အကြောင်းရင်းများ။
Vol. 20 Ch. 234
အသံနှင့်အတူ ရထားလုံး ကန့်လန့်ကာ လုံးလုံးပွင့်လာပြီး အံ့အားသင့်နေသည့် မျက်နှာ တစ်ခု ပေါ်လွင်လာ၏။
စုရီက ရပ်လိုက်ကာ ခေါင်းပြန် လှည့်ကြည့်လိုက်ပြီး သူသည်လည်း အံ့သြသွား တော့သည်။
“ မင်း ... ဘာဖြစ်နေတာလဲ။ ”
ရထားပေါ်ရှိ အမျိုးသမီးအမည်မှာ ရှောင်ဇီကျင်းဖြစ်ပြီး ကျောက်စိမ်းဝိညာဉ် မိန်းကလေးအဖြစ် လူသိများ၏။
မိုးပြာ မြစ်ကမ်းနဘေးတွင် အလောင်းကောင်အဆိပ်ကြောင့် အဖိုးအို ရှောင်တျန်းချွယ်နှင့်အတူ ဆုံဖူးသည်။
ရှောင်မိသားစု၏ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်ကိုပင် ပြန်လည် ပြုပြင်ပေးဖူးခဲ့၏။ ရုတ်တရက် စုရီက လန်လင်ရှောင်မိသားစုသည် အဖြူရောင် ပြည်နယ်တွင် နေထိုင်ကြောင်း သတိရလာသည်။
“ ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး။ ”
ဇီကျင်းမှ ရွှင်လန်းမှုအပြည့်ဖြင့် ပြောသည်။ သို့သော် တစ်စုံတစ်ရာအပေါ် ပြန်သတိရလာပြီး မျက်နှာ ပျက်ယွင်းသွားကာ၊
“ ကျေးဇူးပြုပြီး ထွက်သွားပါ ဆရာစု အခွင့်အရေးရရင် ငါတို့ ပြန်ဆုံကြမယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဘာလို့ နောက်မှ ပြန်ဆုံရမှာလဲ ... ဒီလိုကြက်တွေနဲ့ ... ခွေးတွေကြောင့် ငါတို့ရဲ့ စကားဝိုင်းကို မထိခိုက်ပါဘူး။ ”
စုရီက အဝေးမှ လူအုပ်ကို ပြန်ကြည့်ကာ ဖြေသည်။ ထိုစကားကြောင့် ရထားမောင်းသမား ရှားယွမ်ရှန့်က မျက်ခုံးပင့်လိုက်မိ၏။
ဤလူငယ်သည် အမှန်ပင် မောက်မာ လွန်းချေပြီ။ ထို့ကြောင့် သက်ပြင်းချ လိုက်ပြီး၊
“ သခင်လေး ... မင်းက အခြေအနေကို ရှင်းရှင်းလင်းလင်း မသိသေးဘူး ... မိန်းကလေး ပြောတာကို နားထောင်သင့်တယ် မြန်မြန် ထွက်သွားပါ ... တိုက်ပွဲဖြစ်ရင် မင်းကို ငါကာကွယ်နိုင်မှာ မဟုတ်ဘူး။ ”
-ဟု သတိပေး ပြောကြားမိ၏။
သူ့မျက်လုံးထဲတွင် စုရီသည် ကမ္ဘာကြီးအကြောင်း မသိသေးသော သခင်လေး တစ်ယောက်မျှသာ ဖြစ်သည်။
“ မှန်တယ် ... ဆရာစု ... မင်းအမြန်ဆုံး ထွက်သွားသင့်တယ် ... နောင်မှာ ငါတို့ ထပ်ဆုံ ကြရအောင်။ ”
ဇီကျင်းသည်လည်း စိုးရိမ်နေသည်။ တစ်ဖက်လူသည် မဟာသခင်များကို သတ်ပစ် နိုင်သည့် ခွန်အားရှိသည်ကို ကြားသိထား၏။
သို့သော် အဖြူရောင် ပြည်နယ်ရှိ မဟာသခင်များသည် မည်မျှသန်မာသည်ကို အပြင်လူများ မသိနိုင်ချေ။ ဝမ်ချင်းချွီက အေးစက်သော အသွင်ဖြင့်၊
“ မင်း ... အခုထွက်သွားချင်ရင်တောင် နောက်ကျသွားပြီ။ ”
-ဟု ပြောကြားလာတော့၏။
စုရီနှင့် ဇီကျင်းတို့ကြား စကား ပြောဆိုမှုများကို သူ ကြားသည်။ ထို့ကြောင့် လူသတ်ချင်စိတ်များ ပေါက်ဖွားလာ၏။
“ အဟွတ် ... အဟွတ် ... ဒီကောင်လေးမှာ တစ်ခုခု မှားနေတယ်။ ”
မီးခိုးရောင် ၀တ်စုံဝတ်ထားသည့် လူငယ်သည် မှုန်ကုပ်ကုပ်ဖြင့် လှမ်းကြည့်ပြီး မှတ်ချက် ပေးလိုက်သည်။ သူတို့အပေါ် လှည့်စားလု နီးပါးပေပင်။
ဖေးယွင်တုက မျက်မှောင်ကြုတ်လျက်၊
“ အဘိုးကြီးရှား၊ မင်းရဲ့မိန်းကလေးနဲ့ ဒီကောင်လေးကို မြန်မြန် ... ခေါ်သွားလိုက်ပါ တုံ့ဆိုင်းနေဖို့ အချိန်မရှိဘူး။ ”
-ဟု အော်ဟစ်လိုက်သည်။
“ တိုက် ... ။ ”
“ ချွင် ... ။ ”
ဝမ်ချင်းချွီက အေးစက်စွာ အော်ဟစ်လျက် ခါးမှဓားဆွဲထုတ်ကာ ဖေးယွင်တုထံသို့ ချက်ချင်း ပြေးဝင်သွားခဲ့သည်။
“ သတ် ... ။ ”
ဓားအလင်းသည် သက်တံကဲ့သို့ တောက်ပပြီး ပြင်းထန်၏။ မီးခိုးရောင်ဝတ် လူငယ်နှင့် အခြားသူများက ရထားလုံးထံ ပြေးလာကြသည်။
“ သခင်မလေး၊ မင်းနဲ့ ဒီလူငယ်လေးတို့ အရင်သွားနှင့်ပါ။ ”
ရှားယွမ်ရှန့်မှ တတိယအဆင့် မဟာသခင်ရောင်ဝါများ ထုတ်ဖော်လျက် ရထားလုံးပေါ်မှ ခုန်ချလိုက်သည်။
“ ဟမ့် ... ငါစုရီရှေ့မှာ မင်းက ဘာလုပ် မလို့လဲ၊ ပြန်သွား ... ။ ”
စုရီက အပြစ်တင်လိုက်ပြီး ကြက်တစ်ကောင်ကဲ့သို့ ရှားယွမ်ရှန့်ကို ပခုံးမှ ဆုပ်ကိုင်ကာ မြင်းလှည်းပေါ် ပြန်လည် မြှောက်တင်ပေးလိုက်သည်။
ရှားယွမ်ရှန့် တစ်ယောက် ရထားလုံးမောင်းသည့်နေရာသို့ ပြန်ရောက် သွားပြီး အံ့ဩစွာဖြင့် စုရီကို ပြန်ကြည့်မိ၏။ အမှန်ပင် သန်မာချေပြီ။
“ သေလိုက်စမ်း ကောင်လေး ... ။ ”
ထိုအချိန်တွင် မီးခိုးရောင်ဝတ်လူငယ်မှ လက်နှစ်ဖက်ဖြင့် ကြေးတင်းပုတ်ကိုမြှောက်ကာ စုရီထံ ထုနှက်ချလိုက်၏။
“ သတိထား ... ။ ”
ရထားလုံးပေါ်မှ ကြည့်နေမိသော ရှောင်ဇီကျင်းတစ်ယောက် မျက်နှာပြောင်းသွား တော့သည်။ စုရီက ခေါင်းညိတ်ပြီး လက်ဓားဖြင့် ပြန်၍ ခုတ်ချပစ်လိုက်၏။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
မီးခိုးရောင်ဝတ် လူငယ်ခမျာ ခန္ဓာကိုယ် ကွဲထွက်သွားပြီး ကြေးတင်းပုတ်ကြီးသည်လည်း တို့ဟူးတစ်တုံးလို ပြတ်ကျသွား၏။
ရက်စက်လွန်းချေပြီ။ ထိုမြင်ကွင်းသည် တာအို၀တ်စုံဝတ် အဖိုးအိုနှင့်အတူ ပြေးဝင်လာ ခဲ့သော အမျိုးသမီးကို ထိတ်လန့်စေ၏။
သို့သော် ၎င်းတို့သည် ဆုတ်ခွာရန် မဖြစ်နိုင်တော့သကဲ့သို့ ရှောင်တိမ်းရန်လည်း အချိန် မရှိချေ။
ထို့ကြောင့် အံကြိတ်ပြီး စုရီ၏ သေစေနိုင်သော အစိတ်အပိုင်းများထံသို့ ဦးတည်ချက် ပြောင်းလဲလိုက်ရ၏။
မဟုတ်သော် ကြောက်စိတ်ကြောင့် ဆိုးရွားသော ချို့ယွင်းချက်များ ဖော်ထုတ်မိ ပေလိမ့်မည်။
“ သေလိုက်တော့ ... ။ ”
အဘိုးအိုက ဓားမြှောင်နှင့် လှမ်းထိုးစဉ် လှပသောအမျိုးသမီးထံမှ ကြာပွတ်ဖြင့် လွှဲရိုက် လိုက်လေသည်။
သူမ ကြာပွတ်သည် အဆစ်ကိုးဆစ် ပါရှိသော အလွန်ထူးခြားသည့် သံမဏိကြာပွတ် ဖြစ်၏။
“ ရွှန်း ... ။ ”
ထို့ကြောင့် လေခွင်းသံသည် ရွှန်းခနဲ မြည်လျက် ကျောရိုးတစ်လျှောက် အေးစက်သွား စေသည်။ သို့တိုင် စုရီက တည်ငြိမ်စွာဖြင့် ဓားအလင်းနှစ်လက် ပစ်လွှတ်လိုက်၏။
“ ရွှပ် ... ။ ”
“ ငါ့ ... ငါ့လက်တွေ ... ။ ”
ဓားအလင်းတစ်လက်က အဘိုးအို ဓားကိုင်လက်ကို မြေပြင်ပေါ် ပြတ်ကျသွားစေ တော့သည်။ သွေးများ ပန်းထွက်လာ၏။
“ ရွှပ် ... ။ ”
လှပသော အမျိုးသမီးသည် လက်ထဲရှိ ကိုးဆစ်သံမဏိ ကြာပွတ်ဖြင့် ထိုဓားအလင်းကို ပြောင်းလဲ ဟန့်တားလိုက်ရသည်။ သို့သော် မအောင်မြင်ချေ။ ဓားအလင်းက လည်ပင်းကို ဖြတ်သန်းသွားပြီဖြစ်၏။
မျက်စိတစ်မှိတ်အတွင်း မဟာသခင် နှစ်ယောက်သည် ယင်ကောင်ငယ်များသဖွယ် မြေပြင်ပေါ်ပြုတ်ကျလာပြီး လေထုအလယ် သုတ်သင်ခံလိုက်ရချေပြီ။
ထိုသို့ ပြတ်ပြတ်သားသားနှင့် အရေး မစိုက်လွန်းသော အမူအရာများကြောင့် စုရီထံ ပြေးဝင်လာနေသော ကျစ်ဆံမြီးကျစ် ကလေးမလေးခမျာ ထိတ်လန့်သွာ၏။
“ ဟမ့် ... ။ ”
ကျားစီးပြီး ပြန်ဆင်းရန် မလွယ်ချေ။ အရှိန်ကို ရပ်တန့်ကာ လေထုအလယ် ချက်ချင်း ရှောင်တိမ်းတော့မည့်အချိန်တွင် လည်ပင်းကို လက်ဖြင့် ဖမ်းဆုပ်ခြင်းခံလိုက်ရသည်။
“ မင်းလို လူသားမဟုတ်တဲ့ ... တစ်စုံတစ်ယောက်က ငါ့ရှေ့လာပြီး ဇီးသီး ကျွေးဝံ့တယ်လား ... ဘယ်လောက်ရွံ့စရာ ကောင်းလိုက်လဲ ...
... ပြီးတော့ ဒီလိုအပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက် လိုက်တာ မင်းကိုယ်မင်း ကြမ်းကြုတ်လွန်းတယ် မထင်ဘူးလား။ ”
“ တာအိုသခင် ... ငါ ... ငါ့ကို ခွင့်လွှတ်ပါ။ ”
ကလေးမလေးသည် အလွန် ထိတ်လန့် သွားပြီးနောက် မျက်နှာပေါ်တွင် သွေးမရှိတော့ သကဲ့သို့ ဖြူဖျော့သွားခဲ့၏။
“ ဟမ့် ... ။ ”
စုရီက တုန့်ဆိုင်းခြင်းမရှိ ကလေးမလေး ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးလို ဆုပ်ကိုင်ပစ် တော့သည်။
အဆုံးတွင် အရေပြားအလွတ်သာ ကျန်ရှိလာချိန်၌ မီးရှို့ပြာချပြီး လေထဲ ပက်ကျဲ လိုက်၏။
“ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးမလေး တစ်ယောက်ကို သတ်ဝံ့ထဲက မင်းသေသင့်နေပြီ ... ။ ”
ထို့နောက် လက်ဖဝါး နှစ်ဖက်ကို ရိုက်ခါလျက် အဝတ်အစားများအပေါ် ဖုန်ခါနေ ခဲ့သည်။ အရေးမပါသော ပုရွက်ဆိတ်များ ဖယ်ရှားနေသည်နှင့် တူနေ၏။
ရှားယွမ်ရှန့်မှ မျက်လုံးပြူးသွားသည်။ အသက်သုံးရှိုက်စာအတွင်း မဟာသခင်လေးပါး အသတ်ခံလိုက်ရခြင်းဖြစ်၏။
ဇီကျင်းခမျာ အံ့အားသင့်သွားသည်။ တစ်ဖက်လူအပေါ် သူမ၏ နားလည်မှုသည် များစွာ လွဲမှားသွေဖည်နေသေးကြောင်း ရုတ်တရက် သိရှိလိုက်၏။
အဝေးမှ ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝမ်ချင်းချွီနှင့် ဖေးယွင်တုတို့သည်လည်း တိုက်ပွဲ ရပ်သွားကြသည်။
မဟာသခင်များသည် မည်သည့် အချိန်တည်းက ဤမျှ အားနည်းနေရသည်ကို နားမလည်နိုင်တော့ချေ။ ကြောက်စရာ ကောင်းလွန်းချေ၏။
“ လမ်းဖွင့်စမ်း ... ။ ”
“ မပြေးနဲ့ ... ။ ”
ဝမ်ချင်းချွီက ချက်ချင်း ပြန်ဆုတ်ကာ လှည့်ပြေးလေသည်။ ဖေးယွင်တုမှ လိုက်ဖမ်းရန် ပြင်လိုက်စဉ် ရွှေရောင်ဓားအလင်းတစ်လက် ကောင်းကင်မှ ကျဆင်းလာတော့၏။
“ ဝှစ် ... ။ ”
ပဉ္စမအဆင့် မဟာသခင်တစ်ပါးသည် တိုက်ပွဲနှင့် ပေတစ်ရာအကွာတွင် ခန္ဓာကိုယ်ကြီး တဆက်ဆက် တုန်ယင်လျက် မြေပြင်ပေါ် ပြန်လည် ပြုတ်ကျလာခဲ့သည်။
ဖေးယွင်တုခမျာ ခြေရင်းသို့ လှိမ့်ဆင်းလာသည့် ဝမ်ချင်းချွီထံ ငုံကြည့်မိပြီး ချွေးများဖြင့် ဖုံးလွှမ်းလာတော့၏။
မသိစိတ်ဖြင့် နောက်သို့ ပြန်လှည့်ကြည့် လိုက်မိသည်။ ကျောက်စိမ်းရောင် လူငယ်သည် တည်ငြိမ်သော အသွင်နှင့် ရထားလုံးဘေးတွင် ရပ်နေဆဲ ဖြစ်ချေ၏။
“ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် သခင်လေး။ ”
လျင်မြန်စွာ ပြန်လျှောက်သွားပြီး ဦးညွှတ်နှုတ်ဆက်ကာ ကြောက်ရွံ့ရိုသေမှုများ ဖြစ်ပေါ်လာတော့သည်။
“ ဝှစ် ... ။ ”
မှင်သပ်နေသော ရှားယွမ်ရှန့်သည်ပင် ရထားလုံးပေါ်မှ ချက်ချင်း ခုန်ဆင်းလာကာ၊
“ ငါအရင်က အမြင် ကျဉ်းလွန်းပါတယ် သခင်လေးကို စော်ကားခဲ့တဲ့အတွက် ခွင့်လွှတ် ပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ”
-ဟု တောင်းပန်လေသည်။
စုရီက တုန့်ပြန်ခြင်း မပြုချေ။ မဟာသခင်များသည် အမှန်ပင် ယင်ကောင်များ ဖြစ်၏။ သူ့အတွက် အာရုံစိုက်ရန် ပျင်းလွန်းချေပြီ။
ထို့နောက် ဇီကျင်းထံ ပြန်လှည့်ကြည့်ကာ၊
“ ဘာတွေဖြစ်နေတာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
သူမသည် လက်ရှိဧကရာဇ်ကျိုးမှ ကျောက်စိမ်းဝိညာဉ် မင်းသမီးလေးအဖြစ် ဘွဲ့အပ်နှင်းခံထားရသူ ဖြစ်သည်။
ဤသို့ တောမြို့လေးတစ်မြို့တွင် ပေါ်လာပြီး လုပ်ကြံသတ်ဖြတ်ခံ နေရသည်မှာ အဓိပ္ပါယ် မရှိချေ။
ဇီကျင်းမှ သက်ပြင်းချကာ ပြန်လည် ရှင်းပြလာသည်။ အဖိုးဖြစ်သူ ရှောင်တျန်းချွယ် အနေဖြင့် စုမိသားစုနှင့် စုရီအမည်ရ လူငယ်၏ ရန်ပွဲကို ကြားသိခဲ့သည်။
ထို့ကြောင့် ဤသည်မှာ သူ့အသက်ကို ကယ်တင်ခဲ့သည့် ဆရာစု ဖြစ်မည်ဟု ချက်ချင်း ကောက်ချက်ချကာ သူ့သား ရှောင်ဟမ့်ချိုးနှင့် ဆွေးနွေးခဲ့၏။
ရှောင်ဟမ့်ချိုးဟူသည် လက်ရှိ ရှောင်မိသားစု၏ ဘိုးဘေး သူမအဖေဖြစ်သည်။ ၎င်းက စုရီကိုကယ်တင်ရန် ကျွမ်းကျင်သူ အချို့ စေလွှတ်မည့်အရေး စီမံခဲ့သည်။
သို့သော် ရှောင်မိသားစု၏ မဟာ အကြီးအကဲသည် ထိုကိစ္စကို သဘောမတူဘဲ ကန့်ကွက်လာ၏။
ထို့ကြောင့် ရှောင်ဟမ့်ချိုးကို မိသားစု ခေါင်းဆောင်ရာထူးမှ ဖယ်ရှားပြီး အကျဉ်းချပစ် ခဲ့သည်။
ယင်းကို အဖြူရောင်ပြည်နယ် စစ်သူကြီး တိမ်ဘုရင်၏ တပ်ရင်းထံမှ အကူအညီရယူကာ အရေးယူခဲ့ခြင်းဖြစ်၏။
အဆုံးတွင် ဇီကျင်းက အခွင့်အရေး ရသည်နှင့် ထွက်ပြေးလာရာမှ လမ်းခရီးတွင် စုရီနှင့် ကြုံတွေ့လိုက်ရခြင်းပေပင်။
အထက်ပါ စကားများကို ကြားပြီး စုရီတစ်ယောက် မျက်မှောင်ကြုတ် လိုက်မိ၏။ ယနေ့ လန်လင်ရှောင် မိသားစု၏ အရေးသည် သူနှင့် တိုက်ရိုက် သက်ဆိုင်နေခဲ့ချေပြီ။
***