← Chapters

ရုပ်ခန္ဓာနတ်စွမ်းရည်.....

Vol. 12 Ch. 194

ရုပ်ခန္ဓာနတ်စွမ်းရည်.....

Vol. 12 Ch. 194

ပုံမှန်အားဖြင့် ရုပ်ခန္ဓာတစ်ခုတည်းကိုပဲ ကျင့်ကြံသူ မရှိဘဲ သူတို့က ရွှေအမြုတေအဆင့် သို့မဟုတ် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်သို့ ရောက်မှသာ သူတို့၏ ခံနိုင်ရည်တိုးတက်စေရန်အတွက် ရုပ်ခွန်အားကို တိုးမြှင့်ကြခြင်းဖြစ်သည်။

" ပြဿနာမရှိဘူး။ " အကိုကြီးက ပြောလိုက်သည်။

တာအိုအင်မော်တယ်ဂိုဏ်းတွင် မှော်ရတနာများနှင့် အခြားအရာများကို ထုတ်ယူရန်အတွက် လုပ်ထုံးလုပ်နည်းများ အဆင့်ဆင့် လိုအပ်လေသည်။ သို့သော် သူတို့အတွက် ကျင့်စဉ်များနှင့် လျို့ဝှက်နည်းစနစ်များအတွက် အနည်းစုမှလွဲ၍ ကျောက်စိမ်းစာလိပ်ပေါ်တွင် ကူးယူလိုက်ရုံသာ ဖြစ်သည်။

သူတို့သုံးယောက်က အချိန်အတော်ကြာ စကားစမြည်ပြောဆိုနေခဲ့ကြသည်။ ထို့နောက် အကိုကြီးနှင့် ဒုတိယအမတို့က ထွက်သွားရန် မတ်တပ်ရပ်လိုက်ကြသည်။

" တစ်ခုခုဖြစ်လို့လား အကိုကြီး။ " လင်းယွမ်က သူ၏ အကိုကြီး၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။

သူ၏ အကိုကြီး အကျင့်အရ သူ့ဆီလာလည်လျှင် အနည်းဆုံး နေ့တစ်ဝက်ကြာမှ ပြန်လေ့ရှိလေသည်။

" ကြီးကြီးမားမား မဟုတ်ပါဘူး။ အနောက်ဘက်နယ်မြေက နတ်ဆိုးသားရဲတွေ လှုပ်ရှားနေလို့။ ငါ ခရီးတစ်ခုသွားပြီး သူတို့ကိုတားဖို့ နတ်ဆိုးဘုရင်အချို့ကို သတ်ပေးရလိမ့်မယ်။ " အကိုကြီး၏ ပါးစပ်ထဲတွင် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်နှင့် တူညီသော နတ်ဆိုးဘုရင်များက အသတ်ခံရန် စောင့်ဆိုင်းနေသော ဝက်များနှင့် တူနေသည်။

" သတိထားဦး။ နတ်ဆိုးသူတော်စင်အသိုက်ထဲမှာ နတ်ဆိုးသူတော်စင်အသစ်တစ်ယောက်ရဲ့ အော်ရာတစ်ခု ပေါ်လာတယ်လို့ ငါကြားတယ်။ " ဒုတိယအမက အကိုကြီးကို ကြည့်ပြီး သတိပေးလိုက်သည်။

နတ်ဆိုးသူတော်စင်အသိုက်... နတ်ဆိုးသားရဲများ၏ တော်ဝင်နယ်မြေတစ်ခုဖြစ်ပြီး နတ်ဆိုးသူတော်စင်တစ်ပါးနှင့် သက်ဆိုင်သည်ဟု ပြောကြလေသည်။ နတ်ဆိုးသူတော်စင်က ရှေးဟောင်သူတော်စင်အဆင့်နှင့် တူညီလေသည်။

" မစိုးရိမ်နဲ့။ နတ်ဆိုးသူတော်စင်တစ်ယောက်ရဲ့ အော်ရာသာ တကယ်ရှိနေရင် ငါ ထွက်ပြေးမှာပေါ့။ " အကိုကြီးက ခေါင်း​ငြိမ့်ပြီး ပြောလိုက်သည်။

" နတ်ဆိုးသူတော်စင်အသိုက်..." လင်းယွမ်က အတွေးနက်သွား၏။

အလယ်ပိုင်းနတ်ဘုရားကုန်းမြေက အရင်းအမြစ်များ ပေါများသောကြောင့် အနောက်ဘက်မှ နတ်ဆိုးသားရဲများ၊ တောင်ဘက်မှ မိစ္ဆာကျင့်ကြံသူများနှင့် မြောက်ဘက်မှ သွေးနတ်ဆိုးများ အားလုံးက တာအိုအင်မော်တယ်ဂိုဏ်းကို မျက်စိကျနေကြသည်။

တာအိုအင်မော်တယ်ဂိုဏ်းက အလွန်စွမ်းအားကောင်းလှပြီး သူတို့ကို ဖိနှိပ်ခဲ့သောကြောင့် နှစ်ပေါင်းများစွာ ငြိမ်သက်သွားခဲ့သည်။

" ဟားဟားဟား ဒုတိယညီမ အဲ့လိုဟာတွေကို ညီလေးရှေ့မှာ မပြောနဲ့လို့ ငါပြောထားတယ်လေ။ " အကိုကြီးက လင်းယွမ်၏ အမူအရာကို ကြည့်ပြီး ရယ်လိုက်သည်။

" စိတ်မပူနဲ့။ ဂိုဏ်ချုပ်ပေးထားတဲ့ အသက်ကယ်နည်းစနစ်တွေက နတ်ဆိုးသူတော်စင်နဲ့တွေ့ရင်တောင် ငါ့ကို လုံခြုံစေနိုင်တယ်။ "

" မောင်လေး ဘာပြဿနာပဲရှိရှိ အမကို ပြောနော်။ " ဒုတိယအမကလည်း လင်းယွမ်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

တိမ်မြူခိုးတော်ဝင်နယ်မြေကတော့ တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားခဲ့လေပြီယ

ရက်အချို့ကြာပြီးနောက် တာအိုအင်မော်တယ်ဂိုဏ်းမှ တပည့်များက ကျောက်စိမ်းစာလိပ် ဒါဇင်ကျော်ကို လာရောက်ပို့ဆောင်ခဲ့သည်။ အထဲတွင် အင်မော်တယ်ကျင့်စဉ်များကို မှတ်တမ်းတင်ထားလေသည်။ အောက်မှ ကျောက်စိမ်းစာလုပ်သုံးခုထဲတွင် တာအိုအင်မော်တယ်ဂိုဏ်းမှ စုဆောင်းထားသော အသန်မာဆုံး ရုပ်ခန္ဓာကျင့်စဉ် သုံးမျိုးပါဝင်လေသည်။

" ရုပ်ခန္ဓာကျင့်ကြံခြင်း..." လင်းယွမ်၏ မျက်လုံးများက တောက်ပသွား၏။

သူက ၎င်းတို့ကို စတင်ဖတ်ရှုကြည့်လိုက်သည်။ ရုပ်ခန္ဓာကျင့်ကြံခြင်းက ခန္ဓာကိုယ်ကို တည်ဆောက်ခြင်းဖြစ်သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင်လည်း ရုပ်ခန္ဓာသန့်စင်ခြင်းကို အရေပါသော နေရာတွင် ထားထားလေသည်။

သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ အခြေခံအုပ်မြစ်ကလည်း ရုပ်ခန္ဓာ၏ ချီနှင့်သွေးကို အခြေခံခြင်းဖြစ်သည်။ နောက်မှ စိတ်ဝိညာဉ်ကို အားဖြည့်ပြီး မူလစိတ်ဝိညာဉ်ကို ပြောင်းလဲခြင်းဖြစ်သည်။

" ဒီကမ္ဘာရဲ့ ခန္ဓာကျင့်ကြံခြင်းက ခန္ဓာကိုယ်ရဲ့ အလားအလာကို ဆက်တိုက်ရှာဖွေပြီး ရုပ်ခွန်အားကို တိုးတက်စေတာပဲ။ ရုပ်ခန္ဓာက အကန့်အသတ်ကို ရောက်ရင် ရုပ်ခန္ဓာနတ်စွမ်းရည်တစ်ခု မွေးဖွားလာနိုင်တာလား။ " လင်းယွမ်က အတွေးနက်နေသည်။

ရုပ်ခန္ဓာနတ်စွမ်းရည်ဆိုသည်မှာ ခန္ဓာကိုယ်၏ အသွေးအသားများထဲတွင် နက်ရှိုင်းစွာ နစ်မြှုပ်နေသော စွမ်းရည်တစ်ခုဖြစ်သည်။

သီအိုရီအရ ထိုစွမ်းရည်က အလွန်သိမ်မွေ့ပြီး ထွက်ပေါ်လာရန် အခွင့်အလမ်းမရှိသော်လည်း ရုပ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်များက ထိုစွမ်းရည်ကို အမှန်တကယ် ပြန်လည်နိုးထလာနိုင်စေသည်။ ၎င်းက ဖြစ်နိုင်ချေတစ်ခုသာ ဖြစ်၏။

ရုပ်ခန္ဓာနတ်စွမ်းရည်ထွက်ပေါ်လာခြင်းက ရုပ်ခန္ဓာကျင့်ကြံခြင်းတွင် ဒဏ္ဍာရီတစ်ခုပင် ဖြစ်သည်။ ရုပ်ခန္ဓာလေ့ကျင့်သူအများစုက သူတို့၏ အကန့်အသတ်သို့ ရောက်ခဲ့ကြသော်လည်း ရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထလာနိုင်စွမ်းမရှိခဲ့ကြပေ။

" ရုပ်ခန္ဓာနတ်စွမ်းရည်..." လင်းယွမ်၏ မျက်လုံးများက လိုချင်တက်မက်မှုများနှင့် တောက်ပလာသည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူက ပြည့်စုံသော ရုပ်ခန္ဓာကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ပြီး ရုပ်ခန္ဓာနတ်စွမ်းရည် နိုးထလာနိုင်ရန် အခွင့်အရေးများလေသည်။

ထိုနေ့မှစ၍ လင်းယွမ်က တိမ်မြူခိုးတော်ဝင်နယ်မြေတွင် နေပြီး သူ၏ ခွန်အားကို ပြန်လည်ရယူခြင်းနှင့် ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်ကို နားလည်ဆင်ခြင်နေခဲ့လေသည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိန်အတွင်း နှစ်နှစ်ဆယ်ကြာသွားခဲ့သည်။

တိမ်မြူခိုးတော်ဝင်နယ်မြေ။

လင်းယွမ်က တောင်ထိပ်တစ်ခုပေါ်တွင် လဲလျောင်းနေပြီး နံနက်ခင်းတွင်သာ ထွက်ပေါ်လာသော ခရမ်းရောင်ချီကို ဝါးမျိုနေခဲ့သည်။

ခရမ်းရောင်ချီက ဒဏ်ရာများကို ကုသပေးနိုင်သော သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအားတစ်မျိုးဖြစ်ပြီး ရုပ်ခန္ဓာကျင့်ကြံခြင်းအတွက် အလွန်အထောက်အကူဖြစ်လေသည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်နှင့်ယှဉ်လျှင် လင်းယွမ်က ပို၍ ကျန်းမာလာပုံရပြီး ပို၍ သန်မာလာလေသည်။

" သခင်လေး တိမ်မြူခိုးအင်မော်တယ်လက်ဖက်ရည်ကို ပြင်ဆင်ပြီးပါပြီ။ " ရွှင်းဟွာနှင့် ချိုးယွဲ့တို့က ရိုသေစွာဖြင့် လျှောက်လာကြသည်။

လင်းယွမ်၏ ရှေ့တွင် လက်ဖက်ရည်ကို ချပေးပြီးနောက် မိန်းကလေးနှစ်ယောက်က သူ၏ ဘေးတွင် ရပ်၍ သူ့ကို စတင်နှိပ်ပေးကြလေသည်။

" သခင်လေး ရုပ်ခန္ဓာကျင့်ကြံတာက အရမ်းပင်ပန်းတယ်။ အနားယူဖို့လိုသေးလား။ " ချိုးယွဲ့က ပြောလိုက်သည်။

" မလိုဘူး။ မင်းတို့နှစ်ယောက်ထွက်သွားလို့ရပြီ။ " လင်းယွမ်က မော့မကြည့်ဘဲ ပြောလိုက်သည်။

" သခင်လေးအမိန့်အတိုင်းပါ..." ချိုးယွဲ့က စိတ်ပျက်သွားပုံရပြီး အရိုအသေပေးကာ ထွက်ခွာသွားသည်။

တောင်တက်လမ်းပေါ်တွင် ရွှင်းဟွာနှင့် ချိုးယွဲ့တို့က စကားပြောနေကြသည်။

" သခင်လေးက အရမ်းပြတ်သားတယ်။ ရုပ်ခန္ဓာကျင့်စဉ်ကို ရွှေအမြုတေအဆင့်ထိ ရောက်အောင် လေ့ကျင့်တာ သူဘယ်လောက်တောင် နာကျင်ရမလဲမသိဘူး။ " ရွှင်းဟွာက အံ့ဩသော အမူအရာနှင့် ပြောလိုက်သည်။

ရုပ်ခန္ဓာကျင့်ကြံခြင်းလမ်းစဉ်က စိတ်ဝိညာဉ်အမြစ်ပေါ်တွင် မှီခိုခြင်းမရှိပေ။ သို့သော် ကျင့်ကြံနေစဉ် အဆုံးမရှိသော နာကျင်မှုကို တောင့်ခံနိုင်ရန် လိုအပ်လေသည်။ အရင်းအမြစ်များကလည်း အခြားကျင့်ကြံသူများထက် ပို၍ လိုအပ်လေသည်။

တာအိုအင်မော်တယ်ဂိုဏ်း၏ တတိယမျိုးဆက်တစ်ယောက်အနေဖြင့် လင်းယွမ်က အရင်အမြစ်များ ချို့တဲ့ခြင်း မရှိပေ။ သို့သော် ရုပ်ခန္ဓာကျင့်ကြံရာတွင် အလွန်ပြင်းထန်သော နာကျင်မှုကို တောင့်ခံနိုင်ခြင်းကပင် အံ့ဩစရာကောင်းနေလေသည်။

" ရွှေအမြုတေအဆင့် ရုပ်ခန္ဓာကျင့်ကြံသူ၊ ပြင်းထန်တဲ့ သွေးချီတွေနဲ့ သန်မာတဲ့ ခန္ဓာကိုယ်၊ အပြင်က အမျိုးသမီးကျင့်ကြံသူတွေက တာအိုလက်တွဲဖော်အဖြစ် ဘယ်လောက်တောင် လိုချင်လိုက်ကြမလဲ။ " ချိုးယွဲ့က တိုးညှင်းစွာ ပြောလိုက်သည်။

" စိတ်ကူးယဉ်မနေနဲ့။ " ရွှင်းဟွာက ချိုးယွဲ့ကို တစ်ချက် ကြည့်လိုက်သည်။ " သခင်လေးက ဘယ်သူလဲ။ စိတ်ဝိညာဉ်အမြစ်မရှိရင်တောင် သူက နင်စိတ်ကူးယဉ်လို့ရတဲ့အရာ မဟုတ်ဘူး။ "

" အမရွှင်ဟွာ ငါက သခင်လေးကို လေးစားတာပါ။ အဲ့ဒီသဘောပြောတာမဟုတ်ပါဘူး။ " ချိုးယွဲ့က လျင်မြန်စွာ ရှင်းပြလိုက်သည်။

" ဘာကိုပဲ ဆိုလို နင့်စိတ်ထဲမှာ အမှန်တရားက ရှိပြီသားပဲ။ " ရွှင်းဟွာက သူမ၏ ခေါင်းကို ခါလိုက်သည်။

သူတို့က ကျွင်းဝူကျိကို အလုပ်အကျွေးပြုရခြင်းဖြစ်ပြီး သူတို့က လိုလားလျှင်တောင် ကျွင်းဝူ​ကျိက ဆန္ဒရှိမှသာ ဖြစ်လေသည်။ အတင်အကျပ်လုပ်ရန် သူတို့က စိတ်ကူးပင်မယဉ်ရဲပေ။

" ဒါပေမယ့် သခင်လေးက ရုပ်ခန္ဓာကျင့်စဉ်က ရွှေအမြုတေအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်။ ကျန်တဲ့ စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် ရုပ်ခန္ဓာကျင့်စဉ်က အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှာ အများကြီးမရှိဘူး။ " ချိုးယွဲ့က ပြောလိုက်သည်။

ရုပ်ခန္ဓာကျင့်ကြံခြင်းက တိုက်ခိုက်ရေးစွမ်းအားတွင် ပြိုင်ဘက်ကင်းသော်လည်း အရင်းအမြစ်များစွာကုန်ပြီး သက်တမ်းမတိုးနိုင်သောကြောင့် တွက်ချေမကိုက်ပေ။

အရေးအကြီးဆုံးမှာ ရွှေအမြုတေအဆင့်မှ စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်သို့ တက်ရောက်ရန် စိတ်ကူးမယဉ်နိုင်လောက်အောင် ပြင်းထန်သော နာကျင်မှုကို တောင့်ခံနိုင်ရန် လိုအပ်ပြီး မည်သည့်လေ့ကျင့်သူမှ ခံနိုင်ရည်မရှိခဲ့ပေ။

" သခင်လေးက ရုပ်ခန္ဓာကျင့်ကြံခြင်းမှာ ဒီအဆင့်ထိ အောင်မြင်လိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ။ "

" အနာဂတ်မှာတော့ သခင်လေးက စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်ကို ချိုးဖျက်နိုင်လောက်တယ်။ " ရွှင်းဟွာက ပြောလိုက်သည်။

စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် ရုပ်ခန္ဓညကျင့်ကြံသူ တာအိုအင်မော်တယ်ဂိုဏ်းတွင်ပင် အားနည်းသည်ဟု ပြော၍မရဘဲ အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင်တော့ လေးစားရသော အကြီးအကဲတစ်ဦး ဖြစ်လာမည်မှာ သေချာလေသည်။

All Chapters