← Chapters

အနာဂတ်ကြိုမြင်ခြင်း

Vol. 13 Ch. 182

အနာဂတ်ကြိုမြင်ခြင်း

Vol. 13 Ch. 182

အနာဂတ်ကြည့်သည့်ပညာကို ထာဝရနတ်မယ်မသင်နိုင်ခဲ့ခြင်းမှာ အချိန်မသေမျိုးက တကယ်အလေးအနက်မသင်ပေးခဲ့ခြင်းကြောင့်ဖြစ်မည်ဟု လုယန် ယူဆသည်။

ထာဝရနတ်မယ်သင်ပေးသည့်အတိုင်း ရှေးခေတ်ဘာသာစကားကို လုယန် လေ့လာသည်။ ခက်ခဲသည့်ဝေါဟာရများ တစ်ခုပြီးတစ်ခုပေါ်လာသည်။

သုံးလေးကြိမ် ရွတ်ဖတ်ပြီးနောက် ထိုစကားစုကို ကျွမ်းကျင်စွာပြောနိုင်လာသည်။

"ဒါနဲ့ ...ခင်ဗျားကိုအသက်သွင်းဖို့ ခင်ဗျားနာမည်ရွတ်ဆိုတဲ့အခါ ရှေးဟောင်းဘာသာစကားရော လက်ရှိခေတ်ဘာသာစကားကိုရော သုံးလို့ရတာလား။ ဘာသာစကားနှစ်ခုလုံးက ခင်ဗျားကိုအသက်ပြန်သွင်းနိုင်တယ်ပေါ့"

ထာဝရနတ်မယ်ကို အသက်ပြန်သွင်းမိချိန်က ခေတ်ဘာသာစကားကိုသာသုံးခဲ့ကြောင်း သူမှတ်မိသည်။

"ဟီးဟီး၊ ငါပြောပြီးပြီလေ။ ငါ့ရဲ့ အရိယဖလက 'ထာဝရတည်တံ့ခြင်း'ပဲ။ ထဝရတည်တံ့ရင် အဆုံးသတ်ဆိုတာမရှိတော့ဘူး။ ဘာလို့ ဘာသာစကားတွေနဲ့ ဒါကိုကန့်သတ်ထားနိုင်မှာလဲ။ ဒါပေမယ့် ယင်ထန်မသေမျိုးနဲ့ တစ်ခြားမသေမျိုးတွေက ဒီအကြောင်းကိုမသိကြဘူး"

ထာဝရနတ်မယ်က မခိုးမခန့်ရယ်၍ သူ့လျှို့ဝှက်ချက်ကို လုယန်အား ပြောပြသည်။

"ဒီအကြောင်း တစ်ခြားလူတွေကို မပြောနဲ့နော်။ နင်က ငါ့ကိုအသက်သွင်းပြိး နင့်ကိုယ်ထဲမှာ နေခွင့်ပေးလို့ ပြောပြတာ"

"ဟုတ်ပါပြီ"

လုယန် ကတိပေးလိုက်သည်။

အနာဂတ်ကြည့်ပညာကို လုယန် ကြိုးစားပမ်းစား လေ့လာသည်။ ရှေးဒဏ္ဍာရီများမှာပင် ကျော်ကြားခဲ့သည့် ဤနတ်စွမ်းအားကို တင်ပျဉ်ခွေထိုင်၍ အပြည့်အဝဆင်ခြင်နေသည်။

သူသည် ထာဝရနတ်မယ်ဆီမှ ပညာသင်လေ့မရှိ။ လမ်းမှားရောက်မည်စိုး၍ဖြစ်သည်။ သို့သော် သူတွေးမရသည့် အကြောင်းအရာတစ်ခုခုရှိလျှင်တော့ နတ်မယ်ကိုမေးသည်။

အနာဂတ်ကြည့်ပညာ၏ သဘောတရားအား တဖြေးဖြေးဖမ်းဆုပ်နိုင်လာသည့်လုယန်ကို ထာဝရနတ်မယ် စောင့်ကြည့်နေသည်။ စိတ်ထဲတွင်ကျိတ်၍ ချီးကျူးမိသည်။ လုယန်သည် ထိုပညာကိုကျွမ်းကျင်ဖို့ အချိန်သိပ်မလိုတော့မှန်းသိသည်။

လုယန်၏ပါရမီကို သူ့ထက်ညံ့သည်ဟု သူအမြဲပြောခဲ့သည်။ အမှန်တော့ လုယန်ပါရမီက သူ့ထက်သာကြောင်း ဝန်ခံရမည်ကို ရှက်သောကြောင့်သာဖြစ်သည်။

သူအခြေတည်အဆင့်တွင် အချိန်ကျင့်စဉ်ပညာကို မသင်နိုင်ခဲ့။

အခြေတည်အလတ်တန်းဆင့်တစ်ယောက်က ခြေတစ်လှမ်းမိုင်ချီလို လေဟာနယ်ပညာမျိုးကို ကျွမ်းကျင်ခဲ့သည်။ ယခု အနာဂတ်မြင် အချိန်ပညာကို တတ်မြောက်ပြန်တော့မည်။ လုယန်၏ပါရမီသည် ကြောက်စရာကောင်းလောက်အောင်ထူးကဲသည်ဟုပြောလျှင် လွန်မည်မထင်။

သိပ်မကြာမီ ထိုအတွေးများကို ထာဝရနတ်မယ် ဘေးဖယ်ထားလိုက်သည်။ သူ့ပင်ကိုစွမ်းအားသည် မှော်ပညာကျင့်စဉ်များမဟုတ်။ ဘာကြောင့် သူ့အားနည်းချက်ကို လုယန်၏အားသာချက်များနှင့် နှိုင်းယှဉ်နေမည်နည်း။

ခံ့ညားထည်ဝါသည့် ရှေးဟောင်းစကားလုံးများကို လုယန်ရွတ်ဆိုသည်။ လက်ညှိုးလက်ခလယ်နှစ်ခုပူး၍ အော်ဟစ်လိုက်သည်။

"အနာဂတ်မြင်စွမ်းအား"

"တတ်သွားပြီလား"

ထာဝရနတ်မယ် အံ့ဩသွားသည်။ လုယန်တတ်မြောက်သည်က မြန်လွန်းနေသည်။

ရွှေရောင်မှော်အလင်းများ လုယန်ဘေးပတ်လည်တွင်ပေါ်လာပြီး လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားသည်။ သုံးမိနစ်ကြာပြီးနောက် ထိုမှော်အလင်းများ လေဟာနယ်ထဲမှ ပြန်ထွက်လာပြီး လုယန်ကိုယ်ထဲသို့ ဝင်သွားသည်။

သူ့မျက်လုံးများ ရွှေရောင်တောက်လာသည်။ အနာဂတ်ကို သူတကယ်မြင်လိုက်ရသည်။

"မြင်တော့မြင်တယ်....လွန်ခဲ့တဲ့ နှစ်မိနစ်က ကိုယ့်အဖြစ်ကိုယ် ပြန်မြင်ခဲ့တာလား"

လွန်ခဲ့သည့်နှစ်မိနစ်က သူသည် ငူငူငိုင်ငိုင်ဖြင့် လက်မောင်းကိုမြှောက်ထားပြီး ရွှေရောင်အလင်းများ ပြန်အလာကိုစောင့်နေခဲ့သည်။ အတော်လေး အူကြောင်ကြောင်နိုင်သည်။

သူ့မျက်လုံးထောင့်များ တွန့်သွားသည်။

မှန်ပါသည်။ အနာဂတ်မြင်ပညာကို သူတတ်မြောက်ခဲ့ပြီဖြစ်သည်။ မှော်ပညာသုံးပြီး နောက်တစ်မိနစ်အကြာတွင်ဖြစ်မည့် အခြေအနေကို သူတကယ်ကြိုမြင်ခဲ့သည်။

သို့သော် တကယ့်လက်တွေ့တွင် အနာဂါတ်မြင်ကွင်းကိုမြင်ရဖို့ သုံးမိနစ်ကြာအောင် စောင့်ရသည်။

(**တစ်မိနစ်အလွန်ကို ကြိုမြင်သည်။ ရလာဒ်သိဖို့ သုံးမိနစ်စောင့်ရသည်။ ထို့ကြောင့် ရလာသည့်မြင်ကွင်းသည် လွန်ခဲ့သည့် နှစ်မိနစ်မှ အခြေအနေဖြစ်သည်)

"ဒါက ဘာသုံးစားလို့ရမှာလဲ"

လုယန် ညည်းလိုက်သည်။

သို့သော် ထိုပညာကို ကောင်းကောင်းမကျွမ်းကျင်သေး၍ဖြစ်မည်ဟု သူယူဆသည်။

"ထပ်လေ့ကျင့်မယ်"

သူ့လုပ်ရပ်များကို ပြန်သုံးသပ်သည်။ ဖြစ်နိုင်ခြေရှိသည့်ပြဿနာများကို အတည်ပြုသည်။ ဟာကွက်များကို ဆင်ခြင်သည်။ အနာဂတ်မြင်မှော်ပညာကို နောက်တစ်ကြိမ်ပြန်အသက်သွင်းလိုက်သည်။

သုံးမိနစ်စောင့်သည်။ မှော်ပညာအသက်သွင်းပြီးနောက် 'တစ်မိနစ်ခွဲ'အလွန်မှ အခြေအနေကို ကြိုမြင်လာသည်။

"..နည်းနည်းတိုးတက်လာပြီ"

ကိုယ့်ကိုယ်နှစ်သိမ့်၍ သူအားတင်းလိုက်သည်။

"ဆက်ကြိုးစားထား"

ထာဝရနတ်မယ်က ဘေးမှအားပေးနေသည်။

"နောက်တစ်ကြိမ်ထပ်လေ့ကျင့်မယ်"

ဓာတ်ငါးမျိုးဂိုဏ်းထွက်သွားပြီးနောက် စီနီယာအကိုအမများ လုယန်ကို အလှည့်ကျတိုက်ခိုက်ခဲ့သည်။ အဆက်မပြတ်တိုက်ခိုက်ခဲ့သည်။ မနက်စောစောတွင် ကောင်းကင်ဂိတ်တောင်ထိပ်မှတော့အုပ်တွင် သူ့ကိုမြေမြှုပ်ခဲ့သည်။

နတ်မယ်၏စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီးနောက် မနက်အရုဏ်တက်ချိန်မှစ၍ အနာဂတ်မြင်မှော်ပညာ ဇွဲကောင်းကောင်းသူလေ့ကျင့်ခဲ့သည်။

အချိန် တဖြေးဖြေးကုန်လွန်သွားသည်။ မနက်မှ ညသို့ရောက်လာသည်။ နေမှလသို့ ပြောင်းသွားသည်။ လရောင်က တာအိုလမ်းစဉ်ဂိုဏ်းအပေါ် ဖြာကျနေသည်။ ထူးဆန်းသည့်အရောင်အဝါကို လွှမ်းခြုံထားသည်။

ဇွဲကောင်းသူကို ကောင်းကင်က ဆုချီးမြှင့်သည်။ ဆက်တိုက်လေ့ကျင့်၊ သုံးသပ်ဆင်ခြင်၊ ပြဿနာအဖြေရှာပြီးနောက် အနာဂတ်မြင်နိုင်စွမ်းအားက သုံးမိနစ်အကန့်အသတ်ပြည့်ဖို့ နီးသထက်နီးလာသည်။

ရုတ်တရက် သူ့စိတ်အာရုံတွင် ဘုန်းခနဲမြည်ဟိန်းသွားသည်။ အတားအဆီးတစ်ခု ကျိုးပျက်သွားသလိုရှိသည်။ သုံးမိနစ်အတိုင်းအတာကို ကျော်ဖြတ်သွားပြီး အနာဂတ်မြင်ပညာ၏ အခြေခံအဆင့်ကို ရောက်လာသည်။

သူ့မျက်လုံးများ ရွှေရောင်တောက်နေသည်။ ညအမှောင်အောက်တွင် ဆီမီးတိုင်နှစ်ခုလို လင်းလက်နေသည်။

"နင်ဘာမြင်ခဲ့လဲ"

စိတ်လှုပ်ရှားနေသည့်လေသံဖြင့် ထာဝရနတ်မယ်ကမေးသည်။

လုယန်မျက်နှာအမူအရာက နည်းနည်းထူးဆန်းနေသည်။

"အပိုင်းအစလေးပဲ မြင်လိုက်ရတာ။ အမယွမ် အကျဉ်းထောင်တောင်ထိပ်က ထွက်လာတယ်။ သူ့ဆီပြေးသွားပြီး "ဆရာ့လို လွတ်လပ်တဲ့လူဖြစ်လာဖို့ ဆရာ့ဆီကနေ ကျုပ်သင်ယူချင်တယ်။ အလုပ်ပင်ပင်ပန်းပန်းမလုပ်ဘဲ ကျင့်ကြံမှုမလုပ်ဘဲ နေ့တိုင်း ပေါ့ပေါ့ပါးပါး အချိန်ဖြုန်းချင်တယ်"လို့ ကျုပ်ပြောလိုက်တယ်။ အမယွမ်က မပွင့်တပွင့်ပြုံးပြီး ကျုပ်ကိုပွေ့ဖက်တယ်။ ကျုပ်ကျောပြင်ကိုပုတ်ပြီးပြောတယ်။ နောက်ဆို သူကျုပ်ကို ဂရုစိုက်ပါ့မယ်တဲ့"

"ဟုတ်လား"

ထာဝရနတ်မယ် အံ့အားသင့်သွားသည်။ အနာဂတ်က အတော်ထူးခြားလှသည်။

"အဲဒီမြင်ကွင်းက တကယ့်အစစ်အမှန်လို ကျုပ်ခံစားရတယ်"

လုယန်လည်း စဉ်းစားမရအောင်ဖြစ်နေသည်။

"တစ်ခုခုမူမမှန်ဘူးလို့ ငါထင်တယ်"

ထာဝရနတ်မယ် မျက်လုံးစွေ၍ သူစဉ်းစားနေသည်။

"အချိန်မသေမျိုး ငါ့ကိုတစ်ခါပြောဖူးတယ်။ အနာဂတ်ဆိုတာ ပြောင်းလဲလို့မရဘူးတဲ့။ နင်ဒီလိုမြင်ခဲ့တာဆိုရင် ဒီလိုပဲဖြစ်လာလိမ့်မယ်"

"ဟုတ်မဟုတ်သိဖို့ စမ်းကြည့်ရုံပဲ ရှိတာပေါ့"

ထာဝရနတ်မယ်ပြောသည့် သဘောတရားကို နားလည်လာသဖြင့် လုယန် အကျဉ်းထောင်တောင်ထိပ်ဆီသို့သွားသည်။

ယွမ်ကျိကလည်း အကျဉ်းထောင်တောင်ထိပ်မှ ထွက်လာချိန်နှင့်ကြုံသည်။ သူ့လက်သီးများက သွေးစွန်းနေဆဲဖြစ်သည်။ မျက်နှာက အရယ်အပြုံးမရှိသော်လည်း သူစိတ်ကြည်နေကြောင်း သူနှင့်ရင်းနှီးသူများ သိကြပေလိမ့်မည်။

ဒုဂိုဏ်းချုပ်နှစ်ယောက်ထံမှ ထာဝရဂိုဏ်း၏ ဌာနချုပ်တည်နေရာများအပါအဝင် သတင်းအချက်အလက် အတော်များများ သူနှိုက်ယူနိုင်ခဲ့သည်။

စိတ်လှုပ်ရှားဟန်ဖြင့် ပြေးလာသည့်လုယန်ကို မြင်ရသဖြင့် သူမေးသည်။

"ဘာကိစ္စရှိလို့လဲ ရှောင်လု"

လုယန် ပြုံး၍ပြောသည်။

"ဆရာ့လို လွတ်လပ်တဲ့လူဖြစ်လာဖို့ ဆရာ့ဆီကနေ ကျုပ်သင်ယူချင်တယ်။ အလုပ်ပင်ပင်ပန်းပန်းမလုပ်ဘဲ ကျင့်ကြံမှုမလုပ်ဘဲ နေ့တိုင်း ပေါ့ပေါ့ပါးပါး အချိန်ဖြုန်းချင်တယ်"

"ဂျိန်း...ရွှီး..."

ဘာကြောင့်မှန်းမသိ။ ကြည်လင်နေသည့်ကောင်းကင်က မိုးကြိုးလျှပ်စီးများထလျက် မည်းမှောင်သွားပြီး ကြီးမားသည့်မိုးရေပေါက်များ ကျလာသည်။

"အား...မိုးရွာနေပြီ။ ဒီညမိုးရွာလိမ့်မယ်လို့ ငါနင့်ကိုပြောခဲ့သားပဲ"

ထာဝရနတ်မယ်ကြွားလုံးထုတ်သည်။ သူ့မိုးလေဝသခန့်မှန်းချက်က အတော်လေးတိကျသည်။

လုယန်သတိထားမိခဲ့သည်။ သူ့စကားဆုံးသည်နှင့် အမယွမ်၏ တည်ကြည်သည့်မျက်နှာတွင် မပွင့်တပွင့်အပြုံးရိပ်ပေါ်လာသည်။ အပြုံးဟုဆိုသော်လည်း ကောင်းကင်မှ မိုးကြိုးလျှပ်စီးများနှင့် ပေါင်းစပ်နေသည်။ ထိုအပြုံးမှ ကြောက်စရာဖိအားတစ်ခု ထွက်ပေါ်နေသည်ဟု သူ့စိတ်မှ အလိုလိုခံစားနေရသည်။

သေခြင်းအရိပ် လွှမ်းခြုံလာသည့် ဖိအားမျိုးဖြစ်သည်။

လုယန် တံတွေးကိုအတင်းမျိုချ၍ သိစိတ်နယ်မြေသို့ အမြန်ပြန်ဝင်သွားပြီး တီးတိုးကပ်မေးသည်။

"နတ်မယ်၊ ကျင့်စဉ်စွမ်းအားမြင့်တဲ့လူတွေ ခံစားချက်အပြောင်းအလဲဖြစ်ရင် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိနိုင်လား"

"အင်း ရှိတာပေါ့"

လုယန်နားလည်လာသည်။ ပုံမှန်ဆိုလျှင် မိုးရွာလေ့မရှိသည့် တာအိုလမ်းစဉ်ဂိုဏ်းသည် ယနေ့ မိုးရွာသည်။

သူ့စကားကြောင့် ယွမ်ကျိ ဒေါသထွက်သွားခြင်းဖြစ်သည်။

"နတ်မယ်၊ ခင်ဗျားရဲ့ ရာသီဥတုခန့်မှန်းချက်က တကယ်တိကျပါပေတယ်"

လုယန် အံကြိတ်၍ပြောလိုက်သည်။

အပြင်ဘက်တွင် ယွမ်ကျိက လုယန်ပုခုံးကိုပုတ်၍ လေသံပျော့ဖြင့်ပြောသည်။

"ရှောင်လု၊ မင်းက ကျင့်ကြံမှုအလွန်အကျွံလုပ်လွန်းလို့ အဓိပ္ပါယ်မရှိတဲ့စကားတွေ စပြောမိလာတာဖြစ်မယ်"

လုယန် တုန်လှုပ်သွားသည်။ အလိုလိုခေါင်းခါမိသည်။ သို့သော် အမူအရာမှားယွင်းကြောင်း သိသွားသဖြင့် ကြက်အစာကောက်သလို ခေါင်းတဆတ်ဆတ်ငြိမ့်ပြန်သည်။ စကားတစ်လုံးမှမပြောနိုင်။

သူကျင့်ကြံတတ်မြောက်ခဲ့သည့် ပညာကို သူနားလည်လာသည်။

အနာဂတ်မြင်ပညာ။

အနာဂတ်တွင် ဖြစ်မလာနိုင်သည့်အရာများကို ကြိုမြင်ခြင်းဖြစ်သည်။

*******************************

All Chapters