← Chapters

တွေးတတ်သည့်ဂိုဏ်းချုပ်

Vol. 13 Ch. 187

တွေးတတ်သည့်ဂိုဏ်းချုပ်

Vol. 13 Ch. 187

သိစိတ်နယ်မြေတွင် ပြိုင်ဘက်ကင်းအလှရှင်နှစ်ယောက် ဘေးချင်းယှဉ်၍ထိုင်နေသည်။ နှစ်ယောက်လုံး သူ့အလှနှင့်သူ မျက်စိပသာဒဖြစ်စရာကောင်းသည်။

ယွမ်ကျိက စာတစ်အုပ်ကို ငြိမ်သက်စွာဖတ်နေသည်။ လောကကိစ္စများကို အရေးမစိုက်သည့်ဟန်ပန်မျိုးရှိသည်။

ထာဝရနတ်မယ် ခြေလွတ်လက်လွတ်ထိုင်၍ သမ်းဝေနေသည်။ လောကကြီးနှင့် အဆက်အသွယ်ဖြတ်ခံထားရပုံမျိုးဖြစ်သည်။

"ရှောင်ယွမ်၊ ငါတို့အဆင့်နဲ့ စာအုပ်တွေကို တစ်ရွက်ချင်းလှန်ပြီးဖတ်နေစရာလိုလို့လား။ ဝိညာဉ်အာရုံဖြန့်လိုက်တာနဲ့ အားလုံးသိသွားမှာပဲလေ"

ထာဝရနတ်မယ် သမ်းဝေနေရင်းမှပြောသည်။ မသေမျိုးတစ်ယောက်ဟန်ပန်နှင့် လုံးဝမလိုက်ဖက်။

လုယန် သူ့ကိုကြည့်၍ ခေါင်းခါသည်။ ထိုမျှလှပသည့်နတ်မယ်တစ်ယောက်က ဘာကြောင့် မနေတတ်မထိုင်တတ် ဖြစ်နေမှန်းမသိ။

ယွမ်ကျိက ပြုံး၍ခေါင်းခါပြသည်။

"စီနီယာ၊ ရှင်နားမလည်ပါဘူး။ စာအုပ်တွေရဲ့ အကောင်းဆုံးအရသာက တစ်ရွက်ချင်းလှန်ဖတ်ရတာပဲ။ နောက်တစ်မျက်နှာမှာ ဘယ်လိုအံ့ဩစရာတွေရှိနေမလဲ မသိနိုင်ဘူးလေ။ ဝိညာဉ်အာရုံသုံးလိုက်ရင် အဲဒီ့ပျော်ရွှင်မှုကို ဆုံးရှုံးသွားမယ်မဟုတ်လား"

ထာဝရနတ်မယ် တွေးကြည့်သည်။ အဓိပ္ပါယ်ရှိသည်ဟု ယူဆသည်။

"ဒါနဲ့ နင်ဘာစာအုပ်ဖတ်နေတာလဲ"

"'အမကောင်းတစ်ယောက်ဖြစ်ဖို့'တဲ့"

"အတော်ထူးခြားတဲ့နာမည်ပဲ"

"ဟုတ်တယ်၊ ကျွန်မကိုယ်တိုင် ရေးထားတာလေ"

"..."

"အမယွမ်၊ နတ်မယ်က အမကို 'ရှောင်ယွမ်'ခေါ်နေတာ စိတ်ထဲမှာ ဘာမှမဖြစ်ဘူးလား"

လုယန်က ပြဿနာဖြစ်စေလိုရန် မရည်ရွယ်ဘဲ စကားလုံးသေချာရွေးချယ်၍ မေးလိုက်သည်။

ထာဝရနတ်မယ်က လုယန်ကို မျက်စောင်းထိုးသည်။ ဂိုဏ်းချုပ်တစ်ယောက်သည် ထိုကိစ္စမျိုးကို မမေးသင့်။

ယွမ်ကျိ ခေါင်းတစ်ချက်အသာငြိမ့်သည်။ သူ့လှုပ်ရှားမှုက နူးညံ့ညင်သာသည်။

"စီနီယာက ဒီလိုခေါ်တာမမှားပါဘူး။ စီနီယာရှင်သန်တဲ့ခေတ်က နှစ်သုံးသိန်းကြာခဲ့ပြီဆိုတာကို မစဉ်းစားရင်တောင် အမှန်တကယ်သက်တမ်းအရလည်း သူငါ့ကို 'ရှောင်ယွမ်'လို့ ခေါ်ရမှာပါ"

"ဟေ့ ဟေ့၊ ငါဒါတော့ လက်မခံဘူးနော်။ ငါကအခုမှ ဆယ့်ခြောက်နှစ်ပဲရှိသေးတာ"

ရုတ်တရက် ပေါက်ကွဲထွက်လာသည့်သတ္တိဖြင့် ထာဝရနတ်မယ် အခိုင်အမာပြန်ပြောသည်။

လုယန်က သူ့စကားကို အကျကောက်၍ပြန်မေးသည်။

"ခင်ဗျားရဲ့ ဉာဏ်ရည်အတိုင်းအတာကိုပြောတာလား။ ဒါမှမဟုတ် ဦးနှောက်ဖွံ့ဖြိုးမှုအဆင့်ကို ပြောတာလား"

ထာဝရနတ်မယ် ဒေါသထွက်လာပြီး စတင်အော်ဟစ်သည်။ လုယန်ကို နှစ်ယောက်ချင်းတိုက်ခိုက်ဖို့ စိန်ခေါ်သည်။ လုယန်ကလည်း အကြောမခံ။ ယွမ်ကျိနောက်ဘက်တွင် ပုန်းကွယ်နေသည်။

"နင်သတ္တိရှိရင် ထွက်ခဲ့စမ်း"

"ခင်ဗျားသတ္တိရှိရင် လာခဲ့လေ"

ဘယ်သူမှ အလျှော့မပေးကြ။

သူတို့ဆူညံနေသော်လည်း ယွမ်ကျိက စာအုပ်ကိုသာ အသံတိတ်ဆက်ဖတ်နေသည်။

အော်ဟစ်ငြင်းခုန်နေရင်း ကိစ္စတစ်ခုကို လုယန်ရုတ်တရက် တွေးမိလာသည်။

"အမယွမ်၊ ဌာနချုပ်ရဲ့နေရာအနေအထားကို ဝိညာဉ်အသွင်နဲ့ လှည့်ပတ်စစ်ဆေးဖို့ လိုအပ်လောက်မလား"

လုယန်တို့သုံးယောက်က လှည့်ပတ်စစ်ဆေးဖို့ ကျင့်စဉ်စွမ်းအားနိမ့်လွန်းသည်။ သို့သော် ယွမ်ကျိက ရုပ်ခန္ဓာအသွင်မဟုတ်သဖြင့် ထာဝရဂိုဏ်းသားများ သတိထားမိမည်မဟုတ်။

သိစိတ်နယ်အပြင်ဘက်တွင် လုယန်တို့သုံးယောက် ဘယ်မှမသွားပဲ ဇွဲကောင်းကောင်းဖြင့် ကျင့်ကြံနေကြသည်။

ထာဝရနတ်မယ်က လုယန်ကို မျက်စောင်းထိုးသည်။

"သူလား၊ သူ့ဝိညာဉ်က ထွက်သွားပြီးတာကြာပေါ့။ နင်အခုမြင်နေရတာက သူခွဲချန်ထားခဲ့တဲ့ သိစိတ်ဝိညာဉ်အစိတ်အပိုင်းလေးပဲ"

ဝိညာဉ်သာခွဲမထားလျှင် ယွမ်ကျိကို ယခုလိုပုံစံဖြင့် စကားပြောရဲမည်မဟုတ်။

"တကယ်မသိသာဘူးပဲ"

လုယန်ကိုယ်တိုင်လည်း ထိုသို့ပင်ဖြစ်သည်။

......

ထာဝရဂိုဏ်းသည် အဆင့်မြင့်စွမ်းအားရှင်များ ပြည့်နေသည်။ နာမည်အကျော်ဆုံး ပုဂ္ဂိုလ်တစ်ချို့ပင်ပါသည်။ သို့သော် ဝိညာဉ်တစ်ခု ဌာနချုပ်နယ်မြေထဲတွင် လှည့်လည်စစ်ဆေးနေသည်ကို ဘယ်သူမှ သတိမထားမိကြ။

ယွမ်ကျိ၏ ကျင့်စဉ်စွမ်းအားက နက်ရှိုင်းသည်။ ဌာနချုပ်ထဲတွင် လွတ်လပ်စွာ သွားလာနိုင်သည်။

ဌာနချုပ်နယ်မြေတစ်ခုလုံး သေချာစီစဉ်ထားသည်ကို တွေ့ရသည်။ တံခါးပေါက် နှစ်ဆယ့်ငါးခုရှိသည်။ အရေးပေါ်အခြေအနေတွင် ဂိုဏ်းတပည့်များ ထိုတံခါးများမှ ထွက်ပြေးနိုင်သည်။ အားလုံးကိုဖမ်းမိနိုင်ရန် ခဲယဉ်းသည်။

သို့သော် ယွမ်ကျိက ထိုတံခါးနှစ်ဆယ့်ငါးခုလုံး ဝိညာဉ်စွမ်းအင်ဖြင့် ပိတ်ဆို့ထားပြီးဖြစ်သည်။ သူစလှုပ်ရှားသည်နှင့် ဘယ်သူမှထွက်ပြေးနိုင်မည်မဟုတ်။ စည်ပိုင်းထဲရောက်နေသည့် လိပ်များလို့ ဖြစ်နေမည်။

ဌာနချုပ်ရှိနေသည့် ကောင်းကင်ဂူသည် နည်းနည်ပျက်စီးယိုယွင်းနေသည်ကိုလည်း သူသတိထားမိသည်။ မဟာယုခေတ်မှ နေရာဟောင်းတစ်ခုဖြစ်မည်။ ထာဝရဂိုဏ်းက အမှတ်မထင် တွေ့ခဲ့ခြင်းဖြစ်မည်။

ဌာနချုပ်နယ်မြေအတွင်းပိုင်းသို့ သူဆက်၍ပျံသန်းသွားသည်။ အတွင်းအကျဆုံးနေရာတွင် လျှို့ဝှက်ခန်းတစ်ခုရှိသည်။ မှော်စက်ဝန်းမျိုးစုံ ကာကွယ်ပိတ်ဆို့ထားသည်။ ဘယ်သူမှ ခိုးဝင်၍မရနိုင်။

သို့သော် ယွမ်ကျိတော့ မပါ။

အခန်းထဲတွင် ဂိုဏ်းချုပ်က ထာဝရအရှင်ရုပ်ထုတစ်ခုကို ရြှိခိုးနေသည်။ ရုပ်ထုမှ သိပ်သည်းသည့်မီးခိုးငွေ့များ ဖြေးညှင်းစွာထွက်လာပြီး အဘိုးအိုတစ်ယောက်အသွင် ဖြစ်ပေါ်လာသည်။

ယွမ်ကျိ မျက်မှောင်ကျုံ့သွားသည်။

စွမ်းအင်ရောင် အစွမ်းကုန်ဖုံးကွယ်ထားသည့်သူ့ကို ဂိုဏ်းချုပ်ရော ထာဝရအရှင်ပါ သတိမထားမိကြ။

"အရှင်၊ ကျုပ်မရှင်းလင်းတဲ့ကိစ္စတစ်ခုရှိလို့ လမ်းညွှန်ပေးပါ"

"မေးပါ ကောင်လေး"

"ရှေးမှတ်တမ်းတွေမှာပြောထားတယ်။ အရှင်ဟာ သွေးဆာပြီး သတ်ဖြတ်ရတာကို နှစ်ခြိုက်တယ်တဲ့။ သခင်ကျေနပ်စေဖို့ လူတွေမရေမတွက်နိုင်အောင် ကျုပ်တို့သတ်ခဲ့ပါတယ်"

"သေသူ့ဝိညာဉ်တွေဟာ ငါ့စွမ်းအားရဲ့ ရင်းမြစ်တစ်ခုပါပဲ"

ဂိုဏ်းချုပ် အခက်တွေ့သွားဟန်ရှိသည်။

"အရှင့်ရဲ့စွမ်းအား အမြင့်ဆုံးကိုပြန်ရောက်ဖို့ ကျုပ်တို့သတ်ဖြတ်ရတာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် အခုတလော လှုပ်ရှားရတာအခက်တွေ့နေတယ်။ လမ်းမှန်ဂိုဏ်းဝင်တွေက အရင်ထက်ပိုပြီး တင်းတင်းကြပ်ကြပ်စုံစမ်းစစ်ဆေးနေကြတယ်။ ကျုပ်တို့နောက်လိုက်တွေ အခက်ကြုံနေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရာဇဝတ်ဥပဒေအတွက် စာမေးပွဲတစ်ခုစီစဉ်ခဲ့တယ်။ ပြီးတော့ ကျုပ်တို့နောက်လိုက်တွေရဲ့ ကျင့်စဉ်စွမ်းအားတိုးတက်ဖို့နဲ့ ဥပဒေထိန်းချုပ်နိုင်စွမ်းမြင့်မားဖို့ ပြစ်မှုသက်သေဖျောက်ဖျက်နည်းသဘောတရားတွေကို သင်ကြားပို့ချခဲ့ပါတယ်။ ပြစ်မှုကျူးလွန်တဲ့အခါ သဲလွန်စတွေ မကျန်ခဲ့စေဖို့ပါ။ ဖမ်းမိရင်တောင် ရာဇဝတ်ဥပဒေကို လေ့လာထားရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ အထောက်အပံ့ဖြစ်ပါတယ်"

ထာဝရအရှင် မေးစေ့ကိုကုတ်လိုက်သည်။

"ငါ့ကိုလည်း ဥပဒေသင်တန်းတစ်ခုစီစဉ်သင့်တယ်လို့ မင်းပြောချင်တာလား"

"မဟုတ်ပါဘူး။ နောက်လိုက်တွေရဲ့ လေ့လာသင်ယူမှုစွမ်းရည်က စိုးရိမ်စရာအခြေအနေမှန်း ကျုပ်သိပါတယ်။ ရာဇဝတ်ဥပဒေသင်ရတာလည်း သူတို့မကြိုက်ဘူး။ သူတို့လေ့လာချင်စိတ်ကို တိုးမြှင့်နိုင်အောင် အရှင့်ရဲ့ရုပ်ထုပုံစံကို ပြောင်းလဲခွင့်ပေးစေချင်တာပါ။ ရာဇဝတ်ဥပဒေစာအုပ်ကို ကိုင်ထားတဲ့ရုပ်ထုမျိုးပေါ့။ ပြီးရင် ထာဝရအရှင်လည်း ရာဇဝတ်ဥပဒေကို လေ့လာတယ်လို့ ဂိုဏ်းဝင်အားလုံးသိအောင် တရားဝင်ကြေငြာမယ်လေ"

ထာဝရအရှင် ခေါင်းကိုက်လာသည်။

"မင်းမှာ တစ်ခြားပြောစရာကိစ္စရှိသေးလား"

"ဟုတ်ကဲ့၊ အရှင့်ရဲ့စွမ်းအားဟာ လူသားတွေကိုသတ်မှရတာလား တစ်ခြားသက်ရှိတွေကိုသတ်ရင်ရော ရသလားဆိုတာ သိချင်ပါတယ်။ ပြောရရင် ကျုပ်ရဲ့မိသားစုဟာ အရင်က သားသတ်ရုံတစ်ခု ဖွင့်ခဲ့တာပါ။ အခုဆက်မလုပ်ဖြစ်တော့ပေမယ့် ဒီလုပ်ငန်းနဲ့ ကျုပ်ရင်းနှီးပါတယ်။ ထာဝရဂိုဏ်းနာမည်ကို မသေမျိုးသားသတ်ရုံလို့ ပြောင်းလိုက်မယ်ဆိုရင်ရော ဘယ်လိုသဘောရပါသလဲ။ တရားဝင်လုပ်ငန်းလည်းဖြစ်သွားမယ်။ နောက်လိုက်တွေရဲ့ လုံခြုံရေးအတွက်လည်း စိတ်ချရတယ်။

ပြီးတော့ ကျုပ်တို့ဂိုဏ်းမှာ အသားကင်ကျွမ်းကျင်တဲ့ စားဖိုမှူးသုံးယောက်ရှိပါတယ်။ သားသတ်ရုံလုပ်ငန်းနဲ့တွဲဖက်ပြီး အသားကင်ဆိုင်လုပ်ငန်း စလုပ်လို့ရပါတယ်။ လုပ်ငန်းတွေကို အဲလိုအတွဲလိုက်လုပ်ရင် ကျုပ်တို့အတွက် ဝင်ငွေလမ်းကြောင်းတွေ အများကြီးရှိလာမှာပါ"

ထာဝရအရှင် တစ်စုံတစ်ခုပြန်ပြောရန်ပြင်နေသည်ကို မြင်သဖြင့် ဂိုဏ်းချုပ် ဆက်ပြောသည်။

"အခွန်ကိစ္စကို အရှင်စိတ်ပူနေတာလား။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ အရင်ကလည်း အခွန်အများကြီးရှောင်ခဲ့လို့ ကျုပ်က အလိုရှိရာဇဝတ်သားစာရင်းဝင်ခဲ့တာပါ။ အဲဒါကိုစိတ်ပျက်လို့ နတ်ဆိုးလမ်းစဉ်ကို ပြောင်းခဲ့တာပါ။ ဒါပေမယ့် အခွန်ရှောင်တဲ့ကိစ္စတွေကို ကျုပ်ကောင်းကောင်းကျွမ်းကျင်ပါတယ်"

ဂိုဏ်းချုပ်က ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။ သူ့မျက်လုံးများက အရောင်လက်နေသည်။

"...မင်းမှာတစ်ခြားကိစ္စရှိသေးလား။ မရှိရင် ငါသွားတော့မယ်"

"ကိစ္စသေးသေးလေးတစ်ခုရှိပဲ ကျန်ပါတော့တယ်"

ဂိုဏ်းချုပ်က စာရွက်တစ်ချို့ကို ရိုရိုသေသေ ဆွဲထုတ်လိုက်သည်။

"ဒါတွေက ဘာလဲ"

"နေရာပြောင်းရွှေ့မှု ဗျူဟာလေ့ကျင့်ရေးအစီအစဉ်ပါ။ ကျုပ်တို့ဌာနချုပ်က အခုမှပြောင်းလာတော့ ထွက်ပြေးမယ့်လမ်းကြောင်းတွေနဲ့ မရင်းနှီးသေးဘူး။ အခု လမ်းမှန်ဂိုဏ်းက တိုက်ခိုက်လာတဲ့ပုံစံမျိုး အတုဖန်တီးပြီး တစ်ဂိုဏ်းလုံး ဗျူဟာလေ့ကျင့်ရေးဆင်းမှာပါ။ ကျုပ်တို့ ချက်ချင်းထွက်ပြေးနိုင်အောင် လေ့ကျင့်မှာပါ။ အရှင်ရော ဝင်လေ့ကျင့်ဦးမလား"

ထာဝရအရှင် အတော်ကြာအောင် အသံတိတ်သွားသည်။ သူကိုယ်တိုင် နေရာမှဆင်းပြီး ဤဂိုဏ်းချုပ်ကို သူ့နေရာသို့ တင်ပေးရလျှင်ကောင်းမလားဟု စဉ်းစားနေသည်။

"မလိုပါဘူး၊ ငါ့ရုပ်ထုတွေထဲကနေ ငါ့စိတ်ကြိုက် ဝင်နိုင်ထွက်နိုင်တယ်။ လမ်းမှန်ဂိုဏ်းတွေ ငါ့ကိုမဖမ်းနိုင်ပါဘူး။ ပြီးတော့ လူရွေးပွဲကို မြန်မြန်လုပ်ပါ။ ခန္ဓာကိုယ်တစ်ခုကို သိမ်းယူပြီး ငါ့စွမ်းအားမြန်မြန်ပြန်ရအောင် ကျင့်ကြံမှုစလုပ်ချင်တယ်"

"နားလည်ပါပြီ"

......

"ဟင်...သူပြန်လာပြီလား"

သိစိတ်နယ်မြေမှ ထာဝရနတ်မယ် ရုတ်တရက် ပြောလိုက်သည်။ သို့သော် လုယန် ဘာကိုမှ အာရုံမခံမိ။

ထာဝရနတ်မယ်မျက်လုံးထဲတွင် အပြင်ဘက်မှ ရွှေရောင်အလင်းတစ်ခု ပျံဝင်လာပြီး ယွမ်ကျိနှင့်ပေါင်းစပ်သွားသည်ကို မြင်ရသည်။

နတ်မယ်သည် မသေမျိုးအစစ်ဖြစ်သည်။ စွမ်းအားအစစ်ကို ပိုင်ဆိုင်ထားသည်။

ယွမ်ကျိ စာအုပ်ကိုချလိုက်သည်။ သူ့မျက်နှာက ပုံမှန်နှင့်မတူဘဲ မျက်မှောင်နည်းနည်းကျုံ့နေသည်။ တစ်ခုခုမြင်ခဲ့ဟန်တူသည်။

ထာဝရနတ်မယ်ကို သူလှည့်ကြည့်ပြီး တုံ့ဆိုင်းဆိုင်းလေသံဖြင့်ပြောသည်။

"စီနီယာ၊ ရှင့်နေရာမှာ အယောင်ဆောင်နေတဲ့လူတစ်ယောက်ရှိတယ်"

"ဘာ"

***************************************

All Chapters