မြေခွေးအိုကြီးများ ... ။
Vol. 20 Ch. 236
ရှောင်ကျုံးရင်၏ စကားနောက်ကွယ်တွင် အခြားအရာတစ်ခု ရှိနေကြောင်း ရောက်ရှိလာ သူတိုင်း သိရှိသွားကြသည်။
ဆိုလိုသည်မှာ စုမိသားစုသည် စုရီအတွက် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်ချေ၏။
ထို့နောက် ရှောင်ကျုံးရင်က ခေတ္တနားလိုက်ပြီး အဓိပ္ပါယ်ရှိသော အပြုံးမျိုး ပြသကာ၊
“ စုရီမှာ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူကို သတ်ပစ်ဖို့ လုံလောက်တဲ့ အစွမ်းမျိုး ရှိပေမယ့် စုမိသားစုကလည်း အားနည်းသူ မဟုတ်ပါဘူး ငါတို့ ဒီတစ်ကြိမ်တော့ ပွဲကောင်းကောင်းကို ပျော်ရွှင်စွာ ကြည့်နေရုံပါပဲ။ ”
သူပြောပြီးသည်နှင့် လက်ဖက်ရည် တစ်ခွက်ကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ သောက်နေလိုက်သည်။
“ မိသားစုခေါင်းဆောင်ကို ... သတင်းပို့ပါတယ် ကျောက်စိမ်းဝိညာဉ် သခင်မလေး ပြန်ရောက်လာပါပြီ ... ။ ”
ခန်းမအပြင်ဘက်မှ အစောင့်တစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး သတင်းပို့ တော့၏။
“ ဟမ့် ... ကျောက်စိမ်းဝိညာဉ် သခင်မလေးဆိုတာ ဘယ်သူလဲ ... ငါဘာလို့ မသိရတာလဲ။ ”
ရှောင်ကျုံးရင်မှ အေးစက်မှု အရိပ်အမြွက်များ ထုတ်ဖော်ပြီး ပဟေဋ္ဌိဖြစ်ဟန် ပြန်လည် မေးမြန်းလိုက်၏။
လူတိုင်း၏ အမူအရာများ အနည်းငယ် ထူးဆန်းသွားသည်။ အစောင့်ခမျာ ချက်ခြင်း ဒူးထောက်လျက် တုန်လှုပ်သောအသံဖြင့်၊
“ ဒီအစေခံက သေထိုက်ပါတယ် ... သေထိုက်ပါတယ်။ ”
-ဟု တောင်းပန်တော့၏။
သို့မှသာ ရှောင်ကျုံးရင်တစ်ယောက် ကျေနပ်သည့်အမူအရာ ပြသကာ၊
“ ဆက်ပြောပါ ... ။ ”
-ဟု လက်ပြလိုက်သည်။
“ ဟုတ်ကဲ့ ... မိသားစုခေါင်းဆောင်ကို သတင်းပို့ရရင် အပြစ်သားရှောင်ဟမ်ချွီရဲ့သမီး ရှောင်ဇီကျင်း ပြန်လာနေပါပြီ။ ”
“ ကောင်းပြီ ... ဘာပဲဖြစ်ဖြစ် ဇီကျင်းက ငါ့တူမပဲ သူရဲ့ခန္ဓာကိုယ်ထဲမှာ ... ရှောင်မိသားစု သွေးတွေ စီးဆင်းနေတယ် ...
... ဒါကြောင့် လမ်းကြောင်းမှန်ကို သူပြန်လာပြီမို့ ငါအပြစ် မတင်တော့ပါဘူး သူ့ကို ချုပ်နှောင်ထားဖို့ ငါ့အမိန့်ကို ယူသွားပါ။ ”
အစေခံက ထိတ်လန့်တကြားနှင့်၊
“ ဒါပေမယ့် ရှောင်ဇီကျင်းက လူစိမ်းတွေကို မျိုးနွယ်စုထဲ ခေါ်လာပါတယ်။ ”
“ ဟမ့် ... ဘယ်သူတွေလဲ။ ”
တက်ရောက်လာသူ အားလုံး သည်လည်း အံ့အားသင့်သွားကြ၏။ လူစိမ်းများ ခေါ်လာခြင်း ဟူသည် ရှောင်ဇီကျင်းတစ်ယောက် ရဲဝံ့လွန်းချေပြီ။
ရှောင်ကျုံးရင်မှ အနည်းငယ် မျက်မှောင်ကြုတ်ကာ၊
“ လူဘယ်နှစ်ယောက် ပါလာလဲ။ ”
-ဟု မေးမြန်းလိုက်၏။ အစေခံက ချွေးများ စီးကျလာပြီး၊
“ သုံးယောက်ပါ ... တစ်ယောက်က အကြီးအကဲ ရှားယွမ်ရှန့်၊ ဒုတိယ တစ်ယောက် ကတော့ ဖေးယွင်တုနဲ့ ... နောက်ဆုံးမှာ မျက်နှာစိမ်း လူငယ်တစ်ယောက်ပါ ... ။ ”
ထိုစကားကြောင့် လူတိုင်း ခေါင်းညိတ်လိုက်ကာ ပြုံးလိုက်ကြတော့သည်။ ရှားယွမ်ရှန့်သည် ခေါင်းဆောင်ဟောင်း၏ အစေခံမျှသာ ဖြစ်၏။
ဖေးယွင်တုသည်သာ အနည်းငယ် အာရုံစိုက်မှုကို ခံထိုက်ပေမည်။ သို့သော် ထိုမျှသာ ဖြစ်၏။
ရှောင်မိသားစု ပိုင်နက်တွင် ဖေးယွင်တု မဆိုနှင့် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင် ခေါင်းငုံ့ထားရပေမည်။
“ ယုံကျန်း လူတချို့ခေါ်ပြီး ... သူတို့ကို ငါ့ရှေ့မှာ ဒူးထောက် အပြစ်ဝန်ခံစေချင်တယ်။ ”
“ နားလည်ပါပြီ မိသားစုခေါင်းဆောင် ... ။ ”
ချက်ချင်းပင် အနက်ရောင် ၀တ်စုံ ဝတ်ထားသော အမျိုးသားတစ်ဦး လှမ်းထွက် သွားလေသည်။
ဤလူသည် လီယုံကျန်းဖြစ်ပြီး မဟာသခင်ပဉ္စမအဆင့် ထိပ်တန်း ကျွမ်းကျင်သူ ဖြစ်ကာ ရှောင်ကျုံးရင်၏ ညာလက်ရုံးဖြစ်၏။
ရှောင်ကျုံးရင်က လက်ဖက်ရည် ဆက်သောက်နေပြီး၊
“ အားလုံး ခဏလောက် စောင့်ရအောင် ရှားယွမ်ရှန့်ကို ဂရုစိုက်စရာ မလိုတော့ပေမယ့် ဖေးယွင်တုက ငါတို့မျိုးနွယ်စု ကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ ရဲရင့်လွန်းတယ် ...
... ဒီတစ်ခါတော့ သူ့ကို တစ်သက် မမေ့နိုင်တဲ့ ... သင်ခန်းစာတစ်ခု သင်ပေးရ လိမ့်မယ်။ ”
“ အား ... ။ ”
“ ဝုန်း ... ။ ”
သို့သော် သူ့စကားဆုံးသည်နှင့် ကျောက်ဖြူတံတားထံမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“ မိန်းကလေးက ငါတို့ကိုသတ်ဖို့ လူစိမ်းတွေနဲ့ ပြန်လာနေတယ် ... မိသားစု ခေါင်းဆောင် ကူညီပါဦး။ ”
“ မလုပ်နဲ့ ... ။ ”
“ အား ... ။ ”
ဆူညံသံများ ပို၍ပို၍ ကျယ်လောင်လာခဲ့သဖြင့် ရှောင်ကျုံးရင်မှ မျက်မှောင်ကြုတ်ကာ၊
“ ဘာတွေ ဖြစ်နေတာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
ထို့နောက် ထရပ်လိုက်ပြီး အပြင်သို့ လျှောက်လှမ်းသွားကာ လက်ရန်းအပေါ် အားပြု လိုက်တော့၏။
အဝေးရှိ မြင်ကွင်းသည် ကမောက်ကမ ဖြစ်နေခဲ့သည်။ အစောင့်များ၊ အစေခံများနှင့် နောက်လိုက်များအားလုံး ထိတ်လန့်တကြား ထွက်ပြေးနေကြ၏။
ရှားယွမ်ရှန့်နှင့် ဖေးယွင်တု၏ ဦးဆောင်မှုနောက်တွင် ရှောင်ဇီကျင်းနှင့် လူစိမ်း တစ်ဦး လိုက်ပါလာသည်။
လမ်းတစ်လျှောက် အစောင့်များက သူတို့ကို တားဆီးရန် ကြိုးစားခဲ့သော်လည်း ခြွင်းချက်မရှိ ဒဏ်ရာ ရရှိကုန်၏။
ထိုမြင်ကွင်းကြောင့် ရှောင်ကျုံးရင်၏ မျက်နှာသည် အလွန်အမင်း မည်းမှောင်သွားပြီး၊
“ အားလုံးရပ်ပြီး လာခွင့်ပြုလိုက် ... ။ ”
-ဟု အော်ဟစ် အမိန့်ပေး၏။
ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ် နေခဲ့ချေသည်။
များမကြာခင် ရှောင်မိသားစု၏ အရေးပါလှသော အကြီးအကဲများ ခြံရံလျက် ရှောင်ကျုံးရင် အောက်ထပ်ဆင်းလာ၏။
သူတို့တစ်ဦးစီသည် မျက်နှာပေါ်တွင် ဒေါသအမျက်များ ထွက်နေကြကာ လူသတ်ရန် ရည်ရွယ်ချက်များ ရစ်ဝဲနေသည်။
“ သတ္တိကောင်းတယ် ... မင်းကို ထွက်သွားနိုင်အောင် ငါစီစဉ်ပေးခဲ့တာ ... အခု မင်းငါ့လူတွေကိုသတ်ဖို့ ပြန်လာတယ်၊ ဇီကျင်း မင်းတကယ်သေဖို့ ထိုက်တန်သွားပြီ။ ”
“ ရှောင်ကျုံးရင် ... ငါနင့်ကို အခွင့်အရေးပေးမယ် လက်နက်ချပါ မဟုတ်ရင် နင့်ကို ဒီနေ့ ဒီနေရာမှာ မြှုပ်နှံပစ်ရလိမ့်မယ်။ ”
“ ဟား ဟား ဟား ... ။ ”
ဇီကျင်းစကားကြောင့် ရှောင်ကျုံးရင်က ရယ်သည်။ ၎င်းဘေးနားရှိ အကြီးအကဲအချို့ သည်ပင် လိုက်ပါ ရယ်မောလာ၏။
“ တိရစ္ဆာန်မလေး မင်းကိုယ်မင်း ဘယ်လိုအသက်ရှင် ရမှန်းတောင် မသိပါလား မင်းအနားက ရှားယွမ်ရှန့်၊ ဖေးယွင်တုနဲ့ ဒီလူငယ်ကို အားကိုးပြီး မင်းငါ့ကို စိန်ခေါ်နေတာလား၊ ဟမ့် ... ။”
ရှောင်ကျုံးရင်က လူသတ်ရန် ရည်ရွယ်ချက်ကို ထုတ်ပြကာ အော်ငေါက် လိုက်တော့သည်။
“ မိသားစုခေါင်းဆောင် ... ၊ တစ်ခုခုတော့မှားနေပြီ လီယုံကျန်းဘယ်ရောက် သွားလဲ ... သူ ပျောက်နေတယ်။ ”
ထိုအချိန်တွင် အကြီးအကဲတစ်ဦးက ရုတ်တရက် သတိထားမိသွား၏။ ယင်းကြောင့် ရှောင်ကျုံးရင်မှ ပတ်ဝန်းကျင်ထံ ဝေ့ဝဲကြည့်လိုက်သည်။
“ ရှာမနေနဲ့ ... သူ သေပြီ။ ”
ဇီကျင်းမှ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဟမ့် ... ။ ”
ရှောင်ကျုံးရင် အပါအဝင် အကြီးအကဲများ အားလုံး ထိတ်လန့်သွားပြီး မျက်နှာအနည်းငယ် ပြောင်းကုန်၏။
လီယုံကျန်းသည် ပဉ္စမအဆင့်မဟာသခင် ဖြစ်သည်။ ရှောင်မိသားစုတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။
“ ဖေးယွင်တု ... မင်းသူ့ကို သတ်ခဲ့လား။ ”
ရှောင်ကျုံးရင်က ဖေးယွင်တုထံ လှည့်ကြည့်ကာ ဒေါသနှင့် လူသတ်ချင်စိတ်များ ပြသလိုက်တော့သည်။ ဖေးယွင်တုမှ ခေါင်းခါပြီး၊
“ ငါ့မှာ ဒီလိုကြီးကျယ်တဲ့ အရည်အချင်းမျိုး မရှိပါဘူး။ ”
-ဟု ငြင်းဆန်လိုက်၏။
ထို့ကြောင့် ရှောင်ကျုံးရင်နှင့် အကြီးအကဲအဖွဲ့က ဇီကျင်းဘေး၌ရပ်နေသော စုရီထံ ကြည့်လိုက်ကြတော့သည်။
ဇီကျင်းဖြစ်စေ၊ ရှားယွမ်ရှန့်ဖြစ်စေ လီယုံကျန်း၏ ပြိုင်ဘက် မဖြစ်နိုင်သောကြောင့် ဤလူငယ်သည်သာ ကျန်ရှိချေပြီ။
သို့သော် တဖက်လူ၏ ရောင်ဝါသည် တတိယအဆင့် မဟာသခင်မျှသာ ဖြစ်သေး၏။ လီယုံကျန်းအတွက် သာ၍ မဖြစ်နိုင်ချေ။
“ ဇီကျင်း ... တိမ်ဘုရင်နဲ့ ပေါင်းပြီး မင်းအဖေရဲ့ မျိုးနွယ်စု ခေါင်းဆောင်ရာထူးကို လုယူခဲ့တာ ဒီလူပဲလား။ ”
“ ဟုတ်ကဲ့ ... ။ ”
“ သူတို့အားလုံးကို သတ်မလား ... ဒါမှမဟုတ် အရှင်လိုချင်လား ... မင်းရဲ့ဆန္ဒကို ပြောပါ။ ”
ဇီကျင်းခမျာ တုံ့ဆိုင်းသွားတော့၏။ ရှောင်ကျုံးရင်နှင့် သူ့ပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်များ အားလုံးသည် တစ်ချိန်က သူမအပေါ် များစွာ ကြင်နာခဲ့ဖူးသည်။
သို့သော် ၎င်းတို့သည် သူမဖခင်ကို မျိုးနွယ်စုခေါင်းဆောင်ရာထူးမှ နုတ်ထွက်စေပြီး အဖိုးဖြစ်သူကို ထောင်ချခဲ့၏။
“ မာနကြီးလိုက်တာ ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ... ။ ”
ထိုစဉ် ဆံပင်ဖြူဖြူနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက နှုတ်ဆိတ် နေကြခြင်းကို မခံနိုင်တော့ဘဲ အော်ငေါက်လိုက်၏။
“ ဟမ့် ... ဆူတယ်။ ”
စုရီက ထိုဆံပင်ဖြူ သက်လတ်ပိုင်း အရွယ် အမျိုးသားထံ ပြန်မော့ကြည့်လိုက်ပြီး လက်ညိုး လှမ်းထိုးပြလေသည်။
“ ရွှပ် ... ။ ”
ရွှေဓားရောင်ခြည်တစ်စင်း လျှပ်စီးလက်သကဲ့သို့ ပြေးထွက်သွားချေပြီ။
“ မင်းသေချင်နေတာပဲ။ ”
ဆံပင်ဖြူ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ပဉ္စမအဆင့် မဟာသခင် တစ်ပါး ဖြစ်သည်။
ကျော်ကြားမှုအရ ဖေးယွင်တုထက် မနိမ့်ကျချေ။ ထို့ကြောင့် စုရီမှ ဦးစွာတိုက်ခိုက် ခဲ့သည့်အပေါ် ခံရခက်လာပြီး အော်ငေါက်လျက် ဓားရောင်ခြည်ထံ ထိုးနှက်လိုက်သည်။
“ ရွှပ် ... ။ ”
သို့သော် ရွှေဓားရောင်ခြည်များသည် ဆံပင်ဖြူ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ လက်သီးကိုကျော်လွန်ကာ ဦးခေါင်း ဖြတ်ပစ် လိုက်တော့သည်။
လည်ပင်းထံမှ သွေးများ ရေတံခွန်ကဲ့သို့ ပန်းထွက်လာ၏။ ဦးခေါင်းမရှိသော ကိုယ်ခန္ဓာ ခမျာ တအိအိလဲပြိုသွားတော့သည်။
ရှောင်ကျုံးရင်နှင့် မိသားစု အကြီးအကဲများအားလုံး ရုတ်ချည်း အေးခဲကာ ခြေလက်များ တုန်ရင်သွား၏။
ဓားတစ်ချက်တည်းဖြင့် အထွတ်အထိပ် မဟာသခင်တစ်ပါးကို ကြက်တစ်ကောင်ကဲ့သို့ လွယ်ကူစွာ သတ်ဖြတ်ပစ်လိုက်ချေပြီ။
“ မင်း ... မဆုံးဖြတ်နိုင်သေးဘူးလား။ ”
စုရီမှ စိတ်မရှည်ဖြစ်လာ၏။ ဇီကျင်းတစ်ယောက် ဆတ်ခနဲ တုန်ရင်သွားကာ၊
“ ဆရာစု ... ရှောင်ကျုံးရင်ကို သတ်ပါ တခြားလူတွေအတွက်တော့ ... ငါ့အဖေနဲ့ အဖိုး လွတ်လာရင် ကိုင်တွယ် ဖြေရှင်းပါလိမ့်မယ်။ ”
“ ကောင်းပြီ ... ။ ”
စုရီ ခေါင်းညိတ်လိုက်၏။ ထိုအချိန်တွင် အကြီးအကဲတစ်ယောက်သည် တုန်ရီစွာဖြင့်၊
“ သူ ... သူ စုရီပဲ။ ”
-ဟု ပြောကြားလာတော့သည်။
၎င်းသည် နာမည်တစ်ခုမျှသာ ဖြစ်သော်လည်း မှော်အစွမ်းရှိပုံရကာ လူတိုင်းကို အသက်မဲ့သွားစေ၏။
ရေခဲလှိုဏ်ဂူထဲ ပြုတ်ကျသကဲ့သို့ ကျောရိုးတစ်လျှောက် အေးစက်သော ခံစားချက် ဖြတ်ပြေးသွားချေပြီ။
သူတို့သည် မိသားစု ခေါင်းဆောင် စကားအတိုင်း ပွဲကြည့်ရန် စောင့်မျှော်နေခြင်း ဖြစ်၏။
တိမ်ဘုရင်သည် ဤလူငယ် ရောက်ရှိ လာမည့်အချိန်ကို ပြင်ဆင်စောင့်ဆိုင်းနေခြင်း ပေပင်။
သို့သော် တစ်ဖက်လူသည် ထိုတိမ်ဘုရင်နှင့် ရင်မဆိုင်ခင် ရှောင်မိသားစုတံခါးဝသို့ ရောက်ရှိ လာခဲ့ချေပြီ။
“ မင်း ... မင်းတကယ်ပဲ စုရီလား။ ”
ရှောင်ကျုံးရင်က မယုံကြည်နိုင်ဘဲ မျက်လုံးများ ပြူးကျယ်လာသည်။
“ သေခြင်းတရားကို မကြောက်ဘဲ ဆရာစုအဖြစ် ဒီကမ္ဘာမှာ ဘယ်သူ ဟန်ဆောင် ဝံ့သလဲ။”
ဖေးယွင်တုက လှောင်ပြောင်ပြီး ပြန်ဖြေလိုက်သည်။
“ မြန်မြန် ... သူ့ကို သတ်။ ”
ရှောင်ကျုံးရင်က ထိတ်လန့်တကြား အမိန့်ပေးတော့၏။ သို့သော် မည်သူမျှ မလှုပ် တော့ချေ။ ရှက်စရာ အမိန့်ပေပင်။
လူတစ်ယောက်၏ ဂုဏ်သတင်းသည် သစ်ပင်ရိပ်နှင့်တူသည်။ လုထောင်လျူသည်ပင် အသတ်ခံရပြီးနောက် မည်သူမျှ သူရဲကောင်း မဖြစ်ချင်ကြသည်မှာ သဘာဝပေပင်။
ကျောက်တုံး၊ ကြက်ဥ မာကျောမှုခြင်း မတူကြသည်ကို သူတို့ကဲ့သို့ အဖိုးကြီးများ မဆိုနှင့် ကလေးငယ်များပင် သိသည်။
“ မြေခွေးအိုကြီးတွေ ... ။ ”
ရှောင်ကျုံးရင်ခမျာ တုန်လှုပ်သွားပြီး ဒေါသထွက်လျက် ရူးလုမတတ် ဖြစ်သွားချေပြီ။
“ ရွှပ် ... ။ ”
သို့သော် စုရီက သူ့ကို ရူးခွင့် မပြုချေ။ ဓားရောင်ခြည်ဖြင့် ပစ်လွှတ်ကာ ဦးခေါင်းကို ဖြုတ်ယူလိုက်တော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။ တိုက်ခတ်နေသော လေပြေ သည်ပင် ရပ်တန့်ကုန်သည်။
အကြင်သူသည် မြင့်မားသော နောက်ခံ မျိုးရိုးရှိသည့်တိုင် စစ်မှန်သော ခွန်အားရှေ့တွင် အသတ်ခံရဦးမည်မှာ သေချာချေပြီ။
***