အခန်း (၃၄၈)
Vol. 24 Ch. 348
“ ဘယ်သူက မြေအောက်နန်းတော်ထဲကို ကျူးကျော်ရဲတာလဲ…”
မြေအောက်နန်းတော်အတွင်းမှ ရုန်းရင်းဆန်ခတ်ဖြစ်မှုများက အပြင်၌ စောင့်နေသူများ၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။ ထို့နောက် အတွင်းမှ ထွက်လာသည့် မျက်နှာစိမ်းများကိုမြင်လျှင် တားဆီးရန် အပြေးသွားလိုက်ကြ၏။
သို့သော် မျက်နှာချင်းဆိုင် ဆုံတွေ့စဉ် တားဆီးရန် ရောက်သွားသူများ မျက်နှာ အကြီးအကျယ် ပျက်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအမည်မသိလူများထံမှ အရှိန်အဝါများက အလွန်ကြောက်မက်ဖွယ်ကောင်းနေသောကြောင့်ဖြစ်၏။
တားဆီးရန်ရောက်လာသူများက အထွတ်အထိပ် လူသားဘုရင်အဆင့်၌သာရှိနေကြပြီး သူတို့ရှေ့တွင် ရပ်နေသူများထဲ၌ ကောင်းကင်ဘုရင်အဆင့် အရှိန်အဝါ(၁၀)ခုကျော် ရှိနေသည်။
“ ဂလု…”
တားဆီးရန် ရောက်လာသူများ စကားပြောလိုသော်လည်း ဘယ်ကစပြောရမှန်းမသိတော့ချေ။ ထိုအထဲမှ တစ်ယောက်က အားတင်းကာ မေးလိုက်၏။
“ နောက်တစ်ခါ ထပ်မေးမယ်… မင်းတို့က ဘယ်သူတွေလဲ…”
မြေအောက်နန်းတော်ထဲမှ ထွက်လာသူများအကြား ရှေ့ဆုံးမှလူက ဖြည်းညင်းစွာ ခေါင်းမော့ပြီး မေးလိုက်သူအား ကြည့်လိုက်သည်။
ဘုန်း…
ထိုလူထံမှ ထွက်ပေါ်နေသည့် ဖိအားများက တောင်ကြီးတစ်လုံးအလားဖြစ်နေသောကြောင့် ဂိုဏ်း(၁၀)ဂိုဏ်းမှ တားဆီးရန်ရောက်လာသူများ အသက်ရှုရပ်သွားသလို ခံစားလိုက်ရသည်။
“ သူတို့နဲ့ အချိန်ဖြုန်းမနေနဲ့တော့…. အပြင်ကို မြန်မြန်သွားရအောင်… သူတို့က ဘယ်ကကောင်တွေမှန်းလည်းမသိဘူး…”
နောက်မှ တစ်ယောက်က ကျီးအာသံအလား ရယ်မောပြီး ၀င်ပြောလိုက်သည်။
“ အဲ့အကြံကောင်းတယ်…”
တားဆီးရန် ရောက်လာသူများ မျက်စိလည်နေကြ၏။ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်တော့ပေ။
ထိုစကားများအား ကြားလျှင် ရှေ့ဆုံးမှလူက အသာအယာ လက်ဝှေ့ယမ်းလိုက်၏။
ထိုအခါ ခရမ်းရောင်နှင့် အနက်ရောင် ရောစပ်နေသည့် နယ်မြေတစ်ခု ရုတ်ချည်းထွက်ပေါ်လာပြီး ပတ်၀န်းကျင်အား ဖုံးအုပ်သွားကာ ကောင်းကင်ထက်၌ ကြက်သွေးရောင် အရှိန်အဝါများ ဖြာထွက်နေသည့် ခရမ်းရောင် လှံတစ်ချောင်း ထွက်ပေါ်လာလေသည်။
ထို့နောက် တားဆီးရန်ရောက်လာသည့် (၁၀)ယောက်အား တစ်ဒင်္ဂအတွင်း ထိုးဖောက်သွားတော့၏။
“ သွားကြစို့… ကျုပ်တို့ နှစ်ပေါင်းများစွာကြာအောင် တိတ်ဆိတ်မှုကို ခံစားခဲ့ကြရတာ.. အဲ့တာက ပြန်မတွေးချင်လောက်အောင် ငြီးငွေ့ဖို့ကောင်းလွန်းတယ်… အပြင်လောကမှာ ဘာတွေပြောင်းလဲကုန်ပြီလဲ မသိဘူး…”
နောက်တစ်ယောက်ကလည်း ၀င်ပြောလိုက်၏။
“ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး… ဒီနေ့ပြီးတာနဲ့ ကျုပ်တို့နာမည်က နန်းကျိုးတစ်ခွင် တုန်ခါသွားစေလိမ့်မယ်…”
စကားဆုံးသည်နှင့် အားလုံး မြေအောက်နန်းတော်မှ ထွက်ခွာသွားကြတော့၏။
ဒါဇင်ပေါင်းများစွာသော ပုံရိပ်များက မတူညီသော လမ်းကြောင်းများသို့ ထွက်သွားခဲ့ကြသည်။
၎င်းတို့ ထွက်ခွာသွားပြီးနောက် ရွှမ်ယီ၏ ပုံရိပ်က မြေအောက်နန်းတော်အတွင်း ထွက်ပေါ်လာ၏။
စိတ်ထဲမှ တုန်လှုပ်မှုအား မြိုသိပ်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
အစောပိုင်းတွင် သူက ၎င်းတို့မရိပ်မိစေရန် လျှို့ဝှက်နည်းလမ်းတစ်ခုသုံးပြီး အသက်ရှုသံများ ထိန်းညှိကာ ပုန်းကွယ်နေခဲ့၏။
ထို့နောက် တဖြည်းဖြည်း မြေအောက်နန်းတော်မှ အနက်ရှိုင်းဆုံးနေရာသို့ ရောက်သွားခဲ့သည်။
ထို့နေရာတွင် ဂိုဏ်း(၁၀)ဂိုဏ်းမှလူများ တူးဖော်ရှာတွေ့ခဲ့သည့် လျှို့ဝှက် မှတ်တမ်းတစ်ခုအား တွေ့လိုက်ရ၏။
ထိုအခါ အမှန်တရားတစ်ခုအား နားလည်သွားလေသည်။ ဤ မြေအောက်နန်းတော်က အဓိပဓိ ဆရာသခင်တစ်ဦး၏ နေထိုင်ရာနန်းတော်မဟုတ်ဘဲ ရှေးဟောင်းစစ်မြေပြင်မှ ထောင်နှင့်ဆင်တူသော နေရာတစ်ခုဖြစ်နေခဲ့၏။
လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကတည်းက ၎င်းတို့ သက်တမ်းတိုးစေရန်နှင့် အဆင့်ချိုးဖျက်နိုင်ရန် အခွင့်အရေးအတွက် ကျင့်ကြံသူများစွာ ရှေးဟောင်းစစ်မြေပြင်သို့ ၀င်ရောက်ခဲ့ကြပြီး ဘယ်သူမှ ပြန်မထွက်လာသည်ဖြစ်ရာ ဘယ်ရောက်သွားမှန်း မည်သူမှ မသိကြချေ။
တကယ့်အမှန်တရား အနေဖြင့် ၎င်းတို့က အမွေအနှစ်အား ရှာမတွေ့ခဲ့ကြခြင်းမဟုတ်ပေ။ တွေ့ခဲ့ကြ၏။
သို့သော် တစ်ယောက်မှ စမ်းသပ်ချက်ကို မအောင်မြင်ခဲ့ကြချေ။ ကျရှုံးပြီးနောက် ဤနေရာ၌ ထာ၀ရ အကျဉ်းချခံထားရခြင်းဖြစ်သည်။
မြေအောက်နန်းတော်၏ အနက်ရှိုင်းဆုံးသောနေရာ၌ အလွန်ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းသည့် အချိန်ထိန်းချုပ်ရေး အစီအရင်ကြီးတစ်ခု ရှိနေခဲ့သည်။
ရွှမ်ယီ ရောက်လာသောအခါ အကျဉ်းချကာ ထိန်းချုပ်ထားသည့် အစီအရင်ကြီးက ပျက်စီးနေပြီဖြစ်ပြီး ဂိုဏ်း(၁၀)ဂိုဏ်းမှ ကောင်းကင်ဘုရင်(၉)ယောက်ကလည်း ထိုနေရာ၌ သေဆုံးနေကြ၏။
၎င်းတို့ ရင်ဘတ်၌ လှံဖြင့် ထိုးဖောက်ခံထားရသော အပေါက်တစ်ခုစီ ရှိနေခဲ့သည်။
သို့သော် ရွှမ်ယီစိတ်ထဲ ၎င်းတို့အပေါ်၌ အနည်းငယ်မျှ ဂရုဏာမသက်မိချေ။
ထိုလောဘ၏ သားကောင်များက ဤနေရာ၌ နှစ်ပေါင်းများစွာကြာ အကျဉ်းချခံထားရသည့် ရှေးဟောင်းကျင့်ကြံသူများအား လွတ်မြောက်သွားစေခဲ့သည်။
၎င်းတို့ကြောင့် နန်ကျိုးက ဖရိုဖရဲဖြစ်သွားနိုင်၏။
“ နှစ်ပေါင်း သိန်း၊ သန်းချီ အသက်ရှင်နေခဲ့တဲ့ ရှေးဟောင်းကျင့်ကြံသူတွေ လွတ်သွားပြီ…”
ရွှမ်ယီ သက်ပြင်းချလိုက်သည်။
မြေအောက်နန်းတော်က ပြင်ပနှင့် အချိန်ကွာခြားချက်ရှိသော်လည်း ကျင့်ကြံခြင်းစည်းမျဉ်းများကမူ သာမန်အတိုင်းသာဖြစ်၏။
ဤနှစ်များအတွင်း ၎င်းတို့အားလုံးနီးပါး အဆင့်မချိုးဖျက်နိုင်ခဲ့ကြသော်လည်း လက်ရှိ အဆင့်များ၌ အလွန်အစွမ်းထက်အောင် ကျင့်ကြံနိုင်ခဲ့ကြသည်။
၎င်းတို့အားလုံး အခြေခံအုတ်မြစ် ခိုင်မာလွန်းနေပြီဖြစ်သော်ကြောင့် အဆင့်တူခြင်းပြိုင်ဘက်ကင်းရုံသာမက အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းပါရှိနေမည်ကို စိုးရိမ်နေမိ၏။
ရွှစ်…
ရွှမ်ယီ တခဏမျှ စဉ်းစားလိုက်ပြီးနောက် သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းတုံးလေးတစ်ခုထုတ်ကာ လောင်ကျွမ်းစေလိုက်သည်။ ထို့နောက် ဆက်သွယ်ရေးကျောက်စိမ်းအား အသံသွင်းပြီး လောင်ကျွမ်းရာမှ ဖြစ်ပေါ်နေသည့် အနက်ရောင်တွင်းပေါက်အတွင်း ပစ်ထည့်လိုက်၏။
မျက်တောင်တစ်ခတ်အတွင်း လောင်ကျွမ်းနေသည့်တွင်းပေါက်နှင့် ဆက်သွယ်ရေးကျောက်စိမ်း နှစ်ခုလုံး တောက်ပသွားပြီး ဖရိုဖရဲဒေသမှ လေဟာနယ်အားချိုးဖျက်ကာ ဗဟိုသူတော်စင် အကယ်ဒမီသို့ ဦးတည်သွားလေသည်။
လွတ်မြောက်သွားသူများက နှစ်ပေါင်း သိန်း ၊ သန်းချီ အကျဉ်းချခံထားရသူများဖြစ်၏။
ပြင်ပသို့ပြန်ရောက်ပါက
၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ၊ နေထိုင်ခဲ့သည့် အင်အားစုများ မရှိတော့ခြင်း ၊ ဖျက်ဆီးခံရခြင်းကို အသာထား အင်အား(၂)ဆ တိုးပွားနေလျှင်တောင် မည်သည့်အရာမှ မလုပ်ဟု အာမခံရန် ခဲယဉ်လွန်းလှ၏။
ထို့ကြောင့် ရွှမ်ယီအနေဖြင့် ဗဟိုသူတော်စင် အကယ်ဒမီသို့ ဦးစွာ အကြောင်းကြားလိုက်ခြင်းဖြစ်သည်။
သူကိုယ်တိုင်ကမူ မြေအောက်နန်းတော်ရှိ အနက်ရှိုင်းဆုံး အပိုင်း၌ ဆက်လက်နေထိုင်ခဲ့၏။
အစီအရင်များ ကျိုးပျက်သွားစဉ် အချိန်စီးဆင်းမှုအစီအရင်ကြီးက မြေအောက်နန်းတော်တစ်ခုလုံးသို့ သက်ရောက်နေပြီဖြစ်ပြီး ၁၀:၁ ဖြစ်သည်။
ကျင့်ကြံရန် အကောင်းဆုံး အချိန်ဟု ဆိုရပေမည်။
ရွှမ်ယီအနေဖြင့် အခွင့်အရေးအား လက်လွတ်မခံလိုပေ။
ဤသို့ဖြင့် ရွှမ်ယီက ကျင့်ကြံရန် သင့်တော်သည့် အဆောက်အအုံတစ်ခုအား ရွေးချယ်လိုက်၏။
ထို့နောက် သူရွေးချယ်လိုက်သည့် အဆောက်အုံတွင် ကျင့်ကြံရန် နှင့် ဖုံးကွယ်ရန် သင့်တော်သည့် အစီအရင်တစ်ခုအား ခင်းကျင်းလိုက်သည်။
သူ့အတွက် အချိန် အကန့်အသတ်ဖြင့်သာရှိ၏။ ဤနေရာမှ လွတ်မြောက်သွားသူများကြောင့် မကြာခင် နန်ကျိုးတစ်ခုလုံး ဗြောင်းဆန်သွားမည်မှာ မြေကြီးလက်ခတ်မလွဲချေ။ သူ့အနေဖြင့် တတ်နိုင်သမျှ လျှင်မြန်အောင် အဆင့်ချိုးဖျက်ရပေမည်။
မြေအောက်နန်းတော်မှ အန္တရာယ်ကင်းစွာ လွတ်မြောက်ရမည့် တာ၀န်ပြီးဆုံးသွားပြီဖြစ်ရာ ဆုလာဘ်လည်း ရရှိထားချေပြီ။
လက်ရှိ သူ၏ နတ်ဘုရားအရင်းအမြစ် ပိုင်ဆိုင်မှုက အလွန်မြင့်မားသော အဆင့်တစ်ခုကို ရောက်နေပြီဖြစ်သည်။
ဒေသကြီးတစ်ခုမှ အင်အားစုများထံမှ ကြွယ်၀မှုများအားလုံး ပေါင်းလျှင်ပင် သူ့အား မှီနိုင်မည်မထင်ပေ။
ထို့အပြင် သူ့ထံတွင် တာအိုအရင်းအမြစ်များလည်း ရှိနေသေး၏။
ရွှစ်…
ရွှေရောင် အလင်းတစ်ချက် လက်သွားပြီး သေသပ်စွာ ပိုင်းဖြတ်ထားသော နတ်ဘုရားအရင်းအမြစ်များ ထွက်ပေါ်လာကာ ရွှမ်ယီရှေ့ တောင်ငယ်လေးတစ်လုံးအလား စုပုံသွားခဲ့သည်။
ဂျင်ပေါင်းသောင်းနှင့်ချီ စုပုံနေသည့် နတ်ဘုရားအရင်းအမြစ်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက အလွန် သန့်စင်ကာ တောက်ပလွန်းနေ၏။ အကယ်၍ ရွှမ်ယီသာ အစီအရင် ခင်းကျင်းခဲ့ခြင်းမရှိလျှင် ၎င်းတို့မှ ထွက်ပေါ်နေသည့် အရှိန်အဝါက ရှေးဟောင်းစစ်မြေပြင် ပြင်ပသို့တိုင်အောင် ဖြာထွက်သွားနိုင်သည်။
နတ်ဘုရားအရင်းအမြစ်များကိုသာ ထုတ်လိုက်ပြီး တာအိုအရင်းအမြစ်အား ထုတ်မယူရခြင်းမှာ သူ့အနေဖြင့် ၎င်းအား အသုံးမပြုချင်သောကြောင့်မဟုတ်ဘဲ အသုံးမပြုနိုင်သောကြောင့်ဖြစ်၏။
တာအိုအရင်းအမြစ် လက်၀ယ်ရရှိစဉ်ကတည်းက ၎င်းအား စုပ်ယူရန် ရွှမ်ယီ ကြိုးစားခဲ့သေးသည်။
သို့သော် ရလဒ်က အားတက်စရာမရှိပေ။
သူ့လက်ရှိအဆင့်က ၎င်းအတွင်း၌ ပါ၀င်သည့် တာအိုစွမ်းအားနှင့် ပဲ့တင်ထပ်နိုင်ရန် အလွန်နိမ့်ကျနေသေး၏။ အတင်းအကြပ် စုပ်ယူပါက အကျိုးသက်ရောက်မှုအချို့ ရှိကောင်းရှိနိုင်သော်လည်း နတ်ဘုရားအရင်းအမြစ် များစွာလည်းရှိသည်ဖြစ်ရာ ၎င်းတို့အား မဖြုန်းတီးချင်တော့ပေ။
ဤသို့ဖြင့် ရက်(၁၀၀)တိတိကြာသည်အထိ ရွှမ်ယီ မြေအောက်နန်းတော်အတွင်း လေ့ကျင့်နေခဲ့၏။
နတ်ဘုရားအရင်းအမြစ် ထောင်ပေါင်းများစွာအား သန့်စင်ထားခဲ့ပြီး ၎င်းတို့ထံမှ စွမ်းအားများက အလွန်သန့်စင်လှသည့်ဖြစ်ရာ ရောင်စုံအခိုးအငွေ့များ အဖြစ်သို့ပင် ရောက်ရှိနေခဲ့သည်။
ရွှမ်ယီက ရောင်စုံအခိုးအငွေ့များအကြား မျက်လုံးမှိတ်ကာ ထိုင်နေခဲ့ပြီး သူ့နောက်ကျောဘက်တွင် တောက်ပနေသော ကြယ်များရှိနေ၏။
ဟင်းလင်းပြင် ဓားနယ်မြေနှင့် မိစ္ဆာမီးလျှံနယ်မြေတို့ အထက်တွင် စိတ်ဝိညာဉ်ဒြပ်စင် (၁၉)ခုက အဆုံးမဲ့အလင်းများဖြင့် ညကောင်းကင်ယံမှ ကြယ်များအလား ထွန်းလင်းတောက်ပနေလေသည်။
……
( Note- အချိန်စီးဆင်းမှုအကြောင်းရှင်းပြပါမယ် ။ မြေအောက်နန်းတော်က ပြင်ပနဲ့ယှဉ်ရင် 10ဆ မြန်နေပါတယ် ။ အပြင်မှာ တစ်နှစ်ပဲ ကုန်သွားရင် မြေအောက်နန်းတော်မှာ 10 နှစ်ကုန်ပါတယ် ။ အချိန် 10နှစ်ကုန်သွားရင် သက်တမ်းကလည်း 10နှစ်ကုန်ပါတယ် ။ အပြင်မှာထက် 10ဆ မြန်နေတာမို့ ကျင့်ကြံဖို့အတွက်ပဲကောင်းပါတယ် ။ အကျဉ်းကျနေတဲ့လူတွေအတွက် ဧရာမ အချိန်အစီအရင်ကြီးက သူတို့ကို ပြင်ပနဲ့ အချိန် 10ဆ ကွာအောင်လုပ်ထားတဲ့အတွက် ပြင်ပကမ္ဘာမှာ အချိန် နှစ်1000ကြာရင် သူတို့ ထောင်ထဲ အပိတ်ခံနေရတာ အနှစ်10000ဖြစ်နေမှာပါ ။ အရမ်းငြီးငွေ့စရာဖြစ်စဉ်မျိုးပေါ့။ ဘာလို့ မသေကြသေးတာလဲဆိုရင် အကျဉ်းထောင်က အစီအရင်ကြီးက သူတို့ကို စိတ်ပိုင်းဆိုင်ရာ အရမ်းနှိပ်စက်ချင်တဲ့အတွက် ငြီးငွေ့မှု ဒဏ်ကို ခံစားရအောင် ခန္ဓာကိုယ်က ဇီ၀ကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးထားတဲ့သဘောပါ ။ ဥပမာ အဲ့အထဲက တစ်ယောက်က ပြင်ပကမ္ဘာအချိန် လွန်ခဲ့တဲ့ နှစ်တစ်သန်းကပဲ အချုပ်ခံထားရမယ်ဆိုရင် အထဲမှာ နှစ်(၁၀)သန်းအထိ လှောင်ပိတ်ခံထားရမှပါ ။ နားမလည်တဲ့လူ ရှိမှာစိုးလို့ ကျနော် နားလည်သလောက် ရှင်းပြတာပါ။ ပြီးတော့ အနှစ်(၃၀၀၀)ပဲ ရှိတဲ့လူက ဘာလို့ အိုပြီးသေသွားတာလဲဆိုရင် အစီအရင်ပျက်စီးတာမှာ တန်ပြန်ဒဏ်နဲ့ သက်တမ်းတွေ အကုန်ကုန်သွားတာ ဖြစ်နိုင်ပါတယ်။ မူရင်းမှာ ထည့်ရေးမထားလို့ ဘာသာထည့်ပြန်မထားတာပါ။ ပဟေဠိဖြစ်နေမှာစိုးလို့ ရှင်းပြတာ )