့ဩသင့်ဖွယ် ကောင်းနေလေပြီ။
မုဖူရှန်းနည်းလမ်းများစွာကို ကြိုးစားကြည့်ခဲ့ဖူးသော်လည်း ဒီအဆင့်ကိုမပြီးခဲ့ပေ။
ထိုအချိန်မှာပင် လျှပ်စီးအကျဉ်းထောင်ကလည်း ပျောက်ကွယ်သွားသဖြင့် လူတိုင်း၏ မျက်လုံးများက မုဖူရှန်းအပေါ် ထပ်မံ ကျရောက်လာပြန်သည်။
ချူကျင်းနှင့်ဟန်လုတို့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။
သူ့ခွန်အားနှင့် နယ်ပယ်က အရမ်းကြီး မပြောင်းလဲခဲ့သော်လည်း သူ့အော်ရာကမူ အနည်းငယ်ပြောင်းလဲသွားပုံရပြီး အရင်ကနှင့်ယှဉ်ပါက ပိုပြီးဖြောင့်မတ်လာသည်။
ထိုစဉ် ဖင်းယန်ရှေ့သို့လျှောက်လာပြီး ကျိုးကိုင်ကိုလှည့်ကြည့်ကာ နှာခေါင်းရှုံ့သည်။
"ဘယ်လိုလဲ၊ သူတို့က အမြောက်ဆံတွေလို့ မင်းတွေးနေတုန်းလား၊ မင်းကိုယ်တိုင် သွားမယ်ဆိုရင်တောင် သူတို့လုပ်ခဲ့သလိုမျိုး လုပ်နိုင်မှာမဟုတ်ဘူး"
ကျိုးကိုင်၏ အမူအရာက ကြည့်ရဆိုးသွားသော်လည်း သူပြန်လည်မချေပနိုင်ပါ။
ဒါကအမှန်တရားဖြစ်နေသောကြောင့်ပင်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ စတင်ရှေ့တိုးသွားကြ၏။
ဒုတိယအဆင့်က မီးတာအိုနိယာမစွမ်းအားဖြစ်သည်။
မူလက ဟုန်ရင် ရှေ့တန်းသို့သွားချင်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက မီးတာအိုနိယာမကို လိုက်စားသူတစ်ယောက် မဟုတ်ပေလော။
သို့သော်ငြားလည်း မု၀မ်အာ ရုတ်တရက်ပြောလာသည်။
"အစ်မကြီး၊ ညီမကို လုပ်ခွင့်ပေးပါ"
လူတိုင်းလှည့်ကြည့်လိုက်ကြ၏။
မု၀မ်အာ၏ မျက်နှာက ပြတ်သားမှုနှင့် ပြည့်နှက်နေပြီး သူမထပ်ပြောသည်။
"ဒီအဆင့်ကို ညီမလုပ်ပါရစေ"
သူမ၏အသံကခိုင်မာနေသည်။ အဘယ်ကြောင့်ဆိုသော် မု၀မ်အာ သူမ၏ အစ်ကိုအစ်မများနောက်တွင် ထပ်ပြီး ပုန်းမနေချင်တော့သောကြောင့်ပင်။
သူမ ဆေးလုံးများနှင့် ကူညီထောက်ပံ့ပေးနေခြင်းထက် ယခုလိုအခြေအနေရပ်မျိုးတွင် သူတို့နှင့် ဘေးချင်းယှဉ်ကာ တိုက်ခိုက်ချင်သည်။
အပိုင်း(920) coming။