← Chapters

‌ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်ပေးတယ်။

Vol. 20 Ch. 238

‌ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်ပေးတယ်။

Vol. 20 Ch. 238

“ တာအိုလီ၊ သခင်လေးယွီ၊ စုရီက လန်လင်ရှောင်မိသားစုကနေ ထွက်လာပြီး ငါတို့ဆီ လာနေပြီလို့ သတင်းရပါတယ်။ ”

တာအိုဘုန်းကြီးနှင့် ယွီရှင်းလင်တို့ စကားပြောနေစဉ် ရှစ်လန်ရှန့်က လက်သီးကို ဆုပ်ကိုင်ပြီး လေးနက်သော အသံဖြင့် သတင်းပို့လာတော့၏။

ယွီရှင်းလင်မှ အံ့ဩသွားကာ၊

“ ဒီကောင်လေးက မင်းနဲ့ရင်ဆိုင်ဖို့ လာနေတာလား။ ”

-ဟု ပြန်မေးလိုက်၏။

တိမ်ဘုရင်က ခေါင်းညိတ်သည်။

“ မကြာသေးမီက ငါလန်လင်ရှောင် မိသားစုအရေးမှာ ဝင်စွက်ဖက်ပြီး ​ရှောင်ကျုံးရင် မိသားစုခေါင်းဆောင် ရာထူးရဖို့ ကူညီ ပေးခဲ့မိပါတယ်။ ”

“ ကောင်းလိုက်တာ ... ငါသူ့ကို တွေ့ချင်နေတာ ... အခုတော့ လူကိုယ်တိုင် သွားစရာ မလိုတော့ဘူး။ ”

ယွီရှင်းလင်နှင့် တာအိုဘုန်းကြီးတို့က မေးခွန်းများ ဆက်မေးရန် ပျင်းသွားကြသည်။ ၎င်းတို့သည် လောကီရေးရာ အငြင်းပွားမှုသာ ဖြစ်သဖြင့် သူတို့ ဂရုမစိုက်ချေ။

“ တပါးသူခန္ဓာကို သိမ်းယူလိုက်တဲ့ ဝိညာဉ်တစ်ကောင်ဟာ မူလကိုယ်ခန္ဓာပိုင်ရှင်ရဲ့ အကျင့်စရိုက်တွေကို အမွေဆက်ခံရတယ် ...

... ဒီလိုပုဂ္ဂိုလ်တွေက လောကီကို လျစ်လျူရှုပြီး ... သူတို့ လိုချင်သမျှရအောင် ယူတတ်ကာ အမြင့်ကို တက်လှမ်းကြတယ်။ ”

“ ခန္ဓာကိုယ် သိမ်းပိုက်သူလား ... ။ ”

တိမ်ဘုရင်သည် ထိုအသုံးအနှုန်းကို ကြားသောအခါ ထိတ်လန့်သွားပြီး၊

“ တာအိုလီ၊ ငါတို့သခင်လေးစုရီက တကယ်ပဲ ကမ္ဘာခြား ဝိညာဉ်တစ်ကောင် ဖြစ်နိုင်လား။ ”

-ဟု မေးမြန်းလိုက်၏။

တာအိုဘုန်းကြီးက ခေါင်းညိတ်ပြီး၊

“ ဖြစ်နိုင်ချေ များတယ် ... မဟုတ်ရင် တတိယအဆင့် မဟာသခင်တစ်ပါးက ရှန်ရှင်း သိုင်းသမားတွေကို ဘာလို့များ လွယ်လွယ် သတ်နိုင်နေရတာလဲ။ ”

-ဟု ပြန်ဖြေလိုက်တော့သည်။

“ ဟမ့် ... မထူးဆန်းတော့ပါဘူး။ ”

တိမ်ဘုရင်က တစ်စုံတစ်ခုကို နားလည်ဟန်ဖြင့် ရုတ်တရက် သဘောပေါက် သွားလေသည်။

“ ငါတို့ရဲ့ တတိယသခင်လေးက မိသားစုကနေ လျစ်လျူရှုခြင်း ခံရတဲ့အခါ သည်းခံခြင်းကို ‌ရွေးခဲ့တယ် ...

... ဖိနှိပ်မှုတွေ ခံစားခဲ့ရတာတောင် ထူးခြားတဲ့ အရည်အချင်းတွေကို မပြသခဲ့ဘူး အခုတော့ လအနည်းငယ်အတွင်း ကွဲပြားတဲ့ လူတစ်ယောက် ဖြစ်လာတာက မယုံနိုင်စရာပါပဲ။ ”

တာအိုဘုန်းကြီးမှ သူ့စကားများကို စိတ်မဝင်စားချေ။ အတွေးဖြင့် မုတ်ဆိတ်မွှေး များကို ရိုက်နေကာ၊

“ တိမ်ဘုရင် ... မင်းစိတ်မပူပါနဲ့ ... ကောင်လေးစုရီလာခဲ့ရင် စခန်းတံခါးကို ဖွင့်ပြီး ဝင်ခွင့်ပြုလိုက်ပါ။ ”

-ဟု အမိန့်ပေးလိုက်သည်။

“ ကောင်းပြီ ... မင်းဆန္ဒအတိုင်းပဲ။ ”

တိမ်ဘုရင်က သဘောတူလိုက်သည်။ တာအိုဘုန်းကြီးက ပြုံးလျက် သူ့နောက်ကျောရှိ ဓားကို ဆွဲထုတ်လိုက်ပြီး၊

“ ငါ့သူငယ်ချင်း ... ဒီတစ်ကြိမ် ငါတို့ ဒီကောင်လေးကို သတ်ပြီးရင် မင်းသေချာပေါက် ကျေနပ်ရပါလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်တော့၏။

“ ဘရူး ... ။ ”

သံမဏိဓားက သူ့စကားများကို နားလည်နေသည် အသွင်မျိုးဖြင့် တုန်ခါသံ ပြုလာတော့သည်။

***

“ ဆရာစု ... ဒီကနေ ဆယ်မိုင်အကွာမှာ တိမ်တောင်ရှိတယ်၊ တိမ်ဘုရင်ရဲ့ သံချပ်ကာ တပ်ရင်းကို အဲဒီမှာတပ်စွဲထားတယ်။ ”

ရှောင်တျန်းချွယ် စကားကြောင့် စုရီက ခေါင်းညိတ်ပြပြီး လက်နှစ်ဖက်ကို နောက်ပို့ကာ ရှေ့ဆက်သွားလေသည်။

လန်လင်ရှောင်မိသားစု ပဋိပက္ခအပေါ် နှိမ်နင်းပြီးနောက် တိမ်ဘုရင်ကို ဖယ်ရှားရန် ဆုံးဖြတ်ထား၏။

ဤနည်းဖြင့် အခြားသော လူအများ သည်လည်း သူ့ပတ်ဝန်းကျင်ရှိ မိတ်ဆွေများကို ထိဝံ့တော့မည် မဟုတ်ချေ။

“ တိမ်ဘုရင်ရဲ့ ကွပ်ကဲမှုအောက်မှာ ထိပ်တန်းစစ်သည်ပေါင်း (၃၀,၀၀၀)လောက် ရှိပါတယ် ... သူ့အပြင် ရှန်ရှင်းသိုင်းသမား ဒုတပ်မှူးတွေလည်း ရှိတယ်။ ”

ရှောင်တျန်းချွယ်က နောက်ပါးမှ လိုက်လာလျက် လေးနက်စွာ သတိပေးသည်။ သူသည် စုရီတစ်ယောက် ရှန်ရှင်းသိုင်းသမား များကို သတ်သည့်မြင်ကွင်း မမြင်ဖူးချေ။

တိမ်ဘုရင်၏ တန်ခိုးကိုသာ မြင်ဖူးနေခဲ့သဖြင့် စိုးရိမ်မိသည်မှာ သဘာဝ ပေပင်။

“ စိတ်မပူပါနဲ့ အဲဒီကိုရောက်ရင် မင်းအဝေးကနေ စောင့်နေဖို့ပဲ လိုပါတယ်။ ”

စုရီက ပြုံးပြီး နှစ်သိမ့်လိုက်သည်။ သေမျိုးအဆင့် စစ်သည်တော်သည် ပုရွက်ဆိတ် များသာ ဖြစ်ချေ၏။

ရှောင်တျန်းချွယ်တစ်ယောက် နှုတ်ဆိတ် သွားတော့သည်။ များမကြာခင် မြင့်မားသော တောင်ကြီးတစ်လုံးကို မြင်လိုက်ရ၏။

တောင်ထိပ်လွင်ပြင် တစ်နေရာတွင် မီးရှူးတိုင်များ၊ ကင်းစခန်းများ၊ နန်းတော်နှင့် အခြားသော အဆောက်အအုံများ ပျံ့ကျဲနေ ခဲ့သည်။

အဝေးမှကြည့်သော် ၎င်းအထက် လေထုထဲတွင် သံသွေးနှင့် လူသတ်လိုသည့် အငွေ့အသက်များ ရစ်သိုင်းနေ၏။

“ ကျွီ ... ။ ”

ထိုအချိန်တွင် စခန်းတံခါး ရုတ်တရက် ပွင့်လာပြီး တစ်ဖက်တစ်ချက်စီတွင် သံချပ်ကာ တပ်သားများက လှံရှည်များ ကိုင်ဆောင်လျက် တန်းစီရပ်နေကြသည်ကို မြင်လိုက်ရသည်။

“ ဝူး ... ဝူး ... ဝူး ... ။ ”

စုရီနှင့် ရှောင်တျန်းချွယ် ပေါ်လာသော အခါတွင် ကျယ်လောင်သော အချက်ပေးသံကြီး မြည်ဟည်းထွက်ပေါ်လာလေသည်။

“ ဒုန်း ဒုန်း ဒုန်း ... ။ ”

စခန်းအတွင်းမှ သောင်းနှင့်ချီသော ထိုစစ်သားများသည် လက်နက်ကိုင်ဆောင်ကာ တိုက်ပွဲပုံစံကိုဖွဲ့စည်းလာ၏။

၎င်းထံမှ ထွက်လာသော စွမ်းအင်သည် ကောင်းကင်၌ သွေးနှင့် သွေးတိမ်များသဖွယ် စုစည်းလာတော့သည်။ ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ် ကောင်းလှ၏။

“ ဆရာစု ... တိမ်ဘုရင်က ငါတို့လာမှာကို မျှော်လင့်ထားပုံရတယ်။ ”

ထိတ်လန့်ဖွယ် တိုက်ပွဲဝင်ပုံစံ ဖွဲ့စည်းမှု မြင်ကွင်းကို အဝေးမှမြင်ပြီး ရှောင်တျန်းချွယ်၏ နှလုံးသားလေးလံလာခဲ့သည်။

“ ဒါ ပိုမကောင်းဘူးလား ... မဟုတ်ရင် ငါပင်ပန်းရလိမ့်မယ် ဒီမှာနေပြီး ခဏစောင့်ပါ တိမ်ဘုရင်ဘာတွေများ စွမ်းဆောင်ထားမလဲ ငါသွားကြည့်လိုက်ဦးမယ်။ ”

စုရီက ပြောပြီးနောက် ဆက်လျှောက် သွားလေသည်။ ကျောက်စိမ်းရောင် ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် ပန်းခြံထဲ လမ်းလျှောက် နေခဲ့သလိုပေပင်။

ထိုကဲ့သို့ မောက်မာလွန်းသော အမူအရာမျိုးသည် ရှောင်တျန်းချွယ်အပေါ် အနည်းငယ် စိတ်သက်သာရာ ရစေခဲ့၏။

“ ဆရာစု ... အောင်ပွဲနဲ့အတူ ပြန်လာတာကို ငါစောင့်နေမယ်။ ”

ရှောင်တျန်းချွယ်မှ လေးနက်စွာ ဦးညွှတ်လိုက်သည်။ သူ လိုက်သွားခဲ့လျှင်ပင် မကူညီနိုင်ရုံမျှသာမက စုရီအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပေလိမ့်မည်။

စုရီက နောက်ပြန်လှည့် မကြည့်ဘဲ လက်ပြန်ပြသွားသည်။ စခန်းအတွင်းတွင် စစ်သည်တော်များက တညီတညွတ်တည်း စုရီထံ အေးစက်စွာ စိုက်ကြည့်နေ၏။

တစ်ယောက်ချင်းစီသည် ရက်စက် ကြမ်းကြုတ်သော ဝိညာဉ်သားရဲကြီးများကဲ့သို့ ရောင်ဝါများ သိပ်သည်းနေသည်။ ၎င်းတို့က လူသတ်လိုသော ရည်ရွယ်ချက်များဖြင့် စုရီအပေါ် အုပ်မိုးထား၏။

အခြားလူတစ်ယောက်သာ ဆိုသော် သေသည်အထိ ကြောက်ရွံ့ သွားပေလိမ့်မည်။ စုရီအတွက်မူ သက်ရောက်မှု မရှိချေ။

“ တိမ်ဘုရင် ဘယ်မှာလဲ။ ”

ထိုအသံသည် ကောင်းကင်နှင့် မြေကြီးတလျှောက် ကျယ်လောင်စွာ ပဲ့တင်ထပ် သွားလေသည်။

သံချပ်ကာတပ်သားများမှာ သွေးနှင့်ချီ ကမောက်ကမ ဖြစ်ကုန်သည်။ အမြင်အာရုံထဲ ကြယ်ပွင့်များစွာ ပေါ်လာပြီး အမူအရာများ ရုတ်တရက် ပြောင်းသွားသည်။

“ ဟား ဟား ဟား ... ။ ”

ထိုစဉ် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အမျိုးသားတစ်ယောက် စခန်းထဲမှ ရယ်မောကာ လှမ်းထွက်လာသည်။

ခရမ်းရောင် စပါးအုံးမြွေ အရေခွံကို ၀တ်ဆင်ထားပြီး အသားအရည်မှာ ကြေးဝါနီးပါး တောက်ပနေသည်။

ဤသည်မှာ တိမ်ဘုရင် ဖြစ်သည်။ သူ့နောက်တွင် သန်မာသော စစ်သည်တော် တစ်စု လိုက်ပါလာ၏။

၎င်းတို့၏ အနိမ့်ဆုံးကျင့်ကြံမှုအဆင့်သည် နှောင်းပိုင်းမဟာသခင်ဖြစ်ကာ အမြင့်ဆုံးသည် ရှန်ရှင်းအဆင့်ဖြစ်သည်။

“ တတိယ သခင်လေး ... ငါ့ဆီ မင်းလာလည်တဲ့အတွက် တကယ့်ကို အံ့သြ ဝမ်းသာမိပါတယ် ဒါပေမယ့် ဘာကြောင့် မင်းဒီကိုလာမှန်း ငါမသိဘူး။ ”

သူသည် ဂုဏ်သိက္ခာ ကြီးမားသော အမူအရာမျိုးဖြင့် ကြယ်များ ခြံရံထားသည့် လမင်းကြီးအလား ကြီးစိုးပြနေသည်။

“ မဟာကျိုးက လူမိုက်တွေကို ... ခြိမ်းခြောက်ဖို့အတွက် ... ငါစုရီ မင်းရဲ့ခေါင်းကို ခဏလာငှားတာ။ ”

“ အိုး ... ဟား ဟား ဟား ... တတိယ သခင်လေး မင်းအရမ်း ရိုးသားတယ် ... ဒါဆို ငါ မရှက်တော့ပါဘူး ... ငါ့ခေါင်းကို လိုချင်ရင် ငါ့စစ်တပ်ကို တိုက်ခိုက်ဖို့ သတ္တိရှိလား။ ”

“ ငါစုရီ ... မလုပ်ဝံ့တဲ့အရာ မရှိဘူး။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ တိမ်ဘုရင်မှ မျက်ဝန်းများ မှေးစင်းလျက် လက် ဝှေ့ယမ်းပြီး၊

“ ဗုံတီးပြီး တတိယသခင်လေးကို ကြိုဆိုပါ။

-ဟု အမိန့်ပေးလိုက်တော့သည်။

“ တုံ တုံ တုံ ... ။ ”

စစ်ဗုံတီးခတ်သံများ ချက်ချင်း ပဲ့တင်ထပ်လာ၏။ စစ်သည်တော်များမှလည်း လှံကိုစောင့်ကာ မြည်သံပေးသည်။

ထို့နောက် တိမ်ဘုရင်က ဖိတ်ခေါ်သော အမူအရာမျိုးဖြင့်၊

“ ကျေးဇူးပြုပြီး ... ။ ”

-ဟု လမ်းပြတော့သည်။

လူတိုင်း၏ အကြည့်များအောက်တွင် စုရီသည် မဆိုင်းမတွဘဲ ရှေ့သို့ လျှောက်လှမ်း လာခဲ့၏။

ထိုသို့တည်ငြိမ်သော အမူအရာသည် တိမ်ဘုရင်၏ မျက်ဝန်းများကို မှေးစင်းသွား စေခဲ့သည်။

စစ်သည်တော်များ၏ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်သည် စုရီကဲ့သို့ အစွမ်းထက်သော တစ်စုံတစ်ဦးအပေါ် မခြိမ်းခြောက်နိုင်ကြောင်း သဘောပေါက် လာမိ၏။

စခန်းအလယ်တွင် ပေတစ်ထောင်ခန့် ကျယ်ဝန်းသော ဧရာမတိုက်ပွဲကွင်းကြီး ရှိသည်။ ၎င်းကို အနက်ရောင်ဖြင့် ဆောက်လုပ်ထားပြီး စင်မြင့်လှေကားထက်တွင် လူနှစ်​ယောက်ကို မြင်လိုက်ရသည်။

တစ်ယောက်သည် မီးတောက် သင်္ကေတပါရှိသော ဝတ်ရုံကိုဆင်မြန်းထားပြီး လူငယ်တစ်ယောက်ဖြစ်သည်။ ၎င်းဘေးတွင် ရေပြာရောင် တာအိုဝတ်ရုံဖြင့် လူလတ်ပိုင်း အရွယ် တာအိုဘုန်းကြီးတစ်ပါး ရှိသည်။

၎င်းတို့က စုရီကို မြင်သောအခါ သတ်ကွင်းထဲဝင်လာသည့် သားကောင်အလား လှောင်ပြုံးဖြင့် ကြည့်လာကြသည်။

“ ငါ့နာမည်က ယွီရှင်းလင်ပါ၊ မဟာချင် ရွှမ်ရွယ်တာအိုကျောင်းရဲ့ အမာခံတပည့်ဖြစ်ပြီး သူက ငါ့ဦးလေးလီချန်နင်ပဲ။ ”

လူငယ်မှ ဦးစွာ မိတ်ဆက်ပေးသည်။ သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက တည်ငြိမ်စွာပြုံးပြီး စုရီထံဦးညွှတ်လျက်၊

“ အဖိုးကြီးလီက တာအိုစုကို နှုတ်ဆက်ပါတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

စုရီက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သက်လတ်ပိုင်းအရွယ် တာအိုဘုန်းကြီးထံ ပြန်ကြည့်၏။

“ မင်းတို့က တိမ်ဘုရင်ကို ကူညီမဲ့ သူတွေလား။ ”

“ မဟုတ်ဘူး ... ငါတို့က မင်းအတွက် ဒီကိုလာခဲ့တာ ဒါပေမယ့် အခုလိုသခင်လေးစု ကိုယ်တိုင် ငါတို့ဆီလာလိမ့်မယ်လို့ မမျှော်လင့် ထားမိတာတော့ အမှန်ပဲ ... ဒါက ငါ့ကိုစကား တစ်ခွန်း ပြန်သတိရစေမိတယ်။ ”

“ ဘာစကားလဲ။ ”

တာအိုဘုန်းကြီး စကားကြောင့် စုရီမှ မျက်ခုံးပင့်လိုက်သည်။ လီချန်နင်က ပြုံးလျက် သူ့မုတ်ဆိတ်မွှေးကို ဟန်ပါပါရိုက်ပြကာ၊

“ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်ပေးတယ်။ ”

-ဟု ပြန်လည် ဖြေကြားလာတော့၏။

***

All Chapters