ငရဲဘုံကိုးပါးဓားရောင်ဝါ။
Vol. 20 Ch. 230
ထိုမေးခွန်းကို လုထောင်လျူမှ ခဏမျှ စဉ်းစားလိုက်ပြီး၊
“ မင်းသုံးယောက် အခုထွက်သွားဖို့ အစီအစဉ်ရှိလား ဒါမှမဟုတ် ငါတို့ကို အင်အား သုံးစေချင်လား။ ”
-ဟု မေးမြန်းတော့၏။
“ ဆက်လုပ်ပါ ... ။ ”
နင်စစ်ဟွာက တည်ငြိမ်စွာ တုန်ပြန်လိုက်သည်။ မုရှီသည်လည်း ပြုံးလျက်၊
“ ဒီနေ့ လျှို့ဝှက်နဂါးဓားဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေက ... ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ကြည့်ခွင့်ရပြီ။ ”
-ဟု ပြောကြားလိုက်၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ကြိုးတစ်ချောင်းက ငွေရောင်မြစ်ကဲ့သို့ လေထဲပျံသန်းကာ စုရီကို အတားအဆီးတစ်ခု ဖန်တီးပေးသည်။
တစ်ဆက်တည်းမှာပင် လန်စုက လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ အဆောင်ရတနာ ဆယ်ခုခန့် ပက်ကျဲလိုက်တော့၏။
“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”
လေပြင်းမုန်တိုင်းများ၊ မိုးခြိမ်းသံများ၊ မီးပင်လယ်များ၊ မြစ်ရေများ၊ ကျောက်တုံးများ စသည့်စွမ်းအားအမျိုးမျိုးတို့သည် မြေအောက် ကမ္ဘာကို လွှမ်းခြုံလာလေသည်။
စွမ်းအားတစ်ခုစီတိုင်းသည် စစ်မှန်သော မြေကြီးအဆင့် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်၍ ရနိုင်ပေ၏။
ဤနည်းဖြင့် ရှန့်လင်ဘုံကျောင်းမှ ဘုန်းကြီးများကို ဦးစွာ အပြင်းအထန်ဒဏ်ရာရရှိ စေခဲ့ကာ သတ်ဖြတ်နိုင်ခဲ့သည်။
နင်စစ်ဟွာနှင့် မုရှီက စိတ်လှုပ်ရှားစွာဖြင့် အဆုံးသတ်ရန် အခွင့်အရေးကို စောင့်မျှော်နေမိ ကြသည်။ သို့သော် သူတို့ မျှော်လင့်သကဲ့သို့ ဖြစ်မလာချေ။
“ ဖရူး ... ။ ”
လုထောင်လျူလက်ထဲတွင် ကြေးဝါထီးကြီးတစ်လက်ပေါ်ပြီး ဖရူးခနဲ ဖွင့်ဆောင်းပစ်လိုက်သည်။
ကြေးဝါထီး ပွင့်လာသောအခါ ရွှေရောင်အလင်း အကာအကွယ်လွှာတစ်ခု ထွက်ပေါ်လာ၏။
“ နှစ်တစ်ထောင် ကြေးဝါထီး။ ”
ဤသည်မှာ မူလတာအို ကျင့်ကြံသူမှ သန့်စင်ထားသော လျှို့ဝှက်ရတနာလက်နက် တစ်ခု ဖြစ်သည်။
လေနှင့်မိုးကို တားဆီးနိုင်ပြီး တိုက်ခိုက်မှု အမျိုးမျိုးအား စုပ်ယူနိုင်သော ကာကွယ်ရေး ပစ္စည်းပေပင်။
လွန်ခဲ့သည့် နှစ်များစွာက ဤထီးကို ကိုင်ဆောင်ကာ နယ်စပ် စစ်မြေပြင်တစ်နေရာ၌ မြှားမိုးရွာသွန်းမှုကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
“ ဘန်း ... ဘန်း ... ဘန်း ... ။ ”
အဆောင်ရတနာများ၏ ပေါက်ကွဲ သံများနှင့်အတူ မီးရှူးမီးပန်းများ ထွက်ပေါ် လာတော့၏။
အဖျက်စွမ်းအားသည် ရွှေရောင်အလင်း အကာအကွယ်ပေါ်တွင် လှိုင်းဂယက်များအဖြစ် ပျံကားပျောက်ကွယ်သွားချေပြီ။
အဆိုပါ မြင်ကွင်းကြောင့် လန်စုမှ အနည်းငယ် မျက်မှောင်ကြုတ် သွားတော့သည်။
“ အဆောင်ရတနာဆိုတာ တန်ဖိုးရှိတဲ့ ဝှက်ဖဲတွေပါပဲ ဒီလိုနည်းနဲ့ ဖြုန်းတီးပစ်တာက နှမျောစရာ ကောင်းလွန်းတယ်။ ”
လုထောင်လျူက ထီးကို ဖယ်လိုက်ပြီး နှမျောစွာဖြင့် ပြောကြားလိုက်သည်။ လီစန်းမှ ပြုံးလျက်၊
“ လူသေရင် ပိုတောင် နှမျောစရာ ကောင်းလိမ့်မယ်။ ”
-ဟု မှတ်ချက် ဝင်ပေးသည်။
“ အချိန်မဖြုန်းနဲ့ ... ။ ”
အဆုံးတွင် လျောင်ယွင်လျူက ဓားတစ်လက်ဆွဲထုတ်ပြီး မြေပြင်ပေါ်နင်းကာ လျှပ်စီးကဲ့သို့ နင်စစ်ဟွာထံ ပျံသန်းသွား တော့၏။
“ ဟိတ် ... ။ ”
တစ်ချိန်တည်းမှာပင် လုထောင်လျူ သည်လည်း ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် လန်စုထံ ဦးတည်သွားသည်။
လျှို့နှက်နဂါးဓားဂိုဏ်းမှ အဆောင် ရတနာခန်းမသခင် တစ်ယောက် အနေဖြင့် သူ တိုက်ပွဲဝင် ပုံစံသည် နတ်ဘုရားကဲ့သို့ ကြီးစိုးချေပြီ။
တစ်ချက်ထိုးရုံဖြင့် ကောင်းကင်ကြီး ပြိုကျလာကာ မြေကြီးပြိုကျစေမည့် စွမ်းအား တစ်ခု ထွက်ပေါ်လာ၏။
“ သေလိုက်တော့ တောင်တန်းဘုရင်။ ”
တစ်ဖက်တွင် မျက်ခုံးဖြူ အဖိုးအိုက အနက်ရောင်ဓားပျံကို မုရှီထံ ပစ်ပေါက်လိုက် တော့သည်။
နင်စစ်ဟွမ်၊ မူရှီနှင့် လန်စုတို့ခမျာ အံကြိတ်လျက် နည်းလမ်းပေါင်းစုံသုံးကာ ခုခံ လိုက်ကြသည်။
နောက် မဆုတ်ဝံ့ကြချေ။ စုရီသည် ဆေးပြားဖွဲ့တည်နေသဖြင့် အာရုံစိုက်ထားရန် လိုချေပြီ။
ထို့ကြောင့် သုံးယောက်သား ဆုတ်ခွာရန် လမ်းကြောင်းတိုင်းကို စွန့်လွှတ်ကာ ဝှက်ဖဲများ ပေးအပ်ပြီး အားကုန်တိုက်ခိုက်တော့၏။
“ သတ် ... ။ ”
မျက်စိအောက်ရှိ တိုက်ပွဲကြီးကို တစ်ချက်ကြည့်ကာ ဝမ်တုနှင့် ဟဲလျန်ဟိုင်မှ စုရီထံ ပျံသန်းလိုက်ကြသည်။
“ ရွှပ် ... ။ ”
ဝမ်တုလက်တွင် စိမ်းပြာရောင် ဓားရှည်တစ်လက် ပေါ်လာပြီး ပင့်ကူအိမ်ထံ ဓားအလင်းဖြင့် ပစ်လွှတ်ပိုင်းဖြတ်တော့၏။
“ ဘန်း ... ။ ”
ကောင်းကင်ပိုးကြိုးသည် တောင်မခံနိုင်တော့ဘဲ မြေပြင်ပေါ် အသက်မဲ့စွာ ပြုတ်ကျသွားသည်။
“ သေလိုက်တော့ ... ။ ”
ဤအခွင့်အရေးကြောင့် ဟဲလျန်ဟိုင်က ပြုံးရယ်ကာ သွေးလှံတစ်စင်း ဆင့်ခေါ်ပြီး စုရီကို ထိုးချပစ်လိုက်၏။
သူတို့အမြင်တွင် စုရီသည် အသတ်ခံရန် စောင့်ဆိုင်းနေသော သိုးကလေးတစ်ကောင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တင်ပျဉ်ခွေ ထိုင်လျက် ဆေးမီးဖိုထံသို့သာ အာရုံစိုက်နေ၏။ ကာကွယ်ပေးမည့်သူ မရှိချေ။
“ ၁၀-ပေ၊ ၈-ပေ။ ၆-ပေ။ ၄-ပေ။ ၂-ပေ။ ၁-ပေ။ ”
ဟဲလျန့်ဟိုင်တစ်ယောက် စိတ်လှုပ်ရှားလာပြီး လှံဖျားထံစိုက်ကြည့်ကာ ရင်တဒိတ်ဒိတ်ခုန်လာ၏။
“ လူယုတ်မာ ... ။ ”
စုရီလည်ပင်းနှင့် တစ်ပေခန့် အကွာသို့အရောက်တွင် အနီရောင်အရိပ် တစ်ရိပ် ရူးသွပ်စွာ ဝင်ရောက်လာ၏။
“ ထန် ... ထန် ... ။ ”
“ အဟွတ် ... အဟွတ် ... ။ ”
ဤသည်မှာ နင်စစ်ဟွာဖြစ်ပြီး အကျိုးဆက်အနေဖြင့် သွေးချောင်းဆိုးလျက် နောက်ဆုတ်လိုက်ရ၏။
“ ရွှပ် ... ။ ”
“ အား ... ။ ”
ထိုကြောင့် လျောင်ယွင်လျူ၏ ဓားသည် သူမကျောပြင်ပေါ် ခုတ်ခွဲသွားပြီး နက်ရှိုင်းသော ပြတ်ရှရာကို ပေးစွမ်းလာခဲ့သည်။
အလျင်စလို ကာကွယ်လိုက်ရသဖြင့် သွေးနှင့်ချီ ဆက်သွယ်မှု ပြတ်တောက်ကုန်ကာ အရိုးဖြူဖြူများကိုပင် မြင်ရလောက်အောင် နက်ရှိုင်းသွားချေ၏။
အပြစ်ကင်းစင်ပြီး လှပသော သူမမျက်နှာတွင် သွေးရောင်များ ဖျော့တော့ သွားသည်။ အထူးသဖြင့် နောက်ကျော၌ သွေးများ စမ်းရေလို စီးကျလာ၏။
“ ကောင်းကင်မူလ အကယ်ဒမီရဲ့ နန်းတော်သခင်က သားဆိုးအတွက် အသက်ကို စတေးဖို့ ဆန္ဒရှိနေတာလား ... သနားစရာပဲ။ ”
လျောင်ယွင်လျူက ခေါင်းယမ်းလျက် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ဓားတစ်ချက် ခုတ်ချပစ်လိုက်တော့၏။
ထိုအချိန်တွင် ဝမ်တုနှင့် ဟဲလျန်ဟိုင်မှာ ဒေါသထွက်လာပြီး ပစ်မှတ်ကို နင်စစ်ဟွာထံ ဦးတည်လိုက်သည်။
ပြိုင်ဘက်သုံးယောက်၏ တိုက်ခိုက်ခြင်းကို ခံရသောအခါ နင်စစ်ဟွာတစ်ယောက် မကြုံစဖူး လေးနက်လာခဲ့၏။
“ ဟမ့် ... ။ ”
မျက်လုံးများအတွင်း ရူးသွပ်သော ဆုံးဖြတ်ချက် ဖြစ်ပေါ်လာပြီး သတ်ဖြတ်လို စိတ်များ ပေါက်ကြားလာသည်။
ခန္ဓာကိုယ်ထဲရှိ ကာလကြာရှည်စွာ ချိပ်ပိတ်ထားသော စွမ်းအားတစ်ခု ချက်ချင်း အသက်ဝင်လာခဲ့သည်။
“ မင်းဝှက်ဖဲကို ဒီလိုခွေးတွေသတ်ဖို့ မသုံးသင့်ဘူး။ ”
ထို့နောက် တင်ပျဉ်ခွေထိုင်နေသော စုရီက ရုတ်တရက် ခေါင်းလှည့်ကာ လျောင်ယွင်လျူတို့ သုံးယောက်ထံ စိုက်ကြည့်လိုက်တော့၏။
သူ့မျက်ဆန်များအတွင်း ကြယ်ရောင် ကောင်းကင်ကြီး ပေါ်လာကာ တွင်းနက်တစ်ခု ဖြစ်ပေါ်လာသည်။
၎င်းအတွင်း၌ မကောင်းဆိုးရွားဆန်သော အလွန်ထက်ရှသည့် ဓားတစ်လက် လွင့်မျောနေ ခဲ့ချေ၏။
“ ဘန်း ... ။ ”
လျောင်ယွင်လျူနှင့် ကျန်နှစ်ယောက်သည် အဆုံးမဲ့ တောင်တန်းကဲ့သို့ ခမ်းနားထည်ဝါသော ဓားတစ်လက်ကို မြင်လိုက်ရပြီး တဆက်ဆက် တုန်ရင်လာတော့သည်။
“ မြန် မြန် ... ။ ”
“ ဝှစ် ... ။ ”
စိတ်ဝိညာဉ်အတွင်း နာကျင်လာသဖြင့် လူတိုင်းပျံသန်းနေခြင်းကို ရပ်ကာ ဂျွမ်းပစ်လျက် ချက်ချင်း ဆုတ်ခွာလိုက်ကြ၏။
သို့တိုင် နှုတ်ခမ်းများမှ သွေးများ စီးကျလာပြီး မယုံကြည်နိုင်ဖွယ် နာကျင်မှုများ ခံစားလိုက်ရချေပြီ။
အကြည့်တစ်ချက်တည်းဖြင့် ရှန်ရှင်း သိုင်းသမားသုံးယောက်၏ ဝိညာဉ်များပြင်းစွာ ဒဏ်ရာရရှိသွား၏။
အချိန်မီ မရှောင်တိမ်းနိုင်သော် ဝိညာဉ်တစ်ခုလုံးပင် ကြေမွှ ပျောက်ကွယ်သွား ပေလိမ့်မည်။
“ ဘာတွေဖြစ်နေတာလဲ။ ”
ရုတ်တရက် ဤပြောင်းလဲမှုသည် အပြင်းအထန် တိုက်ပွဲဝင်နေသော အခြားသူများ အပေါ် အံ့အားသင့်သွားကာ ခဏမျှ ရပ်တန့် သွားစေခဲ့သည်။
“ ဟမ့် ... ။ ”
မုရှီနှင့် လန်စုက စုရီနိုးထလာသဖြင့် စိတ်သက်သာရာ ရသွား၏။ လုထောင်လျူနှင့် လီစန်းမှာမူ ဒဏ်ရာရသွားသော အဖော်များထံ မျက်မှောင်ကြုတ် ကြည့်လိုက်တော့သည်။
***