အခန်း (၃၄၇)
Vol. 24 Ch. 347
သူက ကောင်းကင်ဘုရင်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာဖြစ်သော်ငြား ထိုမှော်ရတနာအား အသုံးပြုလိုက်ပါက အလယ်အလတ်ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူနှင့်ပင် တိုက်ခိုက်နိုင်စွမ်းရှိသည်။
“ ကောင်လေး… သေလိုက်တော့…”
ရှေးဟောင်းဖရိုဖရဲဂိုဏ်းမှ အကြီးအကဲက ကြိမ်းဝါးလိုက်လျှင် ရွှေရောင်စာရွက်က ကောင်းကင်ထက်သို့ မြင့်တက်သွားကာ ရွှမ်ယီထံသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။
ရှေးဟောင်းဖရိုဖရဲဂိုဏ်းမှ အကြီးအကဲ ရက်စက်စွာပြုံးလိုက်သည်။ သူ့အမြင်တွင် ရွှမ်ယီက အလွန်သန်မာသည့်တိုင်အောင် ဤတိုက်ကွက်အား တားဆီးနိုင်မည်ဟုမထင်ပေ။
သို့သော် သူ့အပြုံးက ချက်ချင်း အေးခဲသွား၏။
အဘယ်ကြောင့်ဆိုသော် ရွှမ်ယီက ဖန်ဂျီဓါးဖြင့် တုန့်ပြန်လိုက်လျှင် ရွှေရောင်စာရွက်မှ တောက်ပမှုများ ပျောက်ကွယ်သွားသောကြောင့်ပင်။
ထိုဓါးချက်က ကောင်းကင်နှင့်မြေပြင်အားတုန်ခါသွားစေသကဲ့သို့ ဖြစ်ပြီး တစ်ခဏအတွင်း ရွှေရောင်စာရွက်မှ အတားအဆီးများအားလုံးကို ချိုးဖျက်ကာ ရှေးဟောင်းဖရိုဖရဲဂိုဏ်းမှ အကြီးအကဲ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။
“ ဘာဖြစ်သွားတာလဲ…”
ရှန်းမင်ဂိုဏ်းမှ အကြီးအကဲက အော်ဟစ်လိုက်သည်။ ထို့နောက် ဘဝတွင် အခက်ခဲဆုံး ပြသနာအား ရင်ဆိုင်နေရသည့်အလား အစွမ်းကုန်ထုတ်ကာ ကာကွယ်လိုက်သော်လည်း ထွက်ပြေးလွတ်မြောက်ခြင်းမရှိခဲ့ချေ။
ရွှမ်ယီ၏ ဓါးချက်အောက်၌ ပြာအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားလေသည်။
ကျန်ကောင်းကင်ဘုရင်များ တိုက်ခိုက်တော့မည့်အချိန်တွင် နံဘေးမှ အော်သံတစ်ခုထွက်ပေါ်လာ၏။
ပင်းယုက လက်ထဲမှ အပြာနုရောင်ဓါးရှည်ဖြင့် ရှေးဟောင်းကြေးမုံအား တိုက်ရိုက်ခုတ်ဖြတ်လိုက်ပြီး လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအို၏ ရင်ဘတ်အား ထိုးသွင်းလိုက်သည်။
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ အဘိုးအို၏ မျက်နှာအလွန်ပျက်ယွင်းသွားခဲ့၏။
သူက ကောင်းကင်ဘုရင်အဆင့်ဇယားမှ ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သို့သော် သူ၏အဆင့်က နံပါတ် (၉) နေရာ၌ရှိနေပြီး မြင့်မားသည်ဟုမဆိုနိုင်ပေ။
ဒါပေမယ့် ၎င်းက ရှေးဟောင်းကြေးမုံအား အသုံးမပြုထားချိန်အဆင့်ဖြစ်ပေသည်။
သို့သော် ရှေးဟောင်းကြေးမုံအား အသုံးပြုလိုက်ပါက ကောင်းကင်ဘုရင်အဆင့်ဇယား၌ ထိပ်တန်း (၃) ယောက်သို့ဝင်နိုင်စွမ်းရှိသည်။
သို့သော် ပင်းယုထံမှ တစ်ချက်တည်းသော တိုက်ခိုက်မှုက ရှေးဟောင်းကြေးမုံအား အဝေးသို့ လွင့်စင်သွားစေခဲ့သည်။
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှအဘိုးအို မိမိကိုယ်ကိုမိမိ ကာကွယ်နိုင်ရန် နည်းလမ်းမရှိတော့ပေ။
“ ငါအရှုံးပေးတယ်…”
ကျန်ကောင်းကင်ဘုရင်များ ဆက်လက်တိုက်ခိုက်ရန်မဝံ့ရဲတော့သောကြောင့် ချက်ချင်း ကမန်းကတမ်းအော်ဟစ် အရှုံးပေးလိုက်ကြ၏။
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဂိုဏ်းချုပ်ဟောင်းပင်လျှင် ပင်းယု၏ပြိုင်ဘက်မဖြစ်နိုင်ရာ သူတို့က မည်သူ့အားကိုးဖြင့် တိုက်ခိုက်ရတော့မည်နည်း။
သို့သော် ရွှမ်ယီဖြစ်စေ ၊ ပင်းယုဖြစ်စေ ၎င်းတို့၏အရှုံးပေးမှုများကို ဂရုမစိုက်ကြချေ။
နှစ်ယောက်သား တစ်ပြိုင်နက်တိုက်ခိုက်လိုက်ကြသောအခါ လက်ကျန်ကောင်းကင်ဘုရင်များ ကြာမြင့်စွာ ခုခံကာကွယ်နိုင်စွမ်းမရှိကြတော့ပေ။
၎င်းတို့အား အသက်ရှင်ခွင့်ပေးလိုက်၍မဖြစ်ချေ။
ထိုဂိုဏ်းကြီး (၁၀) ခုမှ ကောင်းကင်ဘုရင်များက သတင်းပေါက်ကြားမည်စိုးသဖြင့် ၎င်းတို့၏ တပည့်များကိုပင် သတ်ဖြတ်ရန် လက်မတွန့်ခဲ့ကြချေ။
ရွှမ်ယီအနေဖြင့်၎င်းတို့အား လွှတ်လိုက်ပါက သတင်းပျံ့နှံ့သွားပြီး အင်ပါယာအဆင့်ကျင့်ကြံသူကိုပင် ဆွဲဆောင်မိမည်ကိုစိုးရိမ်နေမိ၏။
နာရီဝက်ပင်မကြာလိုက်ပဲ ကောင်းကင်ဘုရင်များအားလုံးကို သတ်ဖြတ်နိုင်ခဲ့သည်။
ယခုအချိန်တွင် သလင်းနန်းတော်၌ ရွှမ်ယီနှင့် ပင်းယုတို့ နှစ်ယောက်တည်းသာကျန်တော့၏။
“ နောက်ဆုံးတော့ အကျိုးအမြတ်တွေ ရိတ်သိမ်းဖို့အချိန်ရောက်ပြီ…”
ရွှမ်ယီက အသက်ပြင်းပြင်းရှိုက်လိုက်ရင်း ဂျင် (၄၀၀၀) နီးပါးရှိသော နတ်ဘုရားအရင်းအမြစ်များအား လှမ်းကြည့်လိုက်သည်။
ဤနေရာတွင် နတ်အသိစိတ်များအား ပိတ်ဆို့ခြင်းခံထားရသော်လည်း ပင်းယုကမူ အသုံးပြုနိုင်သေး၏။ ချက်ချင်းသူမက လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်လျှင် နတ်ဘုရားအရင်းအမြစ်အားလုံး သိုလှောင်အိတ်ထဲသို့ ရောက်ရှိသွား၏။
ရွှမ်ယီက ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ပင်းယုအား ပြန်လည်ပို့ဆောင်လိုက်သည်။
သူ ဤနေရာမှ ထွက်ခွာတော့မည့်အချိန်တွင် စနစ်ထံမှ ရုတ်တရက် အချက်ပြသံထွက်ပေါ်လာသည်။
“ ဒင်… အရံတာဝန်တစ်ခုလက်ခံရရှိပါတယ်…”.
“ ဆရာတစ်ယောက်အနေနဲ့ တပည့်တွေကို မသင်ကြားခင်မှာ မိမိ၏အသက်အန္တရာယ်မရှိအောင် ကြိုးစားနေထိုင်ဖို့လိုအပ်တယ်…”
“ အရံတာဝန် - မြေအောက်နန်းတော်မှ ဘေးကင်းစွာလွတ်မြောက်နိုင်ရန်ကြိုးစားပါ..”
“တာဝန်ဆုလဒ် - တာအိုအရင်းအမြစ် (၁၀) ဂျင် ၊ နတ်ဘုရားအရင်းအမြစ် ဂျင် (၁)သိန်း
….”
“ ဟမ်…”
အစပိုင်းတွင် အရံတာဝန်ပေါ်လာမှုကြောင့် အံ့ဩသွားခဲ့သော်လည်း အသေးစိတ်ဖတ်လိုက်ပြီးနောက် ဦးရေပြားများပင်ထုံကျဉ်သွားသည်အထိ ကြောက်လန့်သွားခဲ့ရသည်။
သူက မြေအောက်နန်းတော်ထဲ၌ တက်တက်ကြွကြွဖြင့် အလွန်ကြိုးစားခဲ့ကာ ပင်းယုကိုပင် ဆင့်ခေါ်ခဲ့သေး၏။
နောက်ဆုံးတွင် ကြိုးစားမှုရလဒ်အနေဖြင့် ဂျင် (၄၀၀၀) နီးပါးပိုင်ဆိုင်ရရှိခဲ့သည်။
တာအိုအရင်းအမြစ်အတွက် ရွှမ်ယီရရှိခဲ့သော တာအိုအရင်းအမြစ်ကမူ တော်တော်လေးနည်းပါး၏။
၎င်းတို့အားလုံး စုပေါင်းလိုက်လျှင်ပင် ဂျင်တစ်ဝက်ခန့်လောက်သာရှိနိုင်၏။
သို့သော် ဤတာဝန်တစ်ခုတည်းက နတ်ဘုရားအရင်းအမြစ် ဂျင် (၁)သိန်း ဆုလဒ်ထုတ်ပေးနေသည်။ ထို့အပြင် တာအိုအရင်းအမြစ် (၁၀) ဂျင်လည်းပါသေး၏။
တာအိုအရင်းအမြစ်ဆိုသည်မှာ လိုချင်တိုင်းရှာ၍မရသော ရတနာတစ်ခုဖြစ်၏။
ဆုလဒ်အဖြစ်ရရှိမည့် ဆုလဒ် (၁၀) ဂျင်က နတ်ဘုရားအရင်းအမြစ်အဖြစ် တွက်မည်ဆိုလျှင် ဂျင် (၁)သိန်းကျော်တန်ဖိုးရှိသည်။
‘ ဒီတာဝန်က ဘယ်လောက်တောင်အန္တရာယ်များတာလဲ…”
ထိုကိစ္စအား ရွှမ်ယီ ခေါင်းထဲမှ ထုတ်ထားလိုက်ပြီး ချက်ချင်း လျှပ်စီးတန်းတစ်ခုအလား ထွက်ပြေးတော့၏။ လက်ထဲမှ ဖန်ဂျီဓါးက တစ်လက်လက်တောက်ပနေပြီး နံရံမှ ကျောက်တုံးများအား အက်ကွဲသွားစေသည်။
သူက နဂိုဝင်လာသော လျောက်လမ်းမှ ပြန်မသွားတော့ပဲ ကိုယ့်ဟာကိုယ် ဖြတ်လမ်းတစ်ခုဖောက်လျက် ပင်မလမ်းမကြီးရှိရာဆီသို့ အမြန်ပြေးတော့သည်။
သလင်းနန်းတော်မှ ပြေးထွက်လာပြီးသည့်နောက် ရွှမ်ယီအနေဖြင့် အခြေအနေမကောင်းကြောင်းနားလည်လိုက်၏။
လမ်းတစ်လျောက် ဂိုဏ်းကြီး (၁၀) ခုမှ တပည့်များစွာကို မတွေ့ရတော့ပဲ အခြေတည်ဝိညာဉ်အဆင့် (၂) ယောက်တစ်စု ၊ (၃) ယောက်တစ်စုများသာ တွေ့ခဲ့လေသည်။
လျှပ်စီးတန်းတစ်ခုအလား ပြေးလာသည့် ရွှမ်ယီက ဂိုဏ်းတစ်ခုခုမှ အကြီးအကဲတစ်ယောက်အလား ထင်မှတ်သွားစေသည်။
သို့သော် တပည့်တစ်ယောက်က ရဲတင်းစွာ လှမ်းမေးလိုက်၏။
“ အကြီးအကဲ… လျှို့ဝှက်နယ်မြေအသစ်တစ်ခုရှာတွေ့ထားတယ်လေ… ကောင်းကင်ဘုရင်တွေ အားလုံး အဲ့ကို သွားနေကြပြီ… အကြီးအကဲက ဘာလို့အခုထိမသွားသေးတာလဲ…”
ရွှမ်ယီ၏ မျက်ခမ်းများ တဆတ်ဆတ်လှုပ်သွား၏။
ယခုချိန်ထိအောင် ဖြစ်ပျက်နေသည့် ကိစ္စများအား သူနားမလည်သေးလျှင် သူငတုံးဖြစ်ချေရော့မည်။
သူ ခန့်မှန်းမိသလောက်ဆိုလျှင် ထို ဂိုဏ်းကြီး (၁၀) ခုက တွေးဆ၍ပင်မရလောက်သည့် အန္တရာယ်များသော အရာတစ်ခုအား တူးဖော်မိခဲ့ခြင်းဖြစ်ရမည်။ ထို့ကြောင့် သူ၏ စနစ်ထံမှ အရံတာဝန်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခြင်းဖြစ်နိုင်သည်။
ရွှီး…
နားမလည်နိုင်ဖြစ်နေသော တပည့် (၁၀) ယောက်အစုအား လျစ်လျူရှုထားခဲ့ပြီး ရွှမ်ယီ အံကြိတ်လျက် ထွက်ပေါက်ဆီသို့ရောက်အောင် မီးကုန်ယမ်းကုန်ပြေးတော့၏။
ရွှမ်ယီ၏ အမြန်နှုန်းက အကန့်အသတ်ထိ ရောက်နေခဲ့ပြီး မြေအောက်နန်းတော်ပတ်ဝန်းကျင်မှမြင်ကွင်းများအားလုံး မှုန်ဝါးနေခဲ့ကာ တဖြည်းဖြည်းဝင်ပေါက်နှင့် မိုင်ရာဂဏန်းခန့်အကွာသို့ရောက်လာခဲ့၏။
သူ အန္တရာယ်ကင်းသော နေရာသို့ ရောက်လျှင် စနစ်ထံမှ အချက်ပေးသံထွက်ပေါ်လာမည်ဖြစ်ပြီး သူလည်း ဆုလဒ်ရရှိပေလိမ့်မည်။ ရွှမ်ယီ ကြောက်စိတ်အပြည့်ဖြင့် ပြေးနေရင်း မနေနိုင်ပဲ နောက်သို့ လှည့်ကြည့်မိလိုက်၏။
ထိုအကြည့်က တည်ငြိမ်နေသည့်တိုင်အောင် စိတ်ထဲတွင်မူ ဗြောင်းဆန်နေခဲ့သည်။
မှောင်မဲနေသည့် ပတ်ဝန်းကျင် ၊ အတွင်းပိုင်းနက်ရှိုင်းသောနေရာမှ အဆက်မပြတ်အော်သံများ ထွက်ပေါ်နေခဲ့ပြီး ထိုအသံများက သူ၏ရင်ဘတ်အား ဗလောင်ဆူသွားစေသည်။
ထိုနောက် အဆုံးမရှိသော အော်သံတစ်ခုက သူ့ အနီးတစ်ဝိုက်တွင် ပဲ့တင်ထပ်နေ၏။
နောက်ဆုံးတွင် ရွှမ်ယီပြေးလာရင်း ထိုအော်သံထွက်ပေါ်လာသော အရင်းအမြစ်အားမြင်လိုက်လျှင် အမူအယာများ ပြောင်းလဲသွားခဲ့လေသည်။
ထိုအော်ဟစ်နေသူက ကောင်းကင်ဘုရင်တစ်ယောက်ဖြစ်၏။ ထို့အပြင် ရွှမ်ယီရှေးဟောင်းဖရိုဖရဲဂိုဏ်းတွင်ဝင်နေခိုက်သိရှိခဲ့ရသော သတင်းအချက်အလက်များအရဆိုလျှင် ထိုလူက ဂိုဏ်းကြီး (၁၀) ခုမှ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ရမည်။ ထိုလူက အသက် (၃၀၀၀) ကျော်သာရှိသေးသော်လည်း နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေပြီဖြစ်၏။
သို့သော် ယခုသူမြင်လိုက်ရသည်က ခေါင်းတစ်ခုလုံး ဆံပင်ဖြူများပြည့်နှက်နေကာ ရှုံ့တွနေသောမျက်နှာနှင့် တုန်တုန်ရင်ရင်ဖြစ်နေသော ခန္ဓာကိုယ်တစ်ခုဖြစ်သည်။ သူ၏ မျက်ဝန်းအကြည့်များအရဆိုလျှင် မကြာမီ မီးငြိမ်းတော့မည့် ဖယောင်းတိုင်တစ်တိုင်အလား ဖြစ်နေပေသည်။
“ ဘာလို့လဲ…”
ထိုကောင်းကင်ဘုရင်က ခံပြင်းစွာအော်ဟစ်လိုက်၏။ ထို့နောက် တစ်ကိုယ်လုံးတုန်ခါသွားကာ မျက်ဝန်းထဲမှ အလင်းများပျောက်ကွယ်သွားပြီး မြေပြင်ပေါ်သို့ ဝုန်းကနဲကျသွားလေသည်။ သေသွားသည့်အချိန်အထိ အဘယ်ကြောင့် ဤကဲ့သို့ဖြစ်သွားကြောင်း နားမလည်နိုင်ခဲ့ချေ။
ရွှမ်ယီအသက်ပြင်းပြင်းရှူလိုက်ရင်း မီးကုန်ယမ်းကုန်ဆက်ပြေးရန် ပြင်လိုက်၏။
တစ်ခဏအကြာတွင် ရွှမ်ယီမထိန်းချုပ်နိုင်လောက်အောင် ထိတ်လန့်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိမြေအောက်နန်းဆော်အတွင်းမှ အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာနှင့်များစွာ ကွဲပြားသွားကြောင်း ရှင်းလင်းစွာ ခံစားမိလိုက်သောကြောင့်ဖြစ်သည်။
ထို အချိန်ခြားနားချက်က အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ မြေအောက်နန်းတော်အတွင်း အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာထက် (၁၀) ဆမြန်သွားခဲ့သည်။
“ ဖတ်… ဖတ်… ဖတ်….”
ထိုအချိန်တွင် မြေအောက်နန်းတော်၏ အနက်ရှိုင်းဆုံးသောနေရာမှ လူသားများလမ်းလျောက်နေသည့် ခြေသံများထွက်ပေါ်လာလေသည်။