← Chapters

အစ်ကိုကြီး၊ မင်း ... ဇီးသီးစားမလား။

Vol. 20 Ch. 232

အစ်ကိုကြီး၊ မင်း ... ဇီးသီးစားမလား။

Vol. 20 Ch. 232

ဤကမ္ဘာပေါ်ရှိ ရှန်ရှင်းသိုင်းသမားများ အားလုံးသည် စုရီ ရန်သူဖြစ်ရန် အရည်အချင်း မပြည့်မီတော့သည်ကို ဤတိုက်ပွဲက သက်သေပြနေသည်။

“ မင်းဒဏ်ရာ ဘယ်လိုနေသေးလဲ။ ”

စုရီက နင်စစ်ဟွာထံ လှည့်မေးသည်။

“ အဆင်ပြေပါတယ်၊ ပြင်ပဒဏ်ရာပဲ။ ”

နင်စစ်ဟွာ ပြုံးပြီး ပြန်ဖြေလိုက်၏။ ယင်းကြောင့် လန်စုမှ ကျောက်စိမ်းပုလင်းငယ် တစ်လုံး ထုတ်ယူပြီး၊

“ ညီမနင် ... ဒါက ပြင်ပဒဏ်ရာတွေကို ကုသရာမှာ အထူးသုံးဝင်တဲ့ ရေခဲနတ်ဝိညာဉ် အနာကျက် ဆေးမှုန့်ပဲ ...

... မင်းဒဏ်ရာတွေ ... အမာရွတ် မကျန်အောင် ‌ပျောက်ကင်းသွားလိမ့်မယ် ကျေးဇူးပြုပြီး မင်းအဝတ်တွေကို ချွတ်ပါ ငါလိမ်းပေးမယ်။ ”

-ဟု ပြောကြားလာတော့၏။

( လန်စု ... နင်ငါ့ကို လက်စားချေ နေတာလား။ )

နင်စစ်ဟွာက မျက်လုံးပြူးသွားသည်။ သူမအမူအရာကြောင့် လန်စုခမျာ တစ်စုံတစ်ရာ ပြန်သတိရလာပြီး မျက်နှာနီရဲသွားကာ၊

“ ညီမနင် ... ဘယ်သူမှ မရှိတဲ့အရပ်ကို အရင်သွားရအောင်။ ”

-ဟု ချက်ချင်း ပြင်ပြောလိုက်တော့သည်။

“ ဟမ့် ... ကျင့်ကြံသူတစ်ယောက်က ဒဏ်ရာကို ဆေးလိမ်းတာကို ဘာများ ရှက်နေ ကြတာလဲ။ ”

ထိုမြင်ကွင်းကို ဘေးမှ ရပ်ကြည့်နေမိသော မုရှီက နားမလည်နိုင်စွာ ခေါင်းယမ်းလိုက်သည်။ သည့်နောက် စုရီမပြောခင် အလိုက်တသိဖြင့် တိုက်ပွဲမြေပြင်ကို စတင်ရှင်းလင်းတော့၏။

တစ်ချိန်စုရီ၏ ခိုင်းစေမှုကြောင့် ဤတာဝန်အပေါ် စိတ်မသက်မသာ ခံစားရ သည်ကို မမေ့ချေ။

ထို့ကြောင့် ယင်းသို့ ထပ်မဖြစ်စေရန် အလိုက်တသိ လုပ်ဆောင်ပေးခြင်းသည်သာ အကောင်းဆုံးပေပင်။

စုရီက သန့်စင်ပြီးသော အလင်းတံခါး ကျားနဂါးဆေးပြားများကို ထုတ်ကြည့်လိုက် လေသည်။

အဂ္ဂိရတ် လုပ်ငန်းစဉ်အတွင်း အနှောင့်အယှက်များ ရှိခဲ့သဖြင့် အာနိသင် (၂၀%)ခန့် ဆုံးရှုံးခဲ့ရသည်။

အနီးကပ်ကြည့်သော် ဤဆေးလုံးသည် အဝိုင်းပုံ အစိမ်းရင့်ရောင် ကျောက်စိမ်းတုံးကဲ့သို့ ကြည်လင်ပြတ်သားပြီး အရည်ပြစ်ချေ၏။

မျက်နှာပြင်ပေါ်တွင် သေးငယ်သော အလင်းစက်ကိုးစက်ရှိနေပြီး ၎င်းတို့ထံမှ နဂါးနှင့် ကျားဟောက်သံများ ထုံမွှန်းနေသည်။

မူလတာအိုနယ်ပယ်အတွက် အဓိက လိုအပ်သော ဆေးပြားလေးမျိုးအဆင့် စာရင်း ဝင်၏။

မူလတာအိုလမ်းကြောင်းပေါ် ရောက်သောအခါ အုတ်မြစ် တည်ငြိမ်အောင် တည်ဆောက်ရာ၌ အသုံးပြုကြ၏။

စတုတ္ထတန်း ဝိညာဉ်ကျောက်တုံး ရာဂဏန်းနှင့် ညီမျှသည်။ အရိုင်းမြေကိုးပါး၌ပင် ဆန္ဒရှိသလို ဝယ်၍မရချေ။

အဘယ်ကြောင့်ဆိုသော် ဤဆေးပြားထုတ်ကုန်သည် ဆေးဂိုဏ်းမှ ချုပ်ကိုင်ထားသောကြောင့် ဖြစ်၏။

စုရွှမ်ကြွယ်ဘဝတွင် အဂ္ဂိရတ်ပညာ လေ့လာရန် ဆေးဂိုဏ်းသို့သွားရောက်ခဲ့ဖူးသည်။ ထိုခရီးစဉ်တွင် ဆေးဂိုဏ်းမှ စုဆောင်းထားသော လျှို့ဝှက် အဂ္ဂိရတ်သန့်စင်နည်း (၇၂)ပါးကို ကြည့်ရှုခွင့် ရခဲ့သည်။

အဂ္ဂိရတ်ဂိုဏ်း တည်ထောင်သူ ဆေးဧကရာဇ်မှ ဤအလင်းတံခါး ကျားနဂါး ဆေးပြား သန့်စင်နည်းကို သင်ကြားပေးခဲ့၏။

“ ဝင်္ကပါစွမ်းအားကို မထိန်းချုပ်နိုင်ရင် ဒီဆေးပြားကို လက်ရှိခွန်အားနဲ့ ငါသန့်စင်နိုင်မှာ မဟုတ်ဘူး။ ”

အလင်းတံခါးကျားနဂါး ဆေးပြားကို ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် ကျေနပ်စွာ မှတ်ချက်ပေးလိုက်တော့၏။

သူ့ပိုင် ဆေးဘက်ဝင် ပစ္စည်းများ၏ (၈၀%)နီးပါး သုံးစွဲခဲ့ပြီးနောက် ဆေးပြား (၄၈) ပြားသာ ရရှိခဲ့သည်။

များမကြာမီ နင်စစ်ဟွာနှင့် လန်စုတို့ ပြန်ရောက်လာသည်။ မုရှီက ဝိညာဉ်ရေးဆေး အမျိုးအစား (၃၀)ကျော်၊ ဝိညာဉ်ကျောက်တုံး (၃၀၀)ကျော်အပြင်၊ ကျောက်စိမ်း အဆောင် ရတနာများကို သယ်ဆောင်လာ၏။

ထိုအရင်းအမြစ်ပုံကြီးကို ကြည့်ပြီး စုရီက၊

“ အဆင့်(၄)နဲ့ ... အထက် ဝိညာဉ် ကျောက်တုံးတွေကိုပဲ ငါ့ကိုပေးပါ ကျန်တာကို မင်းတို့ခွဲယူလိုက်။ ”

-ဟု ပြောကြားလိုက်သည်။

မည်သူမျှ ငြင်းဆန်ခြင်း မပြုချေ။ စတုတ္ထအဆင့် ဝိညာဉ်ကျောက်တုံး (၅၀)နှင့် ရှားပါးသော ပဉ္စမအဆင့် ဝိညာဉ်ကျောက်တုံး (၂)လုံးကို စုရီထံ ပေးအပ်လိုက်ကြသည်။

ထို့နောက် အလင်းတံခါးကိုးပါး ကျားနဂါးဆေးပြား (၁၂)ပြားစီကို စုရီက ဝေငှပေးသည်။

ဤဆေးပြားသည် မဟာကျိုးတွင် ရှားပါးရတနာဖြစ်၏။ တစ်ယောက်ကို (၁၂)ပြား ရရှိခြင်းသည် ယုံနိုင်စရာ မရှိချေ။

“ တာအိုမိတ်ဆွေ ဒီဆေးပြားက အရမ်းတန်ဖိုးကြီးတယ် ... ငါတို့ တစ်ပြားစီပဲ ယူပြီး ကျန်တာ ... ။ ”

နင်စစ်ဟွာက ငြင်းဆန်ရန် ပြင်နေစဉ် စုရီမှလက်ဝှေ့ယမ်းပြပြီး၊

“ ငါတို့ အညီအမျှ ခွဲသင့်တယ် ... ဒါက ဆေးပြားနည်းနည်းပဲ ရှိပါသေးတယ် ဘာမှ မဟုတ်ပါဘူး။ ”

-ဟု ပြောကြားလိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် နင်စစ်ဟွာနှင့် အဖွဲ့မှာ အချင်းချင်း ပြန်ကြည့်မိ၏။ ကြွယ်ဝလွန်းသော လန်စုသည်ပင် သက်ပြင်းချမိသည်။

“ ချမ်းသာတယ်ဆိုတာ ဒါလား ... ။ ”

စုရီနှင့် နှိုင်းယှဉ်ပါက သူမခန္ဓာကိုယ်ရှိ ရတနာများအားလုံးသည် သကြားလုံးများမျှသာ ဖြစ်နေချေပြီ။

“ သွားရအောင်၊ ဒီနေရာကနေ အရင် ထွက်ရမယ်။ ”

စုရီမှ မတ်တပ်ထရပ်လိုက်သည်။ ချက်ခြင်းပင် ဝင်္ကပါသည် မူလလမ်းကြောင်း အတိုင်း လမ်းဖွင့်ပေးခဲ့၏။

မြေအောက်ကမ္ဘာမှ မထွက်ခွာခင် သွေးနတ်ဆိုးတောင်တန်းကဲ့သို့ အာကာသ အတားအဆီးကို ချိပ်ပိတ်ပစ်ခဲ့သည်။

သုံးနှစ်အတွင်း မည်သူမဆို ဤအာကာသအတားအဆီးကို ဖြတ်ကျော်ပြီး ဆင်းသက် လာနိုင်တော့မည် မဟုတ်ချေ။

***

ရွှေမိုးမခမြို့။

စားသောက်ဆိုင်တစ်ခုတွင် စုရီနှင့် အပေါင်းအဖော်များသည် အရသာရှိသော စားဖွယ်များကို မှာကြားလျက် စကားစမြည် ပြောနေခဲ့ကြသည်။

စားသောက်ပြီးနောက် စုရီက ကျောက်စိမ်းပြား အလွတ်ကို ထုတ်ယူကာ စာအနည်းငယ် ရေးသားခဲ့သည်။

လက်ရှိအချိန်၌ နတ်အာရုံကို ပိုင်ဆိုင် နေပြီဖြစ်ရာ ကျောက်စိမ်းပြားတွင် စကားလုံး အချို့ ရေးသားရန် မခက်ခဲချေ။

ထို့နောက် နင်စစ်ဟွာကို လွှဲပေးပြီး၊

“ ဒါက အခွင့်အရေး တစ်ထောင် ပေါင်းစည်းခြင်းလို့ခေါ်တဲ့ ဝိညာဉ်ကျင့်ကြံတဲ့ နည်းစနစ်ပဲ ...

... သိပ်အစွမ်းထက်လှတာ မဟုတ်ပေမယ့် အနာဂါတ်မှာ မူလတာအိုနယ်ပယ်ကို ရောက်ဖို့ အထောက်အကူ ရလိမ့်မယ်။ ”

“ ဟမ့် ... မင်းငါ့ရဲ့ အတားအဆီးကို မင်းမြင်ခဲ့တာလား တာအိုမိတ်ဆွေ။ ”

နင်စစ်ဟွာက အံ့အားသင့်သွား၏။ စုရီမှ ခေါင်းညိတ်ပြပြီး၊

“ အဲဒီလို ပြောလို့ရပါတယ်။ ”

-ဟု တုန့်ပြန်သည်။

မြေအောက်ကမ္ဘာတွင် ရှိစဉ် သူမ ခန္ဓာကိုယ်ထဲ၌ ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိကြောင်း စုရီ သိခဲ့၏။

သူမဝိညာဉ်သည် အလွန်သိမ်မွေ့ပြီး အစွမ်းထက်ကာ ပိတ်ဆို့မှု ကြုံနေရကြောင်း ကိုလည်း နားလည်ခဲ့သည်။

“ မင်းရဲ့ သွန်သင်မှုအတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”

အသက်ပြင်းပြင်းရှူလျက် နင်စစ်ဟွာက ကျောက်စိမ်းပြားကို စစ်ဆေးလိုက်တော့သည်။ ဝါကျအချို့ကို ဖတ်ကြည့်ပြီးနောက် အံ့အားသင့် သွားကာ စိတ်ဝိညာဉ်တစ်ခုလုံး တုန်ရင် လာခဲ့၏။

ယင်းသည် ဝိညာဉ် သန့်စင်ရန် ထိပ်တန်း နည်းစနစ်တစ်ရပ်ဖြစ်ပြီး စုရီပြောနေသကဲ့သို့ သာမာန်မဟုတ်လှချေ။

အချိန်အတော်ကြာပြီးနောက် အသက်ပြင်းပြင်းရှူကာ တစ်စုံတစ်ရာကို ပြောကြားရန် ပြင်လိုက်၏။

“ တာအိုမိတ်ဆွေ ... ငါ … ”

“ ကျေးဇူးတင် စကားဆိုရင် ပြောနေဖို့ မလိုပါဘူး။ ”

စုရီက လက်ပြလိုက်၏။ ထို့နောက် မုရှီအတွက် ကျောက်စိမ်းပြားတစ်ချပ် ထပ်ရေး ပေးပြန်သည်။

“ သွေးကျောက်စိမ်းဆွဲသီးထဲက စွမ်းအားတွေမှာ ကျင့်ကြံမှုအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ လုံလောက်ပါလိမ့်မယ် ...

... ဒါပေမယ့် မင်းရဲ့ စွမ်းအင်ကျင့်ကြံမှု နည်းစနစ်က သာမန်ဆန်လွန်းတော့ တိုးတက်ဖို့ နေရာမရှိဘူး ...

... အခု ငါပေးလိုက်တာ တာအိုဂိုဏ်းရဲ့ အမွေပဲ ... ဉာဏ်အလင်းသုတ္တန်လို့ ခေါ်တယ် မင်းရဲ့ခန္ဓာကိုယ်ကို မာကြောစေပြီး ... ဝိညာဉ် အပေါ် သန့်စင်ပေးလိမ့်မယ်။ ”

မုရှီတစ်ယောက် အလွန် စိတ်လှုပ်ရှားလာခဲ့ပြီး ပျော်ရွှင်မှုကို ဖုံးကွယ်ရန် ခဲယဉ်းနေတော့သည်။ နင်စစ်ဟွာကို ပေးစဉ်က သူ မနာလိုမိချေ။

ထို့ကြောင့် စုရီမှ ယခုကဲ့သို့ ပေးအပ်လာသောအခါ အတိုင်းမသိ ရွှင်မြူးလာ ခဲ့မိသည်။

“ ဆရာစု၊ ငါ့အတွက် မပါဘူးလား။ ”

လန်စုက အလိုမကျစွာဖြင့် မေးမြန်းတော့သည်။ သို့သော် စုရီမှ ချက်ချင်း ခေါင်းရမ်းလျက်၊

“ မင်းအတွက် ဘာနည်းစနစ်မှ မရှိဘူး မင်းလုပ်ရမှာက ... မင်းရဲ့ စိတ်နေစိတ်ထားကို ပြင်ဖို့ပဲ ...

... ပြင်ပအရာတွေကို အားကိုးတတ်တဲ့ အလေ့အထကို စွန့်လွှတ်နိုင်ခဲ့ရင် မင်းကျင့်ကြံမှု ခုန်ပျံကျော်လွှားသွားလိမ့်မယ်။ ”

“ ဟမ့် ... ဒါက အရမ်းခက်တယ်၊ ဒီရတနာတွေကို ငါမလိုချင်ဘူး ပြောတာတောင် အိမ်မှာရှိတဲ့ လူကြီးတွေက လုံးဝ သဘောတူမှာ မဟုတ်ဘူး။ ”

သူမစကားကြောင့် လူတိုင်း ပြုံးရယ်လိုက်မိကြသည်။ များမကြာခင် စုရီက လူတိုင်းကို နှုတ်ဆက်လိုက်၏။

“ ဒီမှာပဲ လမ်းခွဲရအောင်။ ”

“ တစ်ယောက်တည်း သွားချင်တာလား။ ”

နင်စစ်ဟွာက တုန့်ဆိုင်းစွာမေးသည်။

“ စုမိသားစုနဲ့ ငါ့ကြားက ကံကြမ္မာကို ဖြတ်သင့်ပြီ ... မင်းတို့ကြောင့် နှောင်ကြိုးတွေ ထပ်မလိုချင်ဘူး နှုတ်ဆက်ပါတယ်။ ”

စကားဆုံးသည်နှင့် ထိုင်ရာမှ ထကာ လေထဲပျံသန်း သွားတော့သည်။ လန်စုခမျာ ပျောက်ကွယ်သွားသော စုရီဦးတည်ရာ အရပ်ထံ မျှော်ကြည့်လျက်၊

“ တကယ်ပဲ ဒီလိုမျိုး ထွက်သွားတာလား ... ။ ”

-ဟု လွမ်းဆွတ်စွာ ညည်းတွား လိုက်တော့သည်။

နင်စစ်ဟွာနှင့် မုရှီက ကျောက်စိမ်းပြား ကိုယ်စီကိုင်ပြီး တိတ်ဆိတ်နေခဲ့သည်။ သူမကို တုန့်ပြန်ခြင်း မပြုချေ။

***

ဧပြီလ (၉)ရက်နေ့တွင် နံနက်ခင်း အချိန်အခါသမယ၌ လမ်းဘေး လက်ဖက်ရည် ဆိုင်တစ်ဆိုင်အတွင်း စုရီတစ်ယောက် မနက်စာစားနေခဲ့သည်။

“ အစ်ကိုကြီး၊ မင်းဇီးသီးစားချင်လား။ ”

ရုတ်တရက် တိုးဖျော့သော မေးမြန်းသံ နှင့်အတူ ကျစ်ဆံမြီးကျစ်ထားသည့် အသက်(၅) နှစ်အရွယ်ခန့် ကလေးမလေးတစ်ယောက် စုရီအနား ရောက်ရှိလာတော့သည်။

***

All Chapters