မဟာအခွင့်အရေး
Vol. 13 Ch. 190
ကြမ်းတမ်းသည့်တိုက်ပွဲများ တောနက်ထဲတွင် နေရာတိုင်းဖြစ်ပေါ်နေသည်။ တစ်ပွဲပြီးတစ်ပွဲကြည့်ရသည်မှာပင် ကျောချမ်းစရာ ကောင်းသည်။
နတ်ဆိုးလမ်းစဉ်သည် ရက်စက်သည်။ ကောက်ကျစ်မှုများ ပြည့်နေသည်။ အားလုံးက စွမ်းရည်ပြည့်ထုတ်သုံး၍ စရိုက်မှန်ကို ပြကြသည်။
အသားစားဘုန်းကြီး၊ ဓားနတ်ဆိုးကုကျားနှင့် ယန်ဖေးတို့က ထပ်ပြောစရာပင်မလို။ ပြိုင်ပွဲဝင်များကြားတွင် နာမည်အကြီးဆုံးဖြစ်နေသည်။ သူတို့မှလွဲလျှင် တစ်ခြားလူအတော်များများက သိပ်မထင်ရှားကြ။ ဤစမ်းသပ်ပွဲတွင် ထိုသုံးယောက်၏ စွမ်းဆောင်ရည်ကို အားလုံးအံ့ဩကြရသည်။
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းလည်း ထူးခြားသည်။ ပြိုင်ဘက်တစ်ချို့ သူတို့လက်သီးချက် တူချက်များဖြင့် သေသွားသည်။
သူတို့နှစ်ယောက် တဖြေးဖြေးနာမည်ရလာသည်။ ရက်စက်သည့် ထိုနှစ်ယောက်အကြောင်း ပြိုင်ပွဲဝင်များကြား လူသိများလာသည်။ လက်ရှောင်ကြသည်။
နှစ်ယောက်လုံး သွေးများစွန်းထင်းနေသည်။ သူတို့စွမ်းအင်ရောင်က ကြမ်းတမ်းသည်။ မျက်လုံးများ နီရဲနေသည်။ ရူးသွပ်နေသည့် လူသတ်သမားတို့၏လက္ခဏာမျိုးရှိသည်။
အရိုးရိုင်း၏ အရိုင်းသွေးဆက် ပို၍နိုးကြားလာသည်။ ရှေးခေတ်က အရိုးမျိုးနွယ်တို့သည် တိုက်ပွဲအလီလီဖြတ်ကျော်၍ အားအကြီးဆုံးမျိုးနွယ်တစ်ခု ဖြစ်ခဲ့သည်။ ရန်သူကိုနှိပ်ကွပ်သည့်ကိစ္စသည် သူတို့နှင့်မစိမ်း။ သွေးသံရဲရဲတိုက်ခိုက်တတ်သည့် စိတ်ဝိညာဉ်က ရိုးတွင်းခြင်ဆီထဲတွင် အမွေဆက်ခံလာသည်။...ပဲဝါ၏ ကျိန်စာလည်းဖြစ်သည်။
"ဒီနှစ်ယောက်အကြောင်း အရင်ကမကြားဖူးပါဘူး။ သူတို့ ဘယ်ကနေရောက်လာတာလဲ။ သူတို့စွမ်းအားက အသားစားဘုန်းကြီးနဲ့ တန်းတူအဆင့်ရှိတယ်ကွ။ ကြည့်လိုက်ပါ၊ အသားစားဘုန်းကြီးတောင် သူတို့နဲ့ထိပ်တိုက်ရင်မဆိုင်ပဲ တစ်ခြားနေရာတွေမှာ တိုက်ခိုက်နေတာ"
"သူတို့က ပညာအမွေတစ်ခုခု ရခဲ့လို့ဖြစ်မယ်။ ဒါမှမဟုတ် အကြီးအကဲတွေ လျှို့ဝှက်ပြုစုပျိုးထောင်ထားတဲ့လူတွေဖြစ်လိမ့်မယ်။ သူတို့နှစ်ယောက်မှာ ဘယ်သူစွမ်းအားပိုကြီးသလဲဆိုတာပဲ သေချာမသိတာ"
နှစ်ယောက်လုံးက တိုက်ပွဲကွင်းထဲ ဝင်လိုက်ထွက်လိုက်ဖြစ်နေသဖြင့် လူအားလုံး သူတို့နှစ်ယောက်အကြောင်း ဆွေးနွေးမိကြသည်။ မုန်ကျင်းကျိုး၏ သံလက်သီးများက ပြိုင်ဘက်ကင်းသည်။ နာမည်နည်းနည်းရှိသည့် အခြေတည်အလတ်တန်းအဆင့်တစ်ယောက် သူ့လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်သွားသည်။
လက်ရှိတွင် မုန်ကျင်းကျိုးသည်လည်း အခြေတည်အဆင့်တစ်ယောက်ဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ တပည့်ဖြစ်သည်။ မုန်မိသားစုမျိုးဆက်ဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းမှ ထွက်လာပြီးနောက် ရွယ်တူမျိုးဆက်များ သူ့ကိုမယှဉ်နိုင်ကြ။
အရိုးရိုင်းက သူတော်စင်ကျမ်းရွတ်သံနှင့်အတူ ပြိုင်ဘက်များကို တစ်ယောက်ပြီးတစ်ယောက် တူဖြင့်ရိုက်ချသည်။ မျက်တောင်ပင်မခတ်။ လူနှင့်ကျမ်းစာ လုံးဝမလိုက်ဖက်သည့် သူ့အသွင်က အရူးတစ်ယောက်လို ဖြစ်နေသည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက် ရင်ဆိုင်တွေ့သည်။ မျက်လုံးများက ကြမ်းတမ်းခက်ထန်သည်။ ဘယ်သူမှ အကြောမခံကြ။
အရိုးရိုင်းက တူကိုမြှောက်၍ အော်ဟစ်လိုက်သည်။
"မင်းနာမည်ပြောစမ်း"
"မုန်ကျင်းကျိုးပါ။ မင်းကရောဘယ်သူလဲ"
"အရိုးရိုင်းပါ"
နှစ်ယောက်လုံး စကားနည်းသည်။ အပိုလုံးဝမပြောဘဲ ချက်ချင်းစတင်တိုက်ခိုက်သည်။
နှစ်ယောက်လုံးက အခြေတည်အဆင့်တွင် ထိပ်သီးများဖြစ်သည်။ သူတို့တိုက်ပွဲရိုက်ခတ်မှုကြောင့် သစ်ပင်များ ပြိုလဲကုန်သည်။ လေထုတုန်ခါနေသည်။ စွမ်းအင်လှိုင်းများကြောင့် သစ်ပင်များ နှစ်ပိုင်းပြတ်ထွက်သွားသည်။
တစ်ခြားပြိုင်ပွဲဝင်များ အဝေးမှ စောင့်ကြည့်နေသည်။ သူတို့နှစ်ယောက် အချင်းချင်း အထိနာသွားစေချင်သည်။ အချောင်အမြတ်ထုတ်လိုကြသည်။
နှစ်ယောက်လုံး နံပတ်မြင့်မြင့်ရထားသည်။ ထိုနှစ်ယောက်ထဲမှ ဘယ်သူ့ကိုသတ်နိုင်သည်ဖြစ်စေ သူတို့နံပတ်များကို ပိုင်ဆိုင်ခွင့်ရမည်။
အားလုံးမက်မောကြသည့် အကျိုးအမြတ်ဖြစ်သည်။
အသားစားဘုန်းကြီးနှင့် ဓားနတ်ဆိုးကုကျားတို့လည်း အမှောင်ထဲမှစောင့်ကြည့်ပြီး ကျိတ်၍အံ့ဩနေသည်။
"ဒီနှစ်ယောက်လည်း ယန်ဖေးလို အန္တရာယ်များတဲ့လူတွေပါလား။ အတော်စွမ်းအားကြီးတယ်။ ဒါပေမယ့် ငါ့ကိုတော့မမီသေးပါဘူး။ ငါ့ဝှက်ဖဲတွေ အကုန်ထုတ်မသုံးရသေးဘူး။ ဒီနှစ်ယောက်အကြောင်း သိနေရပြီပဲ"
"ထင်မထားဘူး။ အသားစားဘုန်းကြီးနဲ့ ယန်ဖေးအပြင် ဒီလိုစွမ်းအားမြင့်ပြိုင်ဘက်တွေ ရှိနေသေးတယ်ပေါ့။ ပုန်းနေတဲ့နဂါး ဝပ်နေတဲ့ကျားအစစ်တွေပဲ။ ကောင်းတယ်၊ ငါ့နတ်ဆိုးဓားက သွေးဆာနေတာ။ အသုံးမကျတဲ့ ဟိုကောင်တွေရဲ့သွေးနဲ့ ကျေနပ်မှာမဟုတ်ဘူး။ ဒီပြိုင်ဘက်ကင်းပါရမီရှင်နှစ်ယောက်ရဲ့သွေးမျိုးကို ငါ့ဓားက တောင့်တနေမှာ"
"ဟားဟားဟား၊ ငါနဲ့တိုက်ခိုက်ဖို့ထိုက်တန်တဲ့ ပြိုင်ဘက်မျိုး မတွေ့ခဲ့တာကြာပြီကွ"
မုန်ကျင်းကျိုး အော်ဟစ်ရယ်မောနေသည်။
အရိုးရိုင်းလည်း စိတ်အားတက်ကြွနေသည်။ သူ့ကိုယ်ထဲမှ ရှေးဟောင်းအရိုင်းသွေးများ ဆူပွက်လာသည်။
သူတို့တိုက်ပွဲကြောင့် နောက်ထပ်သက်တမ်းရင့် သစ်ပင်တစ်ပင် လဲပြိုသွားသည်။ ထိုသစ်ပင်နောက်တွင် ဗောဓိပင်တစ်ပင်ပေါ်လာသည်။
ဗောဓိပင်ထက်၌ ကလေးငယ်သုံးယောက် လေထဲတွင် လွှဲယမ်းနေသည်။ စိတ်ကိုတည်ငြိမ်စေ၍ အာရုံစူးစိုက်မှုတိုးတက်စေသည်ဟု နာမည်ကျော်ကြားသည့် ထိုဗောဓိပင်ကြောင့် လေထုတစ်ခုလုံး သန့်ရှင်းစင်ကြယ်လာသည်။
မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။
"ဒါက ဗောဓိဂျင်ဆင်းသီးပင်အစစ်လား"
"ဂျင်ဆင်းသီး..ဟုတ်လား"
အရိုးရိုင်းလည်း အံ့အားသင့်နေသည်။
တော်ဝင်သစ်ပင်ပေါ်လာသဖြင့် သူတို့တိုက်ပွဲ အလိုလိုရပ်သွားသည်။
"ဒါက ဒဏ္ဍာရီထဲက ဂျင်ဆင်းသီးဆိုတာလား"
အရိုးရိုင်း မယုံကြည်သေးဟန်ဖြင့် ထပ်မေးသည်။
မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။
"မမှားနိုင်ဘူး။ တွဲလောင်းကျနေတဲ့ လူပုံသစ်သီးဝဝကစ်ကစ်လေးတွေကိုကြည့်လေ။ ဒဏ္ဍာရီဂျင်ဆင်းသီးနဲ့ မတူဘူးလား"
"ဒါပေမယ့် ဂျင်ဆင်းသီးက ဗောဓိပင်ပေါ်မှာ ဘယ်လိုလုပ်ပြီး သီးမှာလဲ"
မုန်ကျင်းကျိုးက အရိုးရိုင်းကို ငတုံးတစ်ယောက်သဖွယ် ကြည့်သည်။
"အဲဒါ မင်းသေချာနားမလည်လို့ပေါ့။ ဂျင်းဆင်းသီးတွေ ဘာလို့ဒီလောက်ရှားပါးတယ်ထင်လဲ။ လောကမှာ ဂျင်ဆင်းသီးဆိုလို့ တစ်လုံးမှမတွေ့ရဘူးလေ။ အဲဒါ ဂျင်ဆင်းသီးပင်ဆိုတာ တကယ်မရှိလို့ပေါ့။ ဂျင်ဆင်းသီးဆိုတာ မိုးမြေစည်းချက်နဲ့ညီမျှလို့ ဖြစ်လာတာ။ တစ်ခြားသစ်ပင်တွေပေါ်မှာပဲသီးတာ။ သစ်ပင်တစ်ပင်က မိုးမြေစွမ်းအင်အနှစ်တွေကို စုပ်ယူလိုက်တဲ့အခါ ဂျင်ဆင်းသီးတွေ အလိုလိုပေါ်လာတယ်။
ဗောဓိပင်ဆိုတာကလည်း သစ်ပင်တွေအများကြီးထဲမှာ မှော်အဆန်ဆုံးပဲ။ ဗောဓိပင်နဲ့ ဆက်စပ်နေတဲ့ ဒဏ္ဍာရီတွေ အများကြီးရှိတယ်။ ဂျင်ဆင်းသီးဖြစ်ထွန်းဖို့ အသင့်တော်ဆုံး 'လက်ခံပင်'ပဲလေ"
အရိုးရိုင်း သဘောပေါက်သွားသည်။ ဂျင်ဆင်းသီးပင်၏ အဓိပ္ပါယ်ကို အရင်က သူနားမလည်ခဲ့။
ဂျင်ဆင်းသီးများ မျက်စိရှေ့တွင် တွေ့နေရခြင်းသည် မဟာကံထူးမှုကြီးဖြစ်သည်။ ဆက်ပြီးတိုက်ခိုက်နေစရာမလိုတော့။ တစ်ယောက်တစ်လုံး ယူလျှင်ပင် တစ်လုံးကျန်နေဦးမည်။
တစ်ခြားလူများလည်း အစပိုင်းတွင် ဂျင်ဆင်းသီးမှန်းမသိကြ။ မုန်ကျင်းကျိုး အချက်ကျကျသုံးသပ်သည်ကိုကြားမှ ဂျင်ဆင်းသီးအစစ်များဖြစ်ကြောင်း ယုံကြည်သွားကြသည်။
တောအုပ်ထဲတွင် ရတနာများရှိသည်ဟု ဂိုဏ်းချုပ်ကြီးကလည်း ပြောခဲ့သည်။
ထိုဂျင်ဆင်းသီးသုံးလုံးကို ရည်ညွှန်းခဲ့သလားမသိ။
"တက်ကြဟေ့"
အမှောင်ထဲတွင် ပုန်းအောင်းနေသူများ ဂျင်ဆင်းသီးအရယူရန် ပြေးတက်သွားသည်။
ဓားနတ်ဆိုးကုကျားက နွားမွှေးအပ်တစ်ချောင်း ပစ်လွှတ်လိုက်သည်။ လက်နက်ပုန်းအန္တရာယ်ကို အာရုံခံမိသဖြင့် မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ နောက်သို့ခုန်ရှောင်သည်။
ထို့ကြောင့် သူတို့နှင့်ဂျင်ဆင်းသီးကြား နည်းနည်းအလှမ်းကွာသွားသည်။ တစ်ခြားလူများ အခွင့်အရေးရလာသည်။
မုန်ကျင်းကျိုးနှင့် အသားစားဘုန်းကြီးတို့လို အင်အားကြီးပြိုင်ဘက်များရှိနေသော်လည်း အခွင့်အရေးကို အရယူရန် ကြိုးစားကြသည်။
ဂျင်ဆင်းသီးတစ်လုံးရလျှင် သူတို့ကျင့်စဉ်လမ်း ယခုထက်ပိုချောမွေ့လာနိုင်သည်။
အသက်ရင်း၍ စွန့်စားဖို့ထိုက်တန်သည်။
ဓားနတ်ဆိုးကုကျားက အရင်ဦးဆုံး ဂျင်ဆင်းသီးတစ်လုံး ဆွဲယူသည်။ သူကြာကြာမနေ။ သစ်သီးဆွတ်ခူးပြီးသည်နှင့် ချက်ချင်းထွက်ပြေးသည်။
"ဂျင်ဆင်းသီးဆိုတာ ဒါလား။ အသားကိုကိုင်ထားရသလို ပျော့ပျောင်းနေတာပဲ။ ဂျင်ဆင်းသီးလို့ခေါ်ကြတာ မဆန်းတော့ပါဘူး"
လှုပ်ရှားမှုနှေး၍ မရလိုက်သူများ ကုကျားနောက်သို့ အတင်းလိုက်ကြသည်။ သို့သော် ကုကျားက ပို၍ခြေမြန်သည်။ မကြာမီ နောက်မှလိုက်လာသူများကို တောနက်ထဲတွင် မျက်ခြေဖြတ်နိုင်ခဲ့သည်။
စားပြီးမှသာ ကိုယ့်အပိုင်ဖြစ်တော့မည်။ ထိုသို့တွေး၍ ဓားနတ်ဆိုးကုကျား ဂျင်ဆင်းသီးကို ကိုက်ဝါးလိုက်သည်။
သို့သော် ကိုက်ဖဲ့၍မရ။
"ဒီအသီးက အသားလိုပျော့ပျောင်းပေမယ့် ကိုက်ဝါးတဲ့အချိန်ကျမှ မယုံနိုင်လောက်အောင် မာကျောလာတာမျိုးလား"
ဂျင်ဆင်းသီးစားဖို့ နည်းလမ်းစဉ်းစားနေစဉ် သူ့အမူအရာ ရုတ်တရက်ပြောင်းသွားသည်။
"မဟုတ်ဘူး။ ဒီအသီးက အဆိပ်ခတ်ထားတာပဲ"
သူမယုံနိုင်အောင် ဖြစ်သွားသည်။ ဂျင်ဆင်းသီးမျက်နှာပြင်တွင် ပြင်းထန်သည့်အဆိပ်ရှိနေသည်။
ထိုလုပ်ရပ်မျိုး ဘယ်သူလုပ်ခဲ့သနည်း။ ဤအသီးသည် ဂျင်ဆင်းသီးဖြစ်သည်။ ယခုလိုအဆိပ်ခတ်ခြင်းသည် တော်ဝင်ရတနာသစ်သီးကို မရိုမသေလုပ်ခြင်းဖြစ်သည်။
ထို့နောက်တွင် ဂျင်ဆင်းသီးက စကားပြောလာသည်။
"လမ်းဘေးမှာတွေ့တဲ့ သစ်သီးရိုင်းတွေ ကောက်မစားရဘူးလို့ မင်းကိုဘယ်သူမှ ပြောမထားဘူးလား"
ကုကျား သေလုမျောပါးဖြစ်၍ ကိုယ့်လုပ်ရပ်ကိုယ် နောင်တရနေချိန်တွင် ဂျင်ဆင်းသီး လှုပ်ရှားလာသည်။
သုံးလက်မအရွယ်လုယန် ဆန့်ထွက်လာသည်။ ဂျင်ဆင်းသီးအဖြစ် အတော်ကြာအောင် သူသရုပ်ဆောင်ခဲ့ရသည်။ ယခုမှ သူလှုပ်ရှားခွင့်ရသည်။
တာအိုလမ်းစဉ်ဂိုဏ်းမှ သူ့ဂိုဏ်းတူအကိုအမများ ညှင်းပန်းနှိပ်စက်ခံရစဉ်က တိုးတက်လာသည့် စွမ်းရည်သစ်ဖြစ်သည်။ ပထမဆုံး အရွယ်အစားချုံ့သည်။ ထို့နောက် သစ်ပင်စိုက်ပညာဖြင့် သူ့ဖြစ်တည်မှုကို သေးငယ်အောင်ဖန်တီးသည်။
ထိုကြောင့် ဗောဓိပင်ပေါ်တွင် လုယန်သုံးယောက် ပေါ်လာသည်။ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းက ဘေးတွန်းလှုံ့ဆော်၍ သရုပ်ဆောင်ပေးသည်။ သူက ဂျင်ဆင်းသီးအဖြစ် အသွင်ပြောင်းသည်။
သူ့ကိုယ်သူပင် ပြင်းထန်သည့်အဆိပ် သုတ်လိမ်းထားသည်။
ဂျင်ဆင်းသီးယူနိုင်သူများသည် ကျင့်စဉ်အဆင့်မြင့်သူများသာ ဖြစ်ရမည်။ အဆိပ်ကို ထိရောက်မှုရှိအောင် သေချာသုံးထားသည်။
"ဒါနဲ့များ နတ်ဆိုးလမ်းစဉ်သမားလို့ ခေါ်သတဲ့လား။ လှည့်စားရတာ အတော်လွယ်တာပဲ"
လုယန် နှာခေါင်းရှုံ့၍ ခေါင်းခါပြီး ကုကျားကို သတ်လိုက်သည်။
နတ်ဆိုးလမ်းစဉ်မှ ဤမျိုးဆက်များသည် စံရည်စံသွေးမမီကြ။ သူတို့လမ်းမှန်သမားသုံးယောက် အလွယ်တကူလှည့်စားနိုင်သည်။
***************************************