← Chapters

ထနောင်းသစ်သားများ

Vol. 2 Ch. 29

ထနောင်းသစ်သားများ

Vol. 2 Ch. 29

"အားယောင်၊ ကျွန်မတို့ အတူတူသွားစရာ မလိုတာ သေချာရဲ့လား" စုရွှေလျန်သည် ဖန်းဟွာမြို့သို့ထွက်ခွာမည့် လင်းစစ်ယောင်ကို ရပ်‌စေလိုက်ပြီး မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။

အိမ်အတွက် ပရိဘောဂတွေ အားလုံး ပြီးသွားပြီလို့ ကြားသိရပြီး တစ်ခုတည်းသောလုပ်စရာကျန်‌နေသေးတာက အိမ်ရှေ့ကိုဦးတည်ပြီး အုတ်စီထားတဲ့ လမ်းပင်ဖြစ်၏။ ထို့အပြင် လင်းစစ်ယောင်ထံမှ လက်ရှိအိမ်အနီးရှိ မလိုအပ်သောခြံစည်းရိုးကို ဖယ်ရှားကာ ကြီးမားသောတံခါးနှစ်ထပ်ပါသော လူအရပ်မြင့်လောက်ရှိသည့်ခြံစည်းရိုးတစ်ခုဖြင့် အစားထိုးရန် ရည်ရွယ်ထားကြောင်း သူမကြားသိခဲ့ရသည်။

သူသည် သူမကို ဒီလိုအလုပ်မျိုးတွေအား ဘယ်တော့မှ မလုပ်ခိုင်းခဲ့ပေ။ တည်းခိုခန်းမှာပင် ဝံပုလွေနှစ်ကောင်နှင့်အတူ‌နေဖို့ ဒါမှမဟုတ် အပ်ချုပ်ဖို့ နေခိုင်းခဲ့တာချည်းပင်။ ဒါပေမယ့် သူတို့ဝယ်ထားတဲ့ ချည်ထည်တွေ အကုန်ချုပ်ပြီးသွားတာတောင်မှ သူနဲ့လိုက်ဖို့ ခွင့်မပြုသေးဘူး။ သူမက အသုံးမဝင်ဘူးလို့ သူထင်‌နေတာလား?

လင်းစစ်ယောင် သူ့နောက်လိုက်ချင်စိတ်တွေပြည့်နေတဲ့သူမမျက်လုံးတွေကို မြင်လိုက်ရတော့ သက်ပြင်းချလိုက်ပြီးပြောလိုက်သည် “ကောင်းပြီ၊ ဒါပေမယ့် အဲဒီကို ရောက်ရင် သတိထားရမယ်‌နော်။ ကိုယ့်ကိုယ်ကို မထိခိုက်စေနဲ့"

စုရွှေလျန် သူပြောတဲ့အတိုင်းလုပ်ပါ့မယ်လို့ကတိပေးလိုက်သည်။ အိမ်တွင်တပ်ဆင်ရန် ရည်ရွယ်ပြီးချုပ်ထားသည့် လိုက်ကာအိတ်ကို ယူရန် အမြန်ပြေးသွားလိုက်၏။

“အလျင်လိုမနေနဲ့။ အိမ်က ညစ်ပတ်နေတုန်းပဲ” လင်းစစ်ယောင်

သည် အိတ်ကြီးကို လက်ခံပြီး အခန်းထဲသို့ ထည့်လိုက်သည်။ သူမ တစ်နေကုန် အနားယူခြင်းမရှိဘဲ ပြီးမြောက်အောင်ကြိုးစားလုပ်ထားသော လိုက်ကာများကို ရက်အနည်းငယ်ကြာ ချိတ်ဆွဲလိုက်ရုံဖြင့် ညစ်ပတ်သွားမှာကို သူ မလိုလားပေ။

"အို ဟုတ်သားပဲ" စုရွှေလျန် နာခံစွာ ခေါင်းညိတ်လိုက်သည်။ သူမသည် ပြုပြင်မွမ်းမံမှုများကို ယခုအချိန်အထိမမြင်ဖူးသေးတာ‌ကြောင့် အပြောင်းအလဲအသစ်အတွက် အလွန်ကိုစိတ်လှုပ်ရှားနေမိသည်။

---

"ကြည့်၊ ကြည့်! ဒါက ဒီသီးခြားအိမ်​​ထောင်စုရဲ့...."

"အိုး၊ ငါတကယ်ကိုမပြောတတ်‌တော့ဘူး။ ဒီ ငယ်ရွယ်တဲ့ကုန်သည်‌လေးက ဘယ်က‌ရောက်လာတာလဲ?”

"မသိဘူး‌​လေ။ ဒါပေမဲ့ Hua အိမ်ကချွေးမဖြစ်သူ ပြောစကားအရဆိုရင်‌​တော့၊ သူတို့အိမ်ရဲ့ပရိဘောဂအားလုံးကို အမည်မသိသစ်သားနဲ့ဆောက်လုပ်ထားတာတဲ့။ သူမတောင်မှ စဉ့်တီတုံးလုပ်ဖို့ အပိုင်းသေးသေးလေးတစ်ခု အိမ်ကိုယူလာခဲ့သေးတယ်။ တကယ်အသုံးဝင်ပြီး လုံးဝပဲ့မသွားဘူးလို့ သူမကပြောခဲ့တယ်"

“ကျွတ်၊ ကျွတ် ဟွာမိသားစုက အမျိုးသမီးရဲ့ အရေပြားက တကယ်ကို ထူတာပဲ။ အတင့်ရဲပြီး အပိုင်းအစတွေကိုတောင် လာ​ကောက်ရဲသေးတယ်”

“အိုင်း… သူ့ခင်ပွန်းက ဒီအလုပ်မှာ ဆယ့်နှစ်ရက် အလုပ်လုပ်ပြီး ကြေးပြား ၆၀၀ ရခဲ့တဲ့အပြင် သစ်သားတွေလည်း အများကြီး ပေးခံရတယ်လို့ ထျန်းအိမ်ရဲ့ချွေးမဆီက ကြားခဲ့ရတယ်။ သူမ​တောင်မှ ခင်ပွန်းဖြစ်သူကို စားပွဲအသစ်တစ်လုံးလုပ်​ပေးဖို့အတွက် နားပူနေသေးတယ်”

"တကယ်လား? ကျွတ် ကျွတ်! ဒီတစ်ခါတော့ မသန်မစွမ်းဝမ်လည်း ကူညီသွားတယ်လို့ ဝမ်ကန်းဖာဆီက ​ကြားခဲ့ရတယ်။ သူ့ကိုငြင်းပယ်ခြင်းမပြုခံရရုံ တင်မကဘူး၊ အဲ့လိုသစ်သားတစ်စည်းကိုလည်း ချီးမြှင့်ခံခဲ့ရ​​သေးတယ်တဲ့။ သူ့မိန်းမက သူ့ကို ရေချိုးကန်တစ်ခု လုပ်ခိုင်းနေတယ်။ အိုင်း၊ ငါတို့မိသားစုထဲကလူရှုပ်တွေ ဘာကြောင့် လက်သမားအတတ်ကို မသင်ခဲ့ရတာပါလိမ့်!”

……

စုရွှေလျန်သည် ဖန်းဟွာ​မြို့အ​လယ်ဗဟိုရှိ ရေကန်ကြီးကို ဖြတ်သွားသောအခါ မိုးမခပင်အောက်တွင် ပန်းထိုးနေသော အိမ်ရှင်မများစွာသည် တိတ်တဆိတ် အတင်းပြောလာကြသည်။ သို့သော်လည်း သူမ၏ စိတ်အားထက်သန်သော ကြားလိုမှုက သူတို့စကားဝိုင်းမှ တစ်စွန်းတစ်စကို ကြားနိုင်ခဲ့သည်။

"ဒီအတွက် ရှင်အပြစ်ပေးမှာလား" စုရွှေလျန် လင်းစစ်ယောင်ကို ကြည့်ရင်း ပြုံးလိုက်သည်။ ယခု ဖန်းဟွာ ​မြို့​မှ အိမ်ရှင်မအားလုံးသည် ၎င်းတို့၏ခင်ပွန်းများအား သစ်သားလက်မှုအတတ်ကို သင်ယူ​စေချင်လာကြပြီး ၎င်းသည်အလွန်ပင်ရယ်စရာ​ကောင်းလှသည်။

လင်းစစ်ယောင် မျက်ခုံးပင့်ပြလိုက်သော်လည်း တိတ်ဆိတ်နေ၏။ ဒါက သူနဲ့ ဘာဆိုင်လို့လဲ? သူလုပ်ခဲ့တာက လက်သမားလေးယောက်ကို အလုပ်ပြီးမြောက်ခဲ့တဲ့အတွက် ဆုပေးခဲ့ရုံလေးပဲကို။

“ဒါပေမယ့်… ခြံစည်းရိုးအတွက် သစ်သားအလုံအလောက် ကျန်သေးရဲ့လား” ခြံစည်းရိုးအသစ်အတွက် သူ့စိတ်ကူးကို သတိရမိပေမယ့် ကျန်ခဲ့တဲ့သစ်သားအားလုံးကို ဘာကြောင့်ပေးပစ်လိုက်ရတာလဲ?

"ထုံးစံအတိုင်းပဲ ကိုယ့်မှာ နည်းလမ်းတွေရှိပါတယ်" လင်းစစ်ယောင် သူမကို ပြုံးပြီး နှစ်သိမ့်ပေးလိုက်သည်။

သူမကို မပြောပြခဲ့တာကတော့ လွန်ခဲ့တဲ့ လေးညက သစ်သားရဖို့ တရှီ တောင်ကိုထပ်ဝင်ခဲ့တယ်ဆိုတဲ့အ​​​ကြောင်းပဲဖြစ်၏။ ယခုတစ်ကြိမ်တွင် သူ၏ပစ်မှတ်မှာ ခြံစည်းရိုးပြုလုပ်ရန်အတွက် အထူးသင့်လျော်သော ပင်စည်ထူသည့် ပျဉ်းကတိုးပင် ဆယ်ပင်ဖြစ်သည်။ သစ်သားတွေကို သယ်ဖို့ လှည်းမခေါ်ဘဲ သူ့ကျောပေါ်မှာသယ်ဆောင်ပြီးအိမ်ပြန်လာခဲ့သည်။ ခြံစည်းရိုးခတ်ရာတွင် ကူညီရန် ခေါ်ထားခံရသော ဖုန်းလောင်လျှို့မှလွဲ၍ ဤအကြောင်းကို မည်သူမျှ မသိခဲ့ပေ။

ဖုန်းလောင်လျှို့သည် နှုတ်စည်းစောင့်သူဖြစ်၏။ လွန်ခဲ့သည့် လေးရက်က စာချုပ်အပြီးတွင် လအနည်းငယ်နှင့်ညီမျှသော လစာနှင့် သူ့သားကို စားပွဲသေးလေးလုပ်ပေးနိုင်လောက်အောင် သစ်သားအလုံအလောက်ရရှိပြီးနောက် လင်းစစ်ယောင်၏စကားကို နာခံလာခဲ့သည်။ ဒါ့အပြင် သူသည် ဒီအလုပ်ပြီးရင် ကျန်ရှိတဲ့သစ်သားကိုလည်း ပေးမယ်လို့ ကတိပေးခဲ့သည်။ ထိုကဲ့သို့ သဘောတူညီမှုဖြင့် ဖုန်းလောင်လျှို့သည် နေ့တိုင်း နံနက်စာစားပြီးနောက် သူတို့အိမ်သို့ လာကာ မီးပုံးကိုင်ပြီး အိမ်ပြန်လေ့ရှိသည်။(မနက်စောစောကတည်းက လာပြီး ညနက်သည့်တိုင်အောင် အလုပ်လုပ်တာကို ပြောချင်တာပါ) အိမ်တဝိုက်လုံး ခြံစည်းရိုးခတ်ခြင်းပြီးမြောက်စေရန် လေးည ဆက်တိုက်ကြာခဲ့သည်။ ဒီနေ့တော့ သူ့ဆိုင်မှာ ခြံစည်းရိုးတွေတပ်ဆင်ဖို့ ကျန်နေတဲ့အလုပ်တွေကိုလက်စသတ်ရင်း ကတိပေးထားတဲ့ သစ်သားတွေကို ယူဖို့ သူစောင့်နေခဲ့သည်။

……

"ဘာလဲ?" အိမ်ထဲသို့ဝင်လာ​ပြီး​နောက် စုရွှေလျန်၏ မလှုပ်မယှက် ခန္ဓာကိုယ်နှင့် အံ့အားသင့်နေသော အမူအရာကြောင့် လင်းစစ်ယောင် မေးလိုက်သည်။ သူရွေးထားတဲ့ သစ်သားအရောင်ကို မကြိုက်ဘူးလား?

"အားယောင်, ဒီဟာ​တွေကို..... တကယ်အဲ့​တောထဲကယူလာတာလား" စုရွှေလျန် ခရမ်းရင့်ရောင်သစ်သားနဲ့လုပ်ထားတဲ့ ပရိဘောဂတွေပြည့်နေတဲ့ အခန်းပတ်ပတ်လည်ကို ကြည့်ရင်း မေးလိုက်သည်။

အိပ်ခန်းအလယ်မှာ ရပ်နေရင်း အနုစိတ်ထွင်းထုထားတဲ့ စားပွဲဝိုင်းလေးကို သူမ ညင်သာစွာ စမ်း​ကြည့်လိုက်၏။ စားပွဲမျက်နှာ​ပြင်သည် ကြက်တောင်ပံ (雞翅 Jichi)နှင့်တူသည်။ ဒန်းတလက်ရဲ့ မွှေးရနံ့သင်းသင်းလေးနဲ့၊ တကယ်ကို ကြက်တောင်ပံသစ်ပဲဖြစ်ရမယ်။ စုရွှေလျန် ကြက်တောင်ပံသစ်သားနဲ့လုပ်ထားတဲ့ လက်ရန်းပါတဲ့ကုလားထိုင်ကို ယူလာ​ပေးဖို့ အဘိုးက တစ်စုံတစ်ယောက်ကို ခိုင်းစေခဲ့တဲ့အချိန်ကို တိတ်တဆိတ် ပြန်အမှတ်ရပြီး သက်ပြင်းချလိုက်မိသည်။ သူမနှင့် မောင်နှမများကို ထိတွေ့ခွင့်တောင် မပေးသည့်တိုင်အောင် အဘိုးက ထိုအရာကို မြတ်နိုးခဲ့သည်။

ယခုမူ စုရွှေလျန်သည် ကြက်တောင်ပံသစ်သားဖြင့် ပြုလုပ်ထားသည့် ပရိဘောဂများ​​နှင့် ပြည့်နေသော အခန်းကို ကြည့်လိုက်သည်... သူမ ဘယ်လိုမှ မအံ့​သြပဲမ​နေနိုင်တော့။

"သစ်သားနဲ့ပတ်သက်ပြီးပြဿနာရှိလို့လား" လင်းစစ်ယောင်က မျက်ခုံးလေး​ကြုတ်ပြီး မေးခွန်းထုတ်လိုက်သည်။

“ဒါက တစ်ခါတ‌‌လေမှာ ဟုန်တို့လို့သိကြတဲ့ ကြက်တောင်ပံသစ် ဒါမှမဟုတ် ထနောင်းသစ်သားလေ။ ဒီသစ်သားက အလွန်ခိုင်ခံ့တယ်၊ အမွှေးနံ့သင်းသင်းလေးရှိပြီး ပိုးဖောက်ခဲတယ်။ အတိုချုပ်ပြောရရင်တော့ အရမ်းတန်ဖိုးရှိတယ်” စုရွှေလျန် လှည့်ပြီး ကြက်တောင်ပံသစ်အကြောင်း သူမသိသမျှ သူ့ကို ပြောပြလိုက်သည်။

"ထနောင်း သစ်သား*?" လင်းစစ်ယောင်သည် စုရွှေလျန် ကို ပြုံးပြီး ကြည့်ရင်း စကားလုံးများကိုထပ်​​ရေရွတ်လိုက်သည်။ သူသေချာပေါက်ကို ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့တာပဲ။ သူမ၏ ခုဏက အံ့အားသင့်သွားသော အသွင်အပြင်နှင့် ဣ​​‌‌​န္ဒြေပြန်ဆည်လိုက်ပြီးနောက် ပျော်ရွှင်နေပုံကို အကဲဖြတ်ကြည့်ခြင်းဖြင့်ဒီပစ္စည်းကို သူမ တကယ်နှစ်သက်ပုံရသည်။

(Enလိုဆိုရင် ထနောင်းက (ထနောင်းမျိုး)အကေးရှားပင်လို့အဓိပ္ပါယ်ရပြီး တရုတ်လိုဆိုရင်တော့ ထနောင်း 相思 =လွမ်းခြင်း စောင့်မျှော်ခြင်းလို့လည်း ဘာသာပြန်လို့ရပါတယ်တဲ့)

“သွေးပျဉ်သစ်သားကလည်းအဖိုးတန်ပေမဲ့ ဒီသစ်သားနဲ့တော့ နှိုင်းယှဉ်လို့မရဘူး” စုရွှေလျန်သည် အခြားအခန်းများရှိ လိုက်ဖက်သောအရောင်နှင့် ပရိဘောဂများကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။

ဘုရားရေ၊ ဒီမြို့မှာရှိတဲ့ပရိဘောဂတွေက ဘယ်လိုမှ စျေးပေါစရာအကြောင်းမရှိဘူးလို့ သူတို့ ပြောခဲ့တယ်မဟုတ်လား? ဒါပေမဲ့ သူတို့အိမ်အတွက် ပရိဘောဂအစုံအလင်လုပ်ဖို့ ဒီရှားရှားပါးပါးသစ်သားအမျိုးအစားတွေကို အသုံးပြုခဲ့ကြတယ်... ဟုတ်တယ်၊ ဒါတွေအားလုံးက အန္တရာယ်ရှိတဲ့ တရှီတောင်ကို စွန့်စားသွားခဲ့တဲ့ သူ့ကျေးဇူးတွေကြောင့်ပဲ။

စုရွှေလျန်၏ နှလုံးသား တုန်လှုပ်သွားသည်။ သူသည် စကားနည်းသောသူဖြစ်သော်လည်း သူပြောလိုက်တဲ့စကားရဲ့ အရင်းခံအဓိပ္ပါယ်ကို သူမအမြဲခန့်မှန်းနိုင်ခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သူမက သူ့အား စွဲဆောင်ဖို့မွေးဖွားလာခြင်းကြောင့်ဖြစ်၏။ ရှင်းယီအပေါ်ထားရှိသော သူမ၏ခံစားချက်များသည် လင်းစစ်ယောင် အပေါ်ထားသော ယခုခံစားရသည့်ခံစားချက်နှင့် လုံးဝမတူဘဲ မောင်နှမချစ်ခြင်းမေတ္တာတစ်ခုမျှသာဖြစ်ကြောင်း ယခုအခါ သူမသဘောပေါက်လာခဲ့သည်။

"ဘာဖြစ်တာလဲ?" လင်းစစ်ယောင် သည် ခြံစည်းရိုးကို ဖုန်းလောင်လျှို့ မည်ကဲ့သို့ လုပ်ဆောင်နေသည်ကို စစ်ဆေးရာမှ ပြန်လာသောအခါ စုရွှေလျန်သည် သူ မသွားခင်ကအတိုင်း ခန်း* ၏ဘေးတွင်လက်နှစ်ဖက်လုံးထောက်ထားပြီး ရပ်နေသည်ကို တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။

*(Kang 炕 = မီးအပူခံနိုင်သော မြင့်မားသည့် ကြမ်းခင်းဖြစ်သည်။ အိပ်ရာအဖြစ်လည်း သုံးနိုင်သည်။)

သူ့အသံကြောင့် စုရွှေလျန် မှိန်းမောနေရာမှ နိုးလာသည်။ သူမက မျက်တောင်ခတ်ပြီး သူ့ကိုကြည့်ကာ "အားယောင်..."

"အမ်..?" လင်းစစ်ယောင်က သူမကို ခန်းပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ သူ့မျက်လုံးထဲတွင် မေးခွန်းပါသောအကြည့်ဖြင့် သူမကို ကြည့်လိုက်၏။

“ဘာမှမဟုတ်ဘူး..” စုရွှေလျန် သူမတွေးနေတာတွေကို ရိပ်မိတဲ့အခါ ရှက်ရွံ့စွာဖြင့် သူမရဲ့စကတ်ကို ဆွဲလိုက်မိသည်။ ခေါင်းစဉ်ပြောင်းဖို့ ကြိုးစားရင်း သူမက "အို့ ဟုတ်သားပဲ၊ ရှင် ဒီနေ့ အုတ်လမ်းသေးသေးလေးလုပ်ပြီး ခြံစည်းရိုးစိုက်မယ်လို့ ပြောခဲ့တယ်မဟုတ်လား"

“ဟုတ်တယ်၊ ဖုန်းလောင်လျှို့က ခြံစည်းရိုးတောင် လုပ်ပြီးနေပြီ။ ဒါပေမဲ့ ဒီနေ့ လမ်းတော့ မလုပ်နိုင်လောက်တော့ဘူး” သူမ ဘာမှ မဖြစ်တာကိုမြင်တော့မှ လင်းစစ်ယောင် မတ်တပ်ထရပ်လိုက်သည်။ ရေအပြည့်ပါတဲ့ ရေဘူးကို ကိုင်ပြီး သူမဆီ ကမ်းပေးလိုက်၏။

စုရွှေလျန် အနည်းငယ်​သောက်လိုက်သည်။ သူမကိုယ်သူမ ဘယ်လိုအသုံးဝင်အောင်လုပ်ရမလဲဆိုတာ နည်းနည်းစဉ်းစားရင်း ပြောလိုက်၏ “ဒါဆို ကျွန်မ နည်းနည်းရှင်းလင်းဖို့သွားလိုက်ဦးမယ်။ အခုဆိုရင် အိမ်အတွင်းပိုင်းက အဆင်သင့်ဖြစ်နေသင့်ပြီမဟုတ်လား”

လင်းစစ်ယောင် ခေါင်းညိတ်ပြပြီး ရေဘူးကိုယူကာ ရေတစ်ငုံသောက်လိုက်သည်။ စုရွှေလျန် ရှက်သွားသော်လည်း လင်းစစ်ယောင် ဂရုမပြုမိကြောင်း မြင်လိုက်ရသဖြင့် ခေါင်းငုံ့လိုက်ပြီး သတိမထားမိဟန်ဆောင်လိုက်သည်။ သူမ၏ လျင်မြန်သော နှလုံးခုန်နှုန်းကသာ ၎င်းသည် အလွန်ရင်းနှီးတဲ့လုပ်ရပ်ဖြစ်ကြောင်း သူမအား သတိပေးနေခဲ့သည်။

လင်းစစ်ယောင်၏ မျက်လုံးများသည် ဖုံးကွယ်ထားသော ရွှင်မြူးမှုဖြင့် တောက်ပလာသည်။ ရေဘူးတစ်ဘူးတည်းကို အတူတူ​​သောက်​တဲ့ လူနှစ်ယောက်က ဘာကိုဆိုလိုမှန်း သူကောင်းကောင်းသိပေမယ့် သူမရဲ့ တုံ့ပြန်မှုကို သိချင်တာကြောင့် ဂရုမပြုမိဟန်ဆောင်လိုက်ခြင်းဖြစ်၏။ သူ့ကိုတားဖို့ ရည်ရွယ်ချက်မရှိဘဲ နားရွက်တွေနီရဲပြီး ခေါင်းငုံ့သွားဖို့တော့ သူ မျှော်လင့်မထားခဲ့ပေ။ ဒါက ဘာအဓိပ္ပါယ်လဲ? ဆိုလိုတာက သူမက သူတို့ရဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးကို လက်ခံတယ်ပေါ့။ လင်းစစ်ယောင်၏ မျက်လုံးများ မှောင်မိုက်လာသည်။ဒီအိမ်ကိုမပြောင်းခင် သူတို့လက်ထပ်ခဲ့ကြ၏။ သို့မဟုတ်ပါက... အိပ်ခန်းထဲက နှစ်မီတာကျယ်တဲ့ ကုတင်ကို တစ်ချက်ကြည့်လိုက်ပြီး... ဒီအေးစက်နေတဲ့ကျောက်တုံးလိုကြမ်းပြင်ပေါ်မှာ သူအိပ်နေရမှာလား?

****

(တရုတ်မှာ သူစိမ်းတွေက ရေဘူးအတူသောက်လေ့မရှိပါဘူး။ ချစ်သူတွေ ဇနီးမောင်နှံတွေပဲ အတူသောက်ကြတာပါ။ တစ်ယောက်သောက်ပြီးသားရေဘူးကို နောက်တစ်ယောက်က သောက်ရင် အဲ့တစ်ယောက်က ပထမတစ်ယောက်ကို သူစိမ်းလိုသဘောမထားဘူး (ချစ်ခင်ကြင်နာတယ်)လို့ အဓိပ္ပါယ်ရပါတယ်။ ကြားဖူးတာကို ပြောပြတာပါ။ မှားကောင်းမှားနိုင်ပါတယ်ရှင့်။)

All Chapters