← Chapters

ထာဝရအရှင်

Vol. 13 Ch. 184

ထာဝရအရှင်

Vol. 13 Ch. 184

ထာဝရအရှင် တကယ်ပေါ်လာမည်ဟု ဂိုဏ်းချုပ် မျှော်လင့်မထား။

ထာဝရအရှင်နိုးထလာသည်ကို သူတကယ်အာရုံခံမိခဲ့ပါသည်။ သို့သော် ထိုမျှမြန်မြန် ထွက်ပေါ်လာမည် မထင်ခဲ့။ မထင်မှတ်ဘဲ ပျော်ရွှင်ရသည့်ကိစ္စဖြစ်သည်။

သူ့ကိုယ်သူ ဝမ်းမြောက်ဝမ်းသာ မိတ်ဆက်လိုက်သည်။

"သမိုင်းကြောင်းမြစ်ရေစီးထဲက နိုးထလာတဲ့အတွက် ဂုဏ်ယူပါတယ်အရှင်။ ကျုပ်နာမည် ရှဲပင်ကျိပါ။ ထာဝရဂိုဏ်းရဲ့ ခေါင်းဆောင်ပါ။ လက်ရှိခေတ်ဟာ အရှင်သိခဲ့တဲ့ခေတ်ကနေ နှစ်သုံးသိန်းလွန်ခဲ့ပါပြီ။..ဪ...ထာဝရဂိုဏ်းဆိုတာကို သခင်မသိလောက်သေးဘူး။ ကျုပ်တို့က နတ်ဆိုးဂိုဏ်းလေးဂိုဏ်းထဲက တစ်ခုပါ။ သခင့်ကို ပြန်အသက်သွင်းဖို့ ကြိုးစားနေခဲ့တာပါ..."

ဂိုဏ်းချုပ်အဆက်မပြတ် မိတ်ဆက်ပြောပြနေသည်ကို ထာဝရအရှင် ငြိမ်၍နားထောင်နေသည်။ ဂိုဏ်းချုပ်စကားဆုံးပြီးနောက် နှစ်ကြိမ်ရယ်မောသည်။ ထို့နောက်‌ ဖြေးညှင်းစွာပြောသည်။

"ကောင်လေး၊ အဲလောက် စိတ်မလှုပ်ရှားပါနဲ့။ မင်းပြောတဲ့အကြောင်းတွေကို ငါသိပြီးပါပြီ"

ဂိုဏ်းချုပ် ငြိမ်သွားသည်။ စည်းဘောင်ကျော်၍ ဣန္ဒြေပျက်သွားခဲ့ကြောင်း သူ့ကိုယ်သူနားလည်လာသည်။

"အရှင်က အားလုံးကိုသိတဲ့လူပါ"

ထာဝရအရှင် ခေါင်းခါသည်။

"အဲလောက်ကြီးလဲမဟုတ်ပါဘူး။ အားလုံးသိပါတယ်လို့ ဘယ်သူကြွေးကြော်ရဲမှာလဲ။ ယင်ထန်တို့ ချီလင်တို့တောင် အားလုံးသိပါတယ်လို့ မကြေငြာရဲကြဘူး။ ဒီမသေမျိုးက လောကကြီးနဲ့ နှစ်သုံးသိန်း ခွဲခွာခဲ့ရတာလေ။ ပင်လယ်က ဘယ်ရီခင်းတွေအဖြစ် ပြောင်းလဲတယ်။ ကြယ်ကမ္ဘာတွေ နေရာပြောင်းတယ်။ လောကကြီးလည်း ပြောင်းလဲနေတာပဲ။ ဒီနေ့အဖြစ်အပျက်တွေကို ဟိုအရင်တစ်ချိန်က ဘယ်သူကြိုခန့်မှန်းနိုင်ခဲ့မှာလဲ"

ထာဝရအရှင်လက်ထဲတွင် ရွှေရောင်အရည်တစ်စက် ရုတ်တရက် ပေါ်လာသည်။ လက်ချောင်းကို ဖြတ်ခနဲလှုပ်ရှားလိုက်သည်။ ဂိုဏ်းချုပ်လက်ထဲသို့ ကျလာသည်။

ထိုအရည်ထဲမှ ကြောက်စရာကောင်းသည့်အသက်ဓာတ်ကို သူခံစားမိသည်။

"မင်းက အင်အားကြီးရန်သူကြောင့် ဒဏ်ရာရထားတယ်။ နှစ်တစ်ရာလောက်မကုဘဲနဲ့ ပြန်ကောင်းမလာနိုင်ဘူး။ ဒီအရည်တစ်စက်က မင်းကိုမြန်မြန်သက်သာလာအောင် ကူညီပေးနိုင်တယ်"

"ဒါ...ဒါက ဒဏ္ဍာရီထဲက ထာဝရအရိယဖလဆိုတာလား"

ဂိုဏ်းချုပ်၏လက်များ တုန်ရင်နေသည်။ ထာဝရမသေမျိုး၏ ကြီးမားသည့်စွမ်းအားကို ပထမဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။

ထာဝရအရှင် ကြင်နာစွာပြုံးလိုက်သည်။

"ထာဝရအရိယဖလဟာ လောကမှာ လွယ်လွယ်နဲ့ ဘယ်ပေါ်လာနိုင်မလဲ။ ဒါက ထာဝရအရိယဖလရဲ့ နှင်းရည်လေးတစ်စက်ပါပဲ"

ဂိုဏ်းချုပ် ချက်ချင်းသောက်လိုက်သည်။ ရွှေရောင်အရည်က ပါးစပ်ထဲရောက်သည်နှင့် ထူးဆန်းသည့်စွမ်းအင်အဖြစ်ပြောင်း၍ သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။

ဒဏ်ရာပျောက်ကင်းနှုန်းမြန်လာသည်ကို သူကောင်းစွာခံစားမိသည်။

အရိယဖလသည် မသေမျိုးတိုင်း၏ အခြေခံဖြစ်ကြောင်း၊ တစ်ခြားလူများကို အလွယ်တကူထုတ်ပြလေ့မရှိကြောင်း သူကြားဖူးသည်။ ထာဝရအရှင်သည် လူသားမျိုးနွယ်၏ကယ်တင်သူ တကယ်ပီသသည်။ အတ္တကင်းသည်။ အရိယဖလစွမ်းအား တစ်စွန်းတစ်စ သူ့ကိုမြည်းစမ်းခွင့်‌ပေးခဲ့သည်။

"ဒီမသေမျိုးကို မင်းနိုးထစေခဲ့တာ သိပါတယ်။ ပါရမီရှင်တွေရဲ့ ရုန်းကန်မှုကနေ မသေမျိုးဖြစ်လာတဲ့သဘောဟာ အမြဲရှိနေမယ့် ကိစ္စတွေပါပဲ..."

ထာဝရအရှင် လက်နှစ်ဘက်နောက်ပစ်၍ရပ်နေသည်။ မျက်လုံးများကို အနည်းငယ်မှေးထားသည်။ ရှေးဟောင်းခေတ်အကြောင်း ပြန်အောက်မေ့နေဟန်ဖြင့် မျက်လုံးများ အနည်းငယ်အရောင်မှိန်နေသည်။ နောက်ဆုံးတွင် ပင့်သက်တစ်ချက်ရှိုက်၍ ခေါင်းခါသည်။ နောက်ထပ် အတိတ်အကြောင်း ဆက်မပြောတော့။

"လူသားမျိုးနွယ်ကို ဒီမသေမျိုး နောက်တစ်ကြိမ် ကယ်တင်ရဦးမှာလား"

သူ့ဘာသာခပ်တိုးတိုးရေရွတ်သည်။

ထာဝရဂိုဏ်းချုပ် အမြန်ပြန်ပြောသည်။

"အရှင်၊ ရှေးဟောင်းမဟာကပ်ဟာ တစ်ကြော့ပြန် ရောက်လာတော့မှာပါ။ ကျင့်ကြံသူတွေ နေရာတိုင်းမှာ နိုးထနေပြီ။ စစ်ပွဲဖြစ်လာပြီဆိုရင် အရှင်ကပဲ လူသားမျိုးနွယ်ကို ကယ်တင်နိုင်မှာပါ"

"လူသားတွေကို ကယ်တင်ရတာ ဒီမသေမျိုးရဲ့တာဝန်ပဲ ထင်ပါရဲ့။ နောက်တစ်ကြိမ် ကယ်တင်ရဦးမှာပေါ့"

ဂိုဏ်းချုပ် ဆက်ပြောရန်ပြင်သည်။ ထာဝရအရှင်က လက်ကာပြ၍တားသည်။

"ဒါပေမယ့်ငါကအခု ဝိညာဉ်အဆင့်ပဲရှိသေးတယ်။ ငါ့ရဲ့အရိယဖလ မပြည့်စုံသေးဘူး။ လောလောဆယ် ဒီရုပ်ထုထဲမှာပဲ နေရဦးမယ်။ ရှေးဟောင်းခေတ် ပျက်သုန်းချိန်ကလို ငါမင်းကို ကာကွယ်မပေးနိုင်သေးဘူး။ ငါ့ရဲ့အမြင့်ဆုံးအခြေအနေကို ပြန်ရောက်ရင်တောင် ငါနေထိုင်ဖို့ ခန္ဓာကိုယ်တစ်ခု လိုသေးတယ်"

"ကျုပ်ခန္ဓာကိုယ်ကို ပေးအပ်လို့ရမလား"

ဂိုဏ်းချုပ်က စိတ်အားထက်သန်စွာမေးသည်။

ထာဝရအရှင်ခေါင်းခါသည်။

"မင်းခန္ဓာကိုယ်က ဖြစ်တည်မှုလွန်နေပြီ။ ကျင့်စည်ခရီးမှာလည်း အမှားတွေအများကြီး မင်းလုပ်ခဲ့တယ်။ ပြန်ပြုပြင်ဖို့ခက်တယ်။ အရိယဖလတည်ဆောက်နိုင်ခြေ အလွန်နည်းတယ်"

"တာအိုလမ်းစဉ်ဂိုဏ်းမျာ ယွမ်ကျိဆိုတာရှိပါတယ်။ မသေမျိုးငါးဂိုဏ်းလုံးမှာ စွမ်းအားအမြင့်ဆုံးလူလို့ သိထားပါတယ်။ သူ့ခန္ဓာကိုယ်ကို သုံးလို့ရနိုင်သလား"

ဂိုဏ်းချုပ် နောက်တစ်ကြိမ် အကြံပြုသည်။

ထာဝရအရှင် ခေါင်းခါ်သည်။

"အား...မသေမျိုးငါးဂိုဏ်းမှာ စွမ်းအားအကြီးဆုံးတဲ့လား။ ငါသိသလောက်တော့ မသေမျိုးငါးဂိုဏ်းဆိုတာ အလယ်ပိုင်းတိုက်နယ်မှာပဲ အင်အားအခြေခံနည်းနည်းရှိတဲ့ ဂိုဏ်းငါးဂိုဏ်းပါပဲ။ အရှေ့အနောက်တောင်မြောက်တိုက်နယ်တွေကို မပြောနဲ့ဦး။ သူတို့ငါးဂိုဏ်းရဲ့ စုပေါင်းအင်အားဟာ အလယ်ပိုင်းတိုက်နယ်ကို အုပ်ချုပ်နေတဲ့ ရှားနိုင်ငံရဲ့အင်အားကိုတောင် ယှဉ်နိုင်မယ်မထင်ဘူး။ ဒီတော့ ငါ့ဝိညာဉ် နောက်တစ်ကြိမ်ဆင်းလာဖို့အတွက် မသေမျိုးငါးဂိုဏ်းရဲ့ စွမ်းအားအကြီးဆုံးလူဆိုတာ ဘယ်လောက်စွမ်းအားကြီးနိုင်မှာမို့လဲ"

ဂိုဏ်းချုပ် ခေါင်းငြိမ့်လက်ခံသည်။

"မဟာကပ်ရဲ့ အရှုပ်အထွေးတွေ တကယ်ဖြစ်လာဖို့ အချိန်နည်းနည်းလိုပါသေးတယ်။ ငါ့ရဲ့အမြင့်ဆုံးစွမ်းအားကိုပြန်ရဖို့ အချိန်လုံလောက်ပါတယ်။ ကျင့်ကြံစခန္ဓာကိုယ်တစ်ခုပဲ ငါလိုအပ်တယ်။ အဲဒီ့ခန္ဓာကိုယ်ကို ကြားခံအဖြစ်သုံးလိုက်ရင် မသေမျိုးအဆင့်ကို ငါပြန်ရောက်နိုင်တယ်။ ကံကောင်းရင် ယင်ထန်တို့ ချီလင်တို့ထက်တောင် စွမ်းအားမြင့်ပြီး ရှေးခေတ်မသေမျိုးတွေကြားမှာ စွမ်းအားအကြီးဆုံးဖြစ်လာနိုင်တယ်။ အဲဒီ့အချိန်ရောက်မှ လူသားမျိုးနွယ်ကို ကာကွယ်ရင် ကျရှုံးနိုင်ခြေ အများကြီးလျော့နည်းသွားမယ်"

"အရှင့်ရဲ့ဉာဏ်ပညာဟာ ပြိုင်ဘက်ကင်းလှပါတယ်"

"အခြေတည်အဆင့်နဲ့ ချီစုစည်းခြင်းအဆင့် နောက်လိုက်တွေအားလုံးကို သွားစုစည်းပါ။ ဘယ်သူ့ခန္ဓာကိုယ်က ထိုက်တန်သလဲဆိုတာ ငါကိုယ်တိုင်ရွေးချယ်မယ်"

"ဟုတ်ကဲ့ပါ။...ဒါနဲ့ အရှင်၊ မေးစရာတစ်ခုရှိပါတယ်"

"မေးပါကောင်လေး"

"ကြယ်ကမ္ဘာတွေကို တိုက်နယ်တွေအဖြစ် အသွင်ပြောင်းခဲ့တာ ဘယ်သူလဲ"

ရှေးဟောင်းခေတ် အဆုံးသတ်ခဲ့သည့် ထိုဖြစ်ရပ်ကို ထာဝရအရှင် ကိုယ်တိုင်ကြုံခဲ့သည်ဟု ဒဏ္ဍာရီမှတ်တမ်းရှိသည်။

ထာဝရအရှင်မျက်လုံးမှိတ်၍ ခေါင်းခါသည်။

"မင်းရဲ့ကျင့်စဉ်အဆင့်က နိမ့်လွန်းသေးတယ်။ မင်းမသိသင့်တာကို မသိချင်ပါနဲ့"

ဂိုဏ်းချုပ် နည်းနည်းစိတ်ပျက်သွားသည်။ သို့သော် မသေမျိုးအဆင့်နှင့်ယှဉ်လျှင် သူ့အဆင့်က များစွာနိမ့်သေးကြောင်း နားလည်သည်။

ထွက်မသွားမီ တုံ့ဆိုင်းဆိုင်းလေသံဖြင့် သူမေးသည်။

"အရှင့်ရဲ့နာမည်က...သာမန်မဟုတ်သလိုပဲနော်"

တကယ်တမ်းတော့ 'ကျုပ်တစ်ခြားနာမည်စဉ်းစားမရလို့ 'အရှက်မဲ့'ဆိုတဲ့နာမည်ကို ကျုပ်ဖန်တီးခဲ့ပါတယ်။ မသေမျိုးတစ်ယောက်မှာ ဒီလူထူးဆန်းတဲ့နာမည်မျိုး မရှိသင့်ဘူးမဟုတ်လား'ဟု ပြောလိုခြင်းဖြစ်သည်။

(**ထာဝရအရှင်၏ နာမည်ရင်းကို စမ်းသပ်ခေါ်ဝေါ်စဉ်က တရုတ်လို "မျက်နှာမဲ့" သို့မဟုတ် "အရှက်မဲ့"ဟု အဓိပ္ပါယ်ရသည့် နာမည်ကို သူတို့သုံးခဲ့ကြသည်။ ထိုအကြောင်း အခန်း (၁၉၇)တွင် ပြန်ချိတ်ဆက်ပါသည်)

ထာဝရအရှင် မျက်နှာတင်းသွားပြီး ငြိမ်နေသည်။

မမေးသင့်သည့်မေးခွန်း မေးလိုက်မိမှန်း ရိပ်စားမိသဖြင့် ဂိုဏ်းချုပ် အမြန်ထွက်သွားသည်။

......

လျှို့ဝှက်ခန်းမှ ထွက်လာပြီးနောက် ဒုဂိုဏ်းချုပ်သုံးယောက်နှင့် အကြီးအကဲများကို သူအမြန်ဆင့်ခေါ်လိုက်သည်။ သို့သော် ဒုဂိုဏ်းချုပ်ကျင်းသာ ပေါ်လာသည်။ ဒုဂိုဏ်းချုပ်လျိုနှင့် ဒုဂိုဏ်းချုပ်ကောင်းတို့က မသေမျိုးရတနာယူ၍ တာအိုလမ်းစဉ်ဂိုဏ်းသို့ သွားအကဲစမ်းရာမှ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။

"သူတို့က ရာထူးနေရာမက်မောကြလွန်းလို့ အသက်ကိုတောင်မနှမျောကြဘူးပေါ့"

ဂိုဏ်းချုပ် ဒေါသကြောင့် အံတင်းတင်းကြိတ်လိုက်သည်။ ထိုနှစ်ယောက်၏ ရူးမိုက်သည့်အတွေးများကို သူသိသည်။ နာမည်ကောင်းယူပြီး ဂိုဏ်းချုပ်ရာထူးရရန် ကြံနေကြခြင်းဖြစ်မည်။

သို့သော် ဘာကြောင့် တာအိုလမ်းစည်ဂိုဏ်းကို သွားကြသနည်း။

အသက်ရှင်လျက် ဝင်ကောင်းဝင်နိုင်မည်။ အရှင်ပြန်ထွက်ဖို့ လုံးဝမလွယ်ကူ။

"ဓာတ်ငါးမျိုးဂိုဏ်းက တာအိုလမ်းစဉ်ဂိုဏ်းကိုလာလည်တာ ဘယ်လောက်ကြာပြီလဲ"

"နေ့တစ်ဝက်လောက်ရှိပါပြီ။ ဘာသတင်းမှပြန်မကြားရသေးဘူး"

ဂိုဏ်းချုပ် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

"သတင်းစောင့်မနေနဲ့တော့။ သူတို့ကို တာအိုလမ်းစဉ်ဂိုဏ်းက ဖမ်းမိသွားတာဖြစ်မယ်။ ငါတို့ဌာနချုပ်နေရာကိုလည်း တာအိုလမ်းစဉ်ဂိုဏ်းက သိသွားလောက်ပြီ။ အခု လုပ်စရာတစ်ခုပဲရှိတော့တယ်"

"အညံ့ခံဖို့လား"

ဂိုဏ်းချုပ် ဒေါသအိုးပေါက်ကွဲသွားသည်။

"သောက်လခွမ်း အညံ့ခံရမလားကွ။ နတ်ဆိုးဂိုဏ်းက လမ်းမှန်ဂိုဏ်းကို အညံ့ခံတယ်ဆိုတာ မင်းကြားဖူးလို့လား"

"ဒါဆို သမိုင်းတွင်အောင် တိုက်ခိုက်ကြမလား"

ဂိုဏ်းချုပ်ရှဲ့ပင်ကျိ ဒုဂိုဏ်းချုပ်ကို လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်သွားသည်။

"စခန်းကိုမြန်မြန်ရွှေ့တော့။ အရံစခန်းနံပတ်ငါးကိုသွားကြ"

"ဪ"

ထိပ်တန်းဂိုဏ်းဝင်များ အဖမ်းခံရပြီး ဌာနချုပ်တည်နေရာနှင့် အရန်စခန်းနေရာများ သတင်းမပေါက်ကြားစေရန် ဒုဂိုဏ်းချုပ်တစ်ယောက်လျှင် အရန်စခန်းတည်နေရာတစ်ခုသာ သိခွင့်ရှိသည်။

ဥပမာ ဒုဂိုဏ်းချုပ်လျိုသည် အရန်စခန်းနံပတ်သုံးကို သိသည်။ ဒုဂိုဏ်းချု့်ကောင်းက နံပတ်လေးနေရာကိုသိသည်။

နှစ်လအတွင်း နံပတ်နှစ်စခန်းမှ နံပတ်သုံးစခန်းသို့ ပြောင်းခဲ့ရသည်။ အားလုံးက တာအိုလမ်းစဉ်ဂိုဏ်းကြောင့်ဖြစ်သည်။

ထာဝရဂိုဏ်း လျင်မြန်စွာ လှုပ်ရှားသည်။ ပစ္စည်းများ အမြန်ထုပ်ပိုးသိမ်းဆည်းပြီး အရန်စခန်းနံပတ်ငါးသို့ သွားကြသည်။

ဂိုဏ်းချုပ် လျှို့ဝှက်ခန်းထဲသို့ ချောင်းကြည့်၍မေးသည်။

"အရှင်၊ အရှင့်ကို ကျုယ်သယ်သွားပေးရမလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သွားမှာလား"

ထာဝရအရှင် - "...."

ဘာကြောင့် မမြဲခြင်းအနိစ္စသဘောကို ခံစားနေရသည်မသိ။

**********************************

All Chapters