ဓားရည်ရွယ်ချက် ... ။
Vol. 20 Ch. 240
ဓားအလင်း သွားရာလမ်းတစ်လျှောက် ကြယ်မြစ်ကြီးတစ်စင်း လိုက်ပါနေသလို စူးရှ လွန်းချေပြီ။
“ ဟမ့် ... ။ ”
ရှစ်လန်ရှန့်နှင့် မိုးတိမ်သံချပ်ကာ တပ်ရင်းမှ စစ်သည်တော်များအားလုံး တုန်လှုပ်ခြောက်ခြား သွားပြီး မျက်ဝန်းများ၌ နာကျင်ကိုက်ခဲမှုကို ခံစားလာရ၏။
ရွှေရောင် နဂါးငွေ့တန်းကြီးလို ဓားအလင်းက ပွင့်လာ၏။ ကြည့်ရုံနှင့် လူတိုင်း နှလုံးသားထဲ အဆုံးမရှိ ကြောက်ရွံ့မှုများ ဝင်ရောက်စေသည်။
ထိုသို့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ယွီရှင်းလင်၏ မျက်နှာမှာ ယခင်ထက် ပို၍ လေးနက် လာတော့သည်။
“ ငါ့အတွက် လာ ... ။ ”
ထို့နောက် တစ်ကိုယ်လုံး စွမ်းအင်များနှင့် ပြည့်နှက်စေပြီး အသားအရေ ဖောင်းပွလာကာ ဆံပင်ရှည်များ တဖျပ်ဖျပ်ခတ်ကုန်၏။
“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”
မျက်စိတမှိတ်အတွင်း ဓားချက်ပေါင်း များစွာလွှဲရမ်းလိုက်သည်။ သူ့ရှေ့တွင် မီးတောင် (၁၉)လုံး အထပ်ထပ်ပေါ်လာ၏။
“ ခရစ် ... ။ ”
ယင်းဖြင့် မလုံလောက်သေးချေ။ လည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းဆွဲသီး ချွတ်ကာ ကြေမွပစ်လိုက်သည်။
ကျောက်စိမ်းဆွဲသီးမှ တောက်ပသော အစိမ်းရောင်မြူများက တိမ်လွှာပုံစံအလွှာအဖြစ် ဖွဲ့တည်လာသည်။
“ အတုမဲ့ စစ်မှန်သော အလင်းဒိုင်း။ ”
ဤသည်မှာ ဆရာတော်စန်းဟုန်မှ ကိုယ်တိုင်ကိုယ်ကျ သန့်စင်ပေးထားသော အဆောင်ရတနာဖြစ်၏။
အံ့သြဖွယ်ရာ ခုခံနိုင်စွမ်းရှိပြီး မူလတာအိုနယ်ပယ်အောက် မည်သူမဆို ချိုးဖြတ်ရန် မဖြတ်နိုင်ချေ။
သို့တိုင် ယွီရှင်းလင်ကို စိတ်သက်သာမှု မပေးချေ။ ဓားတစ်ချက်အပေါ် အသက်ကယ် နည်းလမ်းပေါင်းစုံကို အသုံးပြုနေခဲ့ရသည်မှာ ရှက်စရာကောင်းချေပြီ။
“ ဘန်း ... ဘန်း ... ဘန်း ... ။ ”
ရွှေရောင်နဂါးငွေ့တန်းကြီးက မီးတောင်(၁၉)လုံးကို မီးရှူးမီးပန်းများကဲ့သို့ တစ်လုံးပြီးတစ်လုံး ဖြတ်တောက် ပေါက်ကွဲ သွားစေသည်။
မီးမိုးများ တဖွဲဖွဲ ရွာကျလျက် လေဟာနယ်အနှံ့ ပရမ်းပတာ ဖြစ်ကုန်တော့ သည်။ ထိုမြင်ကွင်းက ယွီရှင်းလင်နှလုံးသားကို အေးခဲသွားစေ၏။
မီးတောင်(၁၉)လုံးသည် သူ၏ ဂုဏ်အယူရဆုံးသော ခုခံကာကွယ်ရေး နည်းစနစ်ပေပင်။
မီးတောင်တစ်လုံးစီသည် တူညီသောနယ်ပယ်ရှိ ပြိုင်ဘက်များစွာထံမှ တိုက်ခိုက်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိသည်။
“ ဘောင်း ဘောင်း ဘောင်း ... ။ ”
သို့သော် တစ်ဖက်လူ၏ အဆုံးမဲ့ ဓားရည်ရွယ်ချက် အောက်တွင် ပူပေါင်းကဲ့သို့ တဝုန်းဝုန်း ပေါက်ကွဲကုန်သည်။
“ ဘုန်း ... ။ ”
အဆုံးတွင် ရွှေဓားအလင်းသည် အတုမဲ့စစ်မှန်သော အလင်းဒိုင်းလွှာအပေါ် ကျရောက်သွားသည်။
အလင်းဒိုင်းသည် ယွီရှင်းလင်းကို ဗဟိုပြုလျက် သုံးပေဧရိယာအတွင်း ဝိညာဉ် စွမ်းအင်များ သိပ်သည်းထားခြင်း ဖြစ်၏။
၎င်းတို့သည် ပကတိမျက်စိဖြင့်ပင် မြင်နိုင်သော တိမ်တိုက်များကဲ့သို့ ဝေ့ဝဲလျက် အလွှာဖွဲ့တည်နေခြင်း ဖြစ်သည်။
သို့သော် ရွှေဓားအလင်း ကျရောက် လာသောအခါ ရုတ်တရက် အပြောင်းအလဲ များစွာ ဖြစ်ပေါ်လာ၏။
“ ခရစ် ... ။ ”
အကျိုးဆက်အနေဖြင့် ချက်ခြင်းပင် ပင့်ကူမျှင်များကဲ့သို့သော အက်ကြောင်းအချို့ ထွက်ပေါ်လာခဲ့သည်။
ယွီရှင်းလင်တစ်ယောက် လုံးဝ ထိတ်လန့်သွားပြီး ကြောက်ရွံ့မှုအပြည့်ဖြင့် ဓားအလင်းထံ မော့ကြည့်မိ၏။
အတုမဲ့ စစ်မှန်သော အလင်းဒိုင်းသည် ဓားတစ်လက်ကြောင့် ဤသို့ လွယ်လွယ်ပြိုကွဲ နိုင်လိမ့်မည်ဟု မထင်မိခဲ့ချေ။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
အဆုံးတွင် အလင်းဒိုင်းသည် လုံး၀မထိန်းနိုင်တော့ဘဲ ပေါက်ကွဲသွားခဲ့သည်။
“ ပြီးသွားပြီ ... ။ ”
ဝိညာဉ် လွင့်ပါးသွားသည့်အလား ယွီရှင်းလင်တစ်ယောက် အသက်မဲ့စွာ ဓားကို ခံယူလိုက်တော့သည်။
“ ဝုန်း ... ။ ”
သို့သော် ဤမျှ အရေးကြီးသော အခိုက်အတန့်တွင် ဓားတစ်လက်ပေါ်လာပြီး စုရီဓားအလင်းကို ပိတ်ပေးလေသည်။
ရွှေဓားလှိုင်းများ ပျံ့ကားသွားကာ အကြွင်းအကျန်လှိုင်းများ အရပ်ရပ်သို့ ရိုက်ခတ် သွားတော့၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ယွီရှင်းလင်ခမျာ ဆယ်ပေအကွာသို့ တွန်းထုတ်ခံလိုက်ရလေသည်။ ဆံပင်များ ရှုပ်ပွ နေခဲ့ပြီး ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာခဲ့၏။
“ ငါ မသေဘူးလား ... အဟွတ် အဟွတ်။ ”
အိပ်မက်မှ နိုးထလာသကဲ့သို့ ပြင်းစွာ ချောင်းဆိုးလျက် အံ့ဩမှင်သပ်နေခဲ့လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားကာ သူ့ ချောင်းဆိုးသံသည်သာ ထွက်ပေါ်နေ၏။
အဝေးရှိ စစ်သည်တော်များ၏ မျက်နှာများတွင်လည်း ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ဓားတစ်ချက်တည်းဖြင့် မီးတောင် (၁၉)လုံးကို ဖျက်ဆီးကာ အတုမဲ့ စစ်မှန်သော အလင်းဒိုင်းအပေါ် ဖြတ်တော့ပစ်၏။
ယင်းသည် သာမန်စစ်သည်တော်များ လက်လှမ်း မမီနိုင်သော ဒဏ္ဍာရီလာ တန်ခိုးရှင် တစ်ပါး၏ ခွန်အားမျိုးနှင့်တူစေသည်။
“ ဝှစ် ... ။ ”
ထိုစဉ် လီချန်နင်က ရှေးဟောင်း ဓားရှည်တစ်လက်ကို ကိုင်လျက် လေထဲပျံသန်း ရောက်ရှိလာသည်။
“ စိတ်ဓာတ်မကျပါနဲ့၊ မင်းမဟာသခင်ကို ရှုံးတာမဟုတ်ဘူး ... ခန္ဓာကိုယ်ကို လုယူထားတဲ့ ဝိညာဉ်ကို ရှုံးတာ။ ”
“ ဟုတ်ကဲ့ ... ။ ”
ယွီရှင်းလင်က နာကျင်မှုကြောင့် ရှုံ့တွနေသော မျက်နှာဖြင့် စုရီထံ ပြန်ကြည့်ကာ အံကြိတ်လျက်၊
“ ဦးလေးဆရာ ကျေးဇူးပြုပြီး သူ့ကို အသက်ရှင်လျက် ဖမ်းပေးပါ ... ငါ့အတွက် ကျောက်တုံးအဖြစ် အသုံးပြုချင်တယ်။ ”
-ဟု တောင်းဆိုလိုက်တော့သည်။
ထိုစဉ်က ကြောက်ရွံ့လွန်းသဖြင့် စိတ်ဝိညာဉ်ဗလာဖြစ်ကုန်ကာ ခုခံရန်မေ့လျော့ သွားသည်အထိ အရှက်ကွဲသွားသည်။ ယင်းက သေသည်အထိ စုရီကို မုန်းတီးသွားစေ၏။
စုရီက လက်နှစ်ဖက် နောက်ပို့လျက် စကားပြောရန် ပျင်းလွန်းသဖြင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့၏။
ခန္ဓာကိုယ်ကို လုယူခြင်းဆိုသည်မှာ အဘယ်နည်း။ သူတပါး၏ ကိုယ်ခန္ဓာကို မိမိစိတ် ဝိညာဉ်ဖြင့် သိမ်းယူခြင်းပေပင်။
သို့သော် အကြင်သူသည် ခန္ဓာပိုင်ရှင်၏ ပင်ကိုယ်စွမ်းရည်နှင့် အခြေခံအုတ်မြစ်အပေါ် ကျော်လွန်ပြီး အစွမ်းမပြနိုင်ချေ။
သူရှင်းပြလျှင်ပင် တစ်ဖက်လူသည် ဤအရာကို ယုံမည် မဟုတ်ကြောင်း နားလည် သဖြင့် ပါးစပ်ပိတ်ထားလိုက်သည်။
“ တာအို မိတ်ဆွေ ကျေးဇူးပြု၍ အကြံဉာဏ်တစ်ခုပေးပါ။ ”
လီချန်နင်က အနည်းငယ် ဦးညွှတ် လိုက်သည်။ စုရီတစ်ယောက် အချိန်မဖြုန်းချေ။ ကျောက်စိမ်းဝတ်ရုံ တဖျပ်ဖျပ်ခတ်သွားပြီး ချက်ချင်း ရွေ့လျားလိုက်သည်။
“ ဝှီး ... ။ ”
တဟုန်ထိုး တက်လာသော လက်သီးစွမ်းအားတွင် တောက်လောင်နေသော တာအိုတေးသွားပါရှိသည်။
“ တတိယ မဟာသခင်တစ်ပါးက ... တာအိုတေးသွားကို ပုံဖော်နိုင်တာလား ... ဟမ့် မင်းမှ ခန္ဓာကိုယ် သိမ်းပိုက်သူမဟုတ်ရင် ဘယ်သူဖြစ်ဦးမှာလဲ။ ”
လေထဲရှိ တာအိုတေးသံများကို နားထောင်လျက်မှ လီချန်နင်က မျက်ဝန်းများ အနည်းငယ် မှေးစင်းသွား၏။
မဟာသခင်အဆင့် ကျွမ်းကျင်သူသည် စွမ်းအင်ကို ပြင်ပသို့ ထုတ်လွှတ်နိုင်သော်လည်း တာအိုကျက်သရေ မခေါ်ယူနိုင်ချေ။
တာအိုတေးသွားသည် ကမ္ဘာပေါ်ရှိ တန်ခိုးရှင်များသာ နားလည်ထိန်းချုပ်နိုင်သည့် စွမ်းအားတစ်ခုဖြစ်သည်။
လီချန်နင်က သူ့လက်ထဲရှိ ဓားကို ကောင်းကင်ပေါ် ထိုးချိန်လိုက်ပြီး ဓားရောင်ဝါ ဖြန့်ကျက်လိုက်တော့၏။
“ သွား ... ။ ”
ထို့နောက် ထိုးညွှန်ပြလိုက်ရာ ထောင်ပေါင်းများစွာသော မြှားမိုးများ ရွာကျ သကဲ့သို့ ဓားအလင်းများ ပြေးထွက်သွားသည်။
ဤသည်မှာ မြေကြီးအဆင့် အင်မော်တယ်တစ်ပါး၏ စစ်မှန်သော ပုံစံ ဖြစ်သည်။
ပေါ့ပေါ့ပါးပါး ဓားတစ်ချက်သည် ကောင်းကင်နှင့် မြေကြီးကြား ထောင်ပေါင်း များစွာသော ဓားရောင်ဝါကြိုးမျှင်များကို ဖြစ်ပေါ်လာစေသည်။
ရှစ်လန်ရှန့်နှင့် စစ်သည်တော်များမှာ အံ့အားသင့်သွားကြသည်။ သူတို့၏ အမြင်တွင် မြေကြီးအဆင့် အင်မော်တယ် တစ်ပါးသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်၏။
ထို့ကြောင့် လီချန်နင်၏ တိုက်ပွဲဝင်ပုံစံကို မြင်ရသောအခါ မည်မျှ ထိတ်လန့်သွားမည်မှန်း စိတ်ကူးကြည့်နိုင်သည်။
“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”
မရေမတွက်နိုင်သော ဓားရောင်ဝါ ကြိုးမျှင်များက လက်သီးပုံရိပ်ကို အကြိမ်ကြိမ် ဖြတ်တောက်တော့သည်။
စုရီ၏ ခွန်အားသည် မဟာသခင် ဒုတိယအဆင့်ဖြင့် ဆရာတော် ကျင်းဟီကို သတ်နိုင်ခဲ့ပြီးဖြစ်ရာ ယခု ဆိုဖွယ်မရှိချေ။
“ ဝှီး ... ။ ”
လက်သီးပုံရိပ်ကြီးက ဓားရောင်ဝါများ တားနေသည့် ကြားမှပင် ရှေ့သို့ တိုးဝင်နေဆဲ ဖြစ်သည်။
“ ဟမ့် ... ။ ”
လီချန်နင်၏ မျက်မှောင်ကြုတ်လျက် ချက်ချင်း တိုက်ပွဲဝင်ပုံစံကို ပြောင်းလဲလိုက်၏။ ဓားရောင်ဝါမှာ လေဆင်နှာမောင်းအဖြစ်သို့ ရစ်သိုင်းလာပြီး လက်သီးရိပ်ကို ယခင်ထက် ပြင်းသောအရှိန်ဖြင့် ခုတ်ပိုင်းတော့သည်။
“ ဝှစ် ... ။ ”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”
ရာနှင့်ချီသော ဓားအလင်းများဖြင့် မုန်တိုင်းအသွင် အကြိမ်ကြိမ် ခုတ်ပိုင်းလိုက်မှ သာလျှင် လက်သီးပုံရိပ်က သူနှင့် ဆယ်ပေ အကွာ၌ ပျက်ပြယ်သွား၏။
မဟာသခင်တစ်ပါးသည် မြေကြီးအဆင့် ကျွမ်းကျင်သူတစ်ဦးကို လက်ဗလာဖြင့် ဖိအား ပေးနေခဲ့ချေပြီ။
“ ဟား ဟား ဟား ... ငါ့ဆီက နောက်ထပ် လက်သီးတစ်ချက်ကို ယူ။ ”
စုရီက ကျယ်လောင်စွာ ရယ်မောလျက် မြေပြင်ကိုနင်းကာ နဂါးကဲ့သို့ ထိုးသတ်လိုက် လေသည်။
“ ဖရူး ... ။ ”
သူ့နောက်တွင် နတ်ကြိုးကြာ တစ်ကောင်သည် ဂုဏ်ယူစွာ အော်ဟစ်လျက် အတောင်ပံများ တဖျပ်ဖျပ်ခတ်နေခဲ့၏။
ဤသည်မှာ ထင်ရှူးကြိုးကြာ ခန္ဓာကိုယ်နည်းစနစ်၏ စွမ်းအားကို အပြည့်အဝ သုံးထားသဖြင့် သဘာဝဖြစ်စဉ်တစ်ခု လိုက်ပါလာခြင်းပေပင်။
အဖျက်စွမ်းအားသည် ယခင်ထက် နှစ်ဆ ပိုအားကောင်းကာ တန်ခိုးရှင် ငှက်တစ်ကောင် ကဲ့သို့ တာအိုကျက်သရေ အပြည့်ရှိနေခဲ့သည်။
ဤတစ်ကြိမ်တွင် လီချန်နင်တစ်ယောက် မျက်နှာပေါ်၌ လေးနက်မှု အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။ အချိန်မဖြုန်းဝံ့ဘဲ ဓားဖြင့် ချက်ချင်း ပြန်လည် ခုတ်ပိုင်းချလိုက်၏။
“ ချွင် ... ။ ”
ရှင်းလင်းပြတ်သားသော ဓားမြည်သံ ထွက်ပေါ်လာသည်။ ဤဓား၏ အမည်သည် ငြိမ်သက်ခြင်း ဖြစ်၏။
လွန်ခဲ့သော ဆယ့်ကိုးနှစ်က (မြေကြီးအဆင့်)သို့ ဝင်ရောက်နိုင်ခဲ့သဖြင့် ရွှမ်ရွယ်ဆရာတော်မှ ဂုဏ်ပြုလက်ဆောင် ပေးအပ်ထားခြင်း ဖြစ်သည်။
အလျားရှည်ပြီး လက်နှစ်သစ်ကျယ်၏။ ရွှမ်ရွယ်ဘုံကျောင်းရှိ ရှေးခေတ် မှော်ဓားကို တုပထားခြင်း ဖြစ်သည်။
ပုံသဏ္ဍာန်သည် နက်မှောင်ကာ အဖျားနှစ်ဖက်ချွန်ပြီး ကျက်သရေအပြည့်ရှိ၏။ အနိမ့်ဆုံး ပေါင်တစ်ထောင် အလေးချိန် ရှိပေမည်။
ဤဓားကို ရရှိပြီးနောက် ဆယ့်ကိုးနှစ်တိုင်တိုင် သူ့သွေးအနှစ်သာရများ နေ့ရောညပါ ကျွေးမွေးခဲ့သည်။
ထိုကြောင့် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလို အသုံးပြုနိုင်နေပြီ ဖြစ်၏။
“ ရွှပ် ... ။ ”
ဓားသည် ဒီရေကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် လက်သီးပေါ် ကျရောက်သွားသည်။ ကောင်းကင်နှင့် မြေကြီးကြား အဖြူရောင် အလင်းတန်းကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာ၏။
အလင်းတန်းသည် ဆယ်ပေကျော် ရှည်သည်။ ယင်းသည် ဓားရည်ရွယ်ချက်ဖြစ်ပြီး တဟုန်းဟုန်းတောက်လောင်နေသော လှိုင်းလုံးသဖွယ် ဖြစ်လာ၏။
အဆုံးတွင် နဂါးဖြူတစ်ကောင်အဖြစ် ပြောင်းလဲထွက်ပေါ်လာကာ ခေါင်းမော့လျက် အမြီးကို တွန့်လိမ်နေခဲ့သည်။
နေရောင်ခြည် လွင့်ပါးသွား၏။ လေနှင့်မိုးတိမ်များ စုဖွဲ့ကာ ပျံသန်းနေခဲ့သော နဂါးကြီး ဖြစ်လာသည်။
ဤသည်မှာ ‘နဂါးပျံသန်းခြင်း’ဟူသော ရှေးခေတ်ပန်းချီကားတစ်ချပ်ကို လေ့လာခဲ့ရာမှ ရရှိလာသည့် ဉာဏ်အလင်း ဖြစ်သည်။
၎င်းကိုသုံးနှစ်ကြာ တွေးတော ဆင်ခြင်ပြီးနောက် အဆုံးတွင် လေးနက်သော အဓိပ္ပာယ်ကို သိမြင်လာခဲ့သည်။
ဤဓားပညာသည် ဘဝတလျှောက် သူနားလည်ထားသမျှ အဆီအနှစ်များ ပါဝင်ပြီး အထွတ်အထိပ် စွမ်းအားလည်း ဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်နှင့် လိုက်လျောညီထွေရှိပြီး တိုက်ခိုက်မှုအမျိုးမျိုးကို ချက်ချင်း ပြောင်းလဲဖန်တီးနိုင်၏။
ဤသည်မှာ မြေကြီးအဆင့် အင်မော်တယ်များ၏ စစ်မှန်သော စွမ်းအားပုံစံ ဖြစ်သည်။
“ ကောင်းပြီ ... ။ ”
ထိုအချိန်တွင် စုရီလက်သီးနောက်တွင် လိုက်ပါလာသော နတ်ကြိုးကြာသည် လေထဲသို့ ပျံသန်းလျက် ထိုဓားရည်ရွယ်ချက်ကို ချိုးဖျက်ရန် ကြိုးစားတော့၏။
“ ဝုန်း ... ။ ”
နဂါးနှင့် ကြိုးကြာ ထိမှန်သွားကာ ပေါက်ကွဲကုန်သည်။ အကျိုးဆက် အနေဖြင့် မတူညီသော စွမ်းအင်နှစ်မျိုးက အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွား၏။
ပေတစ်ရာမြင့်သော သံမဏိဖြင့် ပြုလုပ်ထားသည့် ပွဲကြည့်စင်များ ပြိုကျကာ အပိုင်းပိုင်းကွဲကုန်သည်။
မဟာသခင်အဆင့် ကျင့်ကြံသူတိုင်း ထိုစွမ်းအင်အကြွင်းအကျန် လှိုင်းများကြောင့် ပရမ်းပတာ လွင့်စင်ကုန်သည်။
“ ဘယ်သူ အနိုင်ရသွားလဲ။ ”
လူတိုင်းက မျက်လုံးများပြူးလျက် စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြတော့သည်။ မြင်ကွင်းသည် အပျက်အစီးများ လေထဲ ပျံတက်လျက် မသည်းကွဲတော့ချေ။
***
Book-20