အခန်း (၃၅၇)
Vol. 24 Ch. 357
“ ညီလေး… မင်းပြောတာမှန်တယ်… သူတို့နဲ့ အကျိုးမရှိတဲ့စကားတွေပြောတာ ရပ်ပြီး ချက်ချင်း အားလုံးသတ်လိုက်ကြစို့…”
“ ဟားဟားဟားဟား…”
ထိုအချိန်တွင် ရွှမ်မိသားစုမှ (၁၅) (၁၆)နှစ် ၀န်းကျင် လူငယ်လေးတစ်ယောက် ထံမှ ရယ်သံထွက်ပေါ်လာသည်။
သူက ထို(၄)ယောက်စကားများအား မခံစားနိုင်တော့သည်ဖြစ်ရာ အားရပါးရ ထရယ်လိုက်ခြင်းဖြစ်၏။
သို့ဖြစ်ရာ ကျန်လူငယ်များလည်း မနေနိုင်တော့ဘဲ ထို(၄)ယောက်အား လက်ညှိုးထိုးလျက် ဗိုက်နှိပ်ကာ ရယ်ကြတော့သည်။
သူတို့ကြည့်ရသည်မှာ ကမ္ဘာပေါ်မှ အရယ်ရဆုံးသော ဟာသတစ်ပုဒ်အား ကြားလိုက်ရသည့်အလားပင်။
ရွှမ်မိသားစုမှ လက်ရှိဘိုးဘေးပင် ထိုလေးယောက်အား ကူကယ်ရာမဲ့စွာကြည့်နေခဲ့၏။ မျက်၀န်းများထဲ၌ ကြောက်ရွံ့မှုတော့မရှိချေ။
ထိုအစား သနားဟန်များသာ ပါ၀င်နေ၏။
လက်ရှိ အခြေအနေကြောင့် ရွှမ်ဘိုးဘေး(၁၁) မူးမိုက်သွားသလို ခံစားလိုက်ရသည်။
‘ ဘာတွေဖြစ်နေတာလဲ…’
‘ ငါအကျဉ်းကျနေတုံး အပြင်လောကကြီးက ပြောင်းလဲသွားပြီလား…’
သူမျိုးဆက်တွေက ရှေးဟောင်း ကောင်းကင်ဘုရင်များနှင့် ဆုံတွေ့နေသည့်တိုင် အဘယ်ကြောင့် မကြောက်ရွံ့ရသနည်း။
သို့သော် အားတက်သွားခြင်းကားမရှိချေ။ အလွန်စိတ်ဓာတ်ကျနေမိ၏။
ထို့အပြင် ရွှမ်မိသားစုမှ လူငယ်မျိုးဆက်များ၏ တုံ့ပြန်မှုကြောင့် ကောင်းကင်ထက်မှ (၄)ယောက် အလွန်ဒေါပွနေကြချေပြီ။
“ ရွှမ်မိသားစု.. မျှော်လင့်ထားသလိုပဲ.. အားလုံး သေသင့်တယ်…”
“ ရွှမ်မိသားစုကို သွေးနဲ့ဆေးကြစို့… တစ်ယောက်မှ မလွတ်စေနဲ့…”
(၂)ယောက်ကပြောနေစဉ် ကျန်(၂)ယောက်က လက်တွေ့ အကောင်အထည်ဖော်လိုက်ကြ၏။
“ ကောင်းကင်ဘုံ ဆီးလ်ခတ်ခြင်း အစီအရင်… အားလုံး ထွက်ပြေးမရအောင် ပိတ်ဆို့ပြီး အထဲမှာ သန့်စင်ပစ်မယ်…”
“ စတုတ္ထညီလေး… မင်းက အရမ်းဖြုန်းတီးချင်တာပဲ… ရွှမ်မိသားစု မိုက်မဲပေမယ့် သူတို့ဆီမှာ အရည်အချင်းမြင့်မားတဲ့လူတွေရှိနေသေးတယ်… ဒီတိုင်း သတ်လိုက်ဖို့က နည်းနည်း နှမျောဖို့ကောင်းနေမလားလို့…”
အကြီးဆုံးဖြစ်သော ဟောင်တျန်က အောက်သို့ကြည့်ရင်း နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်သည်။
“ ငါမြေအောက်နန်းတော်က လွတ်လာပြီးနောက်ပိုင်း ရှေးဟောင်းဆေးနည်းတစ်ခုရခဲ့တယ်… အဲ့တာက လူသားတွေရဲ့ သွေးနဲ့ဝိညာဉ်ကို ပေါင်းစပ်သန့်စင်ရတဲ့ သွေးဝိညာဉ်ဆေးလုံးပဲ… ရွှမ်မိသားစုမှာ ရှိတဲ့လူအရေအတွက်နဲ့ဆိုရင် ဆေးလုံးကြီးတစ်လုံး သန့်စင်ဖို့လုံလာက်တယ်….”
စကားဆုံးသည်နှင့် ဟောင်တျန်ထံမှ စိတ်ဝိညာဉ်စွမ်အင်များ ဖြာထွက်လာပြီး စိတ်ဝိညာဉ်စွမ်းအား အလင်းတန်း (၇)ခုထွက်ပေါ်လာ၏။
ထို့နောက် ၎င်းအတွင်းသို့ စိတ်ဝိညာဉ်ဒြပ်စင် (၇)ခု ပေါင်းစပ်သွားပြီး အလင်းတိုင်လုံးကြီး (၇)လုံးအဖြစ် ပြောင်းလဲသွားလေသည်။
မျက်စိတစ်မှိတ်အတွင်း ရွှမ်မိသားစုက ၎င်းအတွင်း ပိတ်ဆို့ခံလိုက်ရ၏။
“ သွေး ၊ ဝိညာဉ် သန့်စင်ခြင်း… နိုးထလော့…”
ဟောင်တျန်က လျှာဖျားကို ကိုက်လိုက်ပြီး အလင်းတိုင်လုံး (၇)ခု ရှိရာသို့ သွေးမြှားတစ်စင်း ပစ်လွှတ်လိုက်သည်။
ငွေရောင်ဖျော့ဖျော့သန်းနေသည့် အလင်းတိုင်လုံးများက ချက်ချင်း သွေးရောင်နီရဲသွား၏။
သွေးဖြင့်ထိတွေ့ခဲ့ပြီးနောက် အလင်းတိုင်လုံး(၇)ခု၏ စွမ်းအားက အဆပေါင်းများစွာ ခုန်တက်သွားလေသည်။
၎င်းတို့မှ တဆင့် အလွန်ကြီးမားကာ ကျယ်ပြန့်သည့် သွေးကွန်ယက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရွှမ်မိသားစုအား ဖုံးလွှမ်းသွားခဲ့၏။
“ ပြီးသွားပြီ…ဒီအစီအရင်မှာ ငါချိုးဖျက်ဖို့အတွက် ဟာကွက်ရှာမရဘူး…”
ဆံဖြူ အဘိုးအိုက စိတ်ပျက်လက်ပျက်ဖြင့် ငြီးညူလိုက်ကာ
“ မိတ်ဆွေကြီး… နောက်ဆုံးတော့ မင်းနဲ့ ငါနဲ့ ဒီအချိန်ကို ရောက်လာခဲ့ပြီပဲ…”
အသံတိုးတိုးဖြင့်ပြောလိုက်၏။
ရွှမ်ဘိုးဘေး(၁၁)လည်း ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီး
“ မင်းကို ဒီအခြေနေထဲ ဆွဲခေါ်မိတဲ့အတွက် တောင်းပန်ပါတယ်ကွာ… ဟင်း… ကလေးတွေအတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်… ဖြစ်ချင်တော့….”
လက်ရှိ ရွှမ်ဘိုးဘေး၏ နှုတ်ခမ်းထောင့်များ တုန်ခါသွားပြီး
“ အဘိုး… ကျွန်တော်…..”
“ (၁၂)လေး ဘာမှမပြောနဲ့တော့… ဒါပေမယ့် မင်းအဘိုးကို စိတ်မဆိုးပါနဲ့ကွာ…”
ရွှမ်ဘိုးဘေး(၁၁) သက်ပြင်းချလိုက်၏။
နောက်ဆုံးအချိန်သို့ ရောက်နေတာတောင် သူ့မြေးမြစ်တွေက အဘယ်ကြောင့် ယခုကဲ့သို့ တည်ငြိမ်နေကြသနည်း။
အထူးသဖြင့် ယခင်က သူတို့အား အနည်းငယ်စိတ်ဆိုးစေခဲ့သော လူငယ်လေးဖြစ်၏။ သူက လက်နောက်ပစ်လျက် တည်ငြိမ်စွာရပ်ကာ တစ်နေရာသို့ ကြည့်နေခဲ့သည်။
ထိုအချိန်တွင် ဆံဖြူအဘိုးအိုလည်း ရွှမ်ယီအား ကြည့်လိုက်မိပြီး သူကြည့်နေသော နေရာသို့ လိုက်ကြည့်လိုက်လျှင်…
“ မိတ်ဆွေကြီး စိတ်မပူနဲ့တော့… ငါ ဟာကွက်ကိုတွေ့ပြီ…”
ရွှမ်ဘိုးဘေး(၁၁)အား လှမ်းဆွဲလိုက်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်၏။
စကားဆုံးသည်နှင့် သူ၏ အသက်လက်နက်အား ဆင့်ခေါ်လိုက်သည်။ ထိုအခါ ရွှေရောင်စွမ်းအားများ ဖုံးလွှမ်းနေသည့် တုတ်တစ်ချောင်း ထွက်ပေါ်လာ၏။
( အသက်လက်နက် - မိမိ၏ အသက်ဓာတ်စွမ်းအားဖြင့် ချိတ်ဆက်ထားသည့် မှော်ရတနာ (မှော်လက်နက်) ကိုပြောတာပါ ။ အဆင့်တူချင်းဆိုရင်တောင် သာမန် လက်နက်တွေထက် အစွမ်းထက်ပြီး ဖျက်စီးခံရရင် တန်ပြန်ဒဏ်အများကြီး ခံစားရပါတယ် )
ထိုလက်နက်ပေါ်တွင် တာအိုအမှတ်အသားများ ပါရှိသော်လည်း ပျက်စီးနေချေပြီ။
သို့သော် ၎င်း၏ စွမ်းအားက အလွန်မြင့်မားနေဆဲပင်
ဘုန်း..
သူက လက်တွင်းမှ ရွှေတုတ်အား စွမ်းအားကုန်ထုတ်ဖော်လိုက်လျှင် ရွှေရောင်စွမ်းအားများ ကောင်းကင်နှင့် မြေပြင်သို့ ပျံ့နှံ့သွားခဲ့၏။ ထို့နောက် ရွှမ်ယီ ကြည့်နေသောနေရာသို့ အားကုန်တိုက်ခိုက်လိုက်သည်။
ဘန်း…
သွေးကွန်ရက်၌ အပေါက်တစ်ခုဖြစ်သွားခဲ့ပြီး ဆံဖြူအဘိုးအိုက ၎င်းအတွင်းမှ ပြေးထွက်သွားခဲ့၏။
သူက လက်ထဲမှ ရွှေတုတ်ချောင်းအား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ဟန်ဖြင့်
“ ဟောင်တျန်နဲ့ ကျန်တဲ့(၃)ကောင် နားထောင်စမ်း… မင်းတို့ ရွှမ်မိသားစုကို ဖျက်ဆီးချင်တယ်ဆိုရင် ငါ့အလောင်းထက်က ဖြတ်ကျော်သွားမှ ရလိမ့်မယ်…”
“ ငါ့အသက်ကိုရင်းပြီးတိုက်ရင် မင်းတို့ထဲက အနည်းဆုံး တစ်ယောက်တော့ အပါခေါ်သွားနိုင်မှာ အသေအချာပဲ…”
သူ၏ စကားမဆုံးခင်မှာပဲ ကောင်းကင်ထက်၌ လေဟာနယ် အပြောင်းအလဲများ ဖြစ်ပေါ်လာပြန်သည်။
နောက်ထပ် ရှေးဟောင်းကောင်းကင်ဘုရင်(၂)ယောက် ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့ အရှိန်အဝါများက ဟောင်တျန်တို့(၄)ယောက်ထက် ပိုမိုမြင့်မားနေ၏။
“ မင်း.. ဘာတွေ လာပြောနေဝာာလဲ…”
ဟောင်တျန်က လှောင်ပြုံးရင်းပြောလိုက်၏။
ထိုရောက်လာသူများက သူ့အား ကူညီရန် ဖိတ်ခေါ်ထားသူများဖြစ်ပေသည်။
ကောင်းကင်ဘုရင်(၆)ယောက် နှင့် (၁)ယောက်…
ဆံဖြူအဘိုးအို အသေခံတိုက်ခိုက်လျှင်ပင် သူတို့ဘက်၌ တစ်စုံတစ်ရာ ထိခိုက်မည်မဟုတ်ပေ။
“ မိတ်ဆွေကြီး(၂)ယောက်… ရွှမ်မိသားစုကို ရှင်းဖို့ ကူညီပါဦး…”
ဟောင်တျန်က ရောက်လာသူများအား ချက်ချင်းနှုတ်ဆက်လိုက်၏။
သို့သော် ဆက်လက်ဖြစ်ပေါ်လာသည့် မြင်ကွင်းက လူတိုင်းအား မှင်သက်သွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အသစ်ရောက်လာသူ(၂)ယောက်က ချက်ချင်း ရွှမ်မိသားစု မြေပြင်သို့ တိုက်ရိုက်ဆင်းသွားခဲ့ကြသောကြောင့် ဖြစ်၏။
သူတို့က ဟောင်တျန်တို့ (၄)ယောက်အား လှည့်ပင်မကြည့်ခဲ့ချေ။
မြင်ပြင်သို့ရောက်သည်နှင့် ချက်ချင်း ဒူးထောက်ချလိုက်ကြ၏။ ထို့နောက် သိုလှောင်အိတ်အား ပုတ်လိုက်ပြီး တောင်ငယ်လေးတစ်ခုအလား ပစ္စည်းအပုံလိုက် ထုတ်ယူလိုက်ကြသည်။
၎င်းတို့ ထုတ်လိုက်သည့် တောင်ငယ်လေးအလား ပစ္စည်းများက နတ်အရင်းမြစ်(၁)ထောင်ဂျင် နီးပါးဖြစ်၏။
“ လက်ထောက် ဌာနမှူးရွှမ်… ကျုပ်တို့ မျက်လုံးရှိရဲ့သားနဲ့ တိုင်တောင်ကြီးကိုတောင် မမြင်နိုင်ခဲ့ကြပါဘူး… သူများ စကားနားယောင်ပြီး ဒီနေရာကို ရောက်လာမိပါတယ်…လက်ထောက် ဌာနမှူးရွှမ်နဲ့ လုံး၀ရန်သူ မဖြစ်လိုပါဘူး… ကျေးဇူးပြုပြီး ဒီတစ်ကြိမ်ခွင့်လွှတ်ပေးပါ… ကျုပ်တို့ ပိုင်သမျှအရာအားလုံးကို လျော်ကြေးအဖြစ်ပေးအပ်ပါ့မယ်….”