ဓားတစ်ထောင် မီးပိုက်ကွန်။
Vol. 20 Ch. 239
“ ကံကြမ္မာကို ကောင်းကင်ဘုံက သတ်မှတ်ပေးတယ်။ ”
မျက်ခုံးပင့်လျက် ယုံကြည်မှုရှိရှိ ပြုံးနေခဲ့သော လီချန်နင်ကို ကြည့်ပြီး စုရီမှ ရယ်ချင်လာသည်။
တာအိုကိုလေ့လာရန် အရည်အချင်း မပြည့်မီသေးသော တစ်စုံတစ်ယောက်သည် ‘ကံကြမ္မာ’ဟူသော စကားလုံးသုံးလုံးကို သူ့ရှေ့သုံးဆွဲနေ၏။
သို့သော် ရယ်မောရန်ပင် ပျင်းလာသဖြင့်၊
“ ဒါဆို ... ဒီမှာ မင်းငါနဲ့ တိုက်မှာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ တာအိုမိတ်ဆွေ အလျင်မလိုပါနဲ့ ... ငါတို့မတိုက်ခင် မေးစရာလေး တစ်ခုရှိတယ်။ ”
“ မေးပါ ... ။ ”
“ ရတနာဘုံကျောင်း နတ်ဆိုး တောင်တန်းကနေ မင်းပြန်လာတာ ကြားတယ် ရှန့်လင်ဘုံကျောင်းရဲ့ ဘုန်းကြီးတွေကို မင်းတွေ့ခဲ့သေးလား။ ”
“ တွေ့တယ် ... သူတို့ သေပြီ။ ”
“ ဟမ့် ... ။ ”
လီချန်နင်က အံ့အားသင့်သွားပြီး၊
“ သေပြီလား ... ဒီအကြောင်း မင်းငါ့ကို ပြောပြပေးနိုင်မလား တာအိုမိတ်ဆွေ။ ”
“ ငါ့ကိုအနိုင်ယူပြီးရင် မင်းသိချင်တာ မှန်သမျှ ငါပြောပြမယ် မင်းသေခဲ့ရင် အများကြီး သိနေလည်း အသုံးမဝင်နိုင်ဘူး။ ”
“ ဟား ဟား ဟား ... ။ ”
ဘေးနားမှ နားထောင်နေသော ယွီရှင်းလင်က ရယ်မောလိုက်လေသည်။ စုရီက သူ့ကို လျစ်လျူရှုထား၏။
ထိုသို့ လျစ်လျူရှု ခံထားရသဖြင့် ယွီရှင်းလင်တစ်ယောက် အရူးတစ်ယောက်လို အရယ် ရပ်သွားတော့သည်။
သည်စဉ် ထူးဆန်းသောပုံစံများဖြင့် ရေးထွင်းထားသည့် ကြေးမှန်တစ်ချပ်ထုတ်ကာ လီချန်နင်က စုရီထံ ပြလိုက်၏။
“ တာအိုမိတ်ဆွေ ... ဒါကိုမင်းသိလား။ ”
“ ဝိညာဉ်ကြေးမုံ ... ။ ”
စုရီမှ ပြန်ဖြေသည်။
“ မှန်တဘ် ဒီရတနာဟာ စိတ်ဝိညာဉ်ကို ဆန်းစစ်တဲ့ မှန်တစ်ချပ်ပါပဲ ... ဒါဆို မင်းမှန်ကို ကြည့်ဝံ့သလား တွေးမိပါတယ်။ ”
စုရီက မျက်ခုံးပင့်လျက်၊
“ ငါ့ခန္ဓာကိုယ် အသိမ်းခံထားရတယ်လို့ မင်းသံသယ ရှိနေတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ငါတို့ စမ်းသပ်ပြီးရင် ရှင်းသွားပါလိမ့်မယ်။ ”
လီချန်နင်က ပြုံးသည်။ ထို့နောက် လက်ချောင်းထိပ်မှ သွေးတစ်စက်စိမ့်ထွက်ကာ ဝိညာဉ်ကြေးမုံပေါ် ကျသွား၏။
“ ဘရူး ... ။ ”
ဝိညာဉ်ကြေးမုံသည် ရုတ်တရက် ထူးဆန်းသော အလင်းများထွက်လာပြီး စုရီထံ ဦးတည်လာသည်။
ထိုအချိန်တွင် လူတိုင်းသည် စုရီကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့ကြ၏။
“ ခွမ်း ... ။ ”
စုရီက ငြိမ်သက်စွာ ရပ်နေပြီး လုံးဝ မလှုပ်မရှားချေ။ အနက်ရောင် အလင်းများဖြင့် သူ့ကို စစ်ဆေးရန်ပြင်နေသော ဝိညာဉ်ကြေးမုံ သာလျှင် ရုတ်တရက် ပေါက်ကွဲသွားတော့၏။
“ ဒါ ... ။ ”
လီချန်နင်မှ အံ့သြသွားပြီး အနည်းငယ် ထိတ်လန့်လာသည်။
“ ဘာတွေဖြစ်နေတာလဲ။ ”
“ ဒီလိုရတနာမျိုးက ငါ့ဝိညာဉ်ကို စစ်ဆေးနိုင်မယ်လို့ မင်းထင်နေလား ရှက်စရာ ကောင်းလိုက်တာ။ ”
“ ဟမ့် ... ငါ့ဦးလေးရဲ့ ရတနာကို မင်းဘယ်လို ဖျက်ဆီးဝံ့တာလဲ။ ”
ယွီရှင်းလင်တစ်ယောက် မျက်နှာ မည်းမှောင်သွားသည်။ ဤတစ်ကြိမ်တွင် စုရီက သူ့ထံ လှည့်ကြည့်လိုက်ပြီး တိုက်ပွဲကွင်းပြင်ထံ မေးဆတ်ပြကာ၊
“ သေချင်ရင် လာ ... တိုက်ရအောင်။ ”
-ဟု ဖိတ်ခေါ်လိုက်သည်။
“ ဦးလေးဆရာ၊ ဒီကောင်လေးကို ငါသင်ခန်းစာတစ်ခု အရင် သင်ပေးပါရစေ။ ”
ဝိညာဉ်ကြေးမုံ ပျက်စီးမှုသည် လီချန်နင်၏နှလုံးသားကို နာကျင်သွားစေသည်။ ထို့ကြောင့် အသက်ပြင်းပြင်းရှူပြီး၊
“ လုပ်ပါ ... ။ ”
-ဟု ခွင့်ပြုလိုက်တော့သည်။
ထို့နောက် ယွီရှင်းလင်က ကွင်းဆီသို့ ရွေ့လျားသွားကာ စုရီကို ရင်ဆိုင်လိုက်သည်။ လီချန်နင်မှ တစ်စုံတစ်ရာကို သတိရလာပြီး၊
“ သတိထား ... ။ ”
-ဟု မှာကြားလိုက်သည်။
“ သိမ်းငှက် တစ်ကောင်က ယုန်ကို အမဲလိုက်ရင်တောင် သူ့ခွန်အားအပေါ် အကုန် သုံးလိမ့်မယ် စိတ်မပူပါနဲ့ ဦးလေးဆရာ။ ”
ရုတ်တရက် အနီရောင် ဓားတစ်လက် ထွက်ပေါ်လာ၏။ ဓားကိုယ်ထည်တစ်ခုလုံးသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး မီးတောက်ပုံ ရေးထိုးထား၏။
“ ဒီဓားကို မီးကျီးကန်းလို့ ခေါ်တယ် ... ဆရာတော်စန်းဟုန် ငါ့ကိုပေးခဲ့တာ ရှစ်နှစ်ရှိပြီ၊ နယ်ပယ်တူ ရန်သူ (၃၆)ယောက်ကို သတ်ပစ်နိုင်ခဲ့တယ်။ ”
ဓားတစ်လက် ကိုင်လိုက်သည်နှင့် ယွီရှင်းလင် အသွင်အပြင်များ ပြောင်းလဲသွား၏။ ၀တ်ရုံစ တဖျပ်ဖျပ်ခတ်ကာ မျက်ဝန်းများ စူးရှလာသည်။
“ ဒီနေ့ မင်းဦးခေါင်းကိုယူဖို့ ... ဒီဓားကို ငါသုံးမယ်။ ”
“ ဝှစ် ... ။ ”
ရုတ်တရက် မီးတောက်နေသော စွမ်းအင်စက်ဝိုင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ဖုံးလွှမ်းလာ၏။ လူသည် ဓားနှင့်တူ၏၊ သူ့ဓားသည် မီးဖြစ်၏၊
“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”
ထို့နောက် လူသတ်လိုသည့် အကြည့်တစ်ခု တောက်ပလာပြီး လျှပ်စီးကဲ့သို့ အကြိမ်ရာနှင့်ချီ ခုတ်ပိုင်း ပစ်လိုက်တော့သည်။
တခဏချင်းမှာပင် အနီရောင် ဓားအလင်းများရောယှက်ပြီး လေဟာနယ်ကို ဖုံးအုပ်သွားချေပြီ။
ဓားအလင်းတိုင်းသည် ထက်ရှလျက် ပူပြင်းသော ခံစားချက်ပေးသည်။ ဤနည်းဖြင့် ခွန်အားမှာ အဆင့်သစ်သို့ ရောက်ရှိသွား၏။
သူသည် မြေကြီးအဆင့် မရောက်သေးသော်လည်း ရှန့်လင်ဘုံကျောင်းမှ အကြီးအကဲ ကျင်းဟီထက် များစွာ အစွမ်းထက်နေသည်။
“ ကောင်းလိုက်တာ ဓားမီးတောက်က အရပ်မျက်နှာအားလုံးကို လောင်ကျွမ်းစေနိုင်တဲ့ အစွမ်းမျိုးရှိတယ်။ ”
ထိုမြင်ကွင်းကို ကြည့်ပြီး လီချန်နင်က ကျေနပ်စွာခေါင်းညိတ်၏။ မဟာချင်မင်းဆက်၌ ယွီရှင်းလင်သည် မျိုးဆက်သစ် လူငယ်များကြား အထူးချွန်ဆုံးတပည့် ဖြစ်သည်။
“ တောက်လောင်လိုစိတ်က အရမ်းပြင်းပျတယ်။ ”
ခပ်လှမ်းလှမ်းရှိ ရှစ်လန်ရှန့်က အသက်ပြင်းပြင်းရှူကာ မှတ်ချက်ပေးလိုက် တော့သည်။
သူသည် ရှန်ရှင်းသိုင်းသမားတစ်ဦး ဖြစ်သော်လည်း ယွီရှင်းလင်ဓားကို မမြင်နိုင်ချေ။ အဖျက်စွမ်းအားသည် မယုံနိုင်စရာအဆင့်သို့ ရောက်ရှိနေသည်။
တိမ်သံချပ်ကာတပ်ရင်းရှိ စစ်သည်တော်များအမြင်တွင် ထိုဓားချက်သည် သူတို့အသိဉာဏ်ထက် ကျော်လွန်၏။ လူတိုင်း အံ့အားသင့်သွားကြသည်။
“ ရွှပ် ... ။ ”
သို့သော် စုရီက လှောင်ပြောင်လိုသော အပြုံးဖြင့် ဓားမီးတောက်များကို ဖြတ်တောက် ပစ်လိုက်သည်။
“ ဘန်း ... ။ ”
မြေကြီးတုန်ခါလျက် ဓားမီးတောက်သည် မုန်တိုင်းကြောင့် ပျက်စီးသွားသလိုမျိုး ချက်ချင်း ပျောက်ကွယ်သွားတော့၏။
“ ဟား ဟား ဟား ... စုရီ၊ ငါ့ဓားမီးတောက်က ဒီလောက်ရိုးရှင်းတယ်လို့ မင်းတကယ် ထင်နေတာလား။ ”
ထိုမြင်ကွင်းကို ကြည့်ပြီး ယွီရှင်းလင်မှ ရယ်မော လှောင်ပြောင်၏။ စကားဆုံးသည်နှင့် ဓားမီးတောက်များက လေဆင်နှာမောင်းကဲ့သို့ စုရီထံ ပြန်၍ရစ်ဝိုင်းလာသည်။
ထိုခဏ၌ ထောင်ပေါင်းများစွာသော လေးသည်တော်များ ပစ်ခတ်လိုက်သကဲ့သို့ ယခင်ထက် နှစ်ဆ ပိုပြင်းလာ၏။
“ ဖြောင်း ... ဖြောင်း ... ဖြောင်း ... ။ ”
“ ဘယ်လို လှည့်ကွက်တွေလဲ။ ”
ဓားမီးတောက်ကို အယောင်ပြကာ တစ်ဖက်တွင် မီးမုန်းတိုင်းကို ပြင်ဆင်နေခြင်း ပေပင်။
လီချန်နင်က ချီးကျူးစကားဆိုကာ လက်ခုပ်တီးပေးသည်။ ဤသည်မှာ အရပ်ရပ်သို့ လောင်မြိုက်နိုင်သော မီးမုန်တိုင်း ဖြစ်၏။
“ ဝှစ် ... ။ ”
ထိုစဉ် စုရီက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတက်လာပြီး မီးမုန်တိုင်းအပေါ် လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
မီးမုန်တိုင်းခမျာ လက်ဖြင့် ဆွဲယူသွားသကဲ့သို့ အနည်းငယ် နှေးကွေးသွား တော့၏။
“ ဝူး ... ။ ”
ဤသို့ တုံ့ဆိုင်းသွားသည့် အခိုက်တွင်၊ ကြီးမားသော ရွှေလက်သီးက ကောင်းကင်မှ ပြုတ်ကျလာပြန်သည်။
ပေါက်ကွဲသံကြီး ညံသွားကာ၊ မုန်တိုင်း၊ မီးတောက်၊ ဓားအလင်းများ တစ်စစီ လွင့်စင် ကုန်တော့၏။
ဤဖြစ်စဉ်သည် ပတ်ဝန်းကျင်ကို တိတ်ဆိတ်သွားစေသည်။ ရှစ်လျန်ရှန့်သည်ပင် မျက်ဝန်းများ မှေးစင်းသွား၏။
စုရီသည် ကောလဟာလများအတိုင်း ကြောက်စရာ ကောင်းသည်။ သူသာဆိုသော် ယွီရှင်းလင်၏ ထိုတိုက်ခိုက်မှုကို အလွယ်တကူ ဖြေရှင်းနိုင်မည် မဟုတ်ချေ။
“ တတိယအဆင့် မဟာသခင် တစ်ယောက်က ဘယ်လိုများ အစွမ်းထက် နေရတာလဲ ... ဝိညာဉ်ကြေးမုံ မရှိရင်တောင် ဒီကောင်လေးက ကမ္ဘာခြားက ဝိညာဉ်ဆိုတာ သေချာနေပါပြီ။ ”
လီချန်နင်က လောဘတကြီးဖြင့် ရေရွတ်လိုက်တော့သည်။
“ မင်းရဲ့ ... အကောင်းဆုံး ဝှက်ဖဲတွေကို အခု သုံးဖို့ ငါအကြံပေးချင်တယ် ... မဟုတ်ရင်မင်းမှာ အခွင့်အရေးရှိတော့မယ် မထင်ဘူး။ ”
စုရီက ပျင်းရိဟန်ဖြင့် ပြောကြားလိုက်၏။ ယွီရှင်းလင်တစ်ယောက် မျက်နှာပျက်ယွင်းသွား တော့သည်။
တစ်ဖက်လူသည် အသက် နှစ်ဆယ်အောက်သာ ရှိသေးသည့် တတိယ အဆင့် မဟာသခင် ဖြစ်သည်။
၎င်းခန္ဓာကိုယ်ကို လုယူထားသော ဝိညာဉ်ကောင်၏ ခွန်းအားသည် အမှန်ပင် ကြောက်မက်ဖွယ် ကောင်းချေ၏။
“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”
အတွေးများရုတ်သိမ်းလျက် လေထဲ လှမ်းတက်ကာ ဓားကို အဆက်မပြတ် လွှဲရမ်း လိုက်သည်။
မရေမတွက်နိုင်သော ဓားမီးတောက်များ ကောင်းကင်နှင့် မြေကြီးကြား ပိတ်ဆို့နေသော ပိုက်ကွန်ကြီးအဖြစ် ဖွဲ့တည်လာပြန်၏။
“ ဓားတစ်ထောင် မီးပိုက်ကွန်ဖွဲ့ ... ။ ”
ဤသည်မှာ ရွှမ်ရွယ်ကျောင်းတိုက်၏ အဓိက အမွေလေးပါးအနက်မှ တစ်ပါးဖြစ်သည့် မီးနဂါး ဓားသုတ္တန် ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးကို ပိတ်လှောင်နိုင်သော မီးပိုက်ကွန်ကြီးအဖြစ် လူသိများပြီး ရန်သူများအတွက် လွတ်မြောက်ရန် အခွင့်အရေးမရှိချေ။
ထို့ကြောင့် အခြားသူများ အမြင်တွင် စုရီသည် ပိုက်ကွန်အတွင်း သက်ဆင်းနေသည့် သားကောင်ငယ်လေး မျှသာပေပင်။
အချိန်မရွေး အပိုင်းပိုင်းပေါက်ကွဲသွား နိုင်ပေသည်။ ထိုအခင်းအကျင်းကို အဝေးမှ ကြည့်ရှုနေသူများမှာ အသက်ရှူရန် မေ့လျော့ကုန်ကြသည်။
ယင်းသည် ယွီရှင်းလင်၏ ဂုဏ်ယူဖွယ် ဝှက်ဖဲတစ်ချပ်ပေပင်။ သို့သော် ၎င်းမှာ စုရီနှင့် မတွေ့ခင် အခိုက်အတန့်မျှသာ ဖြစ်မှန်း မည်သူမျှမသိချေ။
စုရီက စိတ်ပျက်လက်ပျက်ဖြင့်၊
“ ဒါပဲလား ... ။ ”
-ဟုဆိုကာ လက်ဖဝါးဖြင့် ပြန်လည် ရိုက်ထုတ်လိုက်သည်။
ရွှေဓားအလင်းသည် ကောင်းကင်ကို တည့်တည့်ပျံတက်သွားခဲ့၏။ ဆန်းကြယ်သော တာအိုတေးသံနှင့် ဓားရည်ရွယ်ချက်များ သယ်ဆောင်သွားသည်။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
တခဏချင်းမှာပင် လေထုအတွင်း ပေါက်ကွဲသံများ ထွက်ပေါ်လာကာ မီးပိုက်ကွန် ပျက်ပြယ်သွား၏။
“ အရမ်း ... မိုက်တယ်။ ”
တိုက်ပွဲကွင်းပြင် အပြင်ဘက်မှ အံ့အားသင့်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ တော့သည်။
“ ဒါ ... ။ ”
ယွီရှင်းလင်တစ်ယောက် အမူအရာ ပြောင်းလဲသွား၏။ စုရီက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ နဂါးငွေ့တန်းကို ဖမ်းဆုပ်ထား သကဲ့သို့ ရွှေဓားအလင်းများ စုစည်းပြီး၊
“ ရှန်ရှင်းသိုင်းသမားတိုင်းကို ငါဓားနဲ့ သတ်နိုင်တယ် ... မင်းလည်း ခြွင်းချက်မရှိ။ ”
-ဟု ဆိုလျက် ညာလက်ဖြင့် ခုတ်ချလိုက်တော့သည်။
“ ရွှပ် ... ။ ”
လေဟာနယ် ကွဲထွက်သွားကာ ကြီးကျယ်ခမ်းနားသော ရွှေဓားစွမ်းအင်များက ရေတံခွန်ကြီးလို ပြေးဝင်သွားခဲ့၏။
ယင်းသည် စကြာဝဠာကြီးကို သန့်စင်ပေးလိုသော ရွှေနဂါးကြီး တစ်ကောင်နှင့် တူချေပြီ။ ၎င်း၏ ဦးတည်ရာသည် ယွီရှင်းလင် ဦးခေါင်းထံ ဖြစ်၏။
***