← Chapters

အခန်း (၃၅၉)

Vol. 24 Ch. 359

အခန်း (၃၅၉)

Vol. 24 Ch. 359

အစပိုင်းတွင် ရွှမ်ယီက ပထမရောက်လာသည့် ညီအကို (၄) ယောက်အား သူအရင်ဆုံးဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပြီး နောက်မှရောက်လာသည့် (၂) ယောက်ကို ပင်းယုအား ကိုင်တွယ်စေရန် စဉ်းစားထား‌လေသည်။

သို့သော် သူတို့က သူရဲဘောကြောင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရောက်လာသည်နှင့် သူ့ရှေ့၌ ချက်ချင်းဒူးထောက် အရှုံးပေးခဲ့ကြ၏။

သို့သော် ၎င်းတို့အပေါ်ထားရှိသည့် သူ၏သတ်ဖြတ်လိုသည့် ဆန္ဒကိုမူ လျော့ပါးသွားစေခြင်းမရှိချေ။

မြက်ပင်ပေါင်းပင်များအား အမြစ်မှ မရှင်းလင်းလိုက်ပါက အမြဲတမ်းပြန်လည်ပေါက်ဖွားနေပေလိမ့်မည်။

ထို့အပြင် မြေအောက်နန်းတော်မှထွက်လာသည့် ရှေးဟောင်းကျင့်ကြံသူများမှာ အလွန်များပြားလှ၏။

မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့အား နောက်ဆုတ်သွားစေရန်အတွက် နဂါးမှန်းသိအောင် အမောက်ထောင်ပြထားရန်လိုအပ်သည်။

ထို့ကြောင့် ရွှမ်ယီက ဖန်ဂျီဓါးအား ဓါးအိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်။

အလွန်ထက်မြိလွန်းလှသည့် ဓါးချီနှင့်သတ်ဖြတ်ခြင်းအငွေ့အသက်တို့ တစ်ပြိုင်နက်တည်း ပြင်းထန်စွာထွက်ပေါ်လာသည်။

ဓါးအနည်းငယ်ထွက်ပေါ်လာသည်နှင့် ကောင်းကင်ဘုရင် ညီအကို (၄) ယောက်တို့အား လုံးလုံးဖိနိုပ်နိုင်ခဲ့သည်။

ထိုဓါးမှ ထွက်ပေါ်လာသည့် အရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။

ဓါးအိမ်အတွင်းမှ ဓါးအနည်းငယ်သာ ထွက်ပေါ်လာသေးသည့်တိုင် ထိုလူများက ၎င်းတို့အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်တောင် အနိုင်ရမည်မဟုတ်မှန်းနားလည်သွားကြသည်။

ဤသို့ဖြင့် သူတို့၏ မာနများအား ခဝါချလိုက်ကြသည်။ ထို့နောက် ဒူးထောက်လိုက်ကြ၏။

“ ဘုရင်ရွှမ်ယီ… ကျုပ်တို့ရိုင်းပြခဲ့ပါတယ်… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ… ကျုပ်တို့ ချက်ချင်းပြန်ဆုတ်ခွာပေးပါ့မယ်… ပြီးတော့ နတ်ဘုရားအရင်းအမြစ် ဂျင်(၁)ထောင်ကိုလည်း လျော်ကြေးအနေနဲ့ ပေးအပ်လိုပါတယ်…”

“ အိုး… နတ်ဘုရားအရင်းအမြစ် ဂျင် (၁)ထောင်လား…”

ရွှမ်ယီ၏ အမူအယာက သာမန်အတိုင်းသာဖြစ်ပြီး အနည်းငယ်မျှ မပြောင်းလဲသည်ကိုမြင်လျှင် ဟောင်တျန် အံကြိတ်လိုက်ပြီး နာကျင်စွာဖြင့်

“ ဂျင် (၃) ထောင်… မဟုတ်သေးဘူး… ကျုပ်တို့မိသားစု ပိုင်ဆိုင်သမျှ အရင်းအမြစ်တွေအားလုံးကို လွှဲပေးပါမယ်…”

သို့သော် ဓါးအားဆွဲထုတ်တေသည့် ရွှမ်ယီ၏ လက်ကမူ အနည်းငယ်မျှ ရပ်သွားခြင်းမရှိချေ။

ဘန်း…

ဓါးတစ်ချောင်းလုံးထွက်ပေါ်လာသည်နှင့် ကောင်းကင်ထက်သို့ အရှိန်အဝါကြီးတစ်ခုဖြာထွက်သွား၏။

“ခင်များတို့ကို သတ်ပြီးသွားရင် အဲ့အရာတွေအားလုံး သဘာဝအတိုင်းကျုပ်လက်ထဲကိုရောက်လာလိမ့်မယ်…”

စကားဆုံးသည်နှင့် နီရဲတောက်ပနေသည့် ဓါးအလင်းတစ်ခု ကောင်းကင်ထက်သို့ ပြေးထွက်သွားပြီး ကြယ်ရောင် ၊ လရောင်များပင် ဓါးအလင်းအောက်၌ မှေးမှိန်သွားသည့် အလားပင်။

“ ဒါက… ဘယ်လိုဖြစ်နိုင်မှာလဲ…”

ဆံဖြူအဘိုးအိုက တည်ငြိမ်စွာတိုက်ခိုက်လိုက်သည့် ရွှမ်ယီအား မယုံနိုင်စွာကြည့်လိုက်သည်။

ယခင်က ကျားများ ၊ ဝံပလွေများဟု ထင်မှတ်ရသည့် ရှေးဟောင်းကောင်းကင်ဘုရင် (၆) ယောက်လုံး အော်သံပင်မထွက်လိုက်နိုင်ပဲ ‌ဓါးချက်အောက်၌ ပြာမှုန့်များအဖြစ် တိုက်ရိုက်ပြောင်းလဲသွားခဲ့သည်။

သတိပြန်လည်လာစေရန် တော်တော်လေးကြိုးစားလိုက်ရ၏။

ထို့တောက် အံ့ဩမှုများပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ရွှမ်ယီအားကြည့်လိုက်မိသည်။

ရွှမ်မိသားစုမှ ဘိုးဘေး (၁၁) ၏ရင်ထဲ၌ ဖြစ်ပေါ်နေသော တုန်လှုပ်မှုက စကားလုံးများဖြင့် ဖေါ်ပြရန်ခက်ခဲလွန်းလှသည်။

လာနောက်နေတာလား…?

၎င်းတို့မှာ ရှေးဟောင်းကောင်းကင်ဘုရင် (၆) ယောက်ဖြစ်ကြ၏။

သူတို့က လမ်းဘေးခွေးများမဟုတ်ချေ။

၎င်းတို့အနက်မှ တစ်ယောက် ထိပ်တန်းဒေသကြီး (၁၀) ခု၌ပေါ်လာလျှင်ပင် ခြေတစ်လှမ်းဖြင့် ဒေသတစ်ခုလုံး တုန်ခါသွားစေနိုင်စွမ်းရှိသည်။

ဒါပေမယ့် အခု ထိုလူငယ်လေးက ဓါးတစ်ချက်တည်းနဲ့ တကယ်ကြီး သတ်ပစ်လိုက်တာလား…?

ဤမြင်ကွင်းအား ကိုယ်တိုင်မျက်လုံးဖြင့် မမြင်ရလျှင် ဘယ်လိုမှ ယုံကြည်နိုင်မည်မဟုတ်ချေ။

မဟုတ်သေးဘူး… မျက်လုံးနဲ့မြင်ရ‌တာတောင်မယုံနိုင်သေးဘူး…!

သူ၏ သားမြေးများ ဤနေရာ၌ရှိနေခြင်းမဟုတ်ပါက သူ့ မိတ်ဆွေအား မိမိ၏ပါးကို ရိုက်ခိုင်းစေချင်မိသည်။

မြေအောက်နန်းတော်မှထွက်လာသည်မှအစ ယခုအချိန်အထိ အစစ်အမှန်လား အိပ်မက်လားဆိုသည်ကို အတည်ပြုချင်နေ၏။

နောက်ဆုံးတွင် လက်ရှိရွှမ်ဘိုးဘေးက ပတ်ဝန်းကျင်မှ ‌ထူးဆန်းနေသော လေထုအား သည်းမခံနိုင်တော့ပဲ ဘိုးဘေး (၁၁) အနားသို့ ကပ်လိုက်ပြီး

“ အဘိုး… စီနီယာ… ဘာလို့ကျုပ်တို့ အိမ်ပြန်ပြီး ခဏလောက်မနားကြမှာလဲ…”

ထိုစကားကြားမှ ရွှမ်ဘိုးဘေး (၁၁) ပြန်လည်အသိဝင်လာ၏။ သူက ချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး

“ ဟုတ်… ဟုတ်တယ်… ဟုတ်တယ်… (၁၂)လေး ငါတို့အိမ်ကိုအရင်ပြန်ရအောင်… မင်းငါနဲ့လိုက်ခဲ့… ပြီးသွားရင် ဘာတွေဖြစ်နေတာလဲဆိုတာ ရှင်းပြဦး…”

ရွှမ်ဘိုးဘေး (၁၁) နှင့်ယှဉ်ပါက ဆံဖြူအဘိုးအို၏ နှလုံးသားထဲမှ တုန်လှုပ်မှုက ပိုမိုများပြားလှသည်။ ထိုရွှမ်မိသားစုမှ လူငယ်လေးက ယခုမှ ကောင်းကင်ဘုရင်တစ်ဝက်ဆင့်ကျင့်ကြံသူဖြစ်သည်မှာ ထင်ရှားသော်လည်း သူ၏စွမ်းအားကမူ အလွန်ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေချေပြီ။

နန်ကျိုးအား မဆိုထားနှင့် ဤကမ္ဘာကြီးတစ်ခုလုံးမှ လူငယ်ကျင့်ကြံသူများထဲတွင်ပင် ထိုမျှ အရည်အချင်းရှိသူ ရှာတွေ့နိုင်မည်မဟုတ်ချေ။

အစောပိုင်းတွင် သူက ထိုလူငယ်အား အနည်းငယ်ကျွဲမှီးတိုကာ မာန်မဲမိခဲ့၏။ အကယ်၍ ထိုလူငယ်သာ သူ့အား ရန်ငြိုးထားနေပါက မည်သို့ဆက်လုပ်ရမည်နည်း။

သူဒုက္ခရောက်ပေတော့မည်။

သို့သော် ရွှမ်ယီက လေဟာနယ်ဘုရင်(ဆံဖြူအဘိုးအို)အား ဖော်ရွေစွာ ပြုံးပြလိုက်သည်။

ရွှမ်ယီက မိမိကိုယ်ကိုယ်မိမိ အလွန်ကောင်းမွန်လှသော လူကောင်းတစ်ယောက်ဟုမယူဆထားသော်လည်း ကျေးဇူးတရားနှင့် အမုန်းတရားများကိုမူ ကောင်းမွန်စွာ ခွဲခြားနားလည်နိုင်ဆဲဖြစ်သည်။

ဖြစ်စဉ်အစမှ အဆုံး ထို ရွှမ်ဘိုးဘေး (၁၁) ၏မိတ်ဆွေက ရွှမ်မိသားစုအပေါ် အလွန်သစ္စာရှိခဲ့သည်။

ရွှမ်မိသားစုမှ မျိုးဆက်များ လွတ်မြောက်ရန်အတွက် မိမိအသက်ကိုပင် စတေးရန် အသင့်ဖြစ်နေခဲ့သည်။

ယခုတွင် ထိုဆံဖြူအဘိုးအိုက သေဆုံးခဲ့ခြင်းမရှိသော်လည်း ရွှမ်ယီက ထိုကျေးဇူးတရားအား နှလုံးသားထဲ၌ နက်ရှိုင်းစွာ မှတ်သားထားခဲ့သည်။

လေဟာနယ်ဘုရင်၏ အတွေးများအား နားလည်ဟန်ဖြင့် ရွှမ်ယီက အနည်းငယ်ပြုံးလိုက်ပြီး

ထိုကောင်းကင်ဘုရင် ရီနှင့်ယွဲ့တို့ပေးအပ်ခဲ့သည့် နတ်ဘုရားအရင်းအမြစ်များအား စိတ်ဝိညာဉ်စွမ်းအားဖြင့် သယ်ဆောင်လိုက်ပြီး လေဟာနယ်ဘုရင်ရှိရာသို့ ပို့လွှတ်လိုက်သည်။

“ ဒါက…”

သူ့ထံသို့ လွင့်မျောလာနေသည့် နတ်ဘုရားအရင်းအမြစ်များအား ကြည့်ပြီး လေဟာနယ်ဘုရင် နားမလည်နိုင်ဖြစ်သွားရသည်။

ရွှမ်ယီက ပြုံးလိုက်ပြီး

“ စီနီယာ… စီနီယာက ကျုပ်တို့ ရွှမ်မိသားစုကို ကူညီဖို့အတွက် အသက်ပေးဖို့တောင် ဆန္ဒရှိခဲ့တယ်… ဒီလိုခင်မင်ရင်းနီးမှုမျိုးအတွက် ကျုပ်တို့ရွှမ်မိသားစုက စီနီယာကို ထာဝရကျေးဇူးတင်နေမှာပါ… ဒါက ကျေးဇူးတင်ကြောင်းပြတဲ့ လက်ဆောင်သေးသေးလေးပါပဲ… ကျေးဇူးပြုပြီး မငြင်းပါနဲ့…”

“ ဟမ်…”

ရွှမ်ယီ၏ စကားအားကြားလျှင် လေဟာနယ်ဘုရင် တစ်ခဏမျှ မှင်သက်သွားပြီးနောက် နတ်ဘုရားအရင်းအမြစ်များအား ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်မိလိုက်သည်။

သူ၏စိတ်ထဲတွင်ဘပထမဆုံးဖြစ်ပေါ်လာသည်က ငြင်းဆိုရန်ဖြစ်သော်လည်း သူ၏မျက်လုံးများကမူ နတ်ဘုရားအရင်းအမြစ်များမှ ခွာမရတော့ချေ။

ထိုနတ်ဘုရားအရင်းအမြစ် ဂျင် (၁)ထောင်လောက်က ရွှမ်ယီ၏ မျက်လုံးထဲတွင် အသေးအဖွဲ့သာဖြစ်၏။

သို့သော် ကောင်းကင်ဘုရင်အစောပိုင်းအဆင့်၌သာရှိသေးသည့် လေဟာနယ်ဘုရင်အတွက် နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်ထိရောက်အောင် ကျင့်ကြံရန် လုံလောက်၏။

လေဟာနယ်ဘုရင်အားမဆိုထားနှင့် ရွှမ်ဘိုးဘေး (၁၁) ပင်လျှင် ထိုနတ်ဘုရားအရင်အမြစ်ပုံကြီးအားကြည့်ကာ မူးနောက်နောက်ဖြစ်နေ၏။

သို့သော် ရွှမ်ယီ၏ စွမ်းအားကို တွေးလိုက်မိလျှင် လျှင်မြန်စွာပြန်လည်တည်ငြိမ်သွားလေသည်။

ရွှမ်ယီအနေဖြင့် ထိုကဲ့သို့ နတ်ဘုရားအရင်းအမြစ်များရရှိရန် အလွန်လွယ်ကူသည်မဟုတ်ပေလော။

ထို့အပြင် ရွှမ်ယီက ဟောင်တျန်တို့ ညီအကို (၄) ယောက်အား သတ်ဖြတ်ခဲ့သည်ဖြစ်ရာ သူတို့နောက်ကွယ်မှ အင်အားစု၌ ပိုင်ဆိုင်သည့် အရင်းအမြစ်များအားလုံး သဘာဝအတိုင်း ရွှမ်ယီလက်ထဲရောက်သွားပေလိမ့်မည်။

ဟောင်တျန်တို့ ညီအကို (၄) ယောက်ထံမှ အကာအကွယ်ကို ဆုံးရှုံးခဲ့သည့် အင်အားစုက ကမ်းပေါ်သို့ရောက်နေသည့် ငါးများနှင့်မခြားချေ။

ထို့နောက် ရွှမ်ဘိုးဘေး (၁၁) က

“ (၁၂) လေး…. ဒါက ရွှမ်…..”

ယခုအခါမှ သူ့အနေဖြင့် ရွှမ်ယီ၏အမည်ကိုမသိရှိသေးကြောင်း နားလည်သွား၏။

ထိုအခါ ရွှမ်မိသားစု လက်ရှိဘိုးဘေးက

“ စီနီယာ လက်ခံလိုက်ပါ… ပြီးတော့ဒါက ရွှမ်ယီလို့ခေါ်ပါတယ်… ကျုပ်တို့ရွှမ်မိသားစုရဲ့ ကျေးဇူးရှင်ဆိုလဲ မမှားပါဘူး…”

ထိုအခါ ရွှမ်ဘိုးဘေး၏ မျက်ဝန်းများက တစ်စုံတစ်ခုအား တွေးမိလိုက်သကဲ့သို့‌တောက်ပသွား၏။

သူက ပြုံးလိုက်ပြီး

“ ငါ့အနေနဲ့ပြောရမယ်ဆိုရင်… မင်းရဲ့ဂိုဏ်းက မရှိတော့ဘူးမဟုတ်လား… ဘာကြောင့် ငါ့ရဲ့ ရွှမ်မိသားစုကို မလာတာလဲ… ငါ့ရွှမ်မိသားစုမှာ အကြီးအကဲတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်လိုက်လေ… ဒီနတ်ဘုရားအရင်းအမြစ် (၁)ထောင်က မင်းအတွက် ရွှမ်မိသားစုကို ဝင်ရောက်တဲ့ လက်ဆောင်လို့ သဘောထားလိုက်ပေါ့…”

All Chapters