← Chapters

အသန်မာဆုံးဝိညာဉ်

Vol. 13 Ch. 183

အသန်မာဆုံးဝိညာဉ်

Vol. 13 Ch. 183

ဖြစ်စဉ်အကြောင်းရင်းနှင့် နောက်ဆက်တွဲဖြစ်လာသည့် အခြေအနေများကို လုယန် အမှန်အတိုင်းရှင်းပြသည်။ ထာဝရနတ်မယ်လည်း အပြင်ထွက်လာပြီး သက်သေခံ၍ ယွမ်ကျိကိုဖျောင်းဖျသည်။ လုယန်သည် ကျင့်စဉ်ပညာ၏အာနိသင်ကို စမ်းသပ်ခြင်းသာဖြစ်ကြောင်းပြောသည်။

မိုးကြိုးလျှပ်စီးများ ပျောက်ကွယ်သည်။ ကျနေသည့်မိုးစက်များ ချက်ချင်းရပ်သွားသည်။ တိမ်မည်းများကြားမှ လရောင်က ထိုးဖောက်ထွက်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်း သာသာယာယာပြန်ဖြစ်သွားသည်။

တာအိုလမ်းစဉ်ဂိုဏ်းတွင် မိုးရွာသည်ဆိုလျှင် ဂိုဏ်းအကြီးအကဲများက မှော်အစွမ်းသုံး၍ ဝိညာဉ်စွမ်းအင်နှင့်မိုးရေ ရောနှောကျဆင်းအောင်လုပ်ပြီး အစိုဓာတ်ယူခြင်း၊ ဂိုဏ်နယ်မြေအတွင်း ဝိညာဉ်စွမ်းအင်တိုးပွားအောင်လုပ်ခြင်းသာဖြစ်သည်။

"ငါနင့်ကိုပြောသားပဲ။ ဒီနေ့ညကနေ မနက်ဖြန်နေ့ခင်းအထိ တိမ်ထူရာကနေ ကောင်းကင်ကြည်လင်လာမယ်လို့လေ။ ငါခန့်မှန်းတာ ဘယ်လောက်တိကျလဲ ကြည့်လိုက်"

ထာဝရနတ်မယ်က မိုးလေဝသခန့်မှန်းချက်အစွမ်းကို ထုတ်ကြွားပြန်သည်။

"..."

လုယန် စကားပြောချင်စိတ်မရှိတော့။

ယွမ်ကျိနောက်တွင် ရင်းနှီးနေသည့်သဏ္ဌာန်တစ်ချို့ ပါလာသည်ကို သူသတိထားမိသည်။ ထာဝရဂိုဏ်း၏ ဒုဂိုဏ်းချုပ်လျိုနှင့် အကြီးအကဲခြောက်ယောက်ဖြစ်သည်။

ခုနစ်ယောက်လုံး မူမမှန်ဖြစ်နေသည်။ ယွမ်ကျိကိုကြည့်နေသည့် သူတို့မျက်လုံးတွင် ထိတ်လန့်ရိပ်များပြည့်နေသည်။

"အား...သူတို့အားလုံး ဝိညာဉ်ဘဝရောက်သွားပြီပဲ"

ထာဝရနတ်မယ် နည်းနည်းအံ့အားသင့်နေသည်။

"အမယွမ် ဘာတွေလုပ်နေတာလဲ"

လုယန် အတော်စဉ်းစားရကြပ်သွားသည်။

ယွမ်ကျိက ပုံမှန်လေသံဖြင့် ရှင်းပြသည်။

"သူတို့က အသားကင်စွမ်းရည်ကောင်းတာ ငါသိတယ်။ ဂိုဏ်းထဲက ညီအကိုမောင်နှမတွေကြားမှာ ရေပန်းစားနေပြီလေ။ သူတို့ကို အကျဉ်းထောင်ထဲ ပိတ်လှောင်ထားမယ့်အစား အသားကင်ဆိုင်မှာ သူတို့စွမ်းရည်တွေအသုံးချခိုင်းတာ ပိုကောင်းတာပေါ့။ သူတို့ကို ဝိညာဉ်ဖြစ်အောင် ငါသန့်စင်လိုက်တယ်"

မှန်သည်။ ဒုဂိုဏ်းချုပ်လျို့တို့အဖွဲ့ ရလာမည့်ငွေများကို ယွမ်ကျိထံ အတိအကျ ပြန်အပ်ရတော့မည်။

အကျဉ်းထောင်တောင်ထိပ်တွင် ပိတ်လှောင်ထားသည့် ရှေးဟောင်းစုစည်းခြင်းအဆင့်ဝိညာဉ် အတော်များများရှိနေသည်။ ဝိညာဉ်ရတနာသန့်စင်ဖို့ ကုန်ကြမ်းပစ္စည်းမရှားပါးသေး။

လုယန် မင်သက်မိသွားသည်။ ခြောက်ခြားစရာကောင်းသည့် ထိုအဖြစ်မျိုးကို စိတ်ထဲတွင် ရင်းနှီးနေသည်။

စုစည်ခြင်းအဆင့်ဝိညာဉ်(သရဲကျွန်)ဆိုသည်မှာ ဝိညာဉ်ဖြစ်နိုင်သည် အမြင့်ဆုံးအဆင့်ဖြစ်သည်။

သူတို့ကို ဝိညာဉ်ဖြစ်အောင်သန့်စင်သည်မှာ ထိုခုနစ်ယောက် ဂိုဏ်းထဲတွင် ပုန်ကန်ထကြွမည် ပြဿနာရှာမည်ကို မကြောက်သည့်သဘောဖြစ်သည်။ တစ်ခြားလူများကို အန္တရာယ်ပေးဖို့ ကြိုးစားလျှင် ချက်ချင်းသေသွားမည်။

ယွမ်ကျိက ဒုဂိုဏ်းချုပ်လျိုတို့အဖွဲ့ကို "နောက်တစ်ခေါက်"အသားကင်ဆိုင်သို့ ပြန်ခေါ်သွားသည်။ ဆိုင်ကို ငြိမ်းးငြိမ်ချမ်းချမ်းလည်ပတ်စေသည်။

ဒုဂိုဏ်းချုပ်လျိုတို့ ချက်ချင်းခေါင်းငြိမ့်ကြသည်။ အသားကင်ဆိုင်၏အရည်အသွေးကို မြှင့်တင်ပြီး ရေသာမခို ဈေးနှုန်းလိမ်မရောင်းဘဲ ဖောက်သည်တိုင်းကို စေတနာအပြည့်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးပါမည်ဟု အာမဘန္တေခံကြသည်။

ထိုနောက်တွင်မှ ယွမ်ကျိ စိတ်ကျေနပ်၍ ထွက်သွားသည်။ လုယန်ကို ကောင်းကင်ဂူတောင်ထိပ်သို့ ပြန်လိုက်ခဲ့ရန်ပြောသည်။

"နောက်တစ်ခေါက်"အသားကင်ဆိုင်ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်။ ဆိုင်သစ်ဖွင့်ပွဲအတွက် ကုန်သည်များစွာ လာရောက်ဂုဏ်ပြုကြသည်။

အစပိုင်းတွင် ဒုဂိုဏ်းချုပ်လျိုတို့ အတော်မကျေမနပ်ဖြစ်ကြသည်။ ဝိညာဉ်ဘဝရောက်နေသော်လည်း သူတို့အားလုံး စုစည်းခြင်းအဆင့်စွမ်းအားမျိုး ရှိနေသေးသည်။ အပြင်လောကတွင် အကြည်ညိုခံအဆင့်ဖြစ်သည်။ ထိုကုန်သည်များနှင့် ဆက်ဆံရသည်ကို အောက်ကျသည်ဟု ခံစားရသည်။

သို့သော် ထိုခံစားချက်ကို ချက်ချင်းစွန့်လွှတ်လိုက်သည်။ ပတ်ဝန်းကျင်ကို ဝိညာဉ်အာရုံဖြန့်၍ လေ့လာပြီးနောက် ကြောက်ချွေးပြန်သွားသောကြောင့်ဖြစ်သည်။ သာမန်အာရုံခံကြည့်ရုံဖြင့် ကျင့်စဉ်စွမ်းအားမခန့်မှန်းနိုင်သည့် ကျင့်ကြံသူအတော်များများ သူတို့တွေ့ကြသည်။

ဥပမာ ရနံ့တစ်ရာအိမ်တော်ပိုင်ရှင် မိန်းမလှ။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် စသဖြင့်ရှိသည်။

သူတို့မခန့်မှန်းနိုင်သည့် စွမ်းအားရှင်ဆိုလျှင် စုစည်းခြင်းအဆင့်သို့ ရောက်နေသည့်သဘောဖြစ်သည်။

အဆင့်မြင့်ကျင့်ကြံသူများ သာမန်လူထုကြားတွင် ပုန်းအောင်းနေတတ်သည်မှာ မဆန်းလှ။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းထဲမှာပင် ထိုသို့လျှို့ဝှက်ပုဂ္ဂိုလ်များ ဘာကြောင့်ရှိနေရသနည်း။

လေဟာနယ်သန့်စင်အဆင့်ကျင့်ကြံသူအတော်များများ ဒုဂိုဏ်းချုပ်လျို အာရုံခံမိသည်။ ထိုကျင့်ကြံသူများ၏ ကျင့်စဉ်စွမ်းအားက အလွန်တရာအပြောင်းအလဲမြန်သည်။ ထိပ်ဆုံးအခြေအနေတွင် စုစည်းခြင်းအဆင့် ကျင့်စဉ်စွမ်းအားမျိုး ထုတ်သုံးနိုင်သည်။ သူတို့မလှုပ်ရှားဘဲ သူတို့၏လက်ရှိစွမ်းအား နိမ့်သည်မြင့်သည် ခွဲခြားရန်မလွယ်။ အတော်ကြောက်စရာကောင်းသည်။

"တာအိုလမ်းစဉ်ဂိုဏ်းရဲ့အင်အားက တကယ်ကြောက်စရာကောင်းတာပဲ.."

သူတို့အချင်းချင်း သိစိတ်အာရုံမှ အသံတိတ်ဆွေးနွေးကြသည်။

ထိုအတိုင်းဆိုလျှင် ဤဂိုဏ်းတွင် စုစည်းခြင်းအဆင့် အရေအတွက်ဘယ်လောက်ရှိနေမည်မသိ။

"တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုတည်း ဒီလိုအနေအထားမဟုတ်မှာ စိုးရတယ်။ မသေမျိုးငါးဂိုဏ်းလုံးဟာ အဆင့်အတန်းချင်း မတိမ်းမယိမ်းပဲ။ တစ်ခြားမသေမျိုးလေးဂိုဏ်းလည်း ဒီဂိုဏ်းထက် အင်အားမသာရင်သာနေမယ်။ လျော့တော့မလျော့နိုင်ဘူး"

သိစိတ်အာရုံမှ ဆက်သွယ်ပြောဆိုနေခြင်းဖြစ်သော်လည်း ဒုဂိုဏ်းချုပ်ကောင်း အသံကိုနှိမ့်ထားသည်။ တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်နေဟန်ရှိသည်။

"ပြီးတော့ ဒီနေရာက တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အစိတ်အပိုင်းသေးသေးလေးပဲ ရှိသေးတာ"

နတ်ဆိုးဂိုဏ်းလေးဂိုဏ်းနှင့် မသေမျိုးငါးဂိုဏ်းကြား မည်မျှကွာဟနေသည်ကို သူတို့နားလည်လာကြသည်။ မသေမျိုးငါးဂိုဏ်းမှ လူတစ်ယောက်ကိုတွေ့သည်နှင့် သူတို့အမြဲတမ်းပုန်းအောင်းထွက်ပြေးနေရသည်မှာ မဆန်းတော့။

ထိုသို့မပြေးလျှင် ယခုလိုအခြေအနေမျိုး အဆုံးသတ်ရမည်။ ဝိညာဉ်ဘဝရောက်လျှင်ရောက်။ မရောက်လျှင်လည်း ထိပ်တန်းရတနာများအဖြစ် သန့်စင်ခံရမည်။

စိတ်ပျက်စရာအခြေအနေနှင့်ပတ်သက်၍ ထူးဆန်းသည့်အာရုံမျိုး ရနေကြသည်။

"ဘာလို့ ဒီအခြေအနေကငါတို့နဲ့ရင်းနှီးသလို ခံစားနေရတာလဲ"

.....

ကောင်းကင်ဂိတ်တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် ယွမ်ကျိက ခန္ဓာကိုယ်ကို သူ့လှိုဏ်ဂူထဲ ချန်ထားခဲ့ပြီး ဝိညာဉ်ခွာ၍ ထွက်လာသည်။

"အမယွမ်..."

လုယန်စကားမဆုံးလိုက်။ ယွမ်ကျိဝိညာဉ်က သူ့သိစိနယ်မြေထဲသို့ တိုက်ရိုက်ပျံဝင်လာသည်။ လုယန်ရော ထာဝရနတ်မယ်ပါ ထိတ်လန့်သွားကြသည်။

"နင် နင်ဘာလို့ ငါ့ကိုလန့်အောင်လုပ်တာလဲ"

ခုနက ထာဝရနတ်မယ် နူးညံ့သည့်ထိုင်ခုံပေါ်တွင် ခြေချင်းချိတ်ထိုင်၍ ပျင်းရိပျင်းတွဲအိပ်ငိုက်ရင်း သာယာနေခဲ့သည်။

ယွမ်ကျိ ရုတ်တရက်ဝင်လာသဖြင့် လန့်ဖျတ်ပြီး သူခုန်ထလာသည်။

ယွမ်ကျိက သူ့ကိုအရေးမစိုက်ဘဲ လုယန်ကိုပြောသည်။

"ထာဝရဂိုဏ်းရဲ့ ဌာနချုပ်တည်နေရာကို အခု ငါသိရပြီ။ ဒါပေမယ့် ငါချက်ချင်းသွားလိုက်ရင် ပြီးခဲ့တဲ့တစ်ခေါက်ကလိုဖြစ်လာမယ်။ ငါမရောက်ခင် သူတို့ထွက်ပြေးကြမှာ။ အခုတစ်ခေါက် မင်းရဲ့သိစိတ်နယ်မြေထဲမှာ ငါပုန်းနေမယ်။ မင်းက ငါပြောတဲ့အတိုင်းလုပ်ပါ။ ထာဝရဂိုဏ်းရဲ့ဌာနချုပ်ကိုဝင်ပြီး တစ်ယောက်မှမလွတ်အောင် အပိုင်ဖမ်းမယ်"

သိစိတ်နယ်မြေတွင် ဖဲကစားနေရလျှင်ကောင်းမည်ဟု လုယန်တွေးမိသည်။

ယွမ်ကျိအတွေးကို သူနားလည်သည်။ ဤအစီအစဉ်က တကယ်ကောင်းသည်။

"ဒါဆိုကျုပ် ဘာလုပ်ရမလဲ"

"အရင်ဆုံး မုန်ကျင်းကျိုးနဲ့ အရိုးရိုင်းကို သွားခေါ်ပါ"

.......

ထာဝရဂိုဏ်းဌာနချုပ်။ ဂိုဏ်းချုပ်၏ လျှို့ဝှက်ခန်းထဲတွင်ဖြစ်သည်။

စားအုပ်စင်နှစ်တန်း ဘေးနှစ်ဘက်တွင်ရှိနေသည်။ အဖိုးတန်ဆေးလုံးများ၊ လျှို့ဝှက်ကျမ်းများ ပြည့်နေသည်။

ဆေးပုလင်းအများစုက ဘာမှမကျန်တော့။ ထာဝရဂိုဏ်းချုပ် ဒဏ်ရာကုသဖို့ သောက်ခဲ့ပြီးဖြစ်သည်။

စာအုပ်စင်များအဆုံးတွင် သက်ရှိလူအရွယ်အစား ထာဝရအရှင်ရုပ်ထုရှိသည်။ ယောက်ျားမိန်းမ ခွဲခြားမရ။

အမှောင်ထဲတွင် ထာဝရဂိုဏ်းချုပ်၏မျက်လုံးများ ဖြေးညှင်းစွာပွင့်လာသည်။ ကျင့်ကြံရာမှ နိုးထလာခြင်းဖြစ်သည်။

ခြေလက်များကို လှုပ်ရှားလိုက်သည်။ ကိုယ်ထဲတင်လည်ပတ်နေသည့် ဝိညာဉ်စွမ်းအင်က ပုံမှန်မဟုတ်သေး။ သူမချိပြုံးပြုံးလိုက်သည်။

ဂိုဏ်းဝင်သစ်ရွေးပွဲတွင် တာအိုလမ်းစဉ်ဂိုဏ်းမှယွမ်ကျိ ရုတ်တရက်ပေါ်လာပြီး သူ့ကိုတိုက်ခိုက်သည်။ အခုချိန်ထိ ပြန်ကောင်းမလာသေး။

"နှစ်တစ်ရာလောက် တိတ်တိတ်လေးကျင့်ကြံရဦးမယ့်ပုံပဲ"

အနာဂတ်အတွက် သူစိုးရိမ်နေသည်။

သူ့စွမ်းအားပြန်ပြည့်ဖို့ နှစ်တစ်ရာကြာမည်။ ထိုအချိန်အတွင်း ဂိုဏ်းကိုဘယ်သူဦးဆောင်မည်နည်း။

ဒုဂိုဏ်းချုပ်သုံးယောက်တွင် ဒုဂိုဏ်းချုပ်လျိုနှင့် ဒုဂိုဏ်းချုပ်ကောင်းက သူ့နေရာကို မျက်စိကျနေသည်။ ဂိုဏ်းဝင်သစ်စမ်းသပ်ပွဲကို စီစဉ်ခဲ့သည့် ဒုဂိုဏ်းချုပ်ကျင်းတစ်ယောက်သာ သူ့ရာထူးကို လိုချင်သည့်ပုံမျိုးမရှိသေး။

ထာဝရအရှင်ရုပ်ထုဆီ သူအကြည့်ရောက်သွားသည်။ မျက်လုံးတွင် မျှော်လင့်တောင့်တရိပ်များ ပြည့်နေသည်။ ထာဝရအရှင် နိုးထလာသည်ကို သူဝိုးတဝါးခံစားမိသည်။

မွှေးတိုင်သုံးခုမီညှိ၍ ခွက်ထဲသို့ထိုးစိုက်ပြီး ဒူးထောက်လိုက်သည်။ လက်နှစ်ဘက်အတူပူး၍ ရုပ်ထုကို သုံးကြိမ်ဦးညွှတ်သည်။

"မဟာထာဝရအရှင်၊ သင့်ရဲ့နောက်လိုက်နောက်ပါတွေကို ကယ်တင်ပေးပါ။ ဒီလောကကို ကယ်တင်ပေးပါ"

"ဒီအရှင်ကိုခေါ်နေတာ ဘယ်သူလဲ"

ကြင်နာရိပ်သန်းသည့် သက်ကြီးပိုင်းတစ်ယောက်၏စကားသံ လျှို့ဝှက်ခန်းထဲတွင် ဟိန်းထွက်သွားသည်။

ဂိုဏ်းချုပ် မော့ကြည့်သည်။ မျက်လုံးများက အံ့ဩပျော်ရွှင်ရိပ်ပြည့်နေပြီး သူ့ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားသည်။ လက်ချောင်းများက စိတ်လှုပ်ရှားမှုကြောင့် အလိုလိုတုန်ရင်လာသည်။

ရုပ်ထုမျက်လုံးမှ ထူးဆန်းသည့် အနီရောင်အလင်းတစ်ခု ထွက်လာသည်။ မြင့်တက်နေသည့် မွှေးတိုင်မီးခိုးများက ရုပ်ထုကိုလွှမ်းခြုံသွားပြီး တိမ်တိုက်တစ်ခုအသွင် ဖြစ်လာသည်။

မီးခိုးများက လူးလွန့်လှုပ်ရှားပြီး ကရုဏာရိပ်ပြည့်နေသည့် အဘိုးအိုတစ်ယောက်အဖြစ်သို့ တဖြေးဖြေးပြောင်းလဲသွားသည်။

**************************************

All Chapters