ပွဲကြည့်ရအောင် ... ။
Vol. 20 Ch. 235
တိမ်ဘုရင်အမည်မှာ ရှစ်လန်ရှန်ဖြစ်ပြီး စုမိသားစုမှ ဆင်းသက်လာသော ဘုရင်တစ်ပါး ဖြစ်သည်။ အဖြူရောင် ပြည်နယ်၌ ဂုဏ်သိက္ခာ အလွန်မြင့်မား၏။
၎င်း၏ ပံ့ပိုးကူညီမှုဖြင့် ဇီကျင်းဖခင်ကို မျိုးနွယ်စုခေါင်းဆောင်ရာထူးမှ ဖယ်ရှားရန် မခက်ချေ။
စုရီတစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ရှောင်တျန်းချွယ်အပေါ် ကယ်တင်ခဲ့ခြင်းသည် သူ့အတွက် ကိတ်မုန့်ခွဲ သလို လွယ်ကူခဲ့၏။
သို့သော် မမျှော်လင့်ဘဲ စုမိသားစုနှင့် သူ့သတင်းကို ကြားပြီးနောက် ၎င်းထံမှ ဤသို့ ကူညီပေးရန် ရွေးချယ်လာလိမ့်မည်ဟု မထင်ထားချေ။
ထို့ကြောင့် မူလက ရှောင်ဇီကျင်းကို ကယ်တင်ကာ ခရီးဆက်မည့် အရေးကိစ္စတွင် အစားထိုး ဆုံးဖြတ်ချက်များ ချမှတ်လိုက် ရတော့သည်။
“ စိတ်မပူပါနဲ့ ... ဒီအဖြစ်အပျက်က ငါ့ကြောင့်ဖြစ်ရတာပါ ... ထုံးစံအတိုင်း ငါက ဖြေရှင်းပေးရမှာပါပဲ။ ”
စုရီက ပြောကြားလိုက်၏။
“ ဆရာစု ... ဒီကိစ္စက ငါ့ရှောင် မိသားစုအရေးသာမက ... တိမ်ဘုရင်လို လူတွေလည်း ပါနေတယ် ... မင်းဝေးဝေးမှာ နေတာကောင်းမယ်။ ”
လက်ရှိ စုရီပြသခဲ့သော စွမ်းအားသည် ကြောက်စရာ ကောင်းလှသော်လည်း ဇီကျင်းမှ ရန်သူများ၏ နောက်ခံကို တွေးမိသောအခါ စိတ်ဓာတ်ကျသွားသည်။
ထိုအချိန်တွင် ဖေးယွင်တုက တစ်စုံတစ်ရာကို သတိပြုမိလာပြီး၊
“ ခွင့်လွှတ်ပါ၊ မင်းက သခင်လေးစုရီ ဖြစ်နိုင်မလား။ ”
-ဟု မေးမြန်းလိုက်တော့၏။
“ မှန်တယ် ... ။ ”
“ အံ့သြစရာ မရှိတော့ပါဘူး ... ။ ”
စုရီက ခေါင်းညိတ်ပြလိုက်သည်။ ဖေးယွင်တုတစ်ယောက် အေးစက်သော လေထုကို ချက်ချင်း ရှူရှိုက်လိုက်ရ၏။
“ ဆရာဖေး ... မင်းဆရာစုရဲ့ ဂုဏ်သတင်း ကြားဖူးနေတာလား။ ”
ရှားယွင်ရှန့်မှ စိတ်ဝင်စားသွား၏။
“ မင်းတို့ နှစ်ယောက်လုံးက ... ရှောင်မိသားစုမှာ ပိတ်မိနေတာမို့ မဟာကျိုးရဲ့ မျိုးဆက်သစ်လူငယ်တွေကြား ဆရာစုက အကျော်ကြားဆုံးဆိုတာ မသိခဲ့တာပဲ ...
... အနောက်တောင်ထိပ် လူသတ်ပွဲ ... ၊ မီးဘုရင်၊ မျက်ခုံးဖြူဘုရင်နဲ့ သူရဲကောင်း နှစ်ပါး အပါအဝင် ကျော်ကြားတဲ့ ပုဂ္ဂိုလ်အများအပြား ဆရာစုလက်မှာ အသက်ပေးလိုက်ရပြီ။”
ထိုစဉ်က ဖြစ်ရပ်သတင်းများ ပြန့်နှံ့ သွားသောအခါ မဟာကျိုးတစ်ခုလုံး တုန်လှုပ် ခြောက်ခြားသွားကြသည်မှာ အမှန်ပေပင်။
ထို့ကြောင့် ဖေးယွင်တု မျက်နှာပေါ်တွင် ရိုသေလေးစားသည့် အမူအရာများ ပြည့်လျှံလာ တော့သည်။
“ ဒီလိုမျိုး တကယ်ဖြစ်ခဲ့တာလား။ ”
ရှားယွမ်ရှန့်မှ အံ့အားသင့် တုန်လှုပ် ချောက်ချားသွားကာ စုရီထံ ပြန်ကြည့်လိုက် မိလေသည်။
ဤစကားသည် ဖေးယွင်တု ပါးစပ်မှ ထွက်မလာခဲ့ပါက အမှန်ဖြစ်ကြောင်း ယုံမိမည် မဟုတ်ချေ။
“ မီးဘုရင်တောင် သေပြီလား။ ”
အဆုံးတွင် အေးစက်သော လေထုကို ရှုရှိုက်လိုက်မိသည်။ မီးဘုရင်သည် စုမိသားစုမှ ဆင်းသက်လာသော ဘုရင်တစ်ပါးဖြစ်၏။
“ ဒါဆို ... မင်းငါနဲ့ အဖြူရောင်မြို့တော်ကို ပြန်လိုက်ချင်လား။ ”
စုရီက ဇီကျင်းကို မေးလိုက်သည်။ ဇီကျင်းတစ်ယောက် ခဏမျှ တုံ့ဆိုင်းသွားပြီး၊
“ ဆရာစု .... စုမိသားလက်စားချေမှာ မကြောက်ဘူးလား တိမ်ဘုရင်က စုမိသားစုဝင် တစ်ယောက်ပါ။ ”
-ဟု သတိပေး ပြောကြားလိုက်၏။
“ ငါခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ... စုမိသားစုနဲ့ ငါ့ရဲ့ရန်ကြွေးတွေကို ဖြေရှင်းဖို့ပဲ ဒါဆို သူတို့ကို ငါကြောက်တယ်လို့ မင်းထင်နေသေးသလား။ ”
“ ဒါဆို ... ငါမင်းကို နှောင့်ယှက် ရတော့မှာပေါ့ ကျေးဇူးပြုပြီး ... ငါ့ရဲ့ နှုတ်ဆက် စကားကို လက်ခံပေးပါ ဆရာစု။ ”
ဇီကျင်းက ချက်ချင်း ဒူးထောက်ချ လိုက်သည်။ သို့သော် စုရီမှ ခွင့်မပြုချေ။ သူမကို ဖမ်းကိုင်လိုက်ကာ၊
“ ဒီကိစ္စက ငါ့ကြောင့်မို့ ... ငါဖြေရှင်းပေးပါမယ် စိတ်မပူနဲ့။ ”
-ဟု ကတိပေးသည်။
“ ကျေးဇူးတင်ပါတယ် ... ကျေးဇူးတင်ပါတယ် ဆရာစု ... ကျေးဇူး တင်ပါတယ် ... ။ ”
နှစ်နာရီ ကုန်လွန်ပြီးနောက် အဖြူရောင်မြို့တော်၏ မြို့ရိုးကြီးကို အဝေးမှ မြင်လာရသည်။
မြို့တံခါးရှေ့တွင် သန်မာသော စစ်သည်တော်တစ်ဖွဲ့ ရှိနေ၏။ ခေါင်းဆောင်မှာ အနက်ရောင် ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။
“ ဟမ့် ... ဘာလို့ ပြန်လာတာလဲ ... ။ ”
၎င်းက ရှားယွမ်ရှန့် ရထားလုံးဖြင့် ပြန်ရောက်လာသည်ကို မြင်သောအခါတွင် မျက်ခုံးပင့် လိုက်တော့သည်။
“ ဟား ဟား ဟား ... ။ ”
သူ့ဘေးရှိ ပိန်ပိန်ပါးပါးဖြင့် လူတစ်ယောက်က ရယ်မောလျက်၊
“ မလွတ်နိုင်တော့ဘူးဆိုတာ သိလို့ ... နာခံမှုအပြည့်နဲ့ ပြန်လာတာနေမှာပေါ့ တကယ် ထက်မြက်တဲ့ လူပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
သူ့စကားကြောင့် အနက်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ပြုံးရယ်လိုက်တော့၏။
“ ရှားယွမ်ရှန့်၊ မင်းက သေရမှာ မကြောက်ဘူး မဟုတ်လား ဒါဆိုဘာဖြစ်လို့ မိန်းကလေးကို ပြန်ခေါ်လာရတာလဲ။ ”
“ လာမို၊ မင်းမသေချင်ရင် ... မင်းရဲ့လူတွေကို ဆွဲခေါ်ပြီး ငါ့လမ်းကနေ ဖယ်လိုက်တာ ပိုကောင်းမယ်။ ”
“ ဟား ဟား ဟား ... မင်းက ခွေးတစ်ကောင်လို ထိတ်လန့်တကြားနဲ့ ပြန်လာပြီး ဟောင်ဝံ့သလား။ ”
အနက်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းမော့ကာ ရယ်မောလိုက် သဖြင့် မြို့တံခါးမှ ဝင်ထွက်သွားလာနေသော လမ်းသွားလမ်းလာများသည် ချက်ချင်း တိမ်းရှောင်ကုန်၏။
“ တစ်ယောက်ယောက် လာပြီး ... သူတို့ကိုမိသားစုဆီ ပြန်ခေါ်သွားပေးစမ်း။ ”
အနက်ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားက လက်ဝှေ့ယမ်းပြီး အမိန့်ပေးလိုက် တော့၏။
“ ချွင် ... ။ ”
စစ်သည်တော် တစ်ယောက် လှမ်းထွက်လာစဉ် ရှားယွမ်ရှန့်မှ ဓားဆွဲထုတ်ပြီး ချက်ချင်း သတ်ပစ်လိုက်သည်။
“ ငါမင်းတို့ကို ငါ့လမ်းကနေ ဖယ်ဖို့ ပြောခဲ့တယ် ... ဒါပေမယ့် အဲဒီအစား သေဖို့ မင်းတို့ ရွေးချယ်ခဲ့ကြတာပဲ။ ”
အဆုံးတွင် ရှားယွမ်ရှန့်က အေးစက်စွာ ပြောကြားလိုက်၏။ အနက်ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားမှ ဒေါသထွက်လာပြီး လေထဲခုန်တက်ကာ ရှားယွမ်ရှန့်ထံ ဦးတည်လာတော့သည်။
“ ဟမ့် ... ဒီနေ့ပြီးရင် ... မင်းမောက်နိုင်ဦးမလား ငါကြည့်မယ်။ ”
“ ရွှပ် ... ။ ”
ထိုစဉ် ရထားလုံးအတွင်းမှ ဓားတစ်လက် ထွက်လာပြီး ထိုအနက်၀တ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ဦးခေါင်းကို ဖြတ်တောက် သွားခဲ့၏။
ဤမြင်ကွင်းကြောင့် ဖေးယွင်တုခမျာ တုန်လှုပ်သွားသည်။ အနက်ဝတ် လူလတ်ပိုင်း အရွယ်အမျိုးသားသည် သူနှင့်တူညီသော နယ်ပယ်ခွန်အားမျိုးရှိ၏။
“ မင်းရဲ့ ရှောင်မိသားစုဆီကို တိုက်ရိုက်သွားပါ။ ”
လေထုအလယ် အဝေးမှ အသတ်ခံ လိုက်ရသည်။ ရထားလုံးအတွင်းမှ စုရီ၏အသံ ထွက်ပေါ်လာ၏။
“ ဟုတ်ကဲ့ ... ။ ”
ရှားယွမ်ရှန့်က အသက်ပြင်းပြင်းရှူပြီး မြို့တံခါးသို့ ဦးတည်လိုက်တော့သည်။ အစောင့် စစ်သည်တော်များမှာ ဟန့်တားဝံ့ခြင်း မရှိချေ။
***
အဖြူရောင် မြို့တော် အနောက်မြောက်ဘက်တွင် လန်လင်ရှောင် မိသားစုစံအိမ် တည်ရှိသည်။
စံအိမ်အတွင်း ကြီးကျယ်ခမ်းနားသော သုံးထပ်အဆောက်အအုံတစ်ခုကို ရေများဝန်းရံ ထားသည့် ရေကန်တစ်ခုဖြင့် တည်ဆောက် ထားပြီး အဖြူရောင် ကျောက်သားတံတား တစ်စင်း ခင်းပေးထား၏။
စံအိမ်၏ အပေါ်ဆုံးထပ် ခန်းမတွင် တောက်ပသောဝတ်ရုံဖြင့် ရှောင်ကျုံးရင်က ပလ္လင်ပေါ် ထိုင်နေခဲ့သည်။
သူသည် ရှောင်မိသားစု၏ မိသားစုခေါင်းဆောင်ရာထူးကို မကြာသေးမီက သိမ်းယူထားခြင်း ဖြစ်ချေ၏။
“ ဒီနေ့ ရှစ်ဖန်းခန်းမက သတင်းအချက်အလတ်အချို့ကို ငါဝယ်ခဲ့တယ် အားလုံး ကြည့်ရအောင်။ ”
ရှောင်ကျုံးရင်မှ သူ့ဘေးနားရှိ အစေခံအိုကြီးကို အနည်းငယ် ခေါင်းညိတ်ပြ လိုက်သည်။
အစေခံအိုကြီးက စာအိပ်များကို ခန်းမအတွင်းရှိ မိသားစုအကြီးအကဲများထံ ဝေငှပေးလိုက်၏။
စာပါအကြောင်းအရာသည် စုရီ၏ ခရီးသွားမှတ်တမ်းဖြစ်သည်။ လမ်းတစ်လျှောက် သူ့ထံဦးတည်သွားခဲ့သော လူအများ ပြန်မလာ နိုင်တော့ကြောင်း ဖော်ပြထား၏။
“ လုထောင်လျူနဲ့ သူ့အဖော်တွေလို အစွမ်းထက်တဲ့ ... မြေခွေးအိုကြီးတွေတောင် ပြန်မလာနိုင်ဘူးလား။ ”
“ ကြောက်စရာ ကောင်းလွန်းတယ် ... ဒီကောင်လေးလက်မှာ လူဘယ်လောက်များများ အသက်ပေးခဲ့ရပြီလဲ။ ”
အဆုံးတွင် အကြီးအကဲများမှာ တုန်လှုပ်ကုန်၏။ ခန်းမတစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်သည်။ ထို့ကြောင့် ရှောင်ကျုံးရင်က မျက်မှောင်ကြုတ်လျက်၊
“ မင်းတို့ ဘာလို့ ထိတ်လန့်နေတာလဲ ... အဲဒီစုရီက သန်မာနေရင်တောင် ငါတို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ”
-ဟု ပြောကြားလိုက်၏။
သို့သော် သူ့စကားများသည် အကြီးအကဲများအပေါ် နှစ်သိမ့်မှု မပေးနိုင်ချေ။ တစ်စုံတစ်ယောက်က တုံ့ဆိုင်းစွာဖြင့်၊
“ ဒါပေမယ့် သူက ... လူအိုကြီး ရှောင်တျန်းချွယ်နဲ့ ရင်းနှီးတဲ့ ... ဆက်ဆံရေး ရှိနေပုံရတယ် ... သူ့ခရီးစဉ်အရ ... ငါတို့မြို့ကို ဖြတ်သွားတဲ့အခါ ငါတို့ ဘာလုပ်ခဲ့တယ်ဆိုတာ သိသွားရင် ဘယ်လိုလုပ်မလဲ ... ။ ”
-ဟု မေးမြန်းလိုက်သည်။
ရှောင်ကျုံးရင်က ပြုံး၏။ ထို့နောက်
“ လူတိုင်း စိတ်ချနေပါ ... အဖြူရောင်မြို့တော်ဆိုတာ စုမိသားစုပိုင်နက်ပဲ အဲဒီစုရီ ပေါ်လာရဲရင် ထုံးစံအတိုင်း ...
... စုမိသားစုက အရေးယူပါလိမ့်မယ် ဒါကြောင့် ငါတို့ရပ်ပြီး ပွဲတစ်ပွဲ ကြည့်နေလိုက်ရုံ ပါပဲ။ ”
-ဟု ပိုင်နိုင်စွာ ပြောကြားလိုက်တော့သည်။
***