အစီအစဉ်အတိုင်းပါ
Vol. 13 Ch. 186
ထာဝရနတ်မယ် ဒေါသထွက်နေသည်။ သူ့နောက်လိုက်ထန်ယွမ်ရှန်းသည် အခြေခံအကျဆုံးအချက်ဖြစ်သည့် သစ္စာစောင့်သိမှုပင်မရှိ။
ရှေးဟောင်းခေတ် သူလွှမ်းမိုးအုပ်ချုပ်စဉ်ကအချိန်ကို ပြန်သတိရမိသည်။ ကြယ်ကမ္ဘာတစ်ခုလုံးမှလူများ သူ့ကိုသစ္စာခံကြသည်။ သူ့နောက်လိုက်ဖြစ်ရသည်ကို ဂုဏ်ယူစရာဟု တွေးကြသည်။ သူ့စကားကို အကြွင်းမဲ့လိုက်နာကြသည်။
လုယန်စိတ်ထဲ 'တော်ပါတော့'ဟု ကျိတ်ပြောမိသည်။ ဤကိစ္စသည်လည်း စိတ်ကူးထဲက စံပြမသေမျိုးကို ကိုးကွယ်ယုံကြည်မှုကြောင့် ပေါ်လာခြင်းဖြစ်သည်။ ထာဝရဂိုဏ်းသာ တကယ့်ထာဝရနတ်မယ်အစစ်အကြောင်းကိုသိလျှင် သစ္စာခံဖို့ မဆိုထားနှင့်။ နောက်တစ်ရက်မှာပင် ဂိုဏ်းတစ်ခုလုံး ပြိုကွဲသွားလောက်သည်။
'ဂိုဏ်းတည်ဘိုးဘေး'ဖြစ်သည့် လုယန်ပင် နေ့တိုင်း နှုတ်ထွက်ချင်စိတ်ပေါက်နေသည်။
ဂိုဏ်းတည်ဘိုးဘေးပင် ထိုသို့ခံစားရလျှင် နောက်လိုက်ငယ်သားများအတွက် ပြောစရာပင်မလိုတော့။
မဟုတ်သေး။ နည်းလမ်းပြောင်းလိုက်လျှင်ရသည်။ ထာဝရနတ်မယ်ကို နှုတ်ထွက်ခိုင်းလိုက်လျှင် ထာဝရဂိုဏ်းတစ်ခုလုံး နောက်ထပ်စွမ်းအားရှင်တစ်ယောက်အပေါ် ကိုးကွယ်မှုပြောင်းသွားနိုင်သည်။
တွေးလေလေ ထိုစိတ်ကူးကို လုယန်သဘောကျလေဖြစ်လာသည်။
သူအတွေးနက်နေသည်။ သို့သော် ထိတ်လန့်ခြင်းလုံးဝမရှိ။ အမယွမ်ရှိလျှင် သူတို့အန္တရာယ်မဖြစ်နိုင်။
လက်ရှိပြဿနာက တန်ယွမ်ရှန်းနှင့် ဘယ်လိုရင်ဆိုင်ရမည်ကို မသိခြင်းဖြစ်သည်။
သူ့ကိုသတ်လိုက်လျှင် နောက်ဆက်တွဲအစီအစဉ်များ ရှုပ်ထွေးသွားမည်။ မသတ်လျှင်လည်း သူတို့သုံးယောက် အဆုံးသတ်သွားမည်။ စိတ်ထဲတွင် လွန်ဆွဲနေသည်။
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းလည်း မကြောက်ပါ။ ထွက်မလာခင်ကတည်းက ဤခရီးသည် အမယွမ်အစီအစဉ်ဖြစ်ကြောင်း အမှားအယွင်းမရှိနိုင်ကြောင်း လုယန်က ပြောထားပြီးဖြစ်သည်။
'အမယွမ်'ဟူသည့်စကားလုံးထက် ပိုယုံကြည်အားထားရသည့်အရာ ဘာမှမရှိ။
တန်ယွမ်ရှန်း လက်ကိုမြှောက်၍ သွေးနီရောင်ဓားကြီးတစ်လက် ဆွဲထုတ်သည်။ ဓားပြားပေါ်တွင် သူ့မှော်လက်စွပ်ထဲမှ မကောင်းဆိုးဝါးဝိညာဉ်နှင့် နာကျည်းသရဲများကို ပေါင်းစပ်ထားသည်။ လုယန်တို့သုံးယောက် လုံးဝလှုပ်ရှားမှုမရှိသဖြင့် ခုခံလိုစိတ် ကုန်ခမ်းနေသည်ဟု သူယူဆသည်။
သူတို့လို ကံကြမ္မာစေရာ လက်လျှော့လိုက်သည့် ကျင့်ကြံသူများစွာ အရင်က တန်ယွမ်ရှန်း မြင်ဖူးခဲ့သည်။
"သေလိုက်စမ်း"
တန်ယွမ်ရှန်းထံမှ ကြောက်စရာစွမ်းအင်ရောင်တစ်မျိုး ထွက်လာသည်။ လူပေါင်းများစွာ သတ်ဖြတ်ခဲ့သည့် နတ်ဆိုးကြီးတစ်ကောင်မှန်း သိသာသည်။
ရက်စက်သည့်အပြုံးတစ်ချက်ပေါ်လာပြီး လူသတ်ရိပ်အပြည့်ဖြင့် လေထဲသို့ခုန်တက်သည်။ သုံးယောက်လုံး အရိုးတစ်ခြားအသားတစ်ခြားလုပ်ပစ်ရန် ပြင်သည်။
ထိုစဉ် ကျောက်ဆောင်ကြီးတစ်ခုအနီးမှ လေဟာနယ်က တွန့်လိမ်သွားသည်။ ထာဝရဂိုဏ်းချုပ် ပျင်းရိပျင်းတွဲ အကြောဆန့်၍ နံပတ်ငါးစခန်းနေရာမှ ထွက်လာသည်။
ငယ်သားများကို နေရာစီစဉ်ခိုင်းပြီး အနားယူရန် ထွက်လာခြင်းဖြစ်သည်။
ထို့နောက် သွေးနီဓားဖြင့် လေထဲခုန်တက်၍ လူသတ်ရန်ပြင်နေသည့် တန်ယွမ်ရှန်းကိုမြင်သည်။ လုယန်တို့က ကြောက်အားကြီးသူများကဲ့သို့ မလှုပ်မယှက်ဖြစ်နေသည်။
ဂိုဏ်းချုပ်စိတ်ထဲ မေးခွန်းများစွာပေါ်လာသည်။ ဘာတွေဖြစ်နေသည်မသိ။
"မင်းဘာလုပ်နေတာလဲ တန်ယွမ်ရှန်း"
မေးမြန်းနေရမည့်အချိန်မဟုတ်သဖြင့် ဂိုဏ်းချုပ် အော်ဟစ်ပြီး ပြတ်သားစွာ လှုပ်ရှားလိုက်သည်။ တန်ယွမ်ရှန်းကို ဆွဲဖမ်းသည်။ အရိုးကျိုးကြေသံများပေါ်လာသည်။
"နေပါဦး ဂိုဏ်းချုပ်၊ ကျုပ်ရှင်းပြပါ့မယ်"
တန်ယွမ်ရှန်း ထိတ်လန့်သွားသည်။ ဘယ်လောက်ကံဆိုးလိုက်သနည်း။ ဘယ်သူမှမသိနိုင်သည့် နေရာတစ်ခုကို သူရွေးချယ်ခဲ့သည်။ ထိုနေရာကိုမှ ထာဝရဂိုဏ်းချုပ် ပေါ်လာသည်။
ဂိုဏ်းချုပ်က တန်ယွမ်ရှန်းစကားကို အရေးမစိုက်။ နောက်ဆက်တွဲကိစ္စများကို မတွေး။ တန်ယွမ်ရှန်း၏မှတ်ဉာဏ်ကို အတင်းစစ်ဆေးသည်။ ထိုမှတ်ဉာဏ်ရှာဖွေမှုမျိုးက သိစိတ်အာရုံထိခိုက်စေနိုင်သည်။
နတ်ဆိုးဂိုဏ်းချုပ်တစ်ယောက်ဆိုသည်မှာ ကြင်နာတတ်သူမျိုးမဟုတ်။ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ မှတ်ဉာဏ်ရှာဖွေခြင်း။ ထိုကိစ္စများကို မကြာခဏလုပ်ဖူးသည်သာဖြစ်သည်။
သိပ်မကြာမီ အဖြစ်အပျက်တစ်ခုလုံးကို ဂိုဏ်းချုပ်နားလည်သွားသည်။
လုယန်တို့က တာအိုလမ်းစဉ်ဂိုဏ်းထဲသို့ အောင်မြင်စွာစိမ့်ဝင်နိုင်ခဲ့သည်။ သို့သော် ဂိုဏ်းချုပ်လျိုနှင့်ကောင်းတို့လုပ်ရပ်ကြောင့် သူလျိုလုပ်သည့်အစီအစဉ် ပျက်စီးသွားသည်။
ထိုမျှသာမကသေး။ ဂိုဏ်းချုပ်နှစ်ယောက် ကျရှုံးပြီးနောက် ဒုဂိုဏ်းချုပ်ကျင်းဖြစ်ကြောင်း ပြောသည်။ လုယန်တို့သုံးယောက်၏ သစ္စာတရားက ခိုင်မာသည်။ ဌာနချုပ်သို့ သတင်းပို့ရန် ရည်ရွယ်ထားသည်။ သို့သော် တန်ယွမ်ရှန်း၏ တစ်ကိုယ်ကောင်းစိတ်ကြောင့် အသတ်ခံရလုနီးပါးအခြေအနေသို့ ရောက်ခဲ့ကြသည်။
"သောက်ရူးကောင်"
ဂိုဏ်းချုပ် တန်ယွမ်ရှန်းကို ညှစ်ချေပစ်လိုက်သည်။ သူသာရောက်မလာလျှင် နတ်ဆိုးလမ်းစဉ်၏ သစ္စာခံမျိုးစေ့ကောင်းသုံးခု ဤနေရာတွင် သေရတော့မည်။
မှတ်ဉာဏ်ရှာဖွေပြီးကတည်းက တန်ယွမ်ရှန်းသည် သူ့မျက်လုံးထဲတွင် အရူးတစ်ယောက်ဖြစ်လာသည်။ သေလူနှင့်လုံးဝမခြားတော့။
"မင်းတို့သုံးယောက် အတော်ဒုက္ခခံခဲ့ရတာပဲ"
ဂိုဏ်းချုပ်က သူတို့ကိုနှစ်သိမ့်သည်။ လုယန်တို့သုံးယောက်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်းဖြ်စသည်။
နတ်ဆိုးဂိုဏ်း၏ အလားအလာရှိသည့် ပါရမီရှင်များ၊ ပင်မဒေါက်တိုင်များ၊ အနာဂတ်၏အဓိကခေါင်းဆောင်လူငဘ်များ။
လုယန် မင်သက်မိသါားသည်။ တန်ယွမ်ရှန်းက "ဂိုဏ်းချုပ်"ဟု နောက်ဆုံးအော်ခေါ်ခဲ့သည်ကို သူကြားသည်။ ဤသက်လတ်ပိုင်းလူသည် ထာဝရဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လိမ့်မည်။
ခုနက နံပတ်ငါးစခန်းနေရာမှ ထွက်လာခြင်းဖြစ်လေသလား။
သူတို့သုံးယောက် ဂိုဏ်းချုပ်၏ယုံကြည်မှုကို ရလိုက်ခြင်းလား။
မေးခွန်းများစွာ လုယန်၏ခေါင်းထဲတွင် ပေါ်လာသည်။
အဆင့်တစ်ဆင့် ကျော်သွားသည်ထင်သည်။ သူတို့ပန်းတိုင်သို့ ချက်ချင်းရောက်လာသည်။
သိစိတ်နယ်မြေမှ ယွမ်ကျိ၏အမူအရာက အပြောင်းအလဲမရှိ။ လောက၏ပူပန်စိုးရိမ်မှုများနှင့် ကင်းကွာနေဆဲဖြစ်သည်။
"အားလုံး အစီအစဉ်အတိုင်းပါပဲ"
ထာဝရနတ်မယ် ယွမ်ကျိကို လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ထိုကောင်မလေး တွက်ချက်တွေးခေါ်နိုင်စွမ်းက မြင့်မားလွန်းသည်။ သူဘယ်တော့မှ လိုက်မမီနိုင်။
မုန်ကျင်းကျိုးနှင့်အရိုးရိုင်းလည်း ထိုအဖြစ်သည် ယွမ်ကျိ၏အစီအစဉ်ထဲတွင် ပါဝင်သည်ဟု ယုံကြည်ကြသည်။ အရင်ထက်ပို၍ လေးစားမိလာသည်။ အမယွမ်၏ တွက်ချက်သုံးသပ်မှုသည် ဘယ်တော့မှမလွဲမှားနိုင်ဟု ခံစားနေရသည်။
အမယွမ်ရှိလျှင် ဘေးကင်းသလိုခံစားရသည်။
လုယန်တစ်ယောက်သာ တွေးရခက်နေသည်။ ထိုကိစ္စကို တိုက်ဆိုင်ခြင်းဖြစ်လေသလောဟု သံသယဝင်နေသည်။
သို့သော် အမယွမ်၏စွမ်းရည်များကို ပြန်စဉ်းစားကြည့်လျှင် တိုက်ဆိုင်မှုဟူသည့် အဖြစ်များပင် အစီအစဉ်အစဉ်တစ်စိတ်တစ်ပိုင်းဖြစ်မည်ဟု သူတွေးလိုက်သည်။
မှန်သည်။ အမယွမ်၏ အစီအစဉ်သည် လုံးဝပြည့်စုံသည်။
အစက လုယန်တို့ကို အလားအလာကောင်းသည့် ပါရမီရှင်များဖြစ်ပြီး ထာဝရအရှင် ဝင်ရောက်ပူးကပ်ဖို့ သင့်တော်သည်ဟု တွေးခဲ့သည်။ တာအိုလမ်းစဉ်ဂိုဏ်းလက်ထဲ၌ သေသွားမည်ကို စိုးရိမ်ခဲ့သည်။ မသေလျှင်လည်း တာအိုလမ်းစဉ်ဂိုဏ်းက သူတို့စိတ်ကို ပြောင်းလဲပစ်မည်။ ထိုသို့ဆိုလျှင် သူတို့သည် ယုံကြည်၍မရတော့။ စမ်းသပ်ဖို့အတွက် ဌာနချုပ်သို့ ခေါ်သွားဖို့ မထိုက်တန်တော့။
သို့သော်ယခု ဤမြင်ကွင်းကို လက်တွေ့ကြုံရသလို တန်ယွမ်ရှန်း၏မှတ်ဉာဏ်ဖြင့်လည်း အတည်ပြုပြီးဖြစ်၍ သံသယအားလုံး ပျောက်ကွယ်သွားသည်။
"ဂိုဏ်းချုပ်ကျင်းကိစ္စကိုတော့ ဘယ်သူ့ကိုမှမပြောနဲ့။ ငါတို့လေးယောက်ကြားမှာပဲ လျှို့ဝှက်ထားပါ"
ဒုဂိုဏ်းချုပ်ကျင်းက သစ္စာဖောက်သည်ဟူသည့်စကားသည် ဂိုဏ်းချုပ်လိုနှင့်ကောင်းက မစားရသည့်အမဲ သဲနှင့်ပက်သွားခြင်းလည်းဖြစ်နိုင်သည်။
ထာဝရနတ်မယ် ခေါင်းငြိမ်သည့်။
ယွမ်ကျိ ခေါင်းငြိမ့်သည်။
ထာဝရနတ်မယ်က ခေါင်းငြိမ့်ပြီးမှ မျက်မှောင်ကျုံ့သွားသည်။
"ဒီလူက ထူးဆန်းတယ်။ သူ့ဆီကနေ ငါရင်းနှီးနေတဲ့စွမ်းအင်ရောင်မျိုး ဘာလို့အာရုံခံမိနေတာလဲ"
စွမ်းအင်ရောင်က မှိန်လွန်းသည်။ သေချာအာရုံခံမှ သိနိုင်သည်။
"ဒါက ထာဝရအရိယဖလနဲ့တူတယ်။ ဒါပေမယ့်မဟုတ်ဘူး။ ထူးဆန်းနေတယ်"
ထာဝရနတ်မယ်ရေရွတ်နေသည့်စကားကြောင့် ယွမ်ကျိ မျက်မှောင်ကျုံ့သွားသည်။ ထာဝရဂိုဏ်းနှင့်ပတ်သက်သည့် အမှန်တရားသည် သူထင်ထားသည်နှင့် ကွဲလွဲနေနိုင်သည်ဟု ခံစားရသည်။
ဂိုဏ်းချုပ်ကိုယ်တိုင် လုယန်တို့ကို နံပတ်ငါးစခန်းနေရာသို့ ခေါ်သွားသည်။
နောက်ဆုံးတွင် ထာဝရဂိုဏ်း၏ဌာနချုပ်စခန်းသို့ ရောက်လာသည်။ သို့သော် မြင်ရသည့်မြင်ကွင်းက ထင်ထားသည်နှင့် တစ်ခြားစီဖြစ်သည်။
အလောင်းနှင့်သွေးများ စုပြုံပြန့်ကျဲနေခြင်းမရှိ။ အရိပ်ထဲတွင် နတ်ဆိုးကြီးများ လှုပ်ရှားနေသည့် ကြောက်စရာပတ်ဝန်းကျင်မျိုးမဟုတ်။ မြင်ရသည်က ထာဝရဂိုဏ်း၏ဌာနချုပ်ပုံစံနှင့် အတော်ကွဲပြားနေသည်။ နောက်လိုက်ငယ်သားများ ဟိုပြေးဒီလွှား အလုပ်များနေသည်။ အုတ်သယ်သူရှိသည်။ လွှဖြတ်သူရှိသည်။ အဆောက်အဦးများ ယာဇ်ပလ္လင်များ တည်ဆောက်နေသူရှိသည်။ ကျယ်ပြန့်သည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတစ်ခုကို လုပ်ကိုင်နေကြသည်။
ဂိုဏ်းချုပ်က ပုံမှန်လေသံဖြင့်ပြောသည်။
"လုံခြုံရေးအတွက်ရယ် တာအိုလမ်းစဉ်ဂိုဏ်းက ခြေရာမခံနိုင်ဖို့ရယ်အတွက် ငါတို့ဒီနေရာကို ရွှေ့လာကြတာ။ အားလုံးရွှေ့ပြောင်းခဲ့ပေမယ့် စနစ်တကျတည်ဆောက်ဖို့ လိုသေးတယ်။ မင်းတို့သုံးယောက် ရောက်လာတာအတော်ပဲ။ ငါတို့ဂိုဏ်းက ဂိုဏ်းတွင်းရွေးချယ်ပွဲအတွက် ပြင်ဆင်နေကြတာ။ မကြာခင် အခြေတည်အဆင့်နဲ့ ချီအဆင့်ဂိုဏ်းဝင်တွေ ရောက်လာလိမ့်မယ်။ မင်းတို့လည်း ပြိုင်ပွဲဝင်လို့ရတယ်။ အတော်ဆုံးလူဟာ ထာဝရအရှင်ရဲ့ကောင်းချီကို ခံယူခွင့်ရမယ်။
အခုစကားဆက်မပြောတော့ဘူး။ မင်းတို့သုံးယောက် ဒီမှာခဏနေပါ။ ရွေးချယ်ပွဲစရင် မင်းတို့ကို တစ်ယောက်ယောက် လာအသိပေးလိမ့်မယ်။ ငါ့မှာ တစ်ခြားကိစ္စတွေလုပ်စရာရှိသေးတယ်"
ထိုသို့ပြောပြီး ဂိုဏ်းချုပ် အမြန်ထွက်သွားသည်။
ထာဝရဂိုဏ်းတွင် နောက်ထပ်အရန်စခန်းနေရာမရှိတော့။ နေရာသစ်သုံးခု သူသေချာရွေးချယ်ဖို့လိုသည်။
ဂိုဏ်းချုပ်အနေဖြင့် သူအောင်မြင်ခဲ့သည်မှာ ကျင့်စဉ်စွမ်းတစ်ခုတည်းကြောင့်မဟုတ်။ အမြဲသတိထားတတ်သောကြောင့်လည်းဖြစ်သည်။
********************************