အခန်း (၃၅၂)
Vol. 24 Ch. 352
ကြောက်မက်ဖွယ် စွမ်းအားနှစ်ခု တွေ့ဆုံရာမှ ပြင်းထန်သော ပေါက်ကွဲမှုများ ထွက်ပေါ်လာပြီး ပတ်၀န်းကျင်တစ်ခုလုံးအား တုန်ခါသွားစေခဲ့သည်။
မြေပြင်မှ ကျင့်ကြံဆင့်နိမ့်သူများမှာ ကျောကိုပင် မတ်အောင်မထားနိုင်တော့သည်ဖြစ်ရာ တိုက်ပွဲကိုလည်း မော့မကြည့်နိုင်ကြတော့ပေ။
“ ကလေးတွေ.. အားလုံး နောက်ဆုတ်ကြ…”
ကိုင်ဘိုးဘေး မျက်နှာပျက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်များကို အဆုံးအစွန်ထိအသုံးပြုလိုက်ပြီး မျိုးဆက်သစ်လူငယ်များအား အကာအကွယ်ရှိရာ လှိုဏ်ဂူများထံသို့ သယ်ယူပို့ဆောင်လိုက်သည်။
ကိုင်မိသားစုမှ ကျန် အကြီးအကဲများလည်း တစ်ပြိုင်နက်လှုပ်ရှားလိုက်ကြ၏။
ကိုင်မိသားစု တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။
ဂရား.. ဘုန်း…
မကြာမီ ဓားရိပ်များနှင့် အော်သံများ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
ယင်စစ်သည်များ၏ ချပ်၀တ်များအားလုံး စုတ်ပြတ်သတ်နေခဲ့ပြီး ၎င်းတို့ အရှိန်အဝါများက ယခင်လောက် တောက်ပခြင်းမရှိတော့ချေ။
ထို့အပြင် (၆၀၀)၀န်းကျင်လောက်သာ ကျန်ခဲ့၏။
သို့သော် ရွှမ်ယီ၏ နယ်မြေလည်း မရှိတော့ချေ။ ဓားတစ်သောင်းနှင့် အတူ ပျက်စီးသွားခဲ့ဟန်ရသည်။
“ ဟားဟား… ကောင်လေး မင်းဘယ်လောက်ထိ ဆက်ပြီး မောက်မာနိုင်ဦးမလဲ ကြည့်ရအောင်…”
ငရဲဘုရင်က လက်ကျန် ယင်စစ်သည်(၆၀၀)၀န်းကျင်ကို စုစည်းစေလိုက်ပြီး လက်ဝှေ့ယမ်းကာ စိတ်ဝိညာဉ်ဒြပ်စင်အား အသုံးပြုပြီး စွမ်းအားများ ပြန်လည်ဖြည့်သွင်းပေးလိုက်၏။
သို့သော် ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးသွားခဲ့လေသည်။
“ သောက်ပိန်း… ခင်ဗျား ခေါင်းပေါ်ကိုလည်း မော့ကြည့်လိုက်ဦး…”
ငရဲဘုရင် အထိတ်တလန့်ဖြင့် ခေါင်းမော့ကြည့်လိုက်လျှင် ဆံပင်များထောင်သွားသလို ခံစားလိုက်ရ၏။
နီးရဲနေသော ဓားနယ်မြေနှင့် ဓားများ ဘယ်တုန်းက သူ့ခေါင်းထက်သို့ ရောက်သွားမှန်း အနည်းငယ်မျှ သတိမပြုမိခဲ့ချေ။
ထိုဓားနယ်မြေ၏ အရောင်အသွေးက ယခင်ထက် မှိန်ဖျော့နေပြီး လှုပ်ခတ်မှု တစ်စုံတစ်ရာမျှမရှိဘဲ နေရာကူးပြောင်းသွားသည်ဖြစ်ရာ ငရဲဘုရင်သာမက ကျန် ကောင်းကင်ဘုရင်(၃)ယောက်လည်း ရုတ်တရက် သတိမပြုမိခဲ့ကြပေ။
“ မဟုတ်ဘူး.. နောက်ဆုတ်…”
ကျန် ကောင်းကင်ဘုရင်(၃)ယောက်လုံး အော်ဟစ်လိုက်ကြပြီး ငရဲဘုရင်အား ကာကွယ်ရန်အတွက် အလျင်အမြန်တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
ဘုန်း…
၎င်းတို့ မှော်ရတနာများအား လေဟာနယ်ကို ဖြတ်သန်းလျှက် စေလွှတ်လိုက်သည်။
ထို့နောက် ၎င်းတို့ ခန္ဓာကိုယ်များ တောက်ပသွားပြီး ရွှမ်ယီ၏ ဓားနယ်မြေထံသို့ ပြေး၀င်သွားလိုက်ကြသည်။
“ သတ်…”
ရွှမ်ယီ၏ စကားသံထွက်ပေါ်လာသည်နှင့် ဓားနယ်မြေကြီးက မီတာ(၁)သောင်းရှည်လျားသည့် ဓားအလင်းတန်းကြီးတစ်ခုအဖြစ် စုစည်းသွား၏။
၎င်းထံမှ အဆုံးမဲ့စိတ်ဝိညာဉ်စွမ်းအားများ ဖြာထွက်နေခဲ့ပြီး ဥပဒေသများစွမ်းအားများဖြင့် လေဟာနယ်အား ထိုးခွဲကာ မှော်ရတနာ(၃)ခုအား ထိုးဖောက် ဖြတ်သန်းသွားသည်။
“ ဘာဖြစ်……”
၎င်းက ငရဲဘုရင်၏ နောက်ဆုံးစကားသံဖြစ်ပြီး ပြောလိုသောစကားမဆုံးမီ မီးတောက်ဓားကြီးဖြင့် ပိုင်းဖြတ်ခြင်းခံလိုက်ရကာ လေထဲ၌ ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့၏။
“ အဆင့်(၄) အထွတ်အထိပ် ဓားရည်ရွယ်ချက်… သူက ဘယ်သူလဲ…”
နောက်ဆုံးတွင် ကျန်ကောင်းကင်ဘုရင်(၃)ယောက် ရွှမ်ယီ၏ ဓားချက်၌ ပါ၀င်သော စွမ်းအားကို သတိပြုမိလိုက်ပြီး မထိန်းနိုင်ပဲ အော်ဟစ်မိလိုက်ကြသည်။
အဆင့်(၄) ဓားရည်ရွယ်ချက် ဆိုသည်မှာ ပေါ့သေးသေးမဟုတ်ချေ။ ကျင့်ကြံခြင်း အဆင့်ချိုးဖျက်သကဲ့သို့ အလွယ်ရရှိနိုင်သော အရာမဟုတ်ပေ။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် ကောင်းကင်ဘုရင်အဆင့် ဓားသမားများထဲတွင်ပင် ထိုအဆင့်သို့ ရောက်ရှိနေသူ လက်တစ်ဆုပ်လောက်မျှသာရှိ၏။
သို့သော် သူတို့ရှေ့မှ လူငယ်က ကောင်းကင်ဘုရင်အဆင့်သို့မရောက်သေးသလို အသက် ဘယ်လောက်ရှိသေးလို့လဲ…?
အဆင့်(၄) အထွတ်အထိပ် ဓားရည်ရွယ်ချက်အား ပိုင်ဆိုင်ထားချေပြီ။
‘ သူ့ကို အသက်ရှင်ခွင့်ပေးလို့မရဘူး…’
ကောင်းကင်ဘုရင်(၃)ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်လျှင် ကိုယ်စီ မျက်၀န်းများထဲမှ သတ်ဖြတ်လိုစိတ်များကို တွေ့လိုက်ရ၏။
အလွန်အမင်း ပါရမီမြင့်မားသူတစ်ဦး…
ထို့သို့သော လူမျိုးနှင့် မိတ်ဆွေ မဖြစ်နိုင်လျှင်တောင် ရန်သူတော့ ဖြစ်၍မရချေ။
ရန်သူများဖြစ်သွားပါက မကြီးထွားလာမီ အမြန်ဆုံး သေအောင်သတ်မှဖြစ်မည်။
ယခုတွင် သူတို့က တစ်ဖက်သေမှရမည့် အနေအထားသို့ ဆိုက်ရောက်နေချေပြီ။
သို့ဖြစ်ရာ ကောင်းကင်ဘုရင်အဆင့်မရောက်မီ သတ်ရန်လိုအပ်သည်။ အနည်းငယ် နှောင့်နှေးသွားပါက မကြာမီ ပြိုင်ဘက်ဖြစ်နိုင်တော့မည်မဟုတ်ချေ။
ကောင်းကင်ဘုရင်(၃)ယောက်လုံး ဂုဏ်သိက္ခာဘာညာ စသည့်အရာများအား မစဉ်းစားတော့ပဲ ရွှမ်ယီအား ချက်ချင်း အသေသတ်ရန်သာ စိတ်ထဲရှိတော့၏။
“ မင်းတို့… ဘယ်လိုတောင် တိုက်ရဲတာလဲ…”
“ အရှက်မရှိတော့ဘူးလား…”
ကိုင် နှင့် ရွှမ် ဘိုးဘေးတို့ တစ်ပြိုင်နက် အော်ပြောလိုက်ကြ၏။ သူတို့အနေဖြင့် ၀င်ရောက်တိုက်ခိုက်ရန် အဆင့်မမှီရာ ဘာမှ ကူညီနိုင်စွမ်းမရှိချေ။
၎င်းတို့အထဲမှ အဆင့်အမြင့်ဆုံးလူ၏ အရှိန်အဝါက အထွတ်အထိပ် ကောင်းကင်ဘုင်အဆင့်နှင့် အတိုင်းအဆမရှိ နီးကပ်နေပြီဖြစ်သည်။
ထိုလူက မြေအောက်နန်းတော်၌ အကျဉ်းမကျမီကပင် အစောပိုင်းကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေခဲ့ပြီး လွတ်လာပြီးနောက် အဆင့်ချိုးဖျက်ခဲ့ရာ ယခုတွင် နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေချေပြီ။
သူ၏ ခေါင်းပေါ်တွင် ကြယ်(စိတ်ဝိညာဉ်ဒြပ်စင်) (၃၃)လုံး တောက်ပနေပြီး စိတ်ဝိညာဉ်စွမ်းအင်များက ဥပဒေသစွမ်းအားများအဖြစ် တိုက်ရိုက်ပြောင်းလဲသွား၏။ အထွတ်အထိပ်ကောင်းကင်ဘုရင်များတောင်မှ ထိုစွမ်းအားဖြင့် ရင်ဆိုင်ရပါက ဆုတ်ခွာရပေမည်။
“ ဒီကမ္ဘာမှာ အရေးကြီးဆုံးက အရှုံး နဲ့ အနိုင်ပဲ…”
ထို ရှေးဟောင်းကောင်းကင်ဘုရင်ထံမှ ကြမ်းရှရှစကားသံထွက်ပေါ်လာ၏။ သူ့အနေဖြင့် ရွှမ်ယီအား ဤနေရာ၌ အသေသတ်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ကိုင် နှင့် ရွှမ် ဘိုးဘေးတို့ထံမှ ကဲ့ရဲ့ အပြစ်တင်မှုများအား ခေါင်းထဲပင် မထည့်ချေ။
ဘုန်း….
သူ၏ နောက်ကျောဘက်တွင် လက်စွဲတော် မှော်ရတနာက ပြန်လည် အသက်၀င်လာခဲ့ပြီး ပတ်၀န်းကျင်တစ်ခုလုံးအား စိတ်ဝိညာဉ်အလင်းများဖြင့် တောက်ပသွားစေခဲ့သည်။ ၎င်းက ခရမ်းနှင့် ရွှေရောင် ရောစပ်ထားသည့် လှံတစ်ချောင်းဖြစ်ပြီး ပင်လယ်ကြီး ကဲ့သို့ နက်ရှိုင်းကာ ကျောက်တိုင်ကြီးအလား ခိုင်မာသည့် စွမ်းအားများထွက်ပေါ်နေ၏။
၎င်းက တာအိုအမှတ်အသားများအဖြစ်သို့ စတင်ပြောင်းလဲနေချေပြီ။
“ ဒါကို ဘယ်လို ကာကွယ်နိုင်မှာလဲ…”
ကိုင်ဘိုးဘေး အံကြိတ်လိုက်ပြီး လှုပ်ရှားရန်ပြင်လိုက်၏။ ရွှမ်ယီ ပင်းယုအား ဆင့်ခေါ်နိုင်စေရန် ထိုတိုက်ကွက်အား ခုခံရင်းအချိန်ဆွဲထားမည်။
ရွှေခရမ်းလှံက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းက ထိုလူ၏ ကျင့်ကြံဆင့် မည်မျှ မြင့်မားကြောင်းကိုလည်း ဖော်ပြနေ၏။
တာအို မျဉ်းကြောင်းများ စုစည်းလုနီးပါးဖြစ်နေချေပြီ။ ထို ရှေးဟောင်းဘုရင်၏ ဥပဒေသစွမ်းအားများအပေါ် နားလည်မှုက အထွတ်အထိပ်သို့ရောက်နေပြီဖြစ်ရာ အရင်းအမြစ်နှင့် အချိန် လုံလောက်အောင်ပေးလိုက်ပါက အင်ပါယာအဆင့်သို ချိုးဖျက်မည်ဖြစ်၏။
“ ဘိုးဘေး…. စိတ်မပူပါနဲ့…”
ရွှမ်ယီက အသာအယာပြောလိုက်သည်။ အကောင်အထည်မမြင်ရသည့် စွမ်းအားတစ်ခုက လှုပ်ရှားတော့မည့် ကိုင်ဘိုးဘေးအား ရပ်တန့်သွားစေ၏။
“ နှောင်းပိုင်း ကောင်းကင်ဘုရင်အဆင့်လောက်နဲ့ ကျုပ်ကို မသတ်နိုင်ဘူး…”
စကားဆုံးသည်နှင့် ရွှမ်ယီ၏ နောက်ကျောဘက်တွင် အလွန်တောက်ပသည့် စိတ်ဝိညာဉ်ဒြပ်စင်(၁၉)ခု ပေါ်ထွက်လာ၏။
“ အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့် တိုက်ခိုက်စွမ်းလား… ဟမ့်.. ခင်ဗျား ဘယ်လောက် အစွမ်းထက်မလဲ စမ်းကြည့်ရအောင်…”
ရွှမ်ယီ ဟစ်ကြွေးလိုက်သည်။
ထို့နောက် ဧရာမ မီးတောက်ဓားကြီးက ရှေးခေတ်မှ သားရဲကြီးတစ်ကောင် ပြန်လည်ရှင်သန်လာသည့်အလား ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးအား တုန်ခါသွားစေ၏။ ၎င်း၏ ပေါ်ထွက်လာမှုကြောင့် ကိုင်မိသားစု မြင့်မြတ်သော ကျင့်ကြံရေးနယ်မြေမှ စိတ်ဝိညာဉ်စွမ်းအားများလုံး ကုန်ခမ်းသွားခဲ့လေသည်။
“ ဓား(၁)သောင်း (၁)ချောင်းသို့ ပြန်လာ စမ်း…လေဟာနယ်ကို လောင်ကျွမ်းစေမယ့် နဂါးနီ…”
၎င်းအတွင်းသို့ ဟင်းလင်းပြင် ဓားနယ်မြေ ၊ မိစ္ဆာမီးလျှံနယ်မြေ နှင့် စိတ်ဝိညာဉ်ဒြပ်စင်(၁၉)ခုမှ ကြောက်မက်ဖွယ် နိယာမစွမ်းအားများ အားလုံး ပေါင်းစပ်သွား၏။
“ ကောင်းကင်ကြီး ဘယ်လောက်ကျယ်မှန်း မသိတဲ့ လူငယ်လေးပဲ… အင်းပေါ့လေ ကျိုးပဲ့ဘုရင်က ဘယ်သူလဲဆိုတာ မသိတော့လည်း တိုက်ခိုက်ရဲတာပေါ့…”
ကျန် ကောင်းကင်ဘုရင်(၂)ယောက်က ကျိုးပဲ့ ဘုရင်အား ထိပ်တိုက်ရင်ဆိုင်တော့မည် ရွှမ်ယီအား ကြည့်ပြီးလှောင်ပြုံးလိုက်ကြ၏။
ကျိုးပဲ့ဘုရင်…!
ထိုအမည်အား ကြားလျှင် ကိုင်နှင့် ရွှမ်ဘိုးဘေးတို့ မျက်စိမျက်နှာ ပျက်သွားကြသည်။
သူတို့က အင်အားစုကြီး နှစ်ခုမှ ဘိုးဘေးများအနေဖြင့် လွန်ခဲ့သော နှစ်များစွာက နာမည်ကြီး သမိုင်းကြောင်းတစ်ချို့အား သိထားကြ၏။
ကျိုးပဲ့ဘုရင်အကြောင်းက သူတို့ သိထားသော ကိစ္စများထဲမှ တစ်ခုဖြစ်သည်။
အလွန်နာမည်ကြီးခဲ့ရခြင်းမှာ ထိုအချိန်တုံးက အစောပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံမှုဖြင့် အလတ်အလတ်ကောင်းကင်ဘုရင်အဆင့်(၃) ယောက်အား သတ်ဖြတ်ခဲ့သောကြောင့်ဖြစ်၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ကျိုးပဲ့ဘုရင်က ထိုကဲ့သို့ အစွမ်းထက်ခဲ့သည်။
ယခုတွင် မည်မျှ အစွမ်းထက်နေလိမ့်မည်နည်း။
သို့သော် ရွှမ်ယီ၏ အမူအရာကမူ အနည်းငယ်မျှ မပြောင်းလဲခဲ့ပေ။ သူက နတ်ဘုရားအရင်းအမြစ် ဂျင်ပေါင်း(၁)သိန်း တိတိ စုပ်ယူသန့်စင်ခဲ့၏။
သူ၏ အဆုံးအစွန်သော တိုက်ခိုက်နိုင်စွမ်း မည်မျှ ရှိနေပြီဖြစ်ကြောင်း အတိအကျမမှန်းတတ်ချေ။
သို့သော် သူ့ရှေ့၌ ရပ်နေသည့် ကျိုးပဲ့ဘုရင်ဆိုသူအနေဖြင့် သူ့အား အနိုင်မယူနိုင်သည်ကတော့ သေချာ၏။
“ ခင်ဗျားကို ခြေနင်းကျောက်တုံးတစ်ခုအဖြစ် အသုံးပြုမယ်…”
ဘုန်း….