အင်မော်တယ်လမ်းစဉ်နှင့် သိုင်းတာအို....
Vol. 12 Ch. 192
" မိသားစုမေတ္တာ..." ကျွင်းဝူကျိက သူ၏ မိသားစုများဖြစ်သော သူ၏ အဘိုး၊ သူ၏မိဘများ၊ သူ၏ အကိုကြီး၊ အမတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိလေသည်။
အကယ်၍ ကျွင်းဝူကျိသာ စိတ်ဝိညာဉ်အမြစ်ရှိခဲ့လျှင် သူ၏ နောက်ခံနှင့် သူ၏ အနာဂတ်က အဆုံးမရှိပေ။ သို့သော် အကယ်၍ ဆိုသည်မှာ မရှိပေ။
အလယ်ပိုင်းနတ်ဘုရားကုန်မြေတွင် မရေတွက်နိုင်သော ရှားပါးရတနာများစွာ ရှိသော်လည်း စိတ်ဝိညာဉ်အမြစ်ကို မြှင့်တင်ပေးရန် သို့မဟုတ် အသစ်ဖန်တီးရန် ပြုလုပ်နိုင်သော ရတနာများက လုံးဝ အနည်းငယ်သာ ရှိလေသည်။
တိမ်မြူခိုးတော်ဝင်နယ်မြေ၏ အပြင်ဘက်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့က အောက်မှ တော်ဝင်နယ်မြေကို ကြည့်ပြီး တိတ်ဆိတ်စွာ ရပ်နေကြသည်။
" ဝူကျိ..." ကျင့်ကြံသူ အမျိုးသမီးက စိတ်ပျက်အားငယ်သော အမူအရာနှင့် အောက်မှ ကျွင်းဝူကျိကို ကြည့်ပြီး ရေရွတ်လိုက်သည်။
" လျန်အာ စိတ်မကောင်းမဖြစ်ပါနဲ့။ "
" ဝူကျိမှာက စိတ်ဝိညာဉ်အမြစ်မရှိဘူးလေ။ အဲ့ဒါနဲ့ ပက်သက်ပြီး ငါတို့ဘာမှလုပ်လို့မရဘူး။ " ကျင့်ကြံသူ အမျိုးသားက တီးတိုးပြောလိုက်သည်။
ပုံမှန်အားဖြင့် စိတ်ဝိညာဉ်အမြစ်များက သွေးမျိုးဆက်မှ လာခြင်းဖြစ်လေသည်။ မိဘများက စိတ်ဝိညာဉ်အမြစ်များ ပိုင်ဆိုင်ကြလျှင် သူတို့၏ မျိုးဆက်ကလည်း စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်နိုင်ချေ မြင့်မားလေသည်။ သို့သော် အကြွင်းမဲ့တော့မဟုတ်ပေ။
အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ကြသော မိဘများကလည်း တတိယနှင့် စတုတ္ထတန်းစား စိတ်ဝိညာဉ်အမြစ်များကို မွေးဖွားသည်များလည် ရှိလေသည်။
သို့သော် ကျွင်းဝူကျိကဲ့သို့ ကောင်းကင်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော မိဘနှစ်ပါးက စိတ်ဝိညာဉ်မရှိသော သားကို မွေးဖွားသည်မှာ အလွန်ပင် ရှားပါးလှသည်။
ကျွင်းဝူကျိ၏ အကိုကြီးနှင့် ဒုတိယ အမကဲ့သို့ပင် ကောင်းကင်စိတ်ဝိညာဉ်အမြစ်နှင့် သန္ဓေပြောင်း မြေကြီးစိတ်ဝိညာဉ်အမြစ်တို့ ပိုင်ဆိုင်ကြခြင်းက သာမန်သာဖြစ်သည်။
" ငါ ဝူကျိအတွက် ကောင်းကင်ကိုးပါးကြည်လင်ရေကို ထုတ်ပေးဖို့ အဖေကို မေးကြည့်မယ်။ " အမျိုးသမီးက ပြောလိုက်သည်။
ကောင်းကင်ကိုးပါးကြည်လင်ရေ အလယ်ပိုင်းနတ်ဘုရားကုန်မြေ၏ ရတနားတစ်ပါးဖြစ်ပြီး သေမျိုးဖြစ်လျှင်တောင် စိတ်ဝိညာဉ်အမြစ်များ ပြန်လည်မွေးဖွားပေးနိုင်သည်ဟု ပြောကြသည်။
" လျန်အာ အဲ့ဒါကို ဂိုဏ်းချုပ်ရှေ့မှာ သွားမပြောနဲ့။ "
" ကောင်းကင်ကိုးပါးကြည်လင်ရေက ရှေးဟောင်းဟင်းလင်းပြင်ဆေးရည်ကို ဖန်တီးဖို့ အဓိကပါဝင်ပစ္စည်းပဲ။ ပြီးတော့ ရှေးဟောင်းဟင်းလင်းပြင်ဆေးရည်က နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကနေ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ( ရှေးဟောင်းသူတော်စင် )ကို ချိုးဖျက်ဖို့အတွက် အရေးပါတယ်။ "
" ငါတို့ တာအိုအင်မော်တယ်ဂိုဏ်းက အနာဂတ် ရှေးဟောင်းသူတော်စင်တွေကို မစွန့်လွှတ်နိုင်ဘူး။ " အမျိုးသားက လေးနက်စွာ ပြောလိုက်သည်။
သူလည်း သူ၏ သားကို ကူညီချင်ပေသည်။ သို့သော် ကောင်းကင်ကိုးပါးကြည်လင်ရေက တာအိုအင်မော်တယ်ဂိုဏ်း၏ အမွေအနှစ်နှင့် သက်ဆိုင်နေလေသည်။
ကျွင်းဝူကျိအတွက်ဆိုလျှင်တောင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို မရောက်ဘဲ ကောင်းကင်ကိုးပါးကြည်လင်ရေကို အသုံးချမည်မဟုတ်ပေ။
တာအိုအင်မော်တယ်ဂိုဏ်းက နှစ်တစ်သောင်းကြာမှ ကောင်းကင်ကိုးပါးကြည်လင်ရေအနည်းငယ်ကိုသာ စုဆောင်းနိုင်ပြီး ရှေးဟောင်းဟင်းလင်းပြင်ဆေးရည်ဖန်တီးရန်အတွက်သာ လုံလောက်လေသည်။
အမျိုးသမီးက တိတ်ဆိတ်နေသည်။ သူမလည်း ထိုအချက်ကို သိလေသည်။ သို့သော် သူမ၏ သားကို မြင်ရသည်မှာ သူ၏ စိတ်ထဲတွင် ယူကျုံးမရဖြစ်ရလေသည်။
" သူက မြင့်မားတဲ့ သစ်ပင်ကြီးမဖြစ်နိုင်ရင် ငါတို့ ဘာလုပ်နိုင်မှာလဲ။ " အမျိုးသားက သက်ပြင်းချလိုက်သည်။ " သူဘဝကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းခွင့်ပေးလိုက်ပါ။ "
တိမ်မြူခိုးတော်ဝင်နယ်မြေတွင် လင်းယွမ်က ဦးတည်ရာတစ်ခုဆီသို့ ကြည့်လိုက်သည်။
" နောက်ဆုံးတော့ ပျောက်သွားပြီ။ " လင်းယွမ်က တွေးလိုက်သည်။
သူက စိတ်အသိဆင်းသက်လာခြင်းဖြစ်လျှင်တောင် စောင့်ကြည့်ခံနေရသော ခံစားချက်ကို အနည်းငယ် ခံစားခဲ့ရလေသည်။ ၎င်းက ရန်လိုခြင်း သတ်ဖြတ်လိုခြင်းများမဟုတ်ပေ။ သူ့ကို ဤနေရာသို့ ခေါ်လာသော သူ၏ မိဘများ ဖြစ်နိုင်လေသည်။
" အခု ငါက ဘာလဲ။ ခန္ဓာအပိုင်စီးတာလား ဒါမှမဟုတ် ပြန်လည်မွေးဖွားလာတာလား။ "
လင်းယွမ်က သူ၏ ဘေးမှ ကျောက်စိမ်းလက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။ လက်ဖက်ရည်က သူ၏ လည်ချောင်းထဲသို့ ရောက်သည်နှင့် စိတ်ဝိညာည်စွမ်းအားစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို အားဖြည့်သွားသည်။
" အင်မော်တယ်တွေရဲ့ တတိယမျိုးဆက်လို့ မပြောရဘူး။ သောက်တဲ့ လက်ဖက်ရည်က ဒါကိုသာ အပြင်လောကမှာ ထားလိုက်ရင် ရွှေအမြုတေအဆင့်တွေတောင် တိုက်ခိုက်ကြလိမ့်မယ်။ " လင်းယွမ်က လက်ဖက်ရည်အနည်းငယ် ထပ်သောက်လိုက်သည်။
" ခန္ဓာကိုယ်အပိုင်စီးတာတော့ မဖြစ်သင့်ဘူး။ " လင်းယွမ်က စိတ်ထဲမှ တွက်ချက်လိုက်သည်။
ခန္ဓာအပိုင်စီးခြင်း၏ အနှစ်သာရမှာ သိမ်းပိုက်သူက သိမ်းပိုက်ခံရသူ၏ ခန္ဓာကိုယ်ကို ယူလိုက်ခြင်းဖြစ်သည်။
သို့သော် ယခု ကျွင်းဝူကျိ၏ စိတ်ဝိညာဉ်က မပြောင်းလဲဘဲ ရှိနေပြီး အသိနေရာတွင် လင်းယွမ်က အစားထိုးသွားခြင်းဖြစ်သည်။ ထို့အပြင် ခန္ဓာကိုယ်အပိုင်စီးခြင်းက ဤကမ္ဘာတွင်လည်း မရှိသည်မဖြစ်နိုင်ပေ။
လင်းယွမ်သာ ကျွင်းဝူကျိကို အပိုင်စီးခဲ့လျှင် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်သို့ ရောက်နေသော မိဘများက ၎င်းကို သတိပြုမိပေလိမ့်မည်။ ရွှေအမြုတေအဆင့် အစေခံမိန်းကလေးနှစ်ယောက်ပင် ၎င်းကို သတိပြုမိကြပေလိမ့်မည်။
" ငါ့ရဲ့စိတ်အသိက တော်တော်ကြာက ဒီကမ္ဘာကို ရောက်ပြီး အရင်ကြုံတွေ့ခဲ့ရတဲ့ ငါ့ရဲ့ မှတ်ဉာဏ်တွေက အခုမှနိုးထလာတာလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။
" ထားလိုက်တော့ အဲ့ဒါအရေးမကြီးဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ပြန်ဝင်စားတာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ယခု သူက ကျွင်းဝူကျိဖြစ်သည်။
" ဒီကမ္ဘာရဲ့ ကျင့်ကြံခြင်းစနစ်က အင်မော်တယ်လမ်းစဉ်၊ နတ်ဆိုးသားရဲ၊ မိစ္ဆာလမ်းစဉ်၊ နတ်ဆိုးတာအို၊ အားလုံးကတော့ အခြေခံအားဖြင့် တူညီကြတယ်။ "
ကျွင်းဝူကျိက စိတ်ဝိညာဉ်အမြစ်မရှိသော်လည်း ကျင့်စဉ်များစွာကို သင်ယူထားခဲ့သောကြောင့် လင်းယွမ်က ထိုအကြောင်းကို ရှင်းလင်းစွာ သိနေခြင်းဖြစ်သည်။
လင်းယွမ်က စဉ်းစားနေစဉ် တော်ဝင်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ သွားနေသည်။ ထိုနေရာက တော်ဝင်နယ်မြေတစ်ခုလုံးတွင် စိတ်ဝိညာဉ်စွမ်းအား အကြွယ်ဝဆုံး နေရာတစ်ခုဖြစ်၏။ ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင်နေလျှင် သာမန်လူတစ်ယောက်ပင် အကျိုးကျေးဇူးများ ရရှိနိုင်လေသည်။
" ငါ အနားယူမလို့ ငါ့ကို အာရုံမစိုက်တော့နဲ့။ " လင်းယွမ်က ရုတ်တရက် ပြောလိုက်သည်။
" ဟုတ်ကဲ့ " အပြင်မှ အသံနှစ်သံထွက်ပေါ်လာသည်။ သူတို့က လင်းယွမ်၏ ရွှေအမြုတေအဆင့် အစေခံမိန်းကလေးနှစ်ယောက်တို့ဖြစ်သည်။
ရွှင်းဟွာနှင့် ချိုးယွဲ့။ လင်းယွမ်၏ ကိုယ်ရံတော်များလည်း ဖြစ်ကြသည်။ ရွှင်းဟွာနှင့် ချိုးယွဲ့တို့က မည်သည့်မတော်တဆမှုမှ မဖြစ်အောင် လင်းယွမ်အပေါ်တွင် သူတို့၏ နတ်ဘုရားအာရုံကို အမြဲတမ်း ပို့လွှတ်ထားကြသည်။ လင်းယွမ်၏ စကားကြောင့် ရွှင်းဟွာနှင့် ချိုးယွဲ့တို့က သူတို့၏ နတ်ဘုရားအာရုံကို ပြန်လည်ရုတ်သိမ်းသွားကြသည်။
၎င်းကို အာရုံခံမိသောအခါ လင်းယွမ်က အစီအရင်ပြားအချို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက စိတ်ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းပြီး ၎င်းတို့ကို တိုက်ရိုက်အသက်သွင်းလိုက်သည်။
ရုတ်တရက် ဝေဝါးသော အကာအကွယ်တစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ထိုအစီအရင်က ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံကို တားဆီးနိုင်ပြီး စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် သို့မဟုတ် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များကို မတားဆီးနိုင်လျှင်တောင် အရင်ဆုံး သတိထားမိပေလိမ့်မည်။
လင်းယွမ်ကတော့ ထိုပြင်ပပစ္စည်းများကို အားမကိုးပေ။ အစီအရင်ပြားများဖြစ်စေ အခြားနည်းလမ်းများဖြစ်စေ အားလုံးက အခြားသူများ မြင်နိုင်ရန် လင်းယွမ် ပြထားခြင်းသာဖြစ်သည်။ သူ၏ အစစ်အမှန် အားထားရာမှာ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သော သူ၏ အာရုံခံမှုသာဖြစ်သည်။
ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အာရုံက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသူတော်စင်နှင့် ညီမျှလေသည်။ ထို့ကြောင့် လင်းယွမ်ကို တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ထောက်လှမ်းလျှင်တောင် ချက်ချင်း သတိပြုမိနိုင်လေသည်။
" စကြတာပေါ့။ " အားလုံးပြင်ဆင်ပြီးသောအခါ လင်းယွမ်က သက်ပြင်းချလိုက်သည်။
ယခု သူ၏ ခွန်အားကို အမြန်ဆုံး ပြန်လည်ရရှိအောင် ကျင့်ကြံရမည်ဖြစ်သည်။ ခွန်အားမရှိဘဲ ကြောက်စရာကောင်းသော မိသားစုနောက်ခံနှင့် မည်သူမှမစော်ကားရဲလျှင်တောင် လင်းယွမ်က မလုံခြုံသကဲ့သို့ ခံစားရလေသည်။
ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်က ချီသန့်စင်ခြင်းအဆင့်၊ အခြေတည်အဆင့်၊ ရွှေအမြုတေအဆင့်၊ စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်၊ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်တို့ ဖြစ်ကြသည်။
လင်းယွမ်တွင် စိတ်ဝိညာဉ်မရှိသောကြောင့် စိတ်ဝိညာဉ်စွမ်းအားကို မစုပ်ယူနိုင်ပေ။ ထို့ကြောင့် သူက အင်မော်တယ်လမ်းစဉ်ကို မကျင့်ကြံနိုင်ပေ။
သို့သော် သိုင်းတာအိုကျင့်ကြံခြင်းစနစ်အတွက် စိတ်ဝိညာဉ်အမြစ်ရှိရန် မလိုအပ်ပေ။ သူကိုယ်တိုင်ဖန်တီးထားသော သိုင်းတာအိုကျင့်ကြံခြင်းစနစ်တွင် သူ့လို ဆဋ္ဌမအလွှာထိ ရောက်ခဲ့သူအတွက် ကနခ့သတ်ချက်များက နည်းလေသည်။
လင်းယွမ်က ထိုင်နေပြီး အတွင်းအားများက သူ၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသည်။
ခနကြာသောအခါ လင်းယွမ်က မျက်လုံးများဖွင့်လာပြီး ဆေးတစ်ပုလင်းထုတ်ယူလိုက်သည်။ သူက ဆေးတစ်လုံးထုတ်ပြီး မျိုချလိုက်သည်။
ဆေးက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ၎င်းက သွေးစွမ်အားများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သိုင်းတာအို၏ အစောပိုင်းအဆင့်ဖြစ်သော အတွင်းအားချီအဖြစ် ဆက်လက်ပြောင်းလဲသွားသည်။
အင်မော်တယ်လမ်းစဉ်နှင့် သိုင်းတာအို၏ စဦးအဆင့်များ ကွာခြားမှုမှာ အင်မော်တယ်လမ်းစဉ်က သဘာဝ၏ အနှစ်သာရကို ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ သဘာဝ၏ အနှစ်သာရမှာ စိတ်ဝိညာဉ်စွမ်းအားဖြစ်လေသည်။
သိုင်းတာအိုက ကိုယ့်ကိုကိုယ် သန့်စင်ပြီး အတွင်းအားအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။
သဘာဝ၏ အနှစ်သာကို သန့်စင်သော အင်မော်တယ်လမ်းစဉ်က ပို၍ မြန်ဆန်လေသည်။ သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအားက အဆုံးမရှိ မကုန်ဆုံးနိုင်ပေ။ ၎င်း၏ အားနည်းချက်မှာလည်း ထင်ရှားလေသည်။ ၎င်းမှာ သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအားအပေါ် အလွန်မှီလိုနေရခြင်း ဖြစ်သည်။
အကယ်၍ လူတစ်ယောက်က စိတ်ဝိညာဉ်စွမ်းအား ဆုံးရှုံးနေသော နေရာ သို့မဟုတ် ကင်းမဲ့နေသော နေရာသို့ ရောက်သွားလျှင် အင်မော်တယ်ကျင့်ကြံခြင်းစနစ်က ပြတ်တောက်သွားပေလိမ့်မည်။
သိုင်းတာအို၏ အစောပိုင်းအဆင့်များက ကိုယ်ပိုင်အနှစ်သာရကို သန့်စင်ခြင်းဖြစ်ပြီး မည်သည့်ကမ္ဘာသို့ ရောက်သည်ဖြစ်စေ အသက်စွမ်းအားရှိနေသရွေ့ သိုင်းတာအိုကို ကျင့်ကြံနိုင်လေသည်။
ထို့အပြင် သိုင်းတာအို၏ နက်ရှိုင်းသော အဆင့်သို့ ရောက်လျှင် သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအားကိုလည်း အတင်းအကျပ် စုပ်ယူနိုင်လေသည်။ စိတ်ဝိညာဉ်စွမ်းအားကလည်း စွမ်းအင်ပုံစံတစ်ခုမျှသာဖြစ်၏။
အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဉ်အမြစ်များဖြင့် စိတ်ဝိညာဉ်စွမ်းအားကို ဆွဲဆောင်သော်လည်း သိုင်းတာအိုကျင့်ကြံသူများကတော့ အတင်းအကျပ် ဝါးမျိုခြင်းသာ ဖြစ်သည်။