မိတ်ဆွေဟောင်း ... ။
Vol. 20 Ch. 233
လက်ဖက်ရည်ဆိုင်သည် လမ်းမကြီးနှင့် အဝေးတွင် တည်ရှိပြီး စုရီအပြင် အနားယူနေ ကြသည့် လူဆယ်ဦးကျော် ပြန့်ကျဲနေ၏။
ကလေးမလေးက ကျစ်မြီးနှင့် ချစ်စရာ ကောင်းသော်လည်း စုရီက ကြင်နာခြင်းမရှိချေ။
“ ထွက်သွား ... ။ ”
-ဟု မောင်းထုတ်လိုက်သည်။
သူ့သဘောထားသည် အေးစက်ပြီး ရင့်သည်းလွန်းသဖြင့် ထိုကလေးမလေးသည် ခဏမျှ အံ့အားသင့်သွားကာ၊
“ အစ်ကိုကြီး၊ ငါမင်းကို ... ဇီးသီးကျွေးနေတာပါ ... ဘာလို့ ဒေါသထွက် နေရတာလဲ။ ”
-ဟု ပြန်လည်မေးမြန်းလိုက်၏။
စုရီက မကျေမနပ်ဖြစ်လာပြီး မျက်ခုံးပင့်လိုက်သည်။ ထိုအချိန်တွင် လှပသော အမျိုးသမီးတစ်ဦး အမြန် ရောက်ရှိလာကာ ကလေးမလေးကို ပွေ့ဖက်လျက်၊
“ ကောင်မလေး ... မရှုပ်နဲ့။ ”
-ဟု ဆုံးမလေသည်။
ထို့နောက် စုရီထံမော့ကြည့်ပြီး၊
“ ကလေးက ... မသိနားမလည်လို့ ကျေးဇူးပြုပြီး ... မင်းသူ့ကို အပြစ် မမြင်ပါနဲ့ သခင်လေး။ ”
စုရီက တုန့်ပြန်ခြင်း မပြုချေ။ ထို့ကြောင့် အမျိုးသမီးအပြုံးသည် အနည်းငယ် အေးခဲပြီး အခြားသော စားပွဲဝိုင်းတွင် ထိုင်နေသည့် လူနှစ်ယောက်ထံ လှမ်းကြည့်ကာ လှည့်ထွက်သွားတော့၏။
“ အဟွတ် ... အဟွတ် ... ။ ”
ထိုနေရာတွင် မကျန်းမမာဖြစ်နေသော မီးခိုးရောင်ဝတ် လူငယ်နှင့် တာအိုဝတ်ရုံဝတ် အဖိုးအိုတစ်ဦး ကျောခိုင်းထိုင်နေသည်။
ထိုလူငယ်သည် အခြားအရာများကို ဂရုမစိုက်ဟန်ဖြင့် လက်ဖက်ရည် တိတ်တဆိတ် သောက်နေ၏။
သို့သော် အဖိုးအိုသည် အမျိုးသမီးနှင့် ကလေးမလေး ပြန်လာသည်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လျက် အဆုံးတွင် ထရပ်လိုက်ပြီး စုရီစားပွဲဆီသို့ တည့်တည့် လျှောက်လှမ်းလာခဲ့သည်။
“ သခင်လေး၊ မင်းအဖြူရောင်မြို့တော်ကို သွားဖို့ စိတ်ကူးရှိလား။ ”
အင်ပါယာမြို့တော် ကဲ့သို့ပင် အဖြူရောင်မြို့တော်သည် အဖြူရောင် ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ဤအရပ်မှ မိုင်တစ်ရာအကွာတွင် တည်ရှိ၏။
စုရီက လက်ဖက်ရည်ဆိုင်ရှိ အခြားသောလူများထံ ဝေ့ကြည့်ကာ အဆုံးတွင် အဘိုးအိုထံ တည့်တည့် ပြန်ကြည့်လျက်၊
“ မင်းတို့ဒီမှာ ဘာလုပ်နေတာလဲ ငါစိတ်မဝင်စားဘူး ... ဒါကြောင့် မင်းငါ့ကို မနှောင့်ယှက်နဲ့ ... ။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထိုနောက် အကြည့်ကို ရုတ်လိုက်ပြီး နှင်းကဲ့သို့ ဖြူဖွေးကြည်လင်သော ဂျင်ဆင်းကို ထုတ်ယူကာ ဝါးစားလိုက်သည်။
ဤအရာသည် အလွန် အရသာရှိပြီး ချိုမြိန်သည်။ တာအို ဝတ်ရုံဝတ် အဘိုးအိုခမျာ မျက်ခုံးပင့်သွားမိ၏။
တစ်စုံတစ်ဦးသည် စတုတ္ထတန်း နှင်းဂျင်ဆင်းကို မုန်လာဥဖြူကဲ့သို့ စားသုံးနိုင် နေသည်လော။
ထို့ကြောင့် အမူအရာ အနည်းငယ် လေးနက်လျက် တစ်ခဏမျှ တိတ်ဆိတ်သွား ပြီးနောက် မတ်တတ်ထရပ်ကာ၊
“ မင်းကို အနှောက်အယှက်ပေးမိလို့ ခွင့်လွှတ်ပါ သခင်လေး။ ”
-ဟု ဆိုပြီး အနည်းငယ် ဦးညွှတ်ပြကာ မူလထိုင်ခုံသို့ ပြန်လျှောက်သွားတော့သည်။ သူ ပြန်ရောက်လာသည်နှင့် မီးခိုးရောင်ဝတ် လူငယ်မှ ခေါင်းခါပြကာ၊
“ အသက်ကြီးလာလေ ရဲရင့်မှု မရှိတော့လေလေပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
အဖိုးအိုက မျက်မှောင်ကြုတ်ပြီး၊
“ အသက်ရှည်ချင်ရင် သတိထားရမယ် သတ္တိရှိဖို့ထက် ... လုံခြုံဖို့က ပိုအရေးကြီးတယ် ဒီအချိန်မှာ ဒုက္ခကိုရှောင်တာ အကောင်းဆုံးပဲ။ ”
-ဟု တိုးတိုးလေး ပြန်ပြော၏။
“ ဒီကောင်လေးရဲ့ အချက်အလက်တွေကို မသိရင် ဘယ်လိုလုပ် စိတ်သက်သာရာရမှာလဲ အဟွတ် ... အဟွတ် ... မေ့လိုက်ပါ။ ”
မီးခိုးရောင်ဝတ် လူငယ်က ချောင်းတဟွတ်ဟွတ်ဆိုးလျက် ဖြည်းညှင်းစွာ ထရပ်ပြီး ဆိုင်အတွင်းဝေ့ကြည့်ကာ၊
“ မိတ်ဆွေတို့ ငါရှင်းရှင်းပဲ ပြောမယ် ... ငါတို့က အမိန့်အရ ရန်သူကို ... စောင့်နေတာပါ ဖြစ်နိုင်ရင် မင်းတို့အားလုံး ဒီကနေ အမြန်ဆုံး ထွက်သွားစေချင်ပါတယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
ထိုစကားကြောင့် လက်ဖက်ရည်ဆိုင် အတွင်းရှိ လူအများ၏ မျက်နှာများ ပြောင်းလဲ သွားကာ မတ်တပ်ထရပ်လျက် အလျင်စလို ထွက်ခွာသွားကြ၏။
လက်ဖက်ရည်ဆိုင် ပိုင်ရှင်သည်ပင် တုန်လှုပ်ခြောက်ခြားကာ တချိုးတည်းလစ်ပြေး လေသည်။
များကြာခင် လက်ဖက်ရည်ဆိုင် အတွင်း မီးခိုးရောင်၀တ်လူငယ်၊ အဖိုးအို၊ ကလေးမလေး၊ အမျိုးသမီး၊ စုရီနှင့် ဝါးဦးထုပ်ဆောင်းထားသော လူတစ်ယောက်သာ ကျန်ရစ်တော့၏။
မီးခိုးရောင်၀တ် လူငယ်က ဝါးဦးထုပ် ဆောင်းထားသည့် လူထံကြည့်ပြီး အနည်းငယ် အံ့သြသွားကာ၊
“ မြင်ပြီလား ... ၊ ဒီမှာ ပြဿနာရှိနိုင်တဲ့ လူတစ်ယောက်ထက်မက ရှိနေတယ်။ ”
-ဟု အဖိုးအိုကို လှည့်ကာ ပြောကြားလိုက်သည်။
တာအိုဝတ်ရုံဝတ် အဘိုးအို၊ လှပသော အမျိုးသမီးနှင့် ကလေးမလေးတို့သည် ဝါးဦးထုပ် ဆောင်းလျက် ကျောပေးထိုင်နေသော လူကို စိုက်ကြည့်လိုက်ကြ၏။
“ ဒုန်း ... ဒုန်း ... ။ ”
ထိုအချိန်တွင် ရထားလုံးတစ်စင်း အပြင်းမောင်းနှင်းလာသည်ကို မြင်နေရသည်။ ရထားမောင်းသမားသည် ဆံပင်များ ရှုပ်ပွ နေသည့် လူလတ်ပိုင်းတစ်ဦး ဖြစ်၏။
လက်ဖက်ရည်ဆိုင်ရှေ့ ရောက်ရှိ လာသောအခါ ၎င်းက မြင်းဇက်ကြိုးဆွဲလျက် ချက်ချင်း ရပ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် မီးခိုးရောင်ဝတ် လူငယ်၊ တာအိုဝတ်ရုံဝတ် အဘိုးအို၊ လှပသော အမျိုးသမီးနှင့် ဆံမြီးကျစ်ထားသော ကလေးမ တို့သည် ရောင်ဝါများ တဟုန်ထိုး တက်လာခဲ့ကြ၏။
အံ့သြစရာ ကောင်းသည်မှာ ကျစ်ဆံမြီး ကျစ်ထားသော ငါးနှစ်အရွယ် ကလေးမလေး ပေပင်။ ၎င်းရောင်ဝါသည် သူတို့သုံးယောက် အတွင်း အသန်မာဆုံးဖြစ်နေ၏။
အပြစ်ကင်းစင်သော သူမမျက်နှာသည် သွေးဆာနေသော လူသတ်ရန် ရည်ရွယ်ချက် များဖြင့် ပြည့်နှက်နေခဲ့သည်။
“ ရှားယွမ်ရှန် ... မင်းမလွတ်နိုင်ပါဘူး၊ ဒီကနေမိုင်(၃၀)ဧရိယာအတွင်း ငါတို့တွေအပြင် တခြားအဖွဲ့ ခုနစ်ဖွဲ့ရှိတယ် ...
... မင်းကို အလွယ်တကူ ဖမ်းနိုင်တဲ့ သန်မာသူတစ်ဦးစီ အင်အားအလုံအလောက်နဲ့ စောင့်ကြပ်နေတယ်။ ”
တာအိုဝတ်ရုံနှင့် အဘိုးအိုက စကားပြောလျက် စတုတ္ထအဆင့် မဟာသခင်၏ ရောင်ဝါကို လွှမ်းခြုံထားသည်။
မီးခိုးရောင်ဝတ် လူငယ်မှ ပြုံးပြီး၊
“ ရထားပေါ်မှာ ပါလာတဲ့ လူက မင်းရဲ့သခင်မလေး မဟုတ်လား ... အဟွတ် ... အဟွတ် ... ။ ”
ကျစ်ဆံမြီးကျစ်ထားသော ကလေးမလေးသည် မီးခိုးရောင်ဝတ် လူငယ်နှင့် တာအိုဝတ်ရုံဝတ် အဘိုးအိုထံ လှမ်းကြည့်ကာ စိတ်မရှည် ဖြစ်လာသည်။
“ အချိန်ဖြုန်းမနေနဲ့ ... ။ ”
“ အဟွတ် အဟွတ် ... ။ ”
ကလေးမလေး စကားကြောင့် မီးခိုးရောင်ဝတ် လူငယ်၏ အပြုံးများ အေးခဲ လာပြီး ဓားရှည်တစ်လက်ကို ဆွဲထုတ် လိုက်တော့သည်။
“ ချွင် ... ။ ”
ဓားသည် နှင်းကဲ့သို့ အေးစက်ပြီး ပြိုးပြိုးပြက်ပြက် အလင်းရောင်များ ဖြာထွက် နေခဲ့၏။ စုရီက ဂျင်းဆင်းစားပြီး လူတိုင်းကို လျစ်လျူရှုထားဆဲဖြစ်သည်။
“ အဖိုးကြီးရှား ... မင်းဆက်သွားပါ။ ”
ထိုအချိန်တွင် တစ်ချိန်လုံး ကျောပေးထိုင်နေသော ဝါးဦးထုပ်ဆောင်း အမျိုးသားက ထရပ်ကာ ရထားလုံး မောင်းသမားထံ စကားလှမ်းပြောသည်။
သည့်နောက် မီးခိုးရောင်ဝတ် လူငယ်နှင့် ၎င်းအဖွဲ့ထံ ပြန်ကြည့်ကာ၊
“ မင်းတို့ရဲ့ ပြိုင်ဘက်က ငါပဲ။ ”
-ဟု ပြောကြားလိုက်၏။
“ ဘောင်း ... ။ ”
စကားဆုံးသည်နှင့် ပိန်လှီနေသော ခန္ဓာကိုယ်သည် စွမ်းအင်များဖြင့် ဖောင်းကား လာပြီး ဝါးဦးထုပ် ပေါက်ကွဲသွားတော့သည်။
သူ့လက်ထဲတွင် ရှည်လျားသော ဓားတစ်လက် ပေါ်လာသည်။
“ ဖေးယွင်တု ... ။ ”
ဦးထုပ်အောက်မှ ထွက်ပေါ်လာသော အမျိုးသားကို မြင်ချိန်၌ မီးခိုးရောင်ဝတ် လူငယ် မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။
အဘိုးကြီးနှင့် သူ့ပတ်ဝန်းကျင်ရှိ အခြားသူများ သည်လည်း မျက်နှာများ ပျက်ယွင်းကုန်တော့သည်။
ဤသည်မှာ အဖြူရောင် ပြည်နယ်ရှိ ရှန်ရှင်းအဆင့် ထိပ်တန်းငါးဦးအတွင်း၌ အဆင့် သတ်မှတ်ခံထားရသည့် ဓားသမား ဖြစ်သည်။
ကျင့်ကြံမှုသည် မူလတာအိုနယ်ပယ်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းမျှသာ ကွာဝေး၏။
“ ဖေးယွင်တု ... မင်းဒီကိစ္စမှာ ပါဝင်ချင်တာသေချာလား အကျိုးဆက်ကို မကြောက်ဘူးလား။ ”
တာအိုဝတ်ရုံဝတ် အဖိုးအိုခမျာ လေးနက်သော အမူအရာမျိုးဖြင့် သတိကြီးစွာ မေးမြန်းလိုက်သည်။
“ ငါကြောက်ရင် မလာဘူး ... အဖိုးကြီးရှား ထွက်သွားပါ ... ဘယ်သူ အရင်သေချင်လဲဆိုတာ ငါကြည့်မယ်။ ”
“ ကျေးဇူးတင်ပါတယ် ဆရာဖေး။ ”
ရှားယွမ်ရှန့်မှ လေးနက်စွာဖြင့် အရိုအသေပေးလိုက်သည်။ သို့သော် ရထားလုံး မောင်းထွက်ခါနီးအချိန်တွင် အဝေးမှ လူရိပ် တစ်ရိပ်ပျံသန်းလာ၏။
“ ဒီမှာ ... အရမ်း မာနကြီးပြနေတာ ... ဘယ်သူလဲလို့ ငါတွေးခဲ့တာ ... အဲဒါ မင်းပဲလေ မြေခွေးအိုကြီး ... ။ ”
မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေသော လှောင်ပြောင်သံ ပဲ့တင်ထပ်လာကာ အမျိုးသား တစ်ဦး မြေပြင်ပေါ် ဆင်းသက်လာချေပြီ။
ချောမောသော မျက်နှာနှင့် ခါးတွင် အဖိုးတန်ပုလဲများ အလှဆင်ထားသော ဓားအိမ် တစ်လက် ချိတ်ဆွဲထား၏။
ထိုလူကိုမြင်ချိန်၌ မီးခိုးရောင်ဝတ် လူငယ်အပါအဝင် အခြားလူများ အားလုံးက ရွှင်မြူးသွားကာ၊
“ မင်္ဂလာပါ ဆရာဝမ် ... ။ ”
-ဟု တပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြ၏။
ဝမ်ချင်းချွီဟူသည် အဖြူရောင်မြို့တော်ရှိ အင်အားအကြီးမားဆုံးသော မြေအောက်ဂိုဏ်း ခေါင်းဆောင် ပဉ္စမအဆင့် မဟာသခင် ဖြစ်သည်။
ဖေးယွင်တုမှ မျက်မှောင်ကြုတ်ကာ ရထားလုံးမောင်းသမား ရှားယွမ်ရှန့်သည်လည်း မှုန်ကုပ်ကုပ် ဖြစ်သွား၏။
“ အဘိုးကြီးဖေးယွင်တုကို ... ငါ ရင်ဆိုင်လိုက်မယ် ရှားယွမ်ရှန့်ကို မင်းရင်ဆိုင်ပါ ရထားပေါ်က မိန်းကလေးကို လုံးဝ မနာကျင်စေနဲ့။ ”
ဝမ်ချင်းချွီမှ ပြိုင်ဘက်များ သတ်မှတ် ပေးလိုက်သည်။ မီးခိုးရောင်ဝတ် လူငယ်လေးမှ ခေါင်းညိတ်သဘောတူ၏။
ထိုစဉ် ဝမ်ချင်းချွီ အကြည့်သည် ကျောက်စိမ်းရောင်ဝတ်စုံနှင့် လက်ဖက်ရည် ထိုင်သောက်နေသော လူငယ်တစ်ဦးထံ ကျရောက်သွားသည်။
၎င်းအကြည့်ကြောင့် မီးခိုးရောင်ဝတ် လူငယ်မှ အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက်၊
“ ခရီးသွားပါ ... ။”
-ဟု ရှင်းပြလိုက်သည်။
စုရီ၏ မူလကို သူ မသိချေ။ ထိုစဉ် စုရီမှ ထရပ်ကာ၊
“ သူ မှန်တယ် ... ငါက ခရီးသွားပဲ ပတ်သက်ဖို့ ရည်ရွယ်ချက်မရှိဘူး ငါထွက်သွား ပြီးရင် ... မင်းတို့ ရန်ဖြစ်နိုင်တယ်။ ”
-ဟု ပြောကြားလျက် လက်နှစ်ဖက် နောက်ပို့ကာ ထွက်ခွာသွားတော့သည်။
ထိုမြင်ကွင်းက ဝမ်ချင်းချွီနှင့် မီးခိုးရောင်ဝတ်လူငယ်ကို မျက်ခုံးပင့်မိစေခဲ့၏။ ဤအခြေအနေမျိုးတွင် သာမန်လူတစ်ယောက် ဆိုသော် ကြောက်ရွံ့နေပေလိမ့်မည်။
ဝမ်ချင်းချွီ အနည်းငယ် အလိုမကျ ဖြစ်လာခဲ့သည်။ သို့သော် အပိုဒုက္ခများ မလိုချင် သဖြင့် သွားခွင့်ပြုလိုက်၏။
ဖေးယွင်တုက စုရီထံ လှမ်းကြည့်သည်။ အစောပိုင်းတွင် ရန်သူအတွက် ကူညီသူအဖြစ် ယူဆခဲ့သည်။
ယခုမူ ပန်းချီကားအတွင်း ရုတ်တရက်ပေါ်လာသော လိုက်ဖက်မှုမရှိသည့် ဇာတ်ကောင်ဖြစ်နေ၏။
စုရီမှ ထိုအရာများကို ဂရုမစိုက်ချေ။ တည်ငြိမ်စွာဖြင့် ရထားလုံးဘေးမှ ဖြတ်သန်း သွားတော့သည်။
“ ဆရာ ... ဆရာစု။ ”
သို့သော် အနည်းငယ် အံ့သြသွားပြီး စိတ်လှုပ်ရှားနေသော အသံတစ်သံက ရထားလုံး အတွင်းမှ ထွက်ပေါ်လာ၏။
***