← Chapters

ပျော်ခြင်းခြောက်ပါး ဝမ်းနည်းခြင်းရှစ်ပါး မသေမျိုးကျင့်စဉ်

Vol. 13 Ch. 192

ပျော်ခြင်းခြောက်ပါး ဝမ်းနည်းခြင်းရှစ်ပါး မသေမျိုးကျင့်စဉ်

Vol. 13 Ch. 192

လုယန်၏ကြောက်စရာဂုဏ်သတင်းက ကြီးမားလွန်းသဖြင့် ဤပြိုင်ပွဲထဲမှ စွမ်းအားအမှန်တမင်ဖုံးကွယ်ထားသည့် လူသစ်များထက်သာမက ဂိုဏ်းချုပ်၏အမွေခံတပည့် ယန်ဖေးထက်ပင် သာလွန်သွားသည်။

ဂျင်ဆင်းသီးအဖြစ်ဟန်ဆောင်၍ အားလုံးကိုလှည့်စားသည်။ နတ်ဆိုးဓားကိုင်၍ အတော်များများ၏နှလုံးကို ထိုးစိုက်ိခဲ့သည်။ သူ့လက်ဝါးပေါ်တွင် နံပတ်ဘယ်လောက်တိုးနေပြီမသိကြ။ အတော်မြင့်နေမည်မှာတော့ သေချာသည်။

မုန်ကျင်းကျိုးကလည်း လုယန်၏အရှိန်အဝါကိုမကြောက်။

"ဟား...မင်းရဲ့နတ်ဆိုးဓားက သွေးစုပ်ယူပြီးတာနဲ့ သေအောင်သတ်တယ်လို့ပြောကြတယ်။ ဒီတော့ ငါအထိအခိုက်မရှိအောင်နေတာ အကောင်းဆုံးဖြစ်မယ်"

လုယန် မျက်ခုံးနှစ်ဘက်မြင့်တက်သွားသည်။

"လေလုံးကြီးသားပဲ။ မင်းနာမည်ပြောစမ်း"

"မုန်ကျင်းကျိုးပါ"

"ဪ...မင်းကိုး။ အခြေတည်အဆင့်မှာ မင်းဟာပြိုင်ဘက်ကင်းတယ်လို့ ကြားနေတာကြာပြီ။ ရုပ်ခန္ဓာကို အဆုံးစွန်ထိလေ့ကျင့်ထားပြီး မင်းကိုလေးစားအားကျတဲ့ သိုင်းပညာရှင်တွေ အများကြီးရှိတယ်လို့ကြားတယ်"

မုန်ကျင်းကျိုးက အေးစက်စက်နှာခေါင်းရှုံ့သည်။

"မင်းလည်းမညံ့လှပါဘူး။ သွေးပင်လယ်ဓားနတ်ဆိုးလုယန်ဆိုတဲ့နာမည်ဟာ ကလေးတွေကို ဖြဲချောက်ဖို့ လုံလောက်ပါတယ်။ မင်းက ယန်ဖေးထက်တောင် ပိုစွမ်းအားကြီးတယ်လို့ ပြောကြတယ်။ အဲဒါ တကယ်ဟုတ်မဟုတ်သိချင်တယ်"

"စမ်းကြည့်လေ"

"ဒါဆိုလည်း တိုက်ကြတာပေါ့ကွာ"

နာမည်အကျော်ဆုံး ပြိုင်ပွဲဝင်နှစ်ယောက် ရင်ဆိုင်တွေ့ပြီဖြစ်သည်။ ပြိုင်ပွဲဝင်များသာမက ထာဝရဂိုဏ်း၏အကြီးအကဲများပါ တိတ်ဆိတ်စွာစောင့်ကြည့်နေသည်။ ဘယ်သူပိုသာသလဲ သိချင်နေကြသည်။

ဉာဏ်များပြီး လှည့်စားတတ်သည့်လုယန်လား။ သို့မဟုတ် ဖြောင့်မတ်ပြီးဂုဏ်သိက္ခာရှိသည့် မုန်ကျင်းကျိုးလား။

ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်တို့ မျက်ခုံးလှုပ်သွားသည်။ ထိုနှစ်ယောက် တစ်ဖွဲ့တည်းဖြစ်ကြောင်းသာ သိမထားလျှင် တကယ့်သူစိမ်းပြင်ပြင်နှစ်ယောက် ရင်ဆိုင်တိုက်ခိုက်သည်ဟု ထင်မိကြပေလိမ့်မည်။

သရုပ်ဆောင်ချက်က တကယ်လက်ဖျားခါလောက်သည်။

ဂိုဏ်းချုပ်သည် အကဲဖြတ်ရာတွင် တကယ်တော်ကြောင်း ဒုဂိုဏ်းချုပ် လက်ခံလာသည်။ တစ်ယောက်ကို မွေးရာပါနတ်ဆိုး၊ နောက်တစ်ယောက်ကို နတ်ဆိုးနတ်ဘုရားလူဝင်စားဟု မှတ်ချက်ပေးခဲ့သည်မှာ အံ့ဩစရာမရှိတော့။

ထိုနှစ်ယောက်ကို လမ်းမှန်ဂိုဏ်းမှလွှတ်လိုက်သည့် သူလျိုများဟုပြောလာလျှင် သူယုံမည်မဟုတ်။

ထို့ပြင် အရိုးရိုင်းလည်းရှိသေးသည်။

ခြုံပုတ်ထဲတွင်ပုန်း၍ တိုက်ပွဲကိုစောင့်ကြည့်နေသည့်ယန်ဖေးလည်း ဖိအားတစ်ခု ခံစားနေရသည်။ ထိုနှစ်ယောက်လုံးက သူ့ပြိုင်ဘက်များဟု သတ်မှတ်နိုင်လောက်အောင် စွမ်းအားကြီးသည်။ သေသွားသည့် အသားစားဘုန်းကြီးနှင့် ကုကျားတို့ထက် ပိုအန္တရာယ်များသည်။

လုယန်က တားဆီးမရနိုင်သည့်အင်အားနှင့် ဓားကိုကိုင်ထားသည်။ မုန်ကျင်းကျိုးခန္ဓာကိုယ်က သူ့သွားများအထိ ပြည့်စုံအောင် သန့်စင်လေ့ကျင့်ထားသည်။ တကယ်တိုက်ခိုက်လျှင် ရွှေသန္ဓေအဆင့်များကိုပင် ရင်ဆိုင်နိုင်စွမ်းရှိကြသည်။

ကြည့်နေသူများ ထိတ်လန့်လာကြသည်။ ထိုနှစ်ယောက်ကို ကြောက်စရာမကောင်းဆိုးဝါးများဟု မြင်လာသည်။

နောက်ဆုံးတွင် လုယန်က ပိုစွမ်းအားကြီးကြောင်း သက်သေပြ၍ မုန်ကျင်းကျိုးကို အနိုင်ယူသည်။

မယှဉ်နိုင်မှန်းသိ၍ ဒဏ်ရာပြင်းပြင်းထန်ထန်မရခင် မုန်ကျင်းကျိုး ထွက်ပြေးသည်။ ကြည့်နေသည့်ပရိတ်သတ်များ သက်ပြင်းချကြသည်။ မုန်ကျင်းကျိုးသာ ဒဏ်ရာရလျှင် သူ့နောက်သို့ အားလုံးလိုက်သွားပြီး အတူပူးပေါင်း၍ အမဲဖျက်နိုင်ခဲ့မည်ဖြစ်သည်။

ကုကျားနှင့်အသားစားဘုန်းကြီးကိုသတ်၍ မုန်ကျင်းကျိုးကို အနိုင်ယူပြီးနောက် လုယန်၏ ဂုဏ်သတင်းက ထိပ်ဆုံးအထိ မြင့်တက်သွားသည်။ ဘယ်သူမှ မယှဉ်နိုင်တော့။

နောက်တစ်ကြိမ် လုယန်က သူ့ဓားစွမ်းကို ထုတ်ပြသည်။ ပြိုင်ဘက်ပေါင်းများစွာကို သတ်ဖြတ်သည်။ ကြောက်လန့်စိတ်လုံးဝမရှိသည့် အရိုးရိုင်းပင် လုယန်ကိုမြင်သည်နှင့် တိုက်ရိုက်ရင်မဆိုင်ဘဲ ထွက်ပြေးရသည်။

ဤပြိုင်ပွဲတွင် လုယန်ဗိုလ်စွဲတော့မည်ဟု ထင်နေကြချိန်တွင် မုန်ကျင်းကျိုး နောက်တစ်ကြိမ်ပြန်ပေါ်လာသည်။

ခွန်ပြည့်အားပြည့်ရှိနေပုံရသည်။ အစောပိုင်းက ရှုံးခဲ့သည်ကို အရေးစိုက်ဟန်မရှိ။

"လုယန်၊ နောက်တစ်ကြိမ် တိုက်ခိုက်မယ်"

လုယန် နှာခေါင်းရှုံ့သည်။

"အရှုံးသမားကများ ငါ့ရှေ့မှာ တိုက်ခိုက်ဖို့လာပြောရဲသေးတယ်ပေါ့။ မင်းသေလိုက်တော့"

ဓားကိုဝှေ့ယမ်း၍ ပြင်းထန်သည့်အရှိန်ဖြင့် တိုက်ခိုက်လိုက်သည်။ မုန်ကျင်းကျိုးကို နှစ်ပိုင်းခုတ်ဖြတ်ရန် ကြိုးစားသည်။ လူအုပ်ကြီး မင်သက်မိနေသည်။ ပွဲစကတည်းက ခွန်ပြည့်အားပြည့် တိုက်ခိုက်မှုမျိုးဖြစ်သည်။

အစောပိုင်းတိုက်ပွဲက မုန်ကျင်းကျိုးရှုံးခဲ့သည်မှာလည်း ထိုဓားချက်ဖြစ်သည်။

တစ်ချက်တည်းနှင့် မုန်ကျင်းကျိုးကိစ္စချောတော့မည်ဟု ထင်နေကြသည်။ သို့သော် မမျှော်လင့်ဘဲ မုန်ကျင်းကျိုးက တန်ပြန်တိုက်ခိုက်လာသည်။

ဤတစ်ကြိမ် အရင်တစ်ပွဲနှင့်မတူတော့ကြောင်း နားလည်လာသဖြင့် လုယန် မောက်မာထောင်လွှားစိတ်ကို ဘေးဖယ်ပြီး စွမ်းအားကုန်တိုက်ခိုက်သည်။

မုန်ကျင်းကျိုး၏ တိုက်ခိုက်စွမ်းအားက အရင်တိုက်ပွဲထက် သိသိသာသာမြင့်တက်လာသည်။ လုယန်၏တိုက်ခိုက်မှုကို ယှည်နိုင်သည်။

"ဟားဟား၊ မင်းက ကံကောင်းတာတစ်ခုခုကြုံခဲ့ပြီဆိုပါတော့"

မုန်ကျင်းကျိုးစွမ်းအင်တိုးလာသည့်အကြောင်းရင်းကို လုယန် သဘောပေါက်သွားသည်။

ဤတိုက်ပွဲကြောင့် မုန်ကျင်းကျိုး၏ ယုံကြည်ချက်များ များစွာမြင့်တက်လာသည်။

"ပွဲစရုံနဲ့ စွမ်းအားကို ဒီလောက်မြန်မြန်တိုးမြှင့်နိုင်တယ်ဆိုတော့ တကယ့်ကို ပျော်ခြင်းခြောက်ပါး..."

မုန်ကျင်းကျိုး စကားပြောနေရင်းမှ ကိုယ့်ကိုယ်ကိုသတိထားမိပြီး ချက်ချင်းပါးစပ်ပိတ်လိုက်သည်။

တစ်ဝက်တစ်ပျက်ပြောလိုက်သည့် သူ့စကားကိုကြားပြီးနောက် အရိုးရိုင်း အတွေးနက်သွားပြီး သူ့ဘာသာရေရွတ်နေသည်။

"ပျော်ခြင်းခြောက်ပါးတဲ့လား။ ဒါ...ဒါက ပျော်ခြင်းခြောက်ပါး ဝမ်းနည်းခြင်းရှစ်ပါး မသေမျိုးကျင့်စဉ်များလား"

ဘေးကြည့်ပရိတ်သတ်က မုန်ကျင်းကျိုးကို ချက်ချင်းမေးခွန်းထထုတ်ကြသည်။ သို့သော် အရိုးရိုင်းက ပြန်မဖြေဘဲ ထွက်ပြေးသွားသည်။

"ပျော်ခြင်းခြောက်ပါးဝမ်းနည်းခြင်းခြောက်ပါး မသေမျိုးကျင့်စဉ်။ ဒါက ထာဝရအရှင်ရဲ့ ကျင့်စဉ်အမွေများ ဖြစ်မလား"

လူအုပ်ကြီး တီးတိုးပြောနေကြသည်။ ကျင့်စဉ်နာမည်တွင် 'မသေမျိုး'ဟူသည့်စကားလုံး ပါနေသဖြင့် ပို၍စိတ်ဝင်စားသွားသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့တိုက်ပွဲက သရေဖြင့် အဆုံးသတ်သည်။ ဆက်တိုက်ခိုက်လျှင်လည်း အနိုင်အရှုံးပေါ်မည်မဟုတ်မှန်းသိသဖြင့် နှစ်ယောက်လုံး ပါးပါးနပ်နပ် လူခွဲလိုက်သည်။

တစ်နေ့လုံး ပျောက်သွားပြီးနောက် မုန်ကျင်းကျင်းပြန်ရောက်လာသည်။ အရင်ထက် စွမ်းအားပိုတိုးလာသည်။

ပုန်းကွယ်နေသည့်လုယန်ဆီ တိုက်ရိုက်သွားသည်။

ဤတစ်ကြိမ်တွင် အားလုံးအံ့အားသင့်ကြရသည်။ မုန်ကျင်းကျိုးစွမ်းအားက အရင်ထက်ပိုမြင့်နေပြီး လုယန်ကိုအနိုင်ယူလိုက်သည်။

ပျော်ခြင်းခြောက်ပါး ဝမ်းနည်းခြင်းရှစ်ပါး မသေမျိုးကျင့်စဉ်က တကယ်ကြောက်စရာကောင်းလွန်းသည်။

"သေလိုက်စမ်း"

မုန်ကျင်းကျိုး မာန်သွင်းအောက်ဟစ်လိုက်သည်။ သူ့လက်ဝါးက လုယန်ရင်ဘတ်ကို ဘုန်းခနဲထိသွားသည်။

လုယန် သွေးများအဆက်မပြတ်အန်ထုတ်ရသည်။ သူ့အသက်ဓာတ်များ ချက်ချင်းလျော့ပါးသွားသည်။

လုယန် အသက်မျော့မျော့သာကျန်သည်။ ယခု သူသေတော့မည်မှာ သေချာနေသည်။

"ဟား..တော်ပါတယ် မုန်ကျင်းကျိုး။ မင်းက တကယ့်အကြီးမားဆုံး အခွင့်ထူးကြီးကို ဆုပ်ကိုင်နိုင်ခဲ့တာပဲ"

လုယန်မျက်နှာက ကြမ်းတမ်းခက်ထန်လာသည်။ ထိုအတိုင်းသေရမည်ကို မလိုချင်သည့်ပုံစံမျိုးဖြစ်သည်။

သူ့ရင်ဘတ်ထဲမှ စာအုပ်ဟောင်းတစ်အုပ် ဆွဲထုတ်လိုက်သည်။ မုန်ကျင်းကျိုး မျက်လုံးပြူးသွားသည်။

"ငါ့မသေမျိုးကျင့်စဉ်က မင်းဆီဘယ်လိုရောက်သွားတာလဲ။ တိုက်ခိုက်နေရင်း မင်းခိုးလိုက်တယ်ပေါ့"

လူအုပ်ကြီး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ လုယန်က ကျင့်စဉ်ကျမ်းကို တိုက်ခိုက်ရင်း ခိုးယူခဲ့သည်။ ဘယ်လိုယူလိုက်သည်မသိ။ ဒဏ္ဍာရီထဲက ပဥ္စလက်လက်လှည့်ပညာမျိုးဖြစ်မည်။

လူအားလုံး ချက်ချင်းလောဘတက်လာကြသည်။ သေခါနီးဖြစ်နေသည့် လုယန်လက်ထဲတွင် မသေမျိုးကျင့်စဉ်ရှိနေသည်။ ဘယ်သူမဆို လုယူနိုင်သည့်သဘောဖြစ်သည်။

သွေးအန်နေရင်းမှ လုယန်လှောင်ရယ်လိုက်သည်။

"ဒီမသေမျိုးကျင့်စဉ်ကို ရခဲ့ပေမယ့် ငါကျင့်ကြံခွင့်မရှိတော့တာ ဝမ်းနည်းစရာပဲ။ အဲလိုဆိုမှတော့ လူတိုင်းသိအောင် ဒီပညာကိုဖြန့်ပစ်မယ်။ မင်းမှာ ဘာအားသာချက်ကျန်ခဲ့ဦးမလဲ ကြည့်ရသေးတာပေါ့ မုန်ကျင်းကျိုး"

လုယန် စာအုပ်ကို လေထဲသို့ ပစ်လွှင့်လိုက်သည်။ သူ့သွေးကို မင်ရည်အဖြစ်သုံးသည်။ မသေမျိုးကျင့်စဉ်၏စာသားများက ကောင်းကင်တွင် အပြည့်အဝပေါ်လာသည်။

မဟာအခွင့်အရေးကြီးဖြစ်သည်။

မုန်ကျင်းကျိုး ဒေါသထွက်သွားပြီး သွေးစာလုံးများဆီ ပြေးသွားသည်။ ထိုပညာပျံ့နှံ့မသွားအောင် တားဆီးရန်ကြိုးစားသည်။

သို့သော် နောက်ကျသွားပြီဖြစ်သည်။ အခြေတည်အဆင့်များဖြစ်၍ အားလုံးက ပုံရိပ်မှတ်ဉာဏ်မျိုးရှိကြသည်။ တစ်ချက်ကြည့်ရုံဖြင့် အားလုံးကို မှတ်မိသည်။

လုယန် တဟားဟားအော်ရယ်ရင်း သူ့အသက်ဓာတ်များ မှိန်ကျသွားသည်။

မုန်ကျင်းကျိုး ဒေါသထွက်သော်လည်း ဘာမှမတတ်နိုင်တော့။

ကြည့်နေသည့်ပရိတ်သတ်များ တစ်ယောက်တစ်နေရာစီ ခွဲထွက်သွားသည်။ လုံခြုံသည့်နေရာတစ်ခုရှာ၍ မသေမျိုးပညာကို ကျင့်ကြံကြသည်။

"ငါဘာလို့စွမ်းအားတိုးမလာတာလဲ။ မုန်ကျင်းကျိုးက ချက်ချင်းစွမ်းအားတိုးလာတာပဲမဟုတ်လား"

တစ်ယောက်က စဉ်းစားသည်။

"ငါကျင့်ကြံတာ မှားနေလို့များလား"

တောနက်ထဲတွင် လူယန်တို့သုံးယောက် ပြန်စုစည်းကြသည်။ မျက်လုံးမှိတ်၍ တစ်ခြားလူများ၏ တည်နေရာကို အာရုံခံနေသည်။

ထိုစာအုပ်သည် ဘာမသေမျိုးကျင့်စဉ်ပညာမှမဟုတ်။ တည်နေရာရှာဖွေသည့်ကျင့်စဉ်ဖြစ်သည်။ တစ်ယောက်ယောက် ထိုပညာကို လေ့ကျင့်လိုက်လျှင် လုယန်တို့က ထိုလူ၏တည်နေရာကို အာရုံခံနိုင်သည်။

တောတွင်းတိုက်ပွဲတွင် အကြီးမားဆုံးပြဿနာက ရန်သူ၏တည်နေရာကို မသိနိုင်ခြင်းပင်ဖြစ်သည်။ ယခု ပြိုင်ပွဲဝင်အားလုံး တစ်ယောက်တစ်နေရာစီ ပုန်းအောင်းနေကြသည်။ တစ်ယောက်ချင်း ရှင်းပစ်ဖို့ အကောင်းဆုံးအချိန်ဖြစ်သည်။

သုံးယောက်သား အတူလှုပ်ရှားကြသည်။ တစ်ယောက်ပြီးတစ်ယောက်သတ်သည်။ သူတို့ရမှတ်နံပတ်များ လျင်မြန်စွာ တိုးပွားနေသည်။

ယန်ဖေးက အလျင်စလို မကျင့်ကြံ။ တစ်ခုခုမူမမှန်ဟု သူခံစားရသည်။ လုယန်အလောင်းဆီသွားပြီး ဦထုပ်ကိုချွတ်ကြည့်သည်။ ခေါင်းတုံးလုယန် ဖြစ်နေသည်။

ဗောဓိပင်ကိုယ်ပွား။

အားလုံးအတုအယောင်ဖြစ်သည်။

"လုယန်နဲ့မုန်ကျင်းကျိုးက တစ်ဖွဲ့တည်းပဲ"

သူချက်ချင်း သုံးသပ်မိသည်။

"ပျော်ခြင်းခြောက်ပါး ဝမ်းနည်းခြင်းရှစ်ပါး မသေမျိုးကျင့်စဉ်ဆိုတာ မရှိဘူး။ အားလုံးက သူတို့အကြံအစည်တွေပဲ"

......

အဝေးတစ်နေရာ၌ အဖြစ်အပျက်အားလုံးကို မြင်နေရသည့် ထာဝရဂိုဏ်းချုပ်မျက်နှာတွင် ထူးဆန်းသည့်အရိပ်မျိုး ဖြစ်ပေါ်နေသည်။

နတ်ဆိုးဂိုဏ်း၏ခေါင်းဆောင်ဖြစ်သည့် သူကိုယ်တိုင်ပင် ထိုသုံးယောက်ကို ဉာဏ်နီဉာဏ်နက်များလွန်းသည်ဟု တွေးမိနေသည်။

......

သိစိတ်နယ်မြေတွင် ယွမ်ကျိအတွေးနက်နေသည်ကိုမြင်သဖြင့် ထာဝရနတ်မယ်က စပ်စုည်။

"နင်ဘာတွေတွေးနေတာလဲ"

ယွမ်ကျိ သက်ပြင်းချသည်။

"ဒီသုံးယောက်ကို တစ်ခြားတစ်ယောက်ယောက်က တကယ်သတ်နိုင်မသတ်နိုင် စဉ်းစားနေတာပါ"

လုယန်တို့ ဤပြိုင်ပွဲတွင် အနိုင်မရမည်ကို သူမစိုးရိမ်ပါ။ အနိုင်မရမီ အသတ်ခံရမည်ကိုသာ စိုးရိမ်သည်။

******************************************

All Chapters