အခန်း (၃၅၆)
Vol. 24 Ch. 356
“ မဟုတ်သေးဘူး… အရင်ဆုံး ဂုဏ်သရေရှိ ဧည့်သည်ကို ဂါ၀ရပြုလိုက်ကြ….”
ရွှမ် ဘိုးဘေး(၁၁)၏ စိတ်ခံစားချက်များ ကမောက်ကမဖြစ်နေသည်ဖြစ်ရာ စကားများပင် တုန်ခါနေ၏။
အသစ်ရောက်လာသည့် ဆံဖြူအဘိုးအား ဂါ၀ရပြုရန် ရွှမ်မိသားစုမှလူများအား အချက်ပြလိုက်သည်။
သို့သော် အားလုံး ဂါ၀ရပြုနေကြစဉ် လူအုပ်ကြား၌ လူငယ်တစ်ဦးက ဖြောင့်တန်းစွာ ရပ်နေ၏။
လူတိုင်း ဦးညွှတ်နေကြသည်ဖြစ်ရာ ကျီးကန်းအုပ်ထဲမှ ဗျိုင်းတစ်ကောင်းအလား ရှင်းလင်းနေပေသည်။
ထိုလူငယ်က ရွှမ်ယီဖြစ်ပေသည်။
သူ ရှေးဟောင်းစစ်မြေပြင်သို့ သွားရန်ပြင်နေစဉ် ရွှမ်မိသားစု ကောင်းကင်ထက်တွင် လေဟာနယ် အတင်အကျများဖြစ်လာသဖြင့် ခေတ္တရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်၏။
ထိုဆံဖြူအဘိုးအိုရောက်လာကတည်းက ၎င်း၏ ကျင့်ကြံဆင့်ကို ရွှမ်ယီ သိရှိခဲ့သည်။
အစောပိုင်းကောင်းကင်ဘုရင်အဆင့်…
၎င်းက အလွန်သန်မာသည်လော…?
ထိုဆံဖြူအဘိုးအိုအနေဖြင့် အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေလျှင်တောင် သူနှင့် တစ်တန်းတည်းဖြစ်မည်မဟုတ်ပေ။
ဂါ၀ရပြုရမည်လော…? မည်သို့သော ဟာသနည်း…?
“ ဒါက ဘယ်သူ့မျိုးဆက်လဲ.. ဘာကြောင့် ဒီလောက်တောင် နားလည်မှုမရှိရတာလဲ….”
ရွှမ် ဘိုးဘေး(၁၁)၏ အမူအရာပြောင်းလဲသွားပြီး ရွှမ်ယီအား ကြိမ်းမောင်းရန်ပြင်လိုက်သည်။
သို့သော် ဆံဖြူအဘိုးအိုက သဘောထားပြည့်၀ဟန်ရပြီး ၎င်းအား စိတ်ထဲမထားခဲ့ချေ။ ထိုအစား စိတ်အားထက်သန်စွာ စကားဆိုလိုက်၏။
“ ညီအစ်ကိုရွှမ်.. အခုချိန် အဲ့တာက အရေးမကြီးသေးဘူး…ပြီးတော့ အားလုံးက ရွှမ်မိသားစုက မျိုးဆက်တွေပဲလေ ဒီလောက်အထိ မလိုပါဘူး….”
ထို့နောက် လက်ဝှေ့ယမ်းလိုက်ပြီး ဦးညွှတ်နေသူများအား ထူမလိုက်သည်။
“ ညီအစ်ကိုရွှမ်… အခုချိန်မှာ စက္ကန့်တိုင်းက အရေးကြီးတယ်… ကျုပ်သတင်းရခဲ့သလောက်ဆိုရင် တစ္ဆေအိုကြီးလည်း ကောင်းကင်ဘုရင်အဆင့်ကိုရောက်သွားပြီ.. ပြီးတော့ သူ့မိသားစု၀င် (၃)ယောက်လည်း မြေအောက်နန်းတော်က ပြန်ရောက်လာပြီး တစ်ချိန်တည်း ကောင်းကင်ဘုရင်အဆင့်ကို ရောက်သွားကြပြီ….”
“ ဘာ…”
၎င်းအား ကြားလျှင် ရွှမ်ဘိုးဘေး(၁၁) အလွန်ထိတ်လန့်သွား၏။ သူ့မျက်နှာထက်၌ ကူကယ်ရာမဲ့မှုများလည်း ဖြစ်ပေါ်လာခဲ့သည်။
သူက မြေအောက်နန်းတော်၌ နှစ်ပေါင်း(၄)သောင်းနီးပါ အကျဉ်းကျနေခဲ့သည်။
စမ်းသပ်မှု၌ ပထမ(၂)ဆင့်အား ကျော်ဖြတ်နိုင်ခဲ့ကာ ၎င်းမှ ရသောဆုလာဘ်များဖြင့် အထွတ်အထိပ်လူသားဘုရင်အဆင့်မှ ကောင်းကင်ဘုရင် တစ်၀က်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်။
ထို့အပြင် မြေအောက်နန်းတော်ထဲ၌ ရန်ငြိုးများလည်း ချည်နှောင်မိခဲ့၏။
မြေအောက်နန်းတော်၌ အခန်းပေါင်းရာနှင့်ချီရှိကာ တစ်ခုချင်းစီ၌ လူတစ်ယောက်စီ ပိတ်လှောင်ထားသည်။
ထို့အပြင် မြေအောက်နန်းတော်၌ နှစ်(၁)ထောင်ကြာတိုင်း သဘာ၀နတ်ဘုရားအရင်းအမြစ် တစ်ခုစီမွေးဖွားလာတတ်၏။
ထိုအချိန်တွင် အချုပ်ခန်းများအားလုံး ပွင့်သွားမည်ဖြစ်ပြီး အကျဉ်းကျနေသူတိုင်း ကိုယ်ပိုင်နည်းလမ်းများဖြင့် နတ်ဘုရားအရင်းအမြစ်အတွက် ယှဉ်ပြိုင် လုယူနိုင်ကြသည်။
ရွှမ်ဘိုးဘေး(၁၁)လည်း အကြီးဆုံး နတ်ဘုရားအရင်းအမြစ် အစိတ်အပိုင်းတစ်ခုအတွက် သူ၏ မိတ်ဆွေနှင့်အတူ ပူပေါင်းတိုက်ပွဲ၀င်ခဲ့သည်။
ဤသို့ဖြင့် ထိုနေရာမှ လူများစွာတို့နှင့် ပြသနာတက်ကာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့၏။
သို့သော် ရွှမ်ဘိုးဘေးတို့အဖွဲ့က မြေအောက်နန်းတော်မှ အစီအရင်၏ အားသာချက်တစ်ခုကို အသုံးချပြီး ရန်သူများအား ဖြိုခွင်းခဲ့သည်။
တစ်ချို့မှာ သေလုနီးပါးဖြစ်သွားခဲ့ပြီး သူတို့အပေါ် အပြင်းအထန် မုန်းတီးသွားခဲ့၏။
ယခုတစ်ကြိမ်တွင် သူတို့ကြောင့် သေလုနီးပါးဖြစ်ခဲ့သူလည်း လွတ်မြောက်လာခဲ့သည်။
၎င်းက မကြာခင် ရွှမ်မိသားစုထံသို့ ရောက်လာမည်မှာ အသေအချာပင်။
အစပိုင်းတွင် သူ၏ မိတ်ဆွေဖြစ်သူ ကောင်းကင်ဘုရင်အဆင့် ရောက်သွားခြင်းကြောင့် ရွှမ်ဘိုးဘေး အလွန်စိတ်သက်သာရာရသွားခဲ့သည်။
သို့သော် ယခုတွင် မမျှော်လင့်ထားသော သတင်းဆိုးတစ်ခုအား ကြားလိုက်ရ၏။
ရှေးဟောင်း ကောင်းကင်ဘုရင်(၄)ယောက်…!
သူ ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်လျှင်ပင် ၎င်းတို့အား တားဆီးနိုင်တော့မည်မဟုတ်ပေ။
“ ငါတို့ ဘာဆက်လုပ်ကြမလဲ…”
ရွှမ်ဘိုးဘေး(၁၁) နှဖူး၌ ချွေးများစီးကျလျက် မေးလိုက်၏။
ဆံဖြူအဘိုးအိုက သက်ပြင်းချလိုက်ပြီး
“ အခု အရေးကြီးဆုံးက မင်းရဲ့ သားမြေးတွေနဲ့ ရွှမ်မိသားစုရဲ့ သွေးမျိုးဆက်ကို ဆက်လက်ထိန်းသိမ်းဖို့ပဲ… ညီအစ်ကိုရွှမ်… ငါတို့ဆီကို ရောက်လာမှာက တစ္ဆေအိုကြီး (၄)ယာက်တည်းမဟုတ်ဘူး… အဲ့တုန်းက ငါတို့လှည့်စားတာခံခဲ့ရတဲ့လူ အများကြီးရှိတယ်… မကြာခင် သူတို့အားလုံး ရောက်လာဖို့ ဖြစ်နိုင်ချေများတယ်….”
“ ငါ့သဘောပြောရရင် ငါတို့ ဒီမှာနေပြီး အပြင်းအထန် ကာကွယ်ကြမယ်… မင်းရဲ့ မျိုးဆက်တွေကိုတော့ အဝေးကို ပို့ကြတာပေါ့… နန်ကျိုးကအကျယ်ကြီးပါ… သူတို့ ဘေးကင်းအောင် ပုန်းခိုနိုင်ပါလိမ့်မယ်…”
၎င်းအားကြားလျှင် ရွှမ်ယီ ဆက်နားမထောင်နိုင်တော့ပေ။
“ သူတို့က ကောင်းကင်ဘုရင်တွေလောက်ပါပဲ… ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေကြတာလဲ…”
ဆံဖြူအဘိုးအိုက စိတ်ကောင်းသည့်တိုင် ထိုလူငယ်က တစ်ကြိမ်ထက်ပိုပြီး မလေးမစားလုပ်လာသည်ဖြစ်ရာ အနည်းငယ် ကျွဲမြီးတိုသွားတော့၏။
သူက ရွှမ်မိသားစုအား အသက်ပေးကာ ကူညီရန် ရောက်လာသည့်တိုင် မလေးမစားဆက်ဆံခံနေရသည်။
“ ကောင်လေး… မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ နားမလည်နိုင်ရတာလဲ… ဒီကိစ္စက ဘယ်လောက်တောင် လေးနက်တယ်ဆိုတာ သိရဲ့လား… မင်းက အခုမှ ကောင်းကင်ဘုရင်တစ်၀က်အဆင့်ပဲရှိသေးတယ်… မင်းသာ အစောပိုင်းကောင်းကင်ဘုရင်အဆင့်လောက် ရောက်နေမယ်ဆိုရင် ငါဒီလောက်ထိ ပူပန်နေမှာမဟုတ်ဘူး…”
ထိုစကားများအားကြားလျှင် ရွှမ်မိသားစုမှ လူများ၏ အမူအရာက ပို၍ ထူးဆန်းလာခဲ့သည်။
သူတို့ထံတွင် အစောပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူအား ပိုင်ဆိုင်ထားခြင်းမရှိချေ။ သို့သော် အထွတ်အထိပ်ကောင်းကင်ဘုရင် အဆင့်ထက်ပင် ကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူအား ပိုင်ဆိုင်ထား၏။
ရွှမ်ဘိုးဘေးက ချောင်းဟန့်ပြီး ရှင်းပြရန်ပြင်လိုက်စဉ် ရွှမ်ဘိုးဘေး(၁၁)က ကြားဖြတ် တားဆီးလိုက်သည်။
“ (၁၂)လေး… ဒီကလေးတွေက လောကကြီးအကြောင်းနားမလည်သေးဘူး… မင်းက အသက်ကြီးနေပြီလေ… ဘာလို့ မစဉ်းစားတတ်ရတာလဲ…. မြန်မြန်လုပ် ကလေးတွေကိုခေါ်ပြီး ပြေးတော့… ငါတို့(၂)ယောက် ဒီမှာနေပြီး ခုခံထားမယ်…..”
ဝုန်း… ဘန်း…
ထိုအချိန်တွင် ကောင်းကင်ထက်၌ ရုတ်တရက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။
စိတ်ဝိညာဉ်အလင်းတိုင်ကြီး(၄)ခု ကောင်းကင်ထက်၌ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းက မည်သည်နေရာ၍ ဖြစ်ပေါ်လာပါစေ မြင်ရသူတိုင်းအား ထိတ်လန့်သွားစေမည်မှာ အသေအချာပင်။
သို့သော် ရွှမ်မိသားစုမှ လူများကမူ ထိုမြင်ကွင်းအားကြည့်ကာ ဆွံ့အနေကြ၏။
လူငယ်တစ်ချို့ အချင်းချင်းတီးတိုးပြောလိုက်ကြသည်။
“ ဟေး.. ဒီမြင်ကွင်းက တော်တော်ရင်းနှီးနေသလိုပဲ…”
“ မဟုတ်သေးဘူး… အရင်တစ်ကြိမ်က အခုထက် အများကြီးပိုအားကောင်းတယ်….”
“ ငါတို့ သခင်လေးရွှမ် သူတို့ကို ဓားဘယ်နှစ်ချက်နဲ့ အနိုင်ယူမလဲ လောင်းရအောင်… ငါကတော့ တစ်ချက်ပဲလို့လောင်းတယ်….”
“ ဟ.. ဒါဆို မင်းနဲ့ ဘယ်သူကလောင်းမှာလဲ… လူတိုင်း အဲ့လိုပဲတွေးနေတာကို….”
ကံကောင်းစွာဖြင့် ထိုလူငယ်များက စိတ်ချင်းဆက်သွယ်ကာ ပြောနေ၍ တော်တော့သည်။
မဟုတ်ပါက ၎င်းတို့စကားကြောင့် ရွှမ်ဘိုးဘေး(၁၁)နှင့် ဆံဖြူအဘိုးအိုတို့ သွေးအန်သွားပေလိမ့်မည်။
“ တားဆီးချင်တာလား… ဟမ့် လူအိုကြီးရွှမ်.. မင်းက ငါတို့ ညီအစ်ကို (၄)ယောက်ကို တကယ်ပဲ တားဆီးနိုင်မယ်လို့ ထင်နေတာလား…”
မောက်မာသော စကားသံတစ်ခုက ကောင်းကင်ထက်မှ ဟိန်းထွက်လာခဲ့သည်။
ကောင်းကင်ဘုရင်အဆင့် အရှိန်အဝါများက အတားအဆီးမရှိထွက်ပေါ်နေခဲ့ပြီး ကောင်းကင်ဘုရင်အဆင့်သို့မရောက်သေးသည့် ရွှမ် ဘိုးဘေး(၁၁)မျက်နှာ ဖြူဖတ်ဖြူလျော်ဖြစ်သွား၏။
“ ဟောင်တျန်… အဲ့နှစ်တွေတုန်းက ငါအမှားလုပ်ခဲ့တယ်ဆိုတာ ၀န်ခံပါတယ်… အဲ့တာတွေအတွက် တောင်းပန်တဲ့အနေနဲ့ ရွှမ်မိသားစုမှာရှိတဲ့ နတ်ဘုရားအရင်းအမြစ်တွေအားလုံး မင်းကိုပေးမယ်….”
ရွှမ်မိသားစုမှလူများ ထွက်ပြေး မလွတ်မြောက်နိုင်တော့သည်ကိုမြင်လျှင်…
ဆံဖြူအဘိုးအို အံကြိတ်လိုက်ပြီး သူ၏ မှော်ရတနာအား အသက်သွင်းလိုက်သည်။ ထိုအခါ စိတ်ဝိညာဉ်စွမ်းအင်များ ကောင်းကင်ထက်သို့ ဖြန့်ကျက်သွားပြီး ရှေးဟောင်း ကောင်းကင်ဘုရင်(၄)ယောက်နှင့် ရင်ဆိုင်လိုက်၏။
“ ရွှမ်မိသားစုရဲ့ သွေးမျိုးဆက်ကို ဆက်လက်ထိန်းသိမ်းခွင့်ပေးမယ်ဆိုရင်.. ရွှမ်မိသားစု ပိုင်ဆိုင်သမျှ မင်းတို့ကိုပေးမယ်….”
ရွှမ်ဘိုးဘေး(၁၁)လည်း အံကြိတ်ကာထပ်ပြောလိုက်သည်။
“ဟားဟားဟား… ဟာသပဲ…”
ရှေးဟောင်း ကောင်းကင်ဘုရင်(၄)ယောက်ထဲမှ အငယ်ဆုံးလူက လှောင်ရယ်လိုက်ပြီး
“ ငါ့စိတ်ကူးကတော့ ပထမဆုံး မင်းတို့(၂)ယောက်ကိုသတ်မယ်… ပြီးရင် ရွှမ်မိသားစု တစ်ခုလုံးကို သတ်မယ်… နောက်ဆုံး ရွှမ်မိသားစုပိုင်ဆိုင်သမျှကို ယူသွားမယ်ကွာ… ဘယ်လိုလဲ….”