လေ့ကျင့်ရေးဗျူဟာ
Vol. 13 Ch. 188
ယွမ်ကျိက လျှို့ဝှက်ခန်းထဲတွင် သူမြင်ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်ပြောပြသည်။ ထာဝရနတ်မယ် အကြီးအကျယ်ဒေါသထွက်သွားသည်။
"ဘယ်ခွေးသူတောင်းစားက ငါ့နေရာမှာဟန်ဆောင်ရဲတာလဲ။ ရှေးဟောင်းခေတ်မှာ ငါဟာကောင်းကင်တခွင်ပြိုင်ဘက်ကင်းတဲ့လူဆိုတာ သူမသိဘူးလား။ ငါ့ကိုမြင်တာနဲ့ လူတိုင်းက ရှောင်ကြရတာပါ"
ထာဝရနတ်မယ် မောက်မာခွင့်ရှိပါသည်။ "စကားလုံးမှော်ပညာ"တတ်မြောက်ထားသည့် ဘယ်ကျင့်ကြံသူမဆို သူတို့မျိုးဆက်တူထဲတွင် ပြိုင်ဘက်ကင်းဟု သတ်မှတ်ကြသည်။ သို့သော် ထိုစွမ်းအားရှင်သည်ပင် ထာဝရနတ်မယ်လက်ချက်ဖြင့် သေခဲ့ရသည်။
"ဂိုဏ်းချုပ်ကိုယ်ပေါ်မှာ ငါရင်းနှီးနေတဲ့ စွမ်းအင်ရောင်တစ်ခုတွေ့တယ်။ အဲဒါ အယောင်ဆောင်နေတဲ့လူဆီကများလား"
ထာဝရနတ်မယ် တွေးလေလေ ဒေါသထွက်လေဖြစ်သည်။ ထာဝရအရှင်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး သူ့သရုပ်မှန်ကို ဖော်ထုတ်မည်ဟု ကြုံးဝါးနေသည်။
ယွမ်ကျိက တားသည်။
"စိတ်မလောပါနဲ့ စီနီယာ။ အဲဒီ့ထာဝရအရှင်ဆိုတဲ့လူက သူ့ရုပ်ထုတွေထဲမှာ စိတ်ကြိုက်ဝင်ထွက်နိုင်တယ်။ သူ့ရုပ်ထုတွေကလည်း တိုက်နယ်တစ်ခုလုံး ပြန့်ကျဲနေတာလေ။ အခုတစ်ခါ သူ့ကိုလွတ်သွားရင် နောက်ဆို ဖမ်းဖို့ပိုခက်သွားလိမ့်မယ်"
"ဒါဆို နင်ပြောတာက..."
"ထာဝရအရှင် ဂိုဏ်းချုပ်နဲ့ စကားပြောတုန်းက လူရွေးပွဲလုပ်မယ်လို့ ပြောတာကြားတယ်။ အပေါ်ယံမှာတော့ ပါရမီရှင်ရွေးချယ်ပွဲပေါ့။ ဒါပေမယ့် တကယ်က ထာဝရအရှင်ပူးကပ်ဖို့ ခန္ဓာကိုယ်တစ်ခု ရှာတာပဲ။ လုယန်ကို သူပူးကပ်ဖို့ပစ်မှတ်ဖြစ်လာအောင် လုပ်နိုင်ရင် ထာဝရအရှင်က ကျွန်မတို့ထောင်ချောက်ထဲကို ဝင်လာမှာပဲ။ အဲလိုဆို သူမလွတ်နိုင်တော့ဘူးလေ"
ထာဝရနတ်မယ် အိပ်မက်မှနိုးလာသလို ဖြစ်သွားသည်။
"ရှောင်ယွမ်၊ နင်က အတော်စိတ်ကူးကောင်းတာပဲ"
"ဘာရယ်.."
ယွမ်ကျိ မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။
ဉာဏ်တုံးသည့်နတ်မယ် ယွမ်ကျိဒေါသကို ဆွမိနေမှန်းသိသဖြင့် လုယန် သိစိတ်နယ်မြေမှ ချက်ချင်းထွက်ပြေးသည်။
ယွမ်ကျိသည် ဝိညာဉ်ခွဲထားချိန်တွင် သူ့ကိုဘယ်လိုခေါ်ခေါ် အရေးမစိုက်။ သို့သော်ယခု သူ့ဝိညာဉ် အပြည့်အဝရှိနေသဖြင့် အရင်နှင့်မတူတော့။
ကိုယ့်အားကိုယ်သာကိုးတော့ နတ်မယ်။
"ဒါပေမယ့် ထာဝရအရှင်ဆိုတာက ဘယ်လိုအခြေအနေမျိုးလဲ"
ထာဝရအရှင်တစ်ယောက် တကယ်ရှိနေမည်ဟု လုံးဝထင်မထား။ ရှေးခေတ်မသေမျိုးငါးယောက် စာရင်းဝင်သူမှာ တကယ်ထာဝရအရှင်လား။ သို့မဟုတ် ထာဝရနတ်မယ်လား။
စိတ်ခံစားချက်အရ ထာဝရနတ်မယ်ဟု လုယန်ယုံကြည်သည်။ သို့သော် ဂုဏ်သရေဟန်ပန်အရတော့ ထာဝရအရှင်ကိုသာ အလေးပေးသည်။
"ဒါမှမဟုတ် ရှေးဟောင်းခေတ်မှာ ခြောက်ယောက်မြောက်မသေမျိုး ရှိနေခဲ့တာများလား"
လုယန် မျက်လုံးပွင့်လာသည်။ ကျင့်ကြံမှုအာရုံမှ ထွက်လိုက်သည်။ လက်ရှိလောကသို့ ပြန်ဝင်လာသည်။
"ငါအခု အခြေတည်ထိပ်တန်းအဆင့် ရောက်လောက်ပြီ။ နောက်ဆုံးအဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"
"မင်းဘာတွေတွေးနေတာလဲကွာ"
မုန်ကျင်းကျိုးလည်း ကျင့်ကြံမှုအာရုံမှထွက်လာပြီး သူ့ဘေးမှ ညည်းညည်းညူညူပြောသည်။
အရိုးရိုင်းက တွေးတွေးဆဆလေသံဖြင့်
"ကျင့်စဉ်အဆင့်တွေကို ဒီလိုအသေးစိတ်ခွဲလို အကိုလုစွမ်းအားကြီးနေတာများလား"
မုန်ကျင်းကျိုးက သူ့ကိုချက်ချင်းတားသည်။
"အတွေးမလွန်နဲ့ကွ။ လုယန်က စိတ်မူမမှန်ဖြစ်နေတာပါ။ သူလမ်းစဉ်အတိုင်း မင်းမလိုက်မိစေနဲ့"
"မင်းတို့သုံးယောက်၊ လေ့ကျင့်ရေးဆင်းဖို့ အသင့်ပြင်ထား"
ဂိုဏ်းဝင်တစ်ယောက်က တံခါးဝမှ သူတို့ကို သတိပေးသည်။
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ ကြောင်သွားသည်။ လေ့ကျင့်ရေး...ဘာလေ့ကျင့်ရေးမှန်းမသိ။
နေရာတိုင်းတွင်တည်ဆောက်ထားသည့် အသံချဲ့မှော်စက်ဝန်းများမှ ကြေငြာသံထွက်လာသည်။
"အားလုံးနားထောင်ပါ။ လမ်းမှန်ဂိုဏ်းက တိုက်ခိုက်တော့မယ်။ အားလုံးနားထောင်ကြပါ။ လမ်းမှန်ဂိုဏ်းက တိုက်ခိုက်တော့မယ်"
သဏ္ဌာန်လုပ် သရုပ်တူအောင် အပြင်ဘက်မှ ဂိုဏ်းဝင်များကလည်း အော်ဟစ်နေကြသည်။
"လမ်းမှန်ဂိုဏ်း ရောက်လာပြီဟေ့။ ငါတို့ အဆုံးသတ်တော့မယ်"
"ပြေးကြဟေ့"
"အညံ့ခံရမှာထက် အသေပဲခံလိုက်မယ်ကွ"
"လမ်းမှန်ဂိုဏ်းကို တိုက်ကြမယ်ဟေ့"
"ဟားဟားဟား၊ လမ်းမှန်ဂိုဏ်းကခွေးတွေ။ မင်းတို့ငါ့ကို ဖမ်းနိုင်မယ်ထင်နေလားကွ"
"ငါတို့ကို ထာဝရအရှင် ကာကွယ်ပေးပါစေ"
ထို့နောက် ပြေးလွှားနေသည့်ခြေသံများ ပေါ်လာသည်။
"...ဒီကောင်တွေကလည်း အတော်ပီပြင်လှပါလား"
လုယန် ရေရွတ်လိုက်သည်။
ထို့နောက် မုန်ကျင်းကျိုးနှင့်အရိုးရိုင်းကို လေ့ကျင့်ရေးအခြေအနေအကြောင်း အမြန်ရှင်းပြလိုက်သည်။ ထိုနှစ်ယေက်လည်း သဘောပေါက်သွားသည်။
သူတို့သုံးယောက် အခန်းထဲမှ အမြန်ထွက်သည်။ ပြေးရင်းလွှားရင်း အော်ဟစ်သည်။
"အခြေအနေမကောင်းဘူးဟေ့။ ရှားနိုင်ငံက မသေမျိုးငါးဂိုဏ်းနှင့်ပူးပေါင်းပြီး တိုက်ခိုက်နေပြီ"
ရှေ့မှပြေးနေသည့်တစ်ယောက်က သူတို့ကို ဒေါသမျက်လုံးဖြင့်လှည့်ကြည့်သည်။
"သောက်အဓိပ္ပါယ်မရှိတာတွေ အော်မနေနဲ့ကွ။ ရှားနိုင်ငံနဲ့မသေမျိုးငါးဂိုဏ်းသာ တကယ်လာရင် ငါတို့အားလုံး အညံ့ခံဗျူဟာတောင် ပြောင်းချိန်ရလိုက်မှာမဟုတ်ဘူး"
ထာဝရဂိုဏ်းသည် လေ့ကျင့်ရေးပုံစံအမျိုးမျိုး အသေးစိတ်ခွဲခြားစီစဉ်ထားသည်မှာ သေချာနေသည်။
ထွက်ပြေးသည့်လမ်းကြောင်းတွင် ပစ္စည်းများကျင်လည်လည်စွာထုပ်ပိုး၍ မှော်လက်စွပ်များထဲသို့ သိမ်းဆည်းနေသည့် ဂိုဏ်းဝင်များကို မြင်ရသည်။ သူတို့လှုပ်ရှားမှုများက အံ့ဩဖွယ်ကောင်းလောက်အောင် ကျွမ်းကျင်သည်။
တစ်ချို့က အော်ဟစ်ညည်းညူနေသည်။ ဌာနချုပ်၏ ကံကြမ္မာကို မျှဝေခံစားမည်ဟု ကြွေးကြော်နေသည်။
တစ်ချို့က အရှုပ်အထွေးဖြစ်ချိန်ကို အခွင့်ကောင်းယူ၍ ပစ္စည်းများခိုးယူကာ အမြတ်ထုတ်နေသည်။
"ဟေ့ကောင်၊ မင်းဘာလုပ်နေတာလဲကွ"
ဂိုဏ်းဝင်တစ်ယောက်က သူခိုးတစ်ယောက်ကို လက်ပူးလက်ကြပ်မိသည်။
သူခိုးက လှည့်မကြည့်ဘဲ ပြန်ပြောသည်။
"ဒါက လေ့ကျင့်ရေးပဲလေ။ တတ်နိုင်သမျှ သရုပ်တူအောင်လုပ်ရမှာပေါ့။ ဒါတွေအားလုံး တကယ်လက်တွေ့ကြုံရနိုင်တာပဲ"
"သူခိုးကိုဖမ်းကြကွာ"
ထာဝရဂိုဏ်းသားများ လုံးဝဖရိုဖရဲဖြစ်နေသည်။ လေ့ကျင့်ရေးက ခြောက်ခြားစရာကောင်းလောက်အောင် သရုပ်ပီပြင်သည်။
လုယန်တို့လည်း အများနှင့်ရောနှော၍ ထွက်ပေါက်တစ်ခုဆီ သွားကြသည်။
ထွက်လာပြီးနောက် ဘယ်လောက်ဝေးဝေး ခရီးဆက်ခဲ့သည်ကို မသိကြတော့။ နေရာစိမ်းတစ်ခုသို့ ရောက်လာသည်။
နောက်ပိုင်းလမ်းကြောင်းကို ဖုံးကွယ်ရန် တာဝန်ယူထားသည့်လူက ဒုဂိုဏ်းချုပ်ကျင်း ဖြစ်သည်။ လမ်းမှန်ဂိုဏ်းဝင်များ ခြေရာမခံနိုင်အောင် ထွက်ပေါက်ကို ဖျက်ဆီး၍ ခြေရာလက်ရာဖျောက်သည်။ သူ့လှုပ်ရှားမှုများက ချောမွေ့ကျင်လည်သည်။
ဂိုဏ်းဝင်အားလုံး လက်ခုပ်တီးကြသည်။ သူတို့လှုပ်ရှားမှု အောင်မြင်သွားသည်ကို ကျေနပ်နေကြသည်။
အရိုးရိုင်းတစ်ယောက်သာ မေးခွန်းပြန်ထုတ်သည်။
"ကျုပ်တို့ ဘယ်လိုပြန်သွားကြမှာလဲ"
အားလုံး ချက်ချင်းငြိမ်ကျသွားသည်။
မှန်သည်။ အစောပိုင်းလေ့ကျင့်ရေးများလုပ်စဉ်က လမ်းကြောင်းဖျက်ဆီးသည့်ကိစ္စ မပါခဲ့။ ဤတစ်ကြိမ် ဘာကြောင့် ဖျက်ဆီးလိုက်သည်မသိ။
လမ်းကြောင်းလည်းဖျက် သဲလွန်စများလည်းဖျောက်ခဲ့သည်။ လာသည့်လမ်းအတိုင်း သူတို့ဘယ်လိုပြန်မည်နည်း။ ပြန်လမ်းလုံးဝမရှိ။
ဒုဂိုဏ်းချုပ်ကျင်း နည်းနည်းရှက်သွားသည်။ လေ့ကျင့်ရေးတွင် စိတ်နှစ်လွန်းသွားသည်။ လမ်းမှန်ဂိုဏ်းများ အမှန်တကယ်လိုက်လာသကဲ့သို့ အစစ်အမှန် လှုပ်ရှားခဲ့သည်။
သို့သော် ဒုဂိုဏ်းချုပ်တစ်ယောက်ဖြစ်၍ ဖြေရှင်းနည်းကို အမြန်စဉ်းစားမိသည်။
"မစိုးရိမ်ကြပါနဲ့။ ငါမှော်လက်စွပ်ထဲမှာ လှေပျံတစ်စီး ပါလာပါတယ်။ ငါတို့အားလုံး ဆန့်ပါတယ်။ လှေပျံစီးပြီး ပြန်ကြတာပေါ့"
ဂိုဏ်းထဲတွင် အဆင့်မြင့်ကျင့်ကြံသူများစွာရှိသည်။ လုယန်တို့လို လူတစ်ချို့မှလွဲ၍ အားလုံးပျံသန်းနိုင်သည်။
သို့သော် များပြားသည့် ကျင့်ကြံသူအုပ်စုကြီး ကောင်းကင်မှပြန်သန်းသွားလျှင် ရှားနိုင်ငံက ချက်ချင်းသတိထားမိမည်။ အရာရှိစစ်သည်တစ်ချို့ လာတားပြီး စစ်ဆေးမေးမြန်းကြမည်။ အလိုရှိရာဇဝတ်သားများဖြစ်ကြောင်း သိသွားမည်။ ခံရမည့်ပြစ်ဒဏ်သည် တစ်သက်တစ်ကျွန်းအောက် လျော့မည်မဟုတ်။
ထိုသို့ဆိုလျှင် တကယ်အခက်ကြုံရမည်။
လှေပျံစီးခြင်းက ပိုကောင်းသည်။ အဆင့်နိမ့်ကျင့်ကြံသူများ လှေပျံငှားစီးလာသလို ဟန်ဆောင်နိုင်သည်။ ထိုအဖြစ်မျိုးက မဆန်းလှသဖြင့် စစ်ဆေးမေးမြန်းခံရမည်မဟုတ်။
ဒုဂိုဏ်းချုပ်ကျင်းက လှေပျံအိုတစ်စီးကို သူ့မှော်လက်စွပ်ထဲမှ ထုတ်လိုက်သည်။ အရာရှိများ သတိမထားမိစေရန် လှေပျံအိုကို တမင်တကာရွေးဝယ်ထားခြင်းဖြစ်သည်။
အလိမ်အညာဝါရင့်နေသည့် တစ်ခြားလူများကလည်း ဒုဂိုဏ်းချုပ်အတွေးကို နားလည်သည်။ လှေပျံပေါ်တွင်ထိုင်၍ ကျင့်စဉ်စွမ်းအားကို ချီကျင့်ကြံမှုအဆင့်ထိရောက်အောင် ထိန်းချုပ်ထားသည်။ အခြေတည်အဆင့်သုံးယောက်သာ စွမ်းအားအမြင့်ဆုံးအဖြစ်မြင်အောင် ပြထားသည်။
လှေပျံပေါ်တွင် ဒုဂိုဏ်းချုပ်ကျင်းက အားလုံးကို အာမခံသည်။
"တကယ်တော့ ဘာမှ ပြဿနာမရှိပါဘူး။ ဒီလေပျံရဲ့ အမြန်နှုန်းအရ ငါတို့ပြန်ရောက်တဲ့အချိန်ကျရင် ဂိုဏ်းခွဲတွေကလာကြမယ့် အခြေတည်အဆင့်နဲ့ ချီကျင့်ကြံမှုအဆင့် ပါရမီရှင်တွေလည်း ရောက်နေလောက်ပြီ။ အချိန်ကိုက်ပဲ ဖြစ်မှာပါ"
...........
လှေပျံက ပုံမှန်နှုန်းဖြင့် ကောင်းကင်၌ ပျံသန်းနေသည်။ ရောက်လာတော့မည့်အန္တရာယ်ကို သတိမထားမိကြ။
လှေပျံအနီးသို့ မီးခိုးရောင်ဝတ်စုံနှင့် သဏ္ဌာန်သုံးခု ဝဲပျံလာသည်။
"ဟိုလှေပျံဆို ဘယ်လိုသဘောရလဲ"
"ဒါရွှေစီးပွားနယ်မြေကလှေပျံမဟုတ်ဘူး။ တစ်ခြားနာမည်ကြီးကုန်သွယ်ရေးအဖွဲ့အစည်းကလည်း မဟုတ်ဘူး။ အတော်ဟောင်းနေပြီ။ ငှားလာတာဖြစ်မယ်"
"လူတွေအများကြီးပဲ။ ပြီးတော့ ကျင့်စဉ်အဆင့်နိမ့်တယ်။ အခြေတည်အဆင့် သုံးယောက်ပဲရှိတယ်။ လုယက်ဖို့အတွက် ကွက်တိပဲ။ တစ်ယောက်ယောက်မှာ ပစ္စည်းကောင်းတစ်ခုခု ပါလာနိုင်တယ်"
"လှုပ်ရှားကြမလား"
"ချကွာ"
မီးခိုးရောင်ဝတ်ရုံရှင်သုံးယောက် အလင်းတန်းအသွင်ဖြင့် လှေပျံဆီ အမြန်တိုးကပ်သွားပြီး ချုပ်နှောင်မှော်စက်ဝန်းတစ်ခု ဖန်တီးလိုက်သည်။
"မလှုပ်နဲ့။ ဓားပြတိုက်နေတာကွ"
မျက်နှာတွင် ဓားခုတ်ရာနှစ်ခုပါသည့် မျက်နှာကြမ်းနှင့်လူက အော်ဟစ်လိုက်သည်။ လူမိုက်အသွင်က ပေါ်လွင်ထင်ရှားနေသည်။
"ရက်စက်တဲ့ဟူညီအကိုတွေဆိုတာ မင်းတို့ကြားဖူးမှာပါ။ မင်းတို့ပါလာတဲ့ အဖိုးတန်ပစ္စည်းတွေပေးစမ်း။ ငါတို့မသတ်ဘူးလို့ ကတိပေးတယ်"
နောက်တစ်ယောက်က လျှာကိုထုတ်၍ ဓားသွားကိုလျက်ပြသည်။ နည်းနည်းသွေးဆာနေပုံမျိုးဖြစ်သည်။
"မင်းတို့ အသာတကြည်မပေးရင်တော့ ငါတို့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
တတိယတစ်ယောက်က ခြောက်ကပ်ကပ်ရယ်သံပေးသည်။ သရဲညည်းသံနှင့်တူသည်။ အလွန်တရာ ခြောက်ခြားစရာကောင်းသည်။
"ငါတို့လူမသတ်ဘူးလို့ မထင်နဲ့နော်။ ငါတို့သတ်ခဲ့တဲ့လူတွေက မင်းတို့မြင်ဖူးတဲ့ လူအရေအတွက်ထက်များတယ်ကွ"
ကြောက်စရာစွမ်းအင်ရောင်တစ်ခုထုတ်လွှတ်ကြသည်။ အားလုံးကြောက်သွားအောင် ခြိမ်းခြောက်သည်။
ပုံမှန်ဆိုလျှင် ထိုစွမ်းအင်ရောင်မျိုး ထုတ်လွှတ်လိုက်ရုံဖြင့် တစ်ဘက်လူက အပိုးကျိုးသွားသည်။ တန်ဖိုးကြီးပစ္စည်းများလွှဲအပ်၍ အသက်ချမ်းသာပေးရန် အသနားခံကြသည်။
ချမ်းသာပေးသည်မပေးသည်ကတော့ သူတို့စိတ်ပေါ်မူတည်သည်။
သို့သော်ယခု လှေပျံပေါ်မှလူများက ကြောက်ရွံ့ဟန်လုံးဝမရှိဘဲ အေးစက်စက်ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် တစ်ယောက်ပြီးတစ်ယောက် စွမ်းအင်ရောင်ကိုယ်စီ ထုတ်လွှတ်ကြသည်။ နတ်ဝိညာဉ်အဆင့်၊ ဝိညာဉ်ပြောင်းအဆင့်၊ လေဟာနယ်သန့်စင်အဆင့်...
သူတို့နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေသည့် စွမ်းအင်ရောင်များကို ခံစားနေရသဖြင့် ဟူညီအကိုသုံးယောက် တံတွေးကျိတ်မျိုနေကြသည်။
အမှားကြီးမှားသွားပြီထင်သည်။
ဒုဂိုဏ်းချုပ်ကျင်း ထရပ်လာပြီး ခပ်အေးအေးလေသံဖြင့်မေးသည်။
"မင်းတို့သတ်ခဲ့တဲ့လူတွေက ငါတို့မြင်ဖူးတဲ့ လူအရေအတွက်ထက်များတယ်လို့ပြောတာ ငါကြားလိုက်သလားလို့"
**********************************