အခန်း (၃၄၆)
Vol. 24 Ch. 346
သူ၏ လက်တွင်းမှ ရှေးဟောင်းကြေးမုံက ကောင်းကင်ထက်သို့ မြောက်တက်သွားကာ ၎င်းမှအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှမ်ယီ၏ နှလုံးသားရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။
ရွှမ်ယီ အလျင်အမြန်ရှောင်တိမ်းလိုက်၏။ ထိုအဘိုးအိုက ကျန်ကောင်းကင်ဘုရင်များနှင့် ခြားနားသည်။ ၎င်းက ကောင်းကင်ဘုရင်အဆင့်ဇယား၌ပင် ပါဝင်နေသူဖြစ်ပြီး သူ၏တိုက်ခိုက်မှုအား ခုခံနိုင်မည်မဟုတ်ပေ။
သို့သော် နောက်ဆုတ်ကာ မရှောင်တိမ်းမီ လေနတ်ဘုရားဂိုဏ်းမှ အကြီးအကဲအား ဓါးဖြင့်ခုတ်ခဲ့သေး၏။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ အဘိုးအို၏ မျက်ခုံးများပင် အနည်းငယ် လှုပ်ခတ်သွားလေသည်။
“ လူသားဘုရင်တစ်ယောက်က ကောင်းကင်ဘုရင်တစ်ယောက်ကို ဓါး (၃) ချက်နဲ့ သတ်လိုက်တယ်…”
ရှေးဟောင်းလန်ဂိုဏ်းမှ အကြီးအကဲက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရင်းရေရွတ်လိုက်သည်။ သူက ရွှမ်ယီအနားသို့ လုံးဝမကပ်ဝံ့ပဲ နောက်သို့ အလျင်အမြန်ဆုတ်လိုက်ပြီး အကွာအဝေးတစ်ခုခြားထားလိုက်၏။
ဒါက လူသားတစ်ယောက်စွမ်းဆောင်နိုင်သော ကိစ္စပေလော…
ရှေးခေတ်မှ သားရဲကြီးတစ်ကောင် ပြန်လည်ရှင်သန်လာခြင်းပေလော…
ရွှမ်ယီ၏ လက်ထဲတွင် ဖန်ဂျီဓါးက အလင်းများဖြင့် တောက်ပနေဆဲဖြစ်သည်။ သူက ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူ (၁၂) ယောက်နှင့် မျက်နှာချင်းဆိုင်ရင်ဆိုင်နေရခြင်းဖြစ်သော်လည်း သူ၏အမူအယာကမူ အနည်းငယ်မှ ကြောက်ရွံ့ဟန်မရှိချေ။
ကြီးမားသော အန္တရာယ်အား သတိမပြုမိသကဲ့သို့ပင်။
“ မင်း… မင်း ငါ့ဂိုဏ်းက မဟာအကြီးအကဲကို သတ်ရဲတယ်လား… ငါ ဖန်လီကျိုး မင်းကို လုံးဝခွင့်မလွှတ်ဘူးကွ…”
လေနတ်ဘုရားဂိုဏ်းချုပ် ခေါင်းမော့ကာ ကြိမ်းဝါးလိုက်၏။ သူ၏လေသံက အလွန်ပြင်းထန်ပြီး နာကြည်းမှုများ အပြည့်ပါဝင်နေသည်။
ရွှမ်ယီက အသာအယာရယ်မောလိုက်ပြီး
“ စလာကတည်းက ခင်ဗျားတို့က ကျုပ်ကိုသတ်ချင်နေကြတာလေ… ကျုပ်က ဘာလို့ပြန်တိုက်ခိုက်လို့ မရရမှာလဲ…”
“ လူငယ်တစ်ယောက်အနေနဲ့ ကန့်သတ်ချက်ကို သိသင့်တယ်…”
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအိုက အေးစက်စွာပြောလိုက်သည်။
ရှေးဟောင်းဖရိုဖရဲဂိုဏ်းမှ အကြီးအကဲကလည်း ဝင်ပြောလိုက်၏။
“ ပြောတာကာင်းတယ်… ရွှမ်ယီ… မင်းနောက်ကွယ်မှာ အစွမ်းထက်တဲ့ ကောင်းကင်ဘုရင်တစ်ယောက်ရှိတာနဲ့ စိတ်ရှိတိုင်း သောင်းကျန်းလို့ရပြီလို့ ထင်မနေနဲ့… လောလောဆယ် အခုဒီမှာ မင်းတစ်ယောက်ပဲရှိတာ… တရားလွန်လာရင် ဒီမှာပဲသေသွားလိမ့်မယ်…”
“ အော်… ဒါဆိုခင်များတို့ ဆိုလိုချင်တာက ဒီမှာ ကျုပ်တစ်ယောက်တည်းမဟုတ်ဘူးဆိုရင် အသားကိုဝေမျှလို့ရတယ်လို့ ပြောချင်တာလား…”
ရွှမ်ယီက မခိုးမခန့်ပြုံးရင် ပြောလိုက်၏။
“ ဟမ့်…”
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအိုက အင်္ကျီလက်အားခါရင်း နှာခေါင်းရှုံ့လိုက်၏။
“ ရွှမ်ယီ… ဒီအဘိုးကြီး မင်းနာမည်ကို ကြားဖူးထားတယ်… မင်းနောက်ကွယ်က ကောင်းကင်ဘုရင်က အချိန်တိုင်းမင်းကို ကာကွယ်နေနိုင်မယ်လို့ တကယ်ပဲထင်နေတာလား…”
“ ကောင်းကင်ဘုရင်အဆင့်ဇယားမှာ နံပါတ် (၃) ဖြစ်နေတိုင်း ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား… ဒီနေရာမှာ ငါတို့ ဂိုဏ်းကြီး (၁၀) ခုက မဟာမိတ်ဖွဲ့ထားတာ… ငါတို့ရည်ရွယ်ချက်က ပြင်ပကလာတဲ့ ကျူးကျော်သူတွေကို ရှင်းပစ်ဖို့ပဲ… ငါတို့ကို ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်တွေရှိတာတောင်မှ သူတို့ကို ရှင်းပစ်နိုင်ခဲ့တယ်ကွ…”
“ ပြီးတော့ မင်းမှာ အရမ်းအစွမ်းထက်တဲ့ ကောင်းကင်ဘုရင် နောက်ခံရှိပေမယ့် မင်းနဲ့ အတူပါလာတာနဲ့ အိမ်မှာကျန်ခဲ့တာနဲ့ မတူဘူး….”
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအိုက လက်တစ်ဖက်အား ညင်သာစွာဝှေ့ယမ်းလိုက်လျှင် ရှေးဟောင်းကြေးမုံက တစ်ဖန်တောက်ပလာပြီး လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ပုံရိပ်များ ထွက်ပေါ်လာလေသည်။
၎င်းတို့က ရွှမ်ယီထံသို့ ဖြေးညှင်းစွာလျောက်သွားလိုက်ကြ၏။
ထိုရှေးခေတ်ကျင့်ကြံသူများက အလွန်နှေးကွေးနေသော်လည်း ၎င်းတို့ထံမှ တောင်ကြီးတစ်လုံးကဲ့သို့ ဖိအားများ ထွက်ပေါ်နေပေသည်။
လက်ရှိအချိန်တွင် ရွှမ်ယီ၏ ပတ်ဝန်းကျင်မှ လေဟာနယ် ကျပ်ခဲသွား၏။
ရွှမ်ယီ လုံးဝမခုခံနိုင်တော့ဘူးဟု တွေးမိလိုက်ကြပြီး ကောင်းကင်ဘုရင်များအားလုံး ရွှမ်ယီအားကြည့်ကာ လှောင်ပြောင်လိုက်ကြသည်။
“ ဟမ့်… မင်းမှာသာ ကောင်းကင်ဘုရင်အဆင့် အထွတ်အထိပ်ကျင့်ကြံသူ အဖော် ပါလာခဲ့ရင် မင်းကိုနတ်ဘုရား အရင်းအမြစ်ဝေစု ပေးကောင်းပေးမိလိမ့်မယ်… ဒါပေမယ့် အခုတော့….”
“ ဟား… ဟား… ဟား……”
ရွှမ်ယီက ရုတ်တရက်ထရယ်လိုက်၏။ သူ့မျက်ဝန်းများက အေးစက်သွားလေသည်။
“ ချီးကို ဝေမျှလိုက်ပါလား… ဟာသပဲ…”
ထို့နောက် အနှိုင်းမဲ့ပြင်းထန်သည့် အအေးဓာတ်များ ရွှမ်ယီနောက်ကွယ်မှ ရုတ်တရက်ထွက်ပေါ်လာသည်။
အပြာနုရောင်စိတ်ဝိညာဉ်ဒြပ်စင်တစ်ခုထွက်ပေါ်လာပြီး လေဟာနယ်ကိုပင် အေးခဲသွားစေကာ ရွှမ်ယီ၏အနီးတစ်ဝိုက်အား တားမြစ်နယ်မြေအဖြစ်ပြောင်းလဲလိုက်ပြီး ရွှမ်ယီထံသို့ လာနေသည့် ရှေးဟောင်းကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ပုံရိပ်များကို တားဆီးလိုက်သည်။
ထို့နောက် ရွှမ်ယီနံဘေးတွင် အလွန်လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာ၏။ ပင်းယုက လက်ထဲတွင် အပြာရောင်ဓါးရှည်တစ်ချောင်းအား ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ထားပြီး သူမ၏ မျက်ဝန်းများက မည်သည့်ခံစားချက်မှ မရှိပဲ အေးစက်နေလေသည်။
ရွှမ်ယီက လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအိုအပါအဝင် ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူ (၁၂) ယောက်လုံးအား ဝေ့ကြည့်လိုက်ပြီး
“ အခု ကျုပ်ခင်များတို့ကို အခွင့်အရေးတစ်ခုပေးမယ်… အသက်ရှူ (၃) ကြိမ်စာအတွင်းမှာ ခင်များတို့မှာ ရှိတဲ့ နတ်ဘုရားအရင်းအမြစ်အားလုံး ဒီမှာထားခဲ့ပြီး မြေအောက်နန်းတော်ထဲက ထွက်သွား… အဲ့လိုမှမဟုတ်ရင် ဒီမှာပဲ ထာဝရနေလိုက်တော့…”
ကောင်းကင်ဘုရင်များအားလုံး သူတို့ရှေ့မှ အပြာနုရောင် ရေခဲနယ်မြေအားကြည့်လိုက်ရင်း မျက်စိမျက်နှာ ပျက်သွားကြသည်။
ပင်းယု၏ မျက်လုံးများက ပုံမှန်အတိုင်း ထူးမခြားနားစွာရှိနေသော်လည်း သူမထံမှ အရာအားလုံးထက်ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်တစ်ခု ခံစားနေရ၏။
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအို ပြောခဲ့သည့်အတိုင်းပင် အိမ်မှာထိုင်ကျန်ခဲ့သည့် ကောင်းကင်ဘုရင်နှင့် ဤနေရာသို့ ကာကွယ်ပေးရန်လိုက်ပါလာသော ကောင်းကင်ဘုရင်အကြား ခြားနားမှုတစ်ခုရှိသည်။
ထိုနှစ်ခုအား နှိုင်းယှဉ်၍ပင်မရချေ။
ပတ်ဝန်းကျင်တစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့၏။
ရွှမ်ယီ စိတ်မရှည်တော့ချေ။ ထိုလူစုနှင့် ဆက်ပြီး အချိန်ဖြုန်းမနေလိုတော့သောကြောင့်
“ (၃)…”
“ ရွှမ်ယီ အရမ်းလွန်မလာနဲ့… ဒီမြေအောက်နန်းတော်က ငါတို့ဂိုဏ်းကြီး (၁၀) ခုပူးပေါင်းထားတာရဲ့ ရလဒ်ပဲ… ဒါတွေအားလုံး မင်းကိုဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲကွ…”
“ ကောင်းပြီ… ငါတို့အားလုံး အကျိုးအမြတ်ကို မျှယူကြရအောင်… မင်းကို ဗဟိုသူတော်စင်အကယ်ဒမီ ကိုယ်စားပြုအဖြစ် မှတ်ယူထားလိုက်မယ်… ဒါပေမယ့် ကျမ်းသစ္စာတော့ ကျိန်ဆိုရမယ်… ဒါကို မင်းချိုးဖောက်လို့မရဘူး…”
“ ကောင်လေး… လက်ခံလိုက်စမ်းပါ… သိပ်ပြီး မောက်မာမနေတော့နဲ့…”
“ (၂)…”
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအို၏ မျက်နှာအလွန်မဲမှောင်နေချေပြီ။
“ ကောင်လေး… ငါက လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းက ဂိုဏ်းချုပ်ဟောင်းပဲ… မင်းကို ငါတို့ဂိုဏ်းနဲ့အတူတူ နတ်ဘုရားအရင်းအမြစ်ဝေစု (၂၀%) ပေးမယ်…”
“ (၁)…”
“ အားလုံး ဝိုင်းပြီးတိုက်ကြစို့… ငါတို့သေချာစည်းစည်းလုံးလုံးနဲ့ ပူးပေါင်းတိုက်ရင် သူငါတို့အားလုံးကို မသတ်နိုင်လောက်ဘူး…”
“ ရွှမ်ယီ… ငါတို့ရှေးဟောင်းဖရိုဖရဲဂိုဏ်းမှာ သက်တမ်း (၃၀၀၀၀) ရှိပြီဖြစ်တဲ့ ဘိုးဘေးတစ်ယောက်ရှိတယ်… မင်းသာငါ့ကို သတ်ရဲရင် သူက မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးကွ…”
“ ဟား… ဟား… ဟား…..”
ရွှမ်ယီက ခပ်လှောင်လှောင်ရယ်မောလိုက်ပြီး ထိုကောင်းကင်ဘုရင်အဖွဲ့အား အေးစက်စွာကြည့်ရင်း ခေါင်းယမ်းလိုက်သည်။
“ အနိုင်မယူနိုင်ဘူးတဲ့လား… မသတ်ရဲဘူးတဲ့လား…”
“ ပင်းယု…”
ရွှမ်ယီ၏ စကားသံက တည်ငြိမ်စွာထွက်ပေါ်လာသည်။
“ သတ်လိုက်တော့… ငါမသတ်ရဲတဲ့လူ ကမ္ဘာကြီးပေါ်မှာ မရှိဘူးဆိုတာ နန်ကျိုးတစ်ခုလုံးသိအောင် သူတို့အားလုံးခေါင်းတွေသုံးပြီး သက်သေပြရမယ်…”
ထို့နောက် အပြာရောင် ဓါးအလင်းတစ်ခုထွက်ပေါ်လာပြီး ၎င်းတို့အားလုံးကို လွှမ်းခြုံသွားလေသည်။
ပင်းယုထံမှ အလွန်ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများထွက်ပေါ်လာကာ သလင်းနန်းတော်တစ်ခုလုံးအား တုန်ခါသွားစေပြီး လေဟာနယ်ကို ဆီးလ်ခတ်လိုက်၏။
ဤနေရာမှ မည်သူမျှ ထွက်ပြေးနိုင်တော့မည်မဟုတ်ချေ။
လေနတ်ဘုရားဂိုဏ်းချုပ်မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။
ထို အပြာနုရောင်ဓါးအလင်းက အလွန်ပြင်းထန်လွန်းလှပြီး ကြောက်မက်ဖွယ်အတိဖြစ်နေ၏။ ထိုဓါးအလင်းအား ကောင်းကင်ဘုရင်အဆင့်၌ မည်သူမှ မခုခံနိုင်သည့်အလားပင်။
‘ ဒါက… ကောင်းကင်ဘုရင်အဆင့်ဇယား နံပါတ် (၃) နေရာမှာရှိနေတဲ့ ကောင်းကင်ဘုရင်တစ်ယောက်ရဲ့ အစစ်အမှန်စွမ်းအားပဲလား…’
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအိုလည်း တုန်လှုပ်သွားသော်လည်း ကြောက်ရွံ့ခြင်းတော့မရှိချေ။ သူ၏လက်ထဲမှ ရှေးဟောင်းကြေးမုံအား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အော်ပြောလိုက်၏။
“ ကောင်လေး… သိပ်ပြီး မောက်မာမနေနဲ့ကွ…”
ထို့နောက် ဆံဖြူအဘိုးအိုက သူ၏ စိတ်ဝိညာဉ်ဒြပ်စင်များအပါအဝင် စွမ်းအားများအားလုံး လောင်ကျွမ်းစေလိုက်ရာ သလင်းနန်းတော်တစ်ခုလုံး လင်းထိန်သွားခဲ့၏။
သူက စွမ်းအားအမြင့်ဆုံးအထိ ထုတ်ဖော်လိုက်ရာ ရှေးဟောင်းကျင့်ကြံသူ စိတ်ဝိညာဉ်ပုံရိပ်များက ပို၍ စွမ်းအားပြင်းထန်လာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းများပါဝင်နေသည့် နတ်အလင်းတစ်ခုက ပင်းယု၏တိုက်ခိုက်မှုများအား ကြားဖြတ်ဟန့်တားလိုက်သည်။
“ ပူးပေါင်းလိုက်ကြစို့… ငါတို့ရွှမ်ယီကို အရင်ဆုံးသတ်ကြမယ်…”
ကျန်ကောင်းကင်ဘုရင်များအားလုံး ရွှမ်ယီအား အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ကြသည်။
ရွှစ်…
၎င်းတို့အထဲမှ တစ်ယောက်က ဦးဆောင်တိုက်ခိုက်လိုက်၏။ သူက စာလုံးရေ ရာနှင့်ချီပါဝင်သော ရွှေရောင်ကျမ်းစာရွက်တစ်ရွက်အား ထုတ်ယူလိုက်သည်။
ထိုအရာက ရှေးဟောင်းဖရိုဖရဲဂိုဏ်းမှ ရှေးဟောင်းရတနာတစ်ခုဖြစ်လေသည်။ ထိုရတနာတွင် တာအိုစည်းချက်များ တစ်စိတ်တစ်ပိုင်းပါဝင်နေပြီး တာအိုအရှင်သခင်အဆင့်သို့ နီးကပ်နေပြီဖြစ်၏။