သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြင်ဆင်ခြင်း...
Vol. 12 Ch. 187
အိမ်တော်ထိန်းထွက်ခွာသွားသောအခါ ဟေးယုမိုက တည်ငြိမ်စွာ စောင့်နေလိုက်သည်။ ရှစ်စန်းတောင်ထိပ်သခင် ဆင့်ခေါ်သည့်အချိန်တွင် သူက လျို့ဝှက်နည်းစနစ်ကို အသက်သွင်းပြီး ဆဋ္ဌမအလွှာမှ ထိုပါရမီရှင်ကို အဆုံးသတ်ပေးရပေလိမ့်မည်။ သူ၏ မျိုးနွယ်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် အရင်းအမြစ်များကို လဲလှယ်ခြင်းဖြစ်သည်။
တောင်ထိပ်ရှိ နန်းတော်ထဲတွင် လင်းယွမ်က ဟေးယုမိုမှာ ဟေးယုအိုကိုခေါ်၍ လာရောက်တောင်းပန်သည့် သတင်းကို ရရှိလိုက်သည်။
သို့သော် လင်းယွမ်က သူတို့နှင့် တွေ့ဆုံရန် ရည်ရွယ်ချက်မရှိပေ။ သူ၏ အသက်တံဆိပ်က စကြာဝဠာနှင့် မပေါင်းစပ်နိုင်သေးမီ လင်းယွမ်က အခြားသူများနှင့် တွေ့ရန် မပြောနှင့် ကျင့်ကြခြင်းကိုပင် ဆိုင်းငံ့ထားခဲ့သည်။
သူ၏ အကိုကြီးက ယခု လင်းယွမ်အတွက် အရေးကြီးဆုံးမှာ သူ၏ အသက်တံဆိပ်ကို စကြာဝဠာနှင့် ပေါင်းစပ်ရန်သာဖြစ်ပြီး သူ၏ ဆရာ ချီခွန်ကြယ်သခင်ကိုပင် သွားရောက်တွေ့ဆုံခြင်း မရှိခဲ့ပေ။
" ပြီးခါနီးပြီ။ " လင်းယွမ်၏ မျက်လုံးများက တောက်ပနေသည်။
အသက်တံဆိပ်ပေါင်းစပ်ခြင်းက ခက်ခဲခြင်းမရှိဘဲ အလျင်မလိုဘဲ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေရန်သာ လိုအပ်လေသည်။
ကန်လန်ကြယ်။
" ရှောင်ယွမ် ဒီတစ်ခါ တံခါးပိတ်ကျင့်ကြံတာ တော်တော်ကြာတာပဲ။ " လုချုံးက အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
" အဲ့ဒါ ပုံမှန်ပဲမဟုတ်လား။ " လင်းချောင်ချန်က ပြောလိုက်သည်။ " ငါတို့သားက ကန်လန်ကြယ်မှာ တစ်သန်းကို တစ်ယောက်ပဲရှိတဲ့ ပါရမီရှင်လေသည်။ လနည်းနည်းလောက် တံခါးပိတ်ကျင့်ကြံတာမပြောနဲ့ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတွေဆို တစ်ခါတံခါးပိတ်ကျင့်ကြံရင် နှစ်ရာနဲ့ချီပြီးတောင် ကြာတယ်လို့ ကြားဖူးတယ်။ "
" ဟုတ်တယ်မလား သမီး " လင်းချောင်ချန်က လင်းယိကို ကြည့်လိုက်သည်။
ထိုအချိန်တွင် လင်းယိက ရှစ်စန်းတောင်ထိပ်သခင်၏ တိုက်ခိုက်ရေးဗီဒီယိုများကိုသာ ကြည့်နေခဲ့သည်။
" ဟုတ်တယ် ဟုတ်တယ်။ " လင်းယိက သာမန်အတိုင်း ပြောလိုက်သည်။
ထိုအချိန်တွင် AI စက်ရုပ်မှ လူတစ်ယောက် လာလည်ကြောင်း သတင်းပို့လာသည်။
" အုပ်ချုပ်သူစုန် လာတာလား။ " လုချုံးက ချက်ချင်းထပြီး ကိုယ်တိုင်သွားကြိုလိုက်သည်။
ပြိုင်ပွဲတွင် လင်းယွမ် ပထမရချိန်တွင်လည်း စုန်ဝူယန်က သူတို့အိမ်သို့ မကြာခန လာလည်သောကြောင့် သူလာခြင်းက အထူးအဆန်းတော့ မဟုတ်ပေ။
မကြာမီ စုန်ဝူယန်က ဝင်လာခဲ့သည်။
" အုပ်ချုပ်သူစုန် အခု ရှောင်ယွမ်က တံခါးပိတ်ကျင့်ကြံနေတာဆိုတော့ ထွက်တွေ့နိုင်မှာမဟုတ်ဘူး။ ကျွန်မ စိတ်မကောင်းပါဘူး။ " လုချုံးက တောင်းပန်လိုက်သည်။
စုန်ဝူယန်က လင်းယွမ်ဆီသို့ လာလည်ခြင်းသာဖြစ်သောကြောင့် ထွက်မတွေ့နိုင်လျှင် မလေးစားရာ ရောက်ပေသည်။
" ကျုပ် ရှောင်ယွမ်ဆီ သတင်းပို့လိုက်မယ်။ " လင်းချောင်ချန်က မတ်တပ်ရပ်ပြီး လင်းယွမ်ဆီ စာပို့ရန် ပြင်လိုက်သည်။
" မလိုပါဘူး။ မလိုပါဘူး။ " စုန်ဝူယန်က လျင်မြန်စွာပင် သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ " မစ္စတာလင်းက ချီခွန်ပင်မကြယ်မှာ အလုပ်ရှုပ်နေပါလိမ့်မယ်။ ကျုပ်က လာကြည့်ရုံပါ သူ့ကို မနှောက်ယှက်ရဲပါဘူး။ "
၎င်းကို ကြားသောအခါ လင်းချောင်ချန်နှင့် လုချုံးတို့က မှင်သက်သွားကြသည်။
စုန်ဝူယန်က ဘာပြောလိုက်တာလဲ။ ရှောင်ယွမ်က ချီခွန်ပင်မကြယ်မှာလား။
" အုပ်ချုပ်သူစုန် မှားနေပြီထင်တယ်။ ကျွန်မအကိုက အလွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ပင်မအဆောက်အဦးထဲမှာ ကျင့်ကြံနေတာပဲ။ "
လင်းယိက စုန်ဝူယန်စကားထဲမှ အများကို ထောက်ပြလိုက်သည်။
" ယိအာ..." လုချုံးက လင်းယိကို ကြည့်လိုက်သည်။
စုန်ဝူယန်က မှားနေလျှင်တောင် တိုက်ရိုက် ညွှန်ပြရန် မသင့်တော်ပေ။
" ဟားဟား စိတ်မရှိပါနဲ့ အုပ်ချုပ်သူစုန်။ ယိအာက အဲ့လိုပဲ။ ဒါပေမယ့် အုပ်ချုပ်သူပြောတဲ့စကားကို ကျုပ်တို့ သိပ်နားမလည်ဘူး။ " လင်းချောင်ချန်က အခွင့်အရေးကို ယူပြီး ပြောလိုက်သည်။
" မစ္စတာလင်း၊ မစ်လု၊ မိန်းကလေးလင်း။ " စုန်ဝူယန်၏ အမူအရာက လေးနက်လာသည်။ " ကျုပ်သာမမှားရင် မစ္စတာလင်းက ချီခွန်ပင်မကြယ်မှာပဲ။ "
သူက ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " ပြီးတော့ ကျုပ် မျှဝေချင်တဲ့ မဟာသတင်းကြီးတစ်ခုလည်း ရှိနေတယ်။ ခင်ဗျားတို့ရဲ့သား မစ္စတာလင်းက ချီခွန်ကြယ်သခင်ရဲ့ ၁၃ ယောက်မြောက်တပည့် ရှစ်စန်းတောင်ထိပ်သခင်ပဲ။ "
ထိုစကားများကြားသောအခါ လင်းချောင်ချန်၊ လုချုံးနှင့် လင်းယိတို့က စုန်ဝူယန်ကို ထူးဆန်းစွာကြည့်လိုက်ကြသည်။
" ကြည့်ရတာ အုပ်ချုပ်သူစုန်က အခုတလော အလုပ်တွေအရမ်းများတယ်ထင်တယ်။ " လင်းချောင်ချန်က ပြောလိုက်သည်။
" ဒါပေမယ့် အုပ်ချုပ်သူစုန် ရှစ်စန်းတောင်ထိပ်သခင်နဲ့ ပက်သက်တဲ့ ဒီလိုဟာသမျိုးက မသင့်တော်ပါဘူး..." ပုံမှန်အားဖြင့် လင်းချောင်ချန်က ဂြိုလ်အုပ်ချုပ်သူတစ်ယောက်ကို ထိုကဲ့သို့ ပြောရန် မသင့်တော်သော်လည်း သူ၏ မိသားစုနှင့် သက်ဆိုင်နေသောကြောင့် သတ္တိမွေး၍ ပြောလိုက်ခြင်း ဖြစ်သည်။
" ဟားဟားဟား.... " စုန်ဝူယန်က သူတို့၏ တုန့်ပြန်မှုများကိုကြည့်ပြီး အံ့ဩခြင်းမရှိပေ။
ရှစ်စန်းတောင်ထိပ်သခင်မှာ လင်းယွမ်ဖြစ်သည်ကို ပထမဆုံးကြားရချိန်တွင် သူကိုယ်တိုင်လည်း တုန့်ပြန်နိုင်ခြင်းမရှိခဲ့ပေ။
" ကျုပ် စုန်ဝူယန်က အမှန်တိုင်းပြောတာပါ။ မင်းတို့ရဲ့သားက ရှစ်စန်းတောင်ထိပ်သခင်ပဲ။ "
" မကြာခင် လီမင်ပင်မကြယ်ရဲ့ အစောင့်တပ်ဖွဲ့က မင်းတို့ကို ကာကွယ်ပေးဖို့ ရောက်လာလိမ့်မယ်။ " စုန်ဝူယန်က စိတ်ထားထက်သန်စွာ ပြောလိုက်သည်။
" ဟင် " လင်းချောင်ချန်နှင့် လုချုံးတို့က တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာ ကြည့်လိုက်ကြသည်။
ယခုအချိန်တွင် စုန်ဝူယန်က နောက်ပြောင်နေခြင်းမဟုတ်သည်ကို နားလည်သွားကြသည်။
" မဖြစ်နိုင်ဘူး။ ကျွန်မအကိုက စတုတ္ထအလွှာမှာပဲ ရှိသေးတယ်။ ရှစ်စန်းတောင်ထိပ်သခင်က ဆဋ္ဌမအလွှာတောင် ရောက်နေပြီ။ " လင်းယိက နားမလည်နိုင်စွာ ပြောလိုက်သည်။
" ဘာလို့လဲဆိုတော့ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ပါရမီနဲ့ အရည်အချင်းက ကြောက်စရာကောင်းလို့လေ။ သူ့ရဲ့ အစစ်အမှန် အရည်အချင်းတွေကို ထုတ်ပြလိုက်ရင် မျိုးနွယ်ခြားတွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားကြလိမ့်မယ်။ " စုန်ဝူယန်က ပြောလိုက်သည်။
ထို့နောက် လီမင်ပင်မကြယ်မှ ပေးပို့သော အချက်အလက်များကို သူတို့အား ပြသလိုက်သည်။
" ဒါ...." လင်းချောင်ချန်နှင့် လုချုံးတို့က တုန်လှုပ်သွားကြသည်။
" ဒါဆို ကျုပ်သွားလိုက်ပါဦးမယ်။ ကိစ္စတစ်ခုခုရှိရင်ကျုပ်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ " အခြေအနေကို မြင်ပြီးနောက် စုန်ဝူယန်က ချက်ချင်း ထထွက်သွားသည်။
သူက မျက်နှာသာရရန်အတွက် ထိုသတင်းထူးကို လင်းချောင်ချန်နှင့် လုချုံးတို့အား လာရောက်ပြောပြခြင်းဖြစ်သည်။ ယခု သူ၏ ရည်ရွယ်ချက်လည်း ပြီးမြောက်သွားပြီဖြစ်ပြီး လင်းမိသားစုက ဆွေးနွေးစရာက်ကိစ္စများစွာ ရှိနေပြီဖြစ်သောကြောင့် သူဆက်ရှိနေရန် မသင့်တော်တော့ပေ။
ချီခွန်ပင်မကြယ် ၁၃လုံးမြောက် တောင်ထိပ်ပေါ်ရှိ နန်းတော်ထဲတွင်....
" နောက်ဆုံးတော့.... " လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး ပြုံးလိုက်သည်။
ချီခွန်ပင်မကြယ်သို့ သူရောက်လာပြီးကတည်းက အနားယူခြင်းမရှိဘဲ သူ၏ အသက်တံဆိပ်ကို စကြာဝဠာနှင့် အဆက်မပြတ် ပေါင်းစည်းခဲ့သည်။ နောက်ဆုံးတော့ သူအောင်မြင်သွားပြီဖြစ်သည်။
နောက်ထပ်မှာ သူက ဆဋ္ဌမအလွှာသို့ မရောက်မီ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပြည့်စုံသွားပြီဖြစ်သည်။ အတွေးတစ်ချက်နှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထိုက်ယင်၊ ထိုက်ယန်၊ ထိုက်ကျိတွင်သာ ကန့်သတ်မနေတော့ဘဲ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ထဲတွင် ပါဝင်နေပြီဖြစ်သည်။
" ထပ်တင်လိုက်တာပေါ့။ " လင်းယွမ်က သူ့ဟာသူ တွေးလိုက်သည်။
ဆဋ္ဌမအလွှာသို့ ရောက်ပြီးနောက် သူက တစ်ချိန်လုံး အလုပ်ရှုပ်နေခဲ့သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါး၏ ပြောင်းလဲမှုများကသာ သူ့ကို ခနသာ ဆွဲဆောင်နိုင်ခဲ့သည်။ ယခု အချိန်အနည်းငယ်ရလျှင် သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့်မြင့်တင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကျင့်ကြံခြင်း၏ အစသို့ ဝင်ရောက်သွားပြီဖြစ်သောကြောင့် နတ်ဘုရားသုံးပါးက ၎င်းက ဘယ်လိုမြင်လဲ လင်းယွမ်က သိချင်လေသည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်စစ်ဆေးလိုက်သည်။
၎င်းကို ပြုပြင်ပြီးနောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလားအလာကောင်းများအား သိသာစွာ မြှင့်တင်ထားသည်ကို တွေ့ခဲ့ရသည်။
ထိုင်ယင်နှင့် ထိုက်ယန်တို့ ပေါင်းစပ်ထားသည့် ထိုက်ကျိတာအိုအပြင် ဆင့်ကဲပြောင်းလဲသူများက နှစ်သက်ရာ လမ်းစဉ်များကို ရွေးချယ်နိုင်ပြီး ၎င်းတို့ကို အခြားအကိုင်းအခက်များနှင့် ပေါင်းစပ်နိုင်ပေလိမ့်မည်။
ထို့အပြင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ကန့်သတ်ချက်များကို ယခင်ထက် လျှော့ချခဲ့ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်သူများအနေဖြင့် တတိယအလွှာ၊ စတုတ္ထအလွှာနှင့် ပဉ္စမအလွှာသို့ ရောက်ရန်ပင် မျှော်လင့်ချက်များ ရှိပြီဖြစ်သည်။
" ကိုယ်ဖြန့်ကျက်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်တဲ့သူတွေ ပိုများလာရင် အနာဂတ်မှာ အန္တိမအသိအမြင်ကို ရနိုင်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
" ဉာဏ်ပညာနတ်ဘုရား " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။
" လေးစားရသော အဆင့်ငါး နိုင်ငံသား လင်းယွမ် ဘာအလိုရှိလိုပါလဲ။ " ဉယဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
" ငါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြင်ဆင်ချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆဋ္ဌမအလွှာကို မဖန်တီးရသေးသောကြောင့် ၎င်းကို အဆင့်မြှင့်တင်ခြင်းမဟုတ်ဘဲ ယခင်ရှိပြီးသား ဒုတိယအလွှာ၊ တတိယအလွှာ၊ စတုတ္ထအလွှာတို့ကို ပြုပြင်မွမ်းမံခြင်းသာ ဖြစ်သည်။
ထို့နောက် လင်းယွမ်က ပြင်ဆင်ထားသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပေးပို့လိုက်သည်။
ချီခွန်ပင်မကြယ်နှင့် အလွန်ဝေးကွာသော အာကာသထဲတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနေပြီး ပြင်းထန်စွာ တုန်ခါနေကြသည်။
" အဋ္ဌမအလွှာသို့ ရောက်ရှိနိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်သုံးသပ်ခြင်း...."