အခန်း (၃၀၀)
Vol. 24 Ch. 300
သာ့ချောင်က တိုးတိုးလေး နှာမှုတ်ထုတ်ပြီး သူ့ခြေဖမိုးကို လွှတ်လိုက်သည်။
ဟော်ချီက ငုံ့ကြည့်လိုက်သည်။ အမယ်လေး၊ ဖိနပ်က ညစ်ပတ်သွားပြီ။
ဒါတောင် သူက စိတ်မဆိုးဘူး။ အဲဒီအစား သူ့နှလုံးသားက ယားယံလာသည်။ သူမနဲ့ ကစားဖို့ သူက သူမလက်လေးကို ပြန်ဆုပ်ကိုင်ချင်လာသည်။
"သွားရအောင်။ အပြင်မှာ အရမ်းအေးတယ်။ ကျွန်မတို့ ဝင်ကြမယ်"
သိုက်ရှုဖန်နှင့် ကျုံးခမ်းသိတို့သည် လူငယ်နှစ်ဦးကြားရှိ သေးငယ်သော လှုပ်ရှားမှုများကို သဘာဝအတိုင်း သတိပြုမိကြသည်။ သူတို့က သတိမထားမိဟန်ဆောင်ကြသည်။
အိမ်ပြန်ဝင်လာတော့ ဝမ်ချွမ်ကျီက သူမရဲ့ အနံ့ထွက်နေတဲ့ တိုဟူးကို စားပြီး သန့်စင်ပြီးပြီ။
သိုက်ရှုဖန်က ဝမ်ချွမ်ကျီထံ လျှောက်လာပြီး "ချွမ်ကျီ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို စောစောက တမင်ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး။ ထူးဆန်းနေတာ တွေ့လိုက်ရလို့ပါ။ အနံ့ထွက်နေတဲ့ တိုဟူးကို အရမ်းကြိုက်တာပါ!"
ကြောင်သူတော်!
ဒါကိုကြားတော့ ဝမ်ချွမ်ကျီက အတွင်းကျကျ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမက နှုတ်ခမ်းကို တွန့်ကွေးကာ "မေ့လိုက်ပါ၊ ကျွန်မက အရွယ်ရောက်တဲ့လူဖြစ်နေပြီ ဒီလိုအသေးအမွှားကိစ္စတွေကို စိတ်မ၀င်စားဘူး!"
သိုက်ရှုဖန်သည် ဝမ်ချွမ်ကျီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စရိုက်ကို ကောင်းစွာသိသည်။ ဒါကြောင့် သူမသဘောထားကို ဂရုမစိုက်ဘူး။
သူမ၏ ထိုင်ခုံသို့ ပြန်ရောက်ပြီးနောက် လင်းဟွေ့သည် ရုတ်တရက် ကိုင်းကာ သူမနားထဲကို တိုးတိုးလေး ပြောလိုက်သည်။ "အစ်မဖန်၊ အဲဒါပြီးခဲ့တဲ့လက ရောက်လာခဲ့လား?"
သိုက်ရှုဖန်က ခဏလောက် ထိတ်လန့်သွားပြီး "ဘာကလဲ?"
လင်းဟွေ့က သူ့အောက်နှုတ်ခမ်းကို အနည်းငယ်ကိုက်ပြီး "မိန်းမကိစ္စလေ။ လတိုင်းလာတဲ့ဟာ" ဟု ပြန်ပြောသည်။
ထိုမှသာ သိုက်ရှုဖန်က နားလည်သွားသည်။ သူမက သူမအသံကို နှိမ့်ပြီး "ပြီးခဲ့တဲ့လက မလာဘူး။ ဒါမှ မဟုတ် ဒီလလား။ ငါ့အသက်အရွယ်က အချိန်တန်နေပြီလေ။ နောင်တဖြည်းဖြည်း မလာတော့ဘူး!"
ဟော်ချီကို သူမအသက် ၂၀ တွင် မွေးဖွားခဲ့သည်။ ဟော်ချီသည် နှစ်သစ်ပြီးနောက် အသက် ၂၁ နှစ်ရှိပြီဖြစ်သည်။ တစ်နည်းဆိုရသော် သူမသည် နှစ်သစ်အပြီးတွင် အသက် ၄၁ နှစ်ရှိမည်ဖြစ်သည်။ ဓမ္မတာမလာတာက ပုံမှန်ပါပဲ။
လင်းဟွေ့က မျက်မှောင်ကြုတ်ကာ ပြောသည်။ "မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် ဒီလောက်စောနိုင်မှာလဲ? အသက်ငါးဆယ်အထိ ကျွန်မအမေက မဖြစ်ခဲ့တာကို။ အစ်မက ကျွန်မအမေထက် ကျန်းမာရေးက ပိုကောင်းတယ်။ ဒါကြောင့် စောစော မရပ်သင့်ဘူး။ ဖြစ်နိုင်တာက….. အစ်မကိုယ်ဝန်ရှိနေတာလား?"
သူမ၏ နောက်ဆုံးစကား အနည်းငယ်ကိုကြားတော့ သိုက်ရှုဖန်သည် အလွန်ထိတ်လန့်သွားပြီး ထိုင်ခုံမှ ခုန်ဆင်းလုနီးပါးပင်။ "မဖြစ်နိုင်ပါဘူး... ဟုတ်တယ်မလား?"
အဆုံးတွင် သူမ အနည်းငယ် မသေချာပေ။
လေးလေးနက်နက် စဉ်းစားရင် သူ့အသက်အရွယ်မှာ မဖြစ်နိုင်ပါဘူး။ သူမ ကိုယ်ဝန်ထပ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ သူမသည် နှစ်အနည်းငယ်အတွင်း အဖွားဖြစ်ရန် အဆင်သင့်ဖြစ်ခဲ့သည်။ ဒီအချိန်မှာ သူမမှာ တကယ် ကိုယ်ဝန်ရှိနေရင် သူမရဲ့ အနာဂတ်ကလေးနဲ့ မြေးတွေက အသက်အရွယ် အတူတူဖြစ်နေမှာလား?
အဲဒီလိုဖြစ်ရင် လူတွေက သူမကို သေအောင်ရယ်အောင်လိမ့်မည်။
ကျုံးခမ်းသိသည် သူမ၏ တုံ့ပြန်မှုကြောင့် လန့်ဖျပ်သွားသည်။ "အန်းဖန်၊ ဘာဖြစ်နေတာလဲ? မင်းနေမကောင်းဖြစ်နေပြန်ပြီလား?"
သူပါးစပ်ကို ဖွင့်လိုက်သည်နှင့် လူတိုင်း၏ မျက်လုံးများက သူမကို ချက်ချင်းအာရုံစိုက်လာပြန်သည်။
လူတိုင်းက အကြည့်ခံရတာကြောင့် သိုက်ရှုဖန်က ရှက်ရွံ့စွာနဲ့ "အဆင်ပြေပါတယ်။ ကျွန်မ ကျန်းမာရေးကောင်းပါတယ်"
ကြောင်သူတော်!
ဒါကို ဝမ်ချွမ်ကျီက ကြားလိုက်တာနဲ့ သူ့မျက်လုံး အဖြူရောင်တွေက မျက်နှာကျက်အထိ လူးလိမ့်လုနီးပါးပင်။ သူမကို ယောကျာ်းတစ်ယောက်ကသာ ချစ်မြတ်နိုးပုံရသည်။
ဒီအကြောင်းကို သူမ ပိုတွေးလေလေ သူမ အဆင်မပြေလေလေပါပဲ။ သူမက ခေါင်းကိုလှည့်ပြီး "ကျန်းကော်၊ ရှင် ကျွန်မကို နောက်ဆုံးအကြိမ် လက်ဆောင်ပေးခဲ့တဲ့ ဆောင်းဦးဘောင်းဘီကို ကျွန်မကြိုက်တယ်!"
ချောင်ကျန်းကော်က သူ့ခေါင်းကို ကုတ်လိုက်ပြီး "မိန်းမ၊ ဒီဘောင်းဘီမှာ အပေါက်တစ်ပေါက်ရှိနေတယ်လေ။ မင်းက သူတို့ကို ဘာလို့ ကြိုက်နေသေးတာလဲ?"
ဝမ်ချွမ်ကျီက အေးခဲသွားသည်။ ဒါကို သူမ ဘယ်လိုမေ့နိုင်မလဲ?
ဒါပေမယ့် ဒီကောင်။ သူဒီလိုစကားမျိုး မပြောသင့်ဘူး!
သူတို့နှစ်ယောက်ကြား စကားစမြည်ပြောသံကို ကြားရသောအခါ အားလုံးက စကားပင်မပြောနိုင်တော့ပေ။
မီပေါင်သည် အငယ်ဆုံးဖြစ်သည်။ သူမက နှစ်သစ်ကို စောင့်ရင်း လမ်းတစ်ဝက်မှာ အိပ်ပျော်သွားခဲ့သည်။ တခြားကလေးတွေက နောက်ကျတဲ့ထိနေကြသည်။ မနက်စောစော မီးရှူးမီးပန်း ပစ်လွှတ်လိုက်သည်နှင့် ချက်ချင်းပင် သူတို့က အကြီးများကို မြန်မြန်ဆန်ဆန် ဂါရဝပြုကြသည်။
"နှစ်သစ်မှာ ချမ်းသာကြပါစေ။ စာအိတ်အနီလေး လာပါပြီ"
"နှစ်သစ်မှာ အားလုံးအဆင်ပြေချောမွေ့ပါစေ။ စာအိတ်အနီလေး လာပါပြီ!"
စာအိတ်အနီတွေကြားထဲမှာ မီပေါင်က နိုးလာသည်။ သူမသည် ကုတင်ပေါ်ထဲမှ ဆင်းလာပြီး "စာအိတ်အနီတွေ ဘယ်မှာလဲ? မပြေးနဲ့၊ မီပေါင်လေး ဒီမှာပါ!"
သူမ၏ မှိန်းနေသော အကြည့်ကို မြင်လိုက်တော့ လူတိုင်း မရယ်ဘဲ မနေနိုင်ကြပေ။
နိုးနိုးကြားကြားရှိပြီးနောက် လူတိုင်းသည် ၎င်းတို့၏ အခန်းသို့ ပြန်အိပ်ကြသည်။
အခန်းထဲပြန်ရောက်တော့ သိုက်ရှုဖန်က အတွေးထဲ ပိတ်မိနေခဲ့သည်။ အဆုံးမှာတော့ သူမက သူမခင်ပွန်းကို လင်းဟွေ့က သူမကို ပြောပြခဲ့တာကို ပြန်ပြောပြခဲ့သည်။
ဒါကိုကြားတော့ ကျုံးခမ်းသိက သူ့အာရုံတွေကို တစ်စုံတစ်ယောက်က ပုတ်လိုက်သလို ခံစားလိုက်ရသည်။ သူပါးစပ်က အနည်းငယ်ပွင့်သွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ရုပ်ထုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်!
သိုက်ရှုဖန်က ဒီစကားကို ပြောရင်း ခေါင်းငုံ့သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမအသက်အရွယ်မှာ ကိုယ်ဝန်ရလာရခြင်းကို ရှက်ရွံ့မိသောကြောင့် ဖြစ်သည်။
ဒါပေမယ့် သူမစကားတွေပြောပြီးတဲ့ နောက်မှာ သူမသည် အချိန်အကြာကြီး အဖြေမရခဲ့ပေ။ သူမ နှလုံးပြုတ်ကျသွားသည်။ သူမစိတ်ထဲ ကိုယ်ဝန်ရှိနေတာကို သူသဘောကျမယ်လို့ တွေးနေခဲ့တာလား?
သူမ နှလုံးက ခဏတာ တုန်လှုပ်သွားသည်။ သူမခေါင်းကို မော့လိုက်သောအခါတွင် အံ့အားသင့်နေသော မျက်နှာတစ်ခုနှင့် တွေ့လိုက်ရသည်။ တခဏအတွင်းမှာပင် မှုန်ကုပ်ကုပ်ကနေ ပြုံးသွားသည်။
ကျုံးခမ်းသိက ရယ်မောသံကို ကြားလိုက်ရတော့ သူ့အာရုံတွေ ပြန်ပေါ်လာသည်။ သူက သူမလက်ကို လှမ်းကိုင်လိုက်ပြီး "အန်းဖန်၊ မင်းတကယ် ကိုယ်ဝန်ရှိတာလား?"
သိုက်ရှုဖန်က ခေါင်းခါလိုက်ပြီး "မသိဘူး၊ ဒါက ခန့်မှန်းချက်တစ်ခုပဲ"
ကျုံးခမ်းသိ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းလာကာ "ဒါဖြစ်ရမယ်။ ဒါဖြစ်ရမယ်!"
သူတို့သည် ငယ်သည်မဟုတ်ပေ။ သားသမီး မရှိသင့်ဘူးလို့ နှစ်ယောက်လုံးက ယူဆခဲ့ကြသည်။ ဒါကြောင့် သူတို့ ဒါကို ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။
ဒါပေမယ့် သူက ငယ်ငယ်တုန်းကတော့ သူမနဲ့ မိသားစုလေးတစ်ခု စတင်ပြီး ကိုယ်ပိုင်ကလေးမွေးချင်ခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ဒီအိပ်မက်က ရုတ်တရက် ဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
ဒါက သူ့ကို ဘယ်လိုလုပ် စိတ်မလှုပ်ရှားနိုင်စေမှာလဲ?
သိုက်ရှုဖန်သည် သူ့ထက် ပျော်ရွှင်မှုနည်းခဲ့သည်။ "နှစ်အနည်းငယ်ကြာရင် ချီအာနဲ့ သာ့ချောင်က ကျွန်မတို့မြေးတွေ ပေးနိုင်တော့မှာ။ ကျွန်မတကယ် ကိုယ်ဝန်ရှိနေရင် ဒါက လူတွေကို ရယ်အောင်လုပ်မှာ မဟုတ်ဘူးလား?"
ကျုံးခမ်းသိသည် ထိုစကားကိုကြားသောအခါတွင် ရေအေးသည် သူ့မျက်နှာပေါ်သို့ လောင်းချလိုက်သကဲ့သို့ ချက်ခြင်းငြိမ်သက်သွားသည်။
သူက အရယ်ခံရမှာကို မစိုးရိမ်ပါဘူး။ ဒီအချိန်မှာ သူ့မိန်းမက ငယ်တော့တာ မဟုတ်ဘူးဆိုတာ သူသိသည်။ သူမသည် အသက်သုံးဆယ်ကျော်လို့ ထင်ရသော်လည်း သူမက လေးဆယ်ကျော်နေပြီဖြစ်သည်။ တော်တော်အရွယ်လွန်မှရတဲ့ကိုယ်ဝန်ပင်။
သူက သူမလက်ကို ကိုင်ထားပြီး "အန်းဖန်၊ မင်း ကိုယ်ဝန်ရှိရင် ဒီကလေးကို မွေးချင်လား?"
သိုက်ရှုဖန်သည် ထိုစကားကိုကြားသောအခါ သူမ မျက်ခုံးပင့်ကာ "ရှင် မမွေးစေချင်ဘူးလား?"
ကျုံးခမ်းသိက အသက်ပြင်းပြင်းရှူပြီး "ကိုယ်လိုချင်တယ် ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်က မခံနိုင်မှာကို ကိုယ်စိုးရိမ်နေတယ်။ ကိုယ်ဝန်က အမျိုးသမီးတွေအတွက် အရမ်းခက်ခဲတယ်လို့ ကိုယ်ကြားဖူးတယ်။ ကိုယ်က ကလေးကို သဘောကျပေမယ့် နှစ်ယောက်တည်းက ရွေးရမယ်ဆိုရင် မင်းက အရေးကြီးဆုံးပဲ!"
ဒီစကားလုံးတွေက ပျားရည်နဲ့စိမ်ထားတဲ့ ချိုမြိန်သော စွန်ပလွံသီးတွေလိုပါပဲ။ ထိုကဲ့သို့ ချိုမြိန်မှုသည် သိုက်ရှုဖန်၏ ပါးစပ်ကို ပြည့်လျှံသွားပြီး သူမ၏ ပါးစပ်ထောင့်များကို ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည်။
သူမက ခဏလောက်စဉ်းစားပြီး "ဒီလောက်အများကြီးမတွေးရအောင်။ မနက်ဖြန်မှာ ဆေးခန်းသွားပြမယ်။ တကယ် ကိုယ်ဝန်ရှိနေရင် ဆုံးဖြတ်ချက်ချမယ်"
ကျုံးခမ်းသိက သဘောတူလိုက်သည်။ သူတို့နှစ်ယောက်က သူတို့ရဲ့ ဝတ်စုံတွေကို ချွတ်ပြီး အိပ်ယာဝင်ခဲ့ကြသည်။
မစဉ်းစားဘူးလို့ ပြောကြပေမယ့် နှစ်ယောက်လုံး အိပ်မပျော်ကြပေ။
နောက်တစ်နေ့မနက်မှာတော့ သူတို့ဘယ်သွားမယ်ဆိုတာကို လူတိုင်းမပြောဘဲ သူတို့က ချောင်အိမ်ကနေ ထွက်လာခဲ့သည်။ လင်းဟွေ့သာ မှန်းဆမိခဲ့သည်။
ဆေးရုံမှာ ဆေးစစ်မှုလုပ်ကြသည်။ ဟုတ်သည်၊ သူတို့ ထီပေါက်သွားသည်!
ဆရာဝန်က သူမ၏ အသက်သည် အရွယ်လွန်ကိုယ်ဝန်အမျိုးအစားတွင် ပါဝင်သည်ဟု ဆိုသည်။ ပုံမှန်အခြေအနေအရ သူတို့ကို ကလေးမွေးရန် အကြံပြုထားခြင်းမရှိပါ။ ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ် လုပ်ဆောင်ချက်က သူမရဲ့ ရွယ်တူတွေထက် ပိုကောင်းပါသည်။ သူမက ခံနိုင်ရည်ရှိတာကြောင့် သူတို့က သဘာဝအတိုင်း ဝင်စွက်ဖက်မှာ မဟုတ်ဘူး။
သားဆက်ခြားခြင်းဆိုင်ရာ အကောင်အထည်ဖော်မှုမှာ ယခုအချိန်တွင် အလွန်တင်းကျပ်သည်။ သို့သော် ကျုံးခမ်းသိတွင် ကလေးမရှိ၍ နိုင်ငံရပ်ခြားမှ ပြန်လာသူဖြစ်သောကြောင့် မိသားစုအစီအစဉ်ဖြင့် ကန့်သတ်ခြင်းမခံရပေ။ တစ်နည်းဆိုရသော် သူတို့သည် ဤကလေးကို ယူနိုင်သည်။
နှစ်ယောက်သား ဆေးရုံမှ ထွက်လာသောအခါ နှစ်ယောက်လုံးက စိတ်ရှုပ်ထွေးနေကြသည်။ နောက်ဆုံးတော့ သူတို့က ပြန်သွားပြီး အားလုံးနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်သည်။
သူ့အမေ ကိုယ်ဝန်ရှိတယ်ဆိုတဲ့ သတင်းကို ကြားတော့ ဟော်ချီက အံ့ဩသွားသည်။
အရင်က သာ့ချောင်က သူ့ကို ရယ်ရယ်မောမော ပြောခဲ့တာကို သူ သတိရသွားသည်။ သူ့မျက်နှာက ဘယ်လိုတုံ့ပြန်ရမှန်းမသိပေ။
သူ့သားက အကြာကြီး စကားမပြောတာကို မြင်လိုက်ရတော့ သိုက်ရှုဖန်က ကမောက်ကမ ဖြစ်သွားကာ "ချီအာ၊ မင်းအမေကို ဒီကလေး မမွေးစေချင်ဘူးလား"
ဘေးတွင်ထိုင်နေသော ကျုံးခမ်းသိသည် အသံမထွက်ပေ။ သို့သော် သူ့ခြေထောက်ပေါ်ရှိ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
ဟော်ချီက သူ့အသိတွေပြန်ဝင်လာပြီး ချောင်းဟန့်ကာ "အမေ၊ ကျွန်တော် ဒီလိုမထင်ထားဘူး။ ညီလေးပဲဖြစ်ဖြစ် ညီမလေးပဲဖြစ်ဖြစ် ကျွန်တော်သူ့ကိုချစ်လိမ့်မယ်။ ဦးလေးကျုံးလိုပဲ ကျွန်တော်က အမေ့ကျန်းမာရေးကို စိတ်ပူတာပါ!"
သိုက်ရှုဖန်သည် ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့သားက သူမကို ကလေးမမွေးစေချင်လျှင် သူ့ခံစားချက်တွေကို သေချာပေါက် ဂရုစိုက်လိမ့်မည်။
စောစောက ဆေးရုံမှာတုန်းကတော့ သူမ အနည်းငယ် တွေဝေနေသေးသည်။ အပြန်လမ်းတွင် သူမသည် ရုတ်တရက် တွေးလိုက်မိသည်- သူမသည် ဒီကလေးကို မွေးချင်သည်။
သူမက မငယ်တော့ဘူးဆိုတာ သိပါသည်။ သူမ ဒီကလေးမွေးချင်တယ်ဆိုရင်တော့ လုပ်ငန်းစဉ်က အရမ်းခက်ခဲသည်။ သို့သော် သူမသည် ဤကဲ့သို့ အရှုံးမပေးချင်ပေ။
ကလေးက ဒီကို ရောက်နေပြီ။ ပြီးတော့ ဒါက ကလေးနဲ့ သူတို့ကြားက ကံကြမ္မာပါပဲ။ သူမက ငယ်ငယ်ကတည်းက သမီးလေးကို မွေးချင်ခဲ့တာ။ သူမဆန္ဒကို အကောင်အထည်ဖော်နိုင်ရင် ဘယ်လောက်ပဲခက်ခဲနေပါစေ ထိုက်တန်ပါသည်။
ဆွေးနွေးပြီးနောက် သိုက်ရှုဖန်သည် ကလေးမွေးဖွားရန် ဆုံးဖြတ်ခဲ့သည်။
ကျုံးခမ်းသိသည် သူမ၏ ကျန်းမာရေးအတွက် စိတ်ပူနေချိန်တွင် အိမ်တွင် ကလေးအတွက် လိုအပ်သည့် အရာအားလုံးကို ရူးသွပ်စွာဝယ်ယူခဲ့သည်။ ခဏကြာတော့ ကလေးအခန်းထဲက ပြည့်သွားသည်။ အဲဒါက သိုက်ရှုဖန်ကို အံသြသွားစေသည်။
ဟော်ဟွားချင်းသည် သူ့ချွေးမ ကိုယ်ဝန်ကို မကန့်ကွက်ခဲ့ပေ။ အိမ်ကိုအသက်ဝင်စေသည်။ ကလေးတွေများလေလေ ပိုကောင်းလေလေပါပဲ။
ချောင်မိသားစုအနေနဲ့။ ဒီသတင်းကို သိပြီးနောက်မှာတော့ သူတို့က အံ့ဩသွားပြီး ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ရွှယ်အန်းရှု့ ပါဝင်သရုပ်ဆောင်ထားသော "ရှစ်ထုန်လေးရဲ့အိမ်ပြန်ခြင်း"သည် နွေရာသီအားလပ်ရက်အတွင်း တီဗီစီးရီးများ၏ အဆင့်သတ်မှတ်ချက်များကို ချိုးဖျက်ခဲ့သည်။ ရုပ်မြင်သံကြားဌာနအများအပြားသည် ဟိုင်ရှန့်ရိုက်ကူးရေးမှ ရုပ်သံလွှင့်မူပိုင်ခွင့်ကို ဝယ်ယူခဲ့သည်။ ဒီဒရာမာက အမိမြေရဲ့ နေရာအနှံ့မှာ ပိုပိုပြီး နာမည်ကြီးလာခဲ့သည်။
လူတော်တော်များများက ကလေးတွေကို နာမည်ပြောင်ပေးကြသည်။ သူတို့အားလုံးကို ရှစ်ထုန်ဟုခေါ်ကြသည်။ ရုတ်တရတ် နိုင်ငံတစ်ဝှမ်းလုံးမှာ ရှစ်ထုန်လေးတွေ အများကြီးရှိလာသည်။
ဟိုင်ရှန့် ရိုက်ကူးရေးသည် သံပူနေချိန်တွင် ရိုက်ချင်နေပြီး ဒုတိယရာသီအတွက် ပြင်ဆင်မှုများ စတင်ခဲ့သည်။
သရုပ်ဆောင်အဖြစ် ရွှယ်အန်းရှု့သည် ယွမ် ၃၀၀၀ ရရှိခဲ့သည်။ တုန်းယွင်လေးသည် သီချင်းရောင်းချမှုအတွက် ရွှယ်အန်းရှု့ထက် ၅၀၀ ပိုများကာ ယွမ် ၃၅၀၀ ရရှိခဲ့သည်။
ဝမ်ချွမ်ကျီက ဒီအတွက် အရမ်းဂုဏ်ယူခဲ့သည်။ "အိုး၊ တချို့လူတွေက နေ့တိုင်း ရုပ်ရှင်သွားရိုက်တာ မျက်လုံးအောက်မှာ အစက်အပြောက်တွေ ပေါ်လာတဲ့အထိ ပင်ပန်းကြတယ်။ ပြီးတော့ ပိုက်ဆံနည်းနည်းပဲရတယ်။ ယွင်ယွင်က မတူဘူး။ သူက ပါးစပ်ဖွင့်ရုံနဲ့ ပိုက်ဆံအများကြီး ရှာနိုင်တယ် "
လင်းဟွေ့နှင့် ချောင်ကျန်းမင်တို့သည် သူမစကားကြားပြီးနောက် သူမနှင့် လုံးဝ စကားမပြောချင်ကြပေ။ သူတို့က ကလေးကို နှစ်သိမ့်ပေးရုံပါပဲ။ အရာအားလုံးကို ငွေနဲ့တိုင်းတာတာမဟုတ်ဘူး။ အားထုတ်ခြင်းသည်လည်း ပျော်ရွှင်မှုတစ်မျိုးဖြစ်သည်။
ရွှယ်အန်းရှု့က ဒါကို စိတ်မ၀င်စားဘူး။ သို့သော် တုန်းယွင်လေးသည် ဒေါသကြီးသည်။
"အမေ၊ ဒီဝင်ငွေနဲ့ အမေ့အတွက် ၀တ်စုံနဲ့ ရွှေလက်စွပ်ဝယ်ဖို့ အစက သမီး စဉ်းစားနေခဲ့တာ။ ဒါပေမယ့် အမေ့ရဲ့ လက်ရှိအမူအရာကြောင့် အမေ့ကို မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ"
ဝမ်ချွမ်ကျီသည် လျှပ်စီးပစ်ချသလို ခံစားလိုက်ရသည်။ ချက်ခြင်းပဲ သူမက သူမသမီးလေးကို ပွေ့ဖက်ပြီး "ယွင်ယွင်၊ အမေ မှားသွားပါတယ်။ အမေ မဟုတ်တဲ့ စကားတွေ မပြောရဲတော့ပါဘူး။ အမေ့ကို ခွင့်လွှတ်နိုင်မလား?"