ဟေးယုအို၏ ကံဆိုးမှု....
Vol. 12 Ch. 185
စုန်ဝူယန်၏ လေသံက အနည်းငယ် ထူးဆန်းနေသည်။
" ဘာဆရာလဲ။ ဘာမှမဟုတ်ဘူး။ " နိုလန်ချန်ရှီက အလွန်ဖော်ရွေနေပြီး ယခင် စုန်ဝူယန် မှတ်မိသကဲ့သို့ မောက်မာသော လူတစ်ယောက်မဟုတ်တော့ပေ။
" မင်းအုပ်ချုပ်တဲ့ ကန်လန်ကြယ်က ဒီလိုမြင့်မြတ်တဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက် မွေးထုတ်ပေးနိုင်တာ တကယ်ကိုအံ့ဖွယ်ပါပဲ။ " နိုလန်ချန်ရှီက ပြုံး၍ ပြောလိုက်သည်။
" ဘာကိုပြောတာလဲ။ " စုန်ဝူယန်က နားမလည်နိုင်ဖြစ်သွားသည်။
နိုလန်ချန်ရှီက လီမင်အဖွဲ့အစည်း၏ ဒုဥက္ကဌတစ်ယောက်ဖြစ်သကဲ့သို့ ကန်လန်ကြယ် မပြောနှင့် အဆင့်မြင့် အသက်ဂြိုလ်များကိုပင် အထင်ကြီးခြင်းမရှိပေ။
မြင့်မြတ်တဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက် မွေးထုတ်ပေးနိုင်တာလား။ စုန်ဝူယန်က နားမလည်သေးပေ။ ကန်လန်ကြယ်ပေါ်ရှိ ဆင့်ကဲပြောင်းလဲသူ အရေအတွက်နှင့် သူတို့၏ စွမ်းရည်များကို ကောင်းစွာနားလည်ပြီး နိုလန်ချန်ရှီရည်ညွှန်းသော မြင့်မြတ်သည့် ဆင့်ကဲပြောင်းလဲသူမရှိသည်မှာ သေချာလေသည်။
" အရှင်နိုလန် အရှင်ဘာကိုဆိုလိုလဲဆိုတာ ကျုပ်နားမလည်ပါဘူး။ " စုန်ဝူယန်က သတိထားပြီး မေးလိုက်သည်။
" အော် ဒီသတင်းက ကန်လန်ကြယ်ကို မရောက်သေးတာ ငါမေ့သွားတယ်။ " နိုလန်ချန်ရှီ၏ အပြုံးက ပျောက်ကွယ်သွားခြင်းမရှိဘဲ ပို၍ပင် ဖော်ရွေလာသည်။ " မင်း ရှစ်စန်းတောင်ထိပ်သခင်ကို သိတယ်မဟုတ်လား။ "
" ရှစ်စန်းတောင်ထိပ်သခင်.... " စုန်ဝူယန်က မှင်သက်သွား၏။
သူက ရှစ်စန်းတောင်ထိပ်သခင်ကို သိလေသည်။ ချီခွန်ကြယ်နယ်မြေမှ အခြားကြယ်နယ်မြေများကို စိန်ခေါ်နိုင်သော ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသောကြောင့် သူပင် ဂုဏ်ယူခဲ့ရသေးသည်။
ဝမ်ယန်ကြယ်နယ်မြေမှ တော်ဝင်သားတော်ကိုပင် ပထမတစ်ကြိမ် ရှုံးနိမ့်ပြီး ဒုတိယအကြိမ်တွင် အလွယ်တကူ အနိုင်ယူခဲ့လေသည်။ စုန်ဝူယန်က ရှစ်စန်းတောင်ထိပ်သခင်ကို သိရုံသာမက သူ၏ စိန်ခေါ်ပွဲတိုင်းကိုလည်း ကြည့်ရှုခဲ့သည်။
သို့သော် ရှစ်စန်းတောင်ထိပ်သခင်က သူနှင့် ဘာဆိုင်လို့လဲ။ လီမင်ကြယ်စနစ်က သတ္တိကောင်းနေလျှင် ရှစ်စန်းတောင်ထိပ်သခင်က သူတို့၏ ကြယ်စနစ်မှ ထွက်ပေါ်လာသည်ဟုပင် စိတ်ကူးယဉ်နိုင်လေသည်။
စုန်ဝူယန်အတွက်တော့ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။ ချီခွန်ကြယ်နယ်မြေတွင် ကြယ်စနစ်ရှစ်ခုရှိပြီး အဆင့်မြင့်အသက်ဂြိုလ်ပင် တစ်သန်းကျော်ရှိလေသည်။ ရှစ်စန်းတောင်ထိပ်သခင်က ကန်လန်ကြယ်ကဲ့သို့ အလယ်အဆင့် အသက်ဂြိုလ်လေးမှ ထွက်ပေါ်လာရန် လုံးဝမဖြစ်နိုင်ပေ။
သို့သော်....
" အရှင်နိုင်လန် အဲ့ဒီရှစ်စန်းတောင်ထိပ်သခင်က...." စုန်ဝူယန်က အံ့အားသင့်စွာ မေးလိုက်သည်။
" အမှန်ပဲ..." နိုလန်ချန်ရှီက ခေါင်းငြိမ့်လိုက်သည်။ " ရှစ်စန်းတောင်ထိပ်သခင်က ကန်လန်ကြယ်က လင်းယွမ်လို့ခေါ်တဲ့ ဆင့်ကဲပြောင်းလဲသူပဲ။ "
" ပြီးတော့ ရှစ်စန်းတောင်ထိပ်သခင်က ပြိုင်ပွဲမှာ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာ မင်းသိလောက်ပါတယ်။ " နိုလန်ချန်ရှီက ပုံမှန်အတိုင်း ပြောလိုက်သည်။
" ရှစ်စန်းတောင်ထိပ်သခင်က လင်းယွမ်...." စုန်ဝူယန်က အံ့အားသင့်သွားပြီး ခန နားမလည်နိုင်ဖြစ်သွား၏။ ထို့နောက် သူ၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားပြီး ထိန်းချုပ်မှုကင်းလွတ်လုနီးပါး ဖြစ်သွား၏။
ရှစ်စန်းတောင်ထိပ်သခင်က လင်းယွမ်လား။
" ရှစ်စန်းတောင်ထိပ်သခင်ရဲ့ အထောက်အထားကို လီမင်ပင်မကြယ်က ကြေညာပြီး မကြာခင် ကမ်လန်ကြယ်ကိုလည်း ရောက်လိမ့်မယ်။ ငါ ကြိုပြောတယ်ဆိုတာ မင်းပြင်ဆင်နိုင်ဖို့အတွက်ပဲ။ " နိုလန်ချန်ရှီကပြောလိုက်သည်။ " ပြီးတော့ ငါတို့ ဥက္ကဋ္ဌရဲ့ အစောင့်တပ်ဖွဲ့က ရှစ်စန်းတောင်ထိပ်သခင်ရဲ့ မိသားစုကို ကာကွယ်ဖို့ ကန်လန်ကြယ်ကို ရောက်လာလိမ့်မယ်။ အဲ့ကျရင် မင်းဘာလုပ်ရမလဲဆိုတာ သိမှာပါ။ "
" စိတ်ချပါ အရှင်နိုလန်။ ဥက္ကဋ္ဌရဲ့ အစောင့်တပ်ဖွဲ့ရောက်မလာခင် ဘယ်သူမှမဝင်နိုင်အောင် ကန်လန်ကြယ်ရဲ့ ကာကွယ်ရေးစနစ်ကို လုံးဝပိတ်ထားလိုက်ပါမယ်။ " စုန်ဝူယန်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။
" ဒါဆို ငါ အဲ့ဒီကိစ္စကို အုပ်ချုပ်သူနဲ့ပဲ ထားခဲ့လိုက်တော့မယ်။ " နိုလန်ချန်ရှီက ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
ရှစ်စန်းတောင်ထိပ်သခင်၏ မိသားစုဆီသို့ သူ၏ လီမင်အဖွဲ့အစည်းက အရင်ဆုံးရောက်မည်ဖြစ်သော်လည်း သတိထားခြင်းက အကောင်းဆုံးဖြစ်လေသည်။
" အခု မင်းသွားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်။ ကန်လန်ကြယ်အတွက် အရေးကြီးဆုံး တာဝန်က ဥက္ကဋ္ဌရဲ့ အစောင့်တပ်ဖွဲ့ ရောက်မလာခင် ရှစ်စန်းတောင်ထိပ်သခင်ရဲ့ မိသားစုကို ကာကွယ်ပေးဖို့ပဲ။ " နိုင်လန်ချန်ရှီက ထိုကဲ့သို့ပြောပြီး ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ဒုန်း.....စုန်ဝူယန်က ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
" အရှင်လင်းယွမ်...."
" ရှစ်စန်းတောင်ထိပ်သခင် လင်းယွမ်...." စုန်ဝူယန်၏ စိတ်က တုန်ခါနေသည်။
ဟေးယုမျိုးနွယ်၏ ဖိနှိပ်မှုကြောင့် လူအများက လင်းယွမ်အား ဖိနှိပ်ခဲ့သည်ကို သူက သတိရသွား၏။
" စာရင်းမှတ်ထားလိုက်။ ဟေးယုမျိုးနွယ်က ကန်လန်ကြယ်ကို ကုန်သွယ်မှုဖြတ်တောက်တဲ့ အချိန်မှာ မစ္စတာလင်းကို အပြစ်တင်စော်ကားခဲ့ကြတဲ့ လူတိုင်းကို စာရင်းနဲ့ မှတ်ထားလိုက်။ " စုန်ဝူယန်က ပြင်ဆင်မှုကို ချက်ချင်း စတင်လိုက်သည်။
ရှစ်စန်းတောင်ထိပ်သခင်က ကန်လန်ကြယ်အပေါ်သို့ စိတ်ကွက်သွားမည်ကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။
ဟေးယုအိုက မျိုးနွယ်၏ အကြံပေးအဖွဲ့မှ ပေးအပ်ထားသော အစီအစဉ်ကို ပိုင်ဆိုင်ထားပြီး ဘာမှလုပ်စရာမလိုဘဲ အစီအစဉ်အတိုင်း သွားရန်သာ လိုအပ်လေသည်။
" သခင်လေး လေ့ကျင့်ရေးက ပုံမှန်အတိုင်း သွားနေပြီး ဆင့်ကဲပြောင်းလဲသူတွေရဲ့ ခွန်အားကလည်း မျှော်လင့်ထားသလို တိုးတက်လာပါပြီ။ " အနက်ရောင်ဝတ်စုံနှင့် ဖေးကျောက်က ရလဒ်များကို ရိုသေစွာ အစီရင်ခံလိုက်သည်။
" အင်း..." ဟေးယုအိုက စိတ်ထဲတွင် ကျေနပ်သွား၏
အစီအစဉ်သာ ချောမွေ့နေလျှင် လာမည့် အာရီနာပြိုင်ပွဲတွင် သူလေ့ကျင့်ပေးထားသော ဆင့်ကဲပြောင်းလဲသူများက တောက်ပနေပေလိမ့်မည်။
" ရှေ့ဖြစ်ဟောခြင်းကို လေ့ကျင့်တဲ့ဆင့်ကဲပြောင်းလဲသူတွေက ကြောက်စရာကောင်းတာပဲ။ သူတို့က ဖြစ်နိုင်ချေတွေကို တွက်ချက်ပြီး အကျိုးအများဆုံး ဆုံးဖြတ်ချက်တွေကို ပြုလုပ်နိုင်ကြတယ်။ " ဟေးယုအိုက တွေးလိုက်သည်။
မျိုးနွယ်၏ အကြံပေးအဖွဲ့မှ ပေးအပ်သော အစီအစဉ်စာမရှိလျှင် ဟေးယုအိုက အလားအလာကောင်းသော ဆင့်ကဲပြောင်းလဲသူများကို ရှာဖွေနိုင်မည်မဟုတ်ပေ။
" အဖေ ငါ့ကို ရှာနေတာလား။ " ဟေးယုအိုက အံ့ဩသွား၏။
သတ္တမအလွှာရှိသော ဟေးယုမိုက မျိုးနွယ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး တာဝန်များစွာ ရှိလေသည်။ ဟေးယုအိုကလည်း အငယ်ဆုံးသား ဖြစ်သည့်အလျောက် ဟေးယုမိုနှင့် တွေ့ဆုံချိန်နည်းလေသည်။
" အဖေက ငါ့ရဲ့ တိုးတက်မှုတွေကို သတိပြုမိသွားတာလား။ " ဟေးယုအိုက တွေးလိုက်ပြီး ခေါ်ဆိုမှုကို လက်ခံလိုက်သည်။
ထို့နောက် သူ၏ ရှေ့တွင် အေးစက်သော အော်ရာနှင့် ဟေးယုမို၏ ပုံရိပ်ပေါ်လာသည်။
" ဟေးယုအို..." ဟေးယုမိုက အေးစက်စွာ ပြောလိုက်သည်။ " မင်းကို ခေါ်ဖို့ ငါ လူလွှတ်ထားတယ်။ သူတို့ရောက်လာရင် မဆန့်ကျင်နဲ့။ "
ထိုသို့ပြောပြီး ဟေးယုမိုက ခေါ်ဆိုမှုကို ဖြတ်တောက်သွားသည်။
" ဟမ် " ဟေးယုအိုက စိတ်ရှုပ်သွား၏။ သူ၏ အဖေ ဟေးယုမိုက ထိုအရာလေးပြောရန်အတွက် သူ့ကို ဆက်သွယ်ခဲ့တာလား။
" ငါ့ကို မျိုးနွယ်ဆီ ပြန်ခေါ်တာလား။ " ဟေးယုမိုက တိတ်ဆိတ်သွား၏။
သူက မျိုးနွယ်ဆီ ပြန်ရန် စိတ်ကူးယဉ်နေသော်လည်း သူ၏ ဖခင်၏ စကားများက ဟေးယုမိုကို မသက်မသာ ခံစားရစေလေသည်။
" ဘာဖြစ်လို့လဲ။ " ဟေးယုအိုက မျက်မှောင်ကြုတ်၍ အတွေးနက်နေသည်။
" သခင်လေး..." ဖေးကျောက်က ရုတ်တရက် ဝင်လာသည်။
" လီမင်ပင်မကြယ်က ရှစ်စန်းတောင်ထိပ်သခင်ရဲ့ အထောက်အထားကို ကြေညာလိုက်ပြီ။ "
" အို..." ဟေးယုအိုက စိတ်လှုပ်ရှားသွားပြီး VR ကမ္ဘာသို့ ဝင်၍ အချက်အလက်များကို စစ်ဆေးလိုက်သည်။
" ရှစ်စန်းတောင်ထိပ်သခင်က..... ကန်လန်ကြယ်က လင်းယွမ်...." ဟေးယုအိုက မှင်သက်သွားပြီး VR ကမ္ဘာနှင့် ချိတ်ဆက်မှု ပြတ်တောက်သွားသည်။
ထို့နောက် သူက ပြန်လည်ချိတ်ဆက်ပြီး အချက်အလက်များကို သေချာပြန်ကြည့်လိုက်သည်။
အမှန်တကယ်ပင် ရှစ်စန်းတောင်ထိပ်သခင်မှာ ကန်လန်ကြယ်မှ လင်းယွမ်ပင် ဖြစ်နေသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ဟေးယုအိုက မယုံကြည်နိုင်ဖြစ်နေသည်။ " ရှစ်စန်းတောင်ထိပ်သခင်က ဘယ်လိုလုပ် အလယ်အဆင့် အသက်ဂြိုလ်လေးက ဖြစ်နေတာလဲ။ "
ပို၍ ဆိုးသည်မှာ ရှစ်စန်းတောင်ထိပ်သခင်က သူဖိနှိပ်ခဲ့သော ကန်လန်ကြယ်မှ လင်းယွမ်ဖြစ်နေခြင်းပင်။
" ဘာလို့လဲ။ ငါ ဘာလို့ အဲ့လောက်ကံဆိုးရတာလဲ။ "
အချက်အလက်များက လီမင်ပင်မကြယ်မှ လာခြင်းဖြစ်သော်ကြောင့် မှားယွင်းနိုင်စရာ အကြောင်းမရှိပေ။ မကြာသေးမီက သူ၏ အဖေ ဟေးယုမို၏ ပုံစံကို တွေးမိပြီး ဟေးယုအိုက အခြေအနေကို နားလည်သွားသည်။
" ပြီးသွားပြီ။ " ဟေးယုအို၏ မျက်နှာက မဲမှောင်သွားသည်။
သူက ရှစ်စမ်းတောင်ထိပ်သခင်ကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များကို ကောင်းကောင်း နားလည်လေသည်။ ရှစ်စန်းတောင်ထိပ်သခင်က ထိုကိစ္စကို ခွင့်လွှတ်လျှင်တောင် သူ၏ ဖခင် ဟေးယုမိုက သူ၏ ပုံရိပ်ကို အထိခိုက်မခံနိုင်ပေ။
ဟေးယုအိုက ကြောက်လန့်မှုကြောင့် တုန်ယင်သွားသကဲ့သို့ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်လည်း တိတ်ဆိတ်စွာ ပေါ်လာသည်။
ဟေးယုအို၏ နောက်တွင် ရပ်ပြီး ထိုလူက အေးစက်စွာ ပြောလိုက်သည်။ " မစ္စအို ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ပါ။ "