← Chapters

အခန်း (၃၅၃)

Vol. 24 Ch. 353

အခန်း (၃၅၃)

Vol. 24 Ch. 353

မီးဓားနှင့် ရွှေခရမ်းလှံတို့ တွေ့ဆုံရာမှ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ပတ်၀န်းကျင်သို့ စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ဖြာထွက်သွား၏။

ရွှမ်ယီ၏ ပုံရိပ်က ရုတ်တရက်တောက်ပသွားပြီး ကျိုးပဲ့ဘုရင်ရှိရာသို့ ပြေး၀င်တိုက်ခိုက်လိုက်သည်။

အုန်း…

နှစ်ယောက်သား ထိတွေ့မိရာ လေဟာနယ်ပင် ပေါက်ကွဲသွားပြီး ကောင်းကင်ကြီးတစ်ခုလုံး တုန်ခါသွား၏။

ကိုင်နှင့် ရွှမ် ဘိုးဘေးနှစ်ယောက် မဆိုထားနှင့် ကောင်းကင်ထက်မှ ရှေးဟောင်း ကောင်းကင်ဘုရင်နှစ်ယောက် မျက်နှာထက်၌ပင် အပြုံးများပျောက်ကွယ်သွားပြီး ထိတ်လန့်မှုများ အစားထိုးသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တစ်ခဏအတွင်း ဖုန်မှုန့်ကဲ့သို့ ပျောက်ကွယ်သွားမည်ဟု ယူဆထားသည့် ရွှမ်ယီက ကောင်းကင်ထက်၌ ကျိုးပဲ့ဘုရင်နှင့် အပြင်းအထန် တိုက်ခိုက်နေသောကြောင့်ပင်။

“ မဖြစ်နိုင်ဘူး.. ဒါက တကယ်ပဲ လူသားဘုရင်တစ်ယောက်လား…”

ရှေးဟောင်း ကောင်းကင်ဘုရင်တစ်ယောက်က ထိတ်လန့်နေသော မျက်၀န်းများဖြင့် ရွှမ်ယီအားကြည့်ရင်း ရေရွတ်မိလိုက်သည်။

သူက စိတ်ဓာတ်မခိုင်မာခြင်းမဟုတ်ဘဲ လက်ရှိမြင်ကွင်းက အလွန်မှင်သက်စရာဖြစ်နေသောကြောင့်ဖြစ်၏။

လူသားဘုရင်တစ်ယောက်က ကောင်းကင်ဘုရင်အဆင့်ဇယားမှ ထိပ်ဆုံး(၃)ယောက်နှင့် ယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်လော။

တိုက်ပွဲနေရာတွင်မူ

ရွှမ်ယီး ဟိန်းဟောက်လိုက်၏။ ထိုအခါ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာငယ်လေးက အပြင်းအထန်လှည့်ပတ်လာပြီး အတွင်းမှ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။

ကမ္ဘာငယ်လေးက အထွတ်အထိပ် ကောင်းကင်ဘုရင်ပိုင်ဆိုင်သည်ထက် ကျော်လွန်သော စိတ်ဝိညာဥ်စွမ်းအားများထုတ်ပေးနေသည်။

မဟုတ်သေးဘူး..

အင်ပါယာ တစ်ယောက် ပိုင်ဆိုင်သည့် စိတ်ဝိညာဉ်စွမ်းအင်များပင် ၎င်းနှင့် နှုင်းယှဉ်ရန် ခက်ခဲ၏။

“ ဒီကောင်.. ရှေးခေတ် တိုက်ပွဲ၀င်သားရဲ သေလို့ ပြန်၀င်စားတာလား… ဒီစွမ်းအား.. ဘယ်လို ဟာသမျိုးလဲ…”

ကျိုးပဲ့ဘုရင် နှလုံးသား တုန်လှုပ်‌နေချေပြီ။ သူတို့က တူညီသောအဆင့်၌ တည်ရှိမနေပေ။

ထိုလူငယ်၏ တိုက်ခိုက်မှုတိုင်းတွင် အလွန်ပြင်းထန်သည့် စွမ်းအားများပါ၀င်နေပြီး အထွတ်အထိပ်ကောင်းကင်ဘုရင်များပင် ထိုသို့ တိုက်ခိုက်မှုများဖြင့် ကြာရှည်စွာ တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။

သို့သော် ရွှမ်ယီကမူ စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးခြင်းကို လျစ်လျူရှုထားခဲ့ပြီး အပြင်းထန်ဆုံး တိုက်ကွက်များဖြင့် အဆက်မပြတ် တိုက်ခိုက်နေ၏။

“ မဟုတ်ဘူး.. ကြည့်မနေနဲ့တော့.. ၀င်တိုက်ကြမယ်…”

ရှေးဟောင်း ကောင်းကင်ဘုရင်တစ်ယောက်က အလွန်ထိတ်လန့်သွားပြီး သူ၏ မှော်ရတနာအား ထုတ်ပြီး ချက်ချင်းတိုက်ခိုက်လိုက်သည်။

ငွေရောင် ထီးတစ်ချောင်းထွက်ပေါ်လာပြီး အရှိန်အဟုန်အပြည့်ဖြင့် ရွှမ်ယီထံ ၀င်ရောက်သွား၏။

ဘုန်း…

ရွှမ်ယီက ရွှေရောင် ဥပဒေသစွမ်းအားများ ဖုံးလွှမ်းနေသည့် လက်သီးဖြင့် ထိုးချလိုက်၏။

ဘန်း…

ဝေါ့…

ငွေရောင်ထီး ပျက်စီးကာ လွင့်စင်သွားပြီး တိုက်ခိုက်လိုက်သည့် ရှေးဟောင်းကောင်းကင်ဘုရင် သွေးတစ်လုပ်အန်လိုက်ရသည်။

“ သေစမ်း..”

ရွှမ်ယီ၏ မျက်၀န်းများက အေးစက်သွားသည်။

သူက ကျိုးပဲ့ဘုရင်အား နောက်သို့ ဆုတ်ခွာသွားစေရန် ဓားဖြင့် အားကုန် လွှတ်ခုတ်လိုက်၏။

ထို့နောက် နေရာမှ ပျောက်ကွယ်သွားပြီး စောနက တိုက်ခိုက်လိုက်သည့် ကေကောင်းကင်ဘုရင်အနီးရောက်သွားလေသည်။

“ ငါ့ကို မသတ်ပါနဲ့…...”

စကားပင် မဆုံးလိုက်ဘဲ ရွှမ်ယီထံ ဓားဖြင့် ပိုင်းဖြတ်ခြင်းခံလိုက်ရ၏။

“ ပြေး…”

ကျန် ရှေးဟောင်းကောင်းကင်ဘုရင် အော်ဟစ်ပြီး ၎င်း၏ အဖော်ကိုပင် ဂရုမစိုက်ဘဲ အလင်းတန်းတစ်ခုအလား ထွက်ပြေးတြောသည်။

“ ခင်‌ဗျား ပြေးမလွတ်ဘူး…”

ရွှမ်ယီ၏ နှုတ်ဖျားမှ ငရဲက သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါး၏ စကားသံကဲ့သို့ ထွက်ပေါ်လာသည်။

ထို့နောက် ဓားအလင်းတစ်ခု ပြေးထွက်သွားပြီး ထွက်ပြေးသွားသည့် ကောင်းကင်ဘုရင်၏ ရင်ဘတ်ကို ဖောက်ထွက်သွားလေသည်။

ကောင်းကင်ဘုရင်ကွိုင်၏ အသက်ကင်းမဲ့‌သွားသည့် ခန္ဓာကိုယ်ကြီးက ကောင်းကင်ထက်မှ မြေပြင်သို့ ပြုတ်ကျသွားခဲ့၏။

“ ဂျူနီယာ… သေစမ်း…”

ကျိုးပဲ့ဘုရင်၏ မျက်လုံးများနီရဲသွားပြီး လက်တွင်းမှ လှံက အေးစက်စက်အလင်းများဖြာထွက်လျက် ရွှမ်ယီထံသို့ ပြေး၀င်သွားလိုက်သည်။

“ ဟဟ.. အချိန်ကောင်းပဲ…”

ကောင်းကင်ဘုရင်နှစ်ယောက်အား သတ်ဖြတ်ခဲ့ခြင်းက ဘာမှမဟုတ်သည့်အလား ရွှမ်ယီ ရယ်မောလိုက်၏။

လက်တွင်းမှ ဖန်ဂျီဓားက မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းလာပြီး ကျိုးပဲ့ဘုရင်နှင့် နောက်တစ်ဖန် အပြင်းအထန် တိုက်ခိုက်လိုက်ကြပြန်သည်။

ထိုတိုက်ပွဲကြောင့် ကောင်းကင်နယ်မြေတစ်ခုလုံး တုန်ခါနေပြီး အဆုံးမဲ့ သတ်ဖြတ်ငွေ့များကြောင့် မိုင်သောင်းနှင့်ချီ တိမ်မဲများ ဖုံးလွှမ်းသွားခဲ့၏။

ကောင်းကင်ထက်တွင် ရွှမ်ယီနှင့် ကျိုးပဲ့ဘုရင်တို့၏ ပုံရိပ်များက လျှပ်စီးတန်းများကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။

အောက်မှ ကြည့်နေသူတိုင်း အသက်ပင် မရှုနိုင်အောင် ဖြစ်နေခဲ့ရ၏။

ဝုန်း…

နောက်ဆုံးတွင် အနီရောင်ဓားအလင်းက အလွန်ထူထပ်နေသည့် တိမ်မဲများအား ပိုင်းဖြတ်သွားလေသည်။

ကောင်းကင်ထက်တွင် သွေးများစီးကျနေသည့် ဓားတစ်ချောင်းအား ကိုင်ထားသည့် ရွှမ်ယီတစ်ယောက်သာ ကျန်ခဲ့၏။

ကျန် လက်တစ်ဖက်တွင်မူ မယုံကြည်နိုင်မှုများနှင့် ထိတ်လန့်မှုများ ပြည့်နေသည့် ကျို့ပဲ့ဘုရင်၏ ခေါင်းပြတ်ကြီးအား ကိုင်ဆွဲထားလေသည်။

“ ဟူး… ကောင်းကင်နယ်မြေ တစ်ခုထဲမဟုတ်ဘူး… တောင်ပိုင်းတိုက်ကြီး တစ်ခုလုံး လှုပ်ခတ်သွားမှာတောင် စိုးမိသား....”

နောက်ဆုံးတွင် ကိုင်မိသားစု ဘိုးဘေး မနေနိုင်တော့ဘဲ သက်ပြင်းချရင်း ပြောလိုက်၏။

….

ယနေ့တွင် နန်ကျိုးတစ်ခုလုံး လှုပ်ခါသွားခဲ့ပြန်သည်။

ကောင်းကင်နယ်မြေမှ တိုက်ပွဲက အလွန်ပြင်းထန်သည်ဖြစ်ရာ ၎င်းမှပျံ့နှံ့လာသည့် စွမ်းအားက အနီးပတ်ဝန်းကျင်ဒေသများသို့တိုင်ပျံ့နှံ့သွားခဲ့၏။

လူတစ်ချို့က စုံစမ်းကြည့်လိုက်သောအခါ ကျိုးပဲ့ဘုရင်၏ ခြေရာလက်ရာ အကြွင်းအကျန်များကို တွေ့ရှိခဲ့ရသည်။

ကျိုးပဲ့ဘုရင်က အလွန်နာမည်ကြီးပြီး ကြောက်စရာကောင်းသူတစ်ဦးဖြစ်ရာ သတင်းကလျှင်မြန်စွာပျံ့နှံ့သွားခဲ့လေသည်။

ကျိုးပဲ့ဘုရင်အပါအဝင် ရှေးဟောင်းကောင်းကင်ဘုရင် (၄) ယောက်တို့က လွန်ခဲ့သော ရက်များအတွင်း ဒေသတော်တော်များများ၌ ကြီးမားသော ပျက်စီးမှုများဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်။

ကျိုးပဲ့ဘုရင်၏ ဂိုဏ်းက လွန်ခဲ့သော နှစ်ပေါင်းသောင်းဂဏန်းခန့်လောက်က ပျက်စီးသွားခဲ့သည်။ ယခုတွင် ကျိုးပဲ့ဘုရင်ပြန်ရောက်လာပြီဖြစ်ရာ ရန်သူများအားလုံးကို သတ်ဖြတ်ခဲ့၏။

ထိုရန်သူအင်အားစုများအားလုံး ကျိုးပဲ့ဘုရင်လက်ချက်ဖြင့် သွေးမိုးရွာသွားခဲ့လေသည်။

ယခုအချိန်တွင် ကျိုးပဲ့ဘုရင်၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်၏။

ကောင်းကင်ဘုရင်အဆင့်ဇယားမှ ကျင့်ကြံသူများပင် ၎င်း၏ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်ပေ။

သို့သော် ထိုမျှအစွမ်းထက်သူတစ်ယောက်က ကောင်းကင်ဘုရင်အဆင့်သို့ပင်မရောက်သေးသော လူငယ်တစ်ဦးထံတွင် အသတ်ခံလိုက်ရ၏။

အဆုံးမဲ့ပင်လယ်တိုက်ပွဲပြီးနောက် ငြိမ်သက်သွားခဲ့သော ရွှမ်ယီ၏သတင်းက နန်ကျိုးက တစ်ဖန်ပြန်လည်၍ ကျော်ကြားလာခဲ့ပြန်သည်။

“ လူသားဘုရင်အဆင့်နဲ့တောင်မှ သူကဒီလောက်အစွမ်းထက်နေပြီ… မကြာခင် ကောင်းကင်ဘုရင်အဆင့်ကိုရောက်သွားရင် ဘယ်လောက်တောင်အစွမ်းထက်သွားလိုက်မလဲ…”

“ ဟုတ်တယ်… သူကောင်းကင်ဘုရင်အဆင့်ကိုရောက်ပြီးတာနဲ့ ကောင်းကင်ဘုရင်အဆင့်ဇယားကလူတွေတောင်မှ သူ့ကိုယှဉ်နိုင်မှာမဟုတ်တော့ဘူး…”

သို့သော် လူတိုင်း၏အတွေးများနှင့်ဆန့်ကျင်စွာ ရွှမ်ယီက အဆင့်ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိသေးချေ။

All Chapters