← Chapters

ပထမဆုံးသော အနမ်း

Vol. 2 Ch. 30

ပထမဆုံးသော အနမ်း

Vol. 2 Ch. 30

နောက်ရက်အနည်းငယ်တွင် စုရွှေလျန်သည် တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ရင်း အလုပ်များနေခဲ့သည်။ လင်းစစ်ယောင်ကတော့ ခြံဝင်းထဲမှာ အုတ်များစီနေသည်။ ဒီအုတ်တွေကို ကုန်ဆိုင်​​​သေး​သေး​လေးဆီက ဝယ်လာတာကြောင့် ဈေးသိပ်မမြင့်​ပေ။ သို့သော် တပ်ဆင်မှုမပါဝင်သဖြင့် လင်းစစ်ယောင်သည် ဓားနှင့်အကျွမ်းတဝင်ရှိခဲ့သောသူ့လက်များကို စနစ်တကျအသုံးပြု၍ တာဝန်ကျေစွာလုပ်ဆောင်ခဲ့ရသည်။ လင်းစစ်ယောင်သည် အိမ်နောက်ဘက်နှင့် အိမ်ရှေ့ရှိ လူသွားလမ်းပေါ်တွင် အလုပ်လုပ်နေခဲ့သည်။

လူအရပ်အမြင့်ရှိသော ပျဉ်းကတိုးခြံစည်းရိုးကို အိမ်တဝိုက်လုံးတွင် တပ်ဆင်ထားပြီးဖြစ်၏။ ထိပ်သည် ဆူးပင်များကဲ့သို့ ချွန်ထက်နေပြီး အောက်ခြေသည် မြေ၌ ခိုင်ခံ့စွာစိုက်ထားသည်။ တိုင်တစ်တိုင်စီကြားတွင် ခြောက်လက်မအကျယ်နေရာလွတ်ရှိသည်။ ဤအရာသည် လေ၀င်လေထွက်ကောင်းစေပြီး တိုက်ခတ်လာသောလေကို ခြံအတွင်းမှပင် ခံစားနိုင်သေးသည်။ အပြင်ဘက်ကနေ ခြံဝင်းရှုခင်းကို ဖျတ်ခနဲမြင်နိုင်ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မြင်နိုင်ဖို့ခက်သည်။ ဤနည်းဖြင့် သူတို့သည် ဘေးကင်းပြီး စိတ်လက်ချမ်းသာစွာ​နေနိုင်သည်။

ဖုန်းလောင်လျှို့သည် ဤတပ်ဆင်မှုကို အလွန်နှစ်သက်ခဲ့ပြီး အဆုံးမရှိ ချီးကျူးနေခဲ့သည်။ သူ့အိမ်ကို ပြန်ပြင်တဲ့အခါလည်း ဒီလိုပဲ လုပ်မယ်လို့ ထပ်ပြောခဲ့သေးသည်။ လင်းစစ်ယောင်သည် သူ့လုပ်အားခကို ပေးချေပြီး ကျန်ရှိသော ပျဉ်းကတိုး သစ်သားတစ်ဝက်ကို သူ့အား ပေးလိုက်၏။ ဖုန်းလောင်လျှို့သည် ကျေးဇူးတင်စကားပြောပြီး သစ်ခွဲသားကိုယူကာ ဇနီးသည်ထံ ဝမ်းသာစရာသတင်းနှင့်အတူ အိမ်သို့အမြန်ပြန်သွားခဲ့သည်။

စုရွှေလျန်သည် ထိုမြင်ကွင်းကိုကြည့်ပြီး အဆက်မပြတ် ရယ်မောလိုက်သည်။

“သစ်သားတွေ ဘယ်ကရလာတယ်ဆိုတာ သူတို့ကို ပြောပြီးပြီလား” စုရွှေလျန် မေးလိုက်၏။

လင်းစစ်ယောင် သူမကို အကြာကြီး စိုက်ကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။ ၎င်းသည် အလွန်အန္တရာယ်များသောကြောင့် သူ မပြောပြချင်ခဲ့ခြင်းဖြစ်၏။ ကျားသည်သေဆုံးသွားပြီဖြစ်သော်လည်း ထိုတောထဲတွင် အခြားအစွမ်းထက်သော သားရဲများ ရှိမည် မရှိမည် မသေချာပေ။ ရေတိုမှာ အကျိုးအမြတ်ရနိုင်ပေမယ့် တစ်နေ့မှာ တစ်စုံတစ်ယောက် အသက်ဆုံးရှုံးသွားရင်ကော?

"အင်း... သူတို့ကို မပြောဘဲနေတာ အကောင်းဆုံးလို့ ကျွန်မလည်းထင်တယ်၊ မဟုတ်ရင်..." စုရွှေလျန်လည်း အလားတူ ဖြစ်နိုင်ချေကို တွေးပြီး "ရှင်လည်း အဲဒီကို နောက်ထပ်မသွားနဲ့တော့" သူမ တိုးတိုးလေး အကြံပေးရင်း လင်းစစ်ယောင်ကို စိုးရိမ်တကြီး ကြည့်နေမိသည်။

“အင်း” လင်းစစ်ယောင် ခေါင်းညိတ်လိုက်သည်။ မလိုအပ်တော့ဘူးဆိုရင် သူနောက်ထပ် ထပ်ဝင်မှာမဟုတ်တော့ပေ။

…….

စုရွှေလျန်သည် အဓိကအခန်းသုံးခန်းနှင့် မီးဖိုချောင်တွင် ဖုန်မှုန့်အမှုန်အမွှားကင်းစင်နေမှသာ သန့်ရှင်းရေးလုပ်ခြင်းရပ်တန့်သွားသည်။

“ဟူး!” နာကျင်နေသော ကျောနှင့် ခြေထောက်များကို နှိပ်နယ်ရင်း အသက်ရှုထုတ်လိုက်သည်။

လွန်ခဲ့သော ငါးရက်က သူမသည် မရပ်မနား သန့်ရှင်းရေးလုပ်ခဲ့သည်။ နေ့တိုင်း သစ်သားက အမှုန့်တွေ အမြဲထွက်နေပေမယ့် အဆက်မပြတ် သန့်ရှင်းရေးလုပ်တော့ ပိုပိုနည်းလာတာကို စုရွှေလျန် တွေ့လိုက်ရ၏။ ဒီနေ့ သူမ ဝင်သွားတော့ တော်တော်သန့်ရှင်း‌နေပုံရသည်၊ သို့သော် ပုဝါကို ကောက်ကိုင်ပြီး ပရိဘောဂတွေကို သုတ်နေတုန်းပဲဖြစ်၏။ ကျောက်သားအုတ်ကြွပ်ကြမ်းပြင်ကို သုတ်ပြီးနောက် သူမသည် နောက်ဆုံးတွင် အနားယူရန် ရပ်တန့်လိုက်သည်။

"အားယောင် ခဏလောက်အနားယူရအောင်" စုရွှေလျန်သည် သူမ၏ လက်နှင့် မျက်နှာကို ဆေးကြောပြီးနောက် ဇလုံတစ်လုံးကို ရေသန့်ဖြင့် ဖြည့်လိုက်၏။ မြစ်ကမ်းဆီသို့ ကျဉ်းမြောင်းသော အုတ်လမ်းကိုဖောက်လုပ်နေသည့် အိမ်နောက်ဖေးတွင်ရှိသော လင်းစစ်ယောင်အား ကမ်းပေးရင်း ရေစိုပုဝါကို ရေညှစ်လိုက်သည်။

လင်းစစ်ယောင် ရပ်တန့်ကာ ထလိုက်သည်။ သူ့မျက်နှာသည် ချွေးများဖြင့် ဖုံးလွှမ်းနေ၏။ စုရွှေလျန်ဆီမှ စိုစွတ်သော မျက်နှာသုတ်ပဝါကို ယူ၍ မျက်နှာကို သုတ်လိုက်သည်။ ရုတ်တရက် သူတစ်ခုခုကို ရိပ်မိသွားသကဲ့သို့ စုရွှေလျန်၏လက်များကို ဆွဲယူပြီး စိုက်ကြည့်နေသည်။

"အားယောင်?" စုရွှေလျန် အံ့ဩသွားသည်။ သူမလက်တွေတစ်ခုခုဖြစ်နေလို့လား?သူမသည် ပရိဘောဂများကို သုတ်ပြီး ကြမ်းပြင်ကို လှဲခဲ့ရုံသာဖြစ်၏၊ ဘာဒဏ်ရာမှ မရှိသင့်ပေ။ အနည်းငယ် ကြမ်းတမ်းလာခဲ့ရုံကလွဲလို့ပေါ့။

ဟုတ်သည်၊ တစ်ချိန်က သူမရဲ့ဖြူဖွေးနူးညံ့နေတဲ့လက်တွေ နည်းနည်းကြမ်းလာတာကို မြင်လိုက်ရလို့ လင်းစစ်ယောင် မျက်မှောင်ကြုတ်သွားခြင်းဖြစ်၏။

"ဘာမှမဖြစ်ပါဘူး။ အဒေါ်လောင်နဲ့ တခြားသူတွေ လက်မှာဆို အသားမာတွေရှိတာ ရှင် မမြင်ခဲ့ဘူးလား” စုရွှေလျန်သည် သူ့အကြည့်ကြောင့် အနည်းငယ်ရှက်သွား၏။ သူမလက်များကိုပြန်ဆွဲထုတ်ရန်ကြိုးစားသော်လည်း လင်းစစ်ယောင်သည် ပို၍ပင်တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။

"မင်းကတော့ မတူဘူးလေ" လင်းစစ်ယောင် တိုးတိုးလေးပြောသည်။ သူမက ထူးခြားသည်၊ ဒီလိုကြမ်းတမ်းတဲ့ အလုပ်ကြမ်းတွေ မလုပ်အောင် သူမကို ကာကွယ်​ပေးသင့်သည်။

"ဘာမှထူးခြားတာမရှိပါဘူး။ အားယောင် ၊ ဒီလိုဘဝမျိုးကို ကျွန်မတကယ်သဘောကျပါတယ်" သူ့ကိုယ်သူ အပြစ်တင်သည့်အသံကိုကြားတော့ စုရွှေလျန် လင်းစစ်ယောင်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်တွေကလည်း အခုရက်တွေမှာ ပိုကြမ်းလာတာ မဟုတ်ဘူးလား?

"မင်း...တကယ်ကြိုက်တာလား" စုရွှေလျန်သည် သူ့လက်များကို ဆက်လက်စစ်ဆေးနေချိန်တွင် လင်းစစ်ယောင် မော့ကြည့်ကာ မေးလိုက်၏။

စုရွှေလျန် ခေါင်းညိတ်လိုက်သည်။ သူမ၏လည်ပင်းသည် ရှက်စိတ်ကြောင့် အနီရောင်သန်းနေ၏။

လင်းစစ်ယောင် သူမကို ပွေ့ဖက်ရင်း သက်ပြင်းချလိုက်သည် "မင်းက ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခု ရသင့်တယ် မဟုတ်ဘူးလား..."

“ကျွန်မ အခုလိုနေရတာလည်း ကြိုက်ပါတယ်။ အားယောင် ကျွန်မအတိတ်မှာတုန်းက ပိုပြီးသက်တောင့်သက်သာနေခဲ့ရပေမဲ့ ပျော်စရာမကောင်းခဲ့ဘူး။” စုရွှေလျန်သည် သူမခေါင်းကို သူ့ရင်ဘတ်ထဲတွင် မြုပ်ထားရင်း မသဲကွဲသောအသံ​လေးဖြင့် ပြောလိုက်သည်။ ယခင် စုရွှေလျန်သည် စီးနေသောရေထဲတွင် သူမ၏လက်ကို ဘယ်သောအခါမှ နှစ်မည်မဟုတ်ပေ (ယခုလို ဒုက္ခရောက်ခံပြီး ဆင်းဆင်းရဲရဲနေမည်မဟုတ်ပေ)။ သူမ၏နေ့စဉ်လိုအပ်သောပစ္စည်းများကို စီစဉ်ပေးရုံဖြင့်ပင် မွန်မြတ်သောနေထိုင်မှုပုံစံအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် သူမ ယခု ဒီကိုရောက်လာတော့ ရိုးရှင်းပေမယ့် ပြည့်စုံတဲ့ ပျော်ရွှင်မှုကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ရသည်။ ဒီလူကြောင့်ပဲအဲ့လိုခံစားရတာလား?သူသည် သူမအား ယခင်ကတစ်ယောက်မှ မပေးစွမ်းနိုင်ခဲ့သော လုံခြုံမှုနှင့် နှစ်သိမ့်မှုကိုပေးစွမ်းနိုင်ခဲ့သည်။

သူတို့ မြစ်ကမ်းနံဘေးတွင် ရပ်နေကြစဉ် နေမင်းကြီးသည် ကောင်းကင်ပေါ်သို့ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သည် အပင်တို့၏ ရနံ့များဖြင့် လွှမ်း​ခြုံထားသည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားရင်း တိတ်ဆိတ်နေခဲ့​ကြ၏။ စကားတစ်ခွန်းမှ မပြောပေမယ့် တစ်ယောက်ခံစားချက်ကိုတစ်ယောက် ကောင်းကောင်း သိ​နေကြသည်​။

အသက်ထက်ဆုံး လက်တွဲပါ။ ရိုးရှင်းတဲ့ အရာတစ်ခုဖြစ်ပေမဲ့ တချို့သောအချိန်တွေမှာ တစ်ဘဝလုံးကုန်ဆုံးသွားရင်တောင်မှ လက်တွဲဖို့မ​​ဖြစ်နိုင်တဲ့အခါတွေလည်း ရှိတာကြောင့်ပါ။

………

"အဒေါ်လောင်၊ ကျေးဇူးအများကြီးတင်ပါတယ်" စုရွှေလျန်သည် အမျိုးသမီးလောင်ထံမှဖယောင်းတိုင်တစ်စုံ လက်ဆောင်ရရှိခဲ့သည်။ ၎င်းသည် ရက်အနည်းငယ်အကြာတွင် အိမ်ပြောင်းရွှေ့ခြင်းအတွက် ဂုဏ်ပြုလက်ဆောင်ဖြစ်၏။

ဤသည်မှာ ဖန်းဟွာမြို့၏ ရေးထားခြင်းမရှိသော စည်းမျဉ်းဖြစ်သည်။ အိမ်အသစ်ဆောက်ပြီးတိုင်း ရွာကလူတွေက ဖယောင်းတိုင်တစ်စုံ လက်ဆောင်ပေးကြရ၏။ ရိုးရာဓလေ့ မီးပူ​​ဇော်​​​ခြင်းတွင်​အသုံးပြုပြီးမှသာ မင်္ဂလာရှိသော အတိတ်နိမိတ်အဖြစ် ယူဆကြသည်။

"ဒါက ဘယ်လိုစကားမျိုးလဲ? ဖယောင်းတိုင်လေးတစ်စုံပဲလေ! ငါ့သားအကြီးဆုံးက အများကြီးမလုပ်တတ်ပေမယ့် သူက ဒီလိုမျိုးအသေးအဖွဲလေးလောက်တော့လုပ်တတ်ပါတယ်” အဒေါ်လောင်က သူ့သားအကြောင်း ပြက်ရယ်ပြုရင်း ပြုံးနေပေမဲ့ စိတ်တွင်းကတော့ စုရွှေလျန်၏ သစ်လွင်စွာ ပြင်ဆင်ထားသော အိမ်ကြီးကို အဆက်မပြတ် ချီးကျူးနေမိသည်။

“အဒေါ်လောင်၊ ကျွန်မတို့နောက်သုံးရက်လောက်ဆိုရင် ပြောင်းရွှေ့မယ်လို့ စဉ်းစားထားတယ်။ သင့်တော်မယ်လို့ ထင်လား" စုရွှေလျန် သူမကို ရေတစ်ခွက်ငှဲ့ပေးလိုက်၏။

"သုံးရက်​ပြီးရင်​? ရှစ်လမြောက်ရဲ့ရှစ်ရက်နေ့* အဲဒါ ကောင်းတဲ့နေ့ပဲ!" အဒေါ်လောင်က သူမပေါင်ကို ပုတ်လိုက်သည်။ ရှစ်လမြောက်ရဲ့ ရှစ်ရက်မြောက်နေ့သည် အိမ်သစ်တက်ခြင်းနှင့် အိမ်ထောင်ပြုရန်အတွက် နေ့ထူးနေ့မြတ်ပင်ဖြစ်၏။

(တရုတ် လပြက္ခဒိန်ကို အခြေခံထားခြင်းဖြစ်သည်)

"အဲ မိန်းကလေး... ဒီအ​​ဒေါ်ကို စပ်စုတဲ့အတွက် အပြစ်မတင်ပါနဲ့နော်၊ ဒါပေမယ့် မင်းနဲ့ လင်းသခင်လေးနဲ့ ဘယ်တော့ လက်ထပ်ဖို့ စီစဉ်ထားလဲ" အဒေါ်လောင် အသံတိုးတိုး​​လေးဖြင့် မေးလိုက်ပြီး သူမ၏ မျက်လုံးများသည် ကုတင်ကြီးတစ်လုံးရှိနေသော အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။

စုရွှေလျန်သည် ဤအကြောင်းနှိုးဆော်ခံလိုက်ရသောအခါတွင်တော့ သတိရသွားသည် ။ ဒီရက်တွေအတွင်း အိမ်သန့်ရှင်းရေးနှင့် အလုပ်ရှုပ်နေသည့်အပြင် စျေးတွင် အိမ်သုံးပစ္စည်းများဝယ်ရန် အလုပ်ရှုပ်နေသဖြင့် ဒီအကြောင်းကို လုံးဝမေ့သွားခဲ့သည်။ သို့သော် လင်းစစ်ယောင်သည်လည်း ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာမှ မပြောခဲ့သဖြင့် စုရွှေလျန်၏နှုတ်ခမ်းများ လှုပ်လှုပ်ရွရွဖြစ်သွားခဲ့သည်။

"မင်းတို့က စေ့စပ်ပြီးပြီဆိုတော့ အဒေါ့်စကားကို နားထောင်ပါ၊ နှစ်ခုစလုံးကို တစ်နေ့တည်းမှာ ဘာလို့မလုပ်တာလဲ? ဒီနည်းက ပိုလွယ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နောက်တစ်ရက်မှလုပ်ရင် ကုတင်တစ်လုံးတည်းနဲ့ .... အိပ်ရမှာသက်တောင့်သက်သာရှိမှာမဟုတ်ဘူး၊ ဟုတ်တယ်မလား? ပြီးတော့ သူများတွေ တွေ့သွားရင်လည်း ကောင်းမှာ မဟုတ်ဘူး…” အဒေါ်လောင် သူ့နှလုံးသားထဲက စကားများကို သတ္တိရှိရှိ ပြောလိုက်သည်။

သူမသည် စုရွှေလျန်ကို အပျိုမလေးတစ်ဦးအဖြစ် ရှုမြင်မိသည်။ သူတို့တွင် အပြန်အလှန်အကျိုး​ပြုမှုများစွာမရှိသော်လည်း စုရွှေလျန်သည် သူမအား ချည်ပုဝါလေးခုပေးထားသည်။ ဟွာအိမ်သည် ၎င်းတို့၏ စာချုပ်ရုတ်သိမ်းသွားသော်လည်း သူမ ပြင်ဆင်ထားပြီးသော လက်ဆောင်ကို ပေးရန်အတွက် မရမကတောင်းဆိုနေသေးသည်။ ဒီလို ကြင်နာတတ်တဲ့ မိန်းကလေးမျိုးကို ဘယ်သူက မကြိုက်ပဲနေမှာလဲ? ထိုအချိန်မှစ၍ အဒေါ်လောင်နှင့် စုရွှေလျန်တို့သည် ပို၍ပင်ရင်းနှီးလာခဲ့ကြ၏။

"ကောင်းပါပြီ၊ ကျွန်မ နောက်မှ အားယောင် နဲ့ ဆွေးနွေးလိုက်ပါ့မယ်။ ဒါက... အရမ်းမြန်နေမလားမသိဘူး?" စုရွှေလျန်သည် အဒေါ်လောင်၏ အဆိုပြုချက်ကို ထည့်သွင်းစဉ်းစားမည်ဟု ဖော်ပြသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဒါပေမယ့် သူတို့အိမ်က ပြီးလုနီးနီးနဲ့ ပြောင်းမယ့်ရက်ကလည်း အခြေချပြီးသားမို့ လက်ထပ်ပွဲ ထပ်ထည့်လိုက်ရင်... ပြင်ဆင်ဖို့ အချိန် လုံလောက်ပါ့မလား?

……

"ကိုယ့်ကို​ပြောချင်​တာရှိလို့လား" ထင်းခြောက်တွေယူလာသော သူ့လက်ကိုဆေးကြောပြီးနောက် လင်းစစ်ယောင် လမ်းလျှောက်ဝင်လာရင်း စုရွှေလျန်၏ ချီတုံချတုံအကြည့်ကိုမြင်လိုက်ရသည်။ သူမမှာပြောစရာရှိနေတာကိုမြင်တော့ သူမဘေးမှာထိုင်ပြီး လက်များကိုဆွဲယူလိုက်သည်။ တည်တည်ငြိမ်ငြိမ် မေးရင်း သွေးစီးဆင်းမှုအားကောင်းစေရန် အပ်စိုက်အမှတ်အချို့ကို ညင်သာစွာ နှိပ်ပေးနေလိုက်၏။

(တရုတ်ကားတွေမှာဆိုရင် အပ်စိုက်ကုတာကို မြင်ဖူးကြမှာပါ။ လင်းစစ်ယောင်က အဲဒီအပ်စိုက်ကုရမယ့် အမှတ်နေရာကို နှိပ်ပေးနေတာပါ။)

“အားယောင်…” စုရွှေလျန် အချိန်အတော်​ကြာအောင်အသက်ရှုရှိုက်လိုက်ပြီးမှ ​အောက်သို့ငုံ့ပြီး “ကျွန်မတို့… ကျွန်မတို့…”

"ကိုယ်တို့မင်္ဂလာပွဲအစီအစဉ်တွေလား?" နီမြန်းနေတဲ့ သူမမျက်နှာကို မြင်လိုက်ရတော့ သူ အတိအကျ မှန်းဆမိလိုက်သည်။

"အယ်? ရှင်ဘယ်လိုသိတာလဲ? အဒေါ်လောင်ရဲ့ စကားကို ကြားလိုက်တာလား" စုရွှေလျန် အံ့အားသင့်စွာ ကြည့်လိုက်သည်။

လင်းစစ်ယောင် ခေါင်းယမ်းရင်း ပြုံးလိုက်သည်။ သူသည် သူမမျက်နှာရှေ့ရှိ ပြေလျော့နေသော ဆံနွယ်များကို စုသိမ်းကာ နားရွက်နောက်သို့ ပြန်ပို့ပေးလိုက်၏။

"ရှင် ဘာလုပ်ဖို့စီစဉ်ထားလဲ" စုရွှေလျန် သူမ၏ ပခုံးများကို ဖြေလျှော့လိုက်သည်။

"ငါတို့အိမ်ပြောင်းတဲ့နေ့မှာပဲ လက်ထပ်ကြမယ်" လင်းစစ်ယောင်သည် သူမ၏ အပ်စိုက်အမှတ်ကို ဆက်၍ နှိပ်‌ပေးနေသည်။

“ဒါဆို ဘာကြောင့်…” ရှင် ဘာမှ မပြောခဲ့တာလဲ? စုရွှေလျန်သည် လင်းစစ်ယောင်က ကြည့်လာသောကြောင့် ကျန်စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ တောက်ပသော သူ့မျက်လုံးများက သူမကို တည့်တည့်စိုက်ကြည့်နေသည်။

“ရွှေလျန်…” လင်းစစ်ယောင် သူမနာမည်ကို အသံတိုးတိုးလေးဖြင့် ခေါ်လိုက်သည်။ “ငါတို့နှစ်ယောက်မှာ… ငါက မိဘမဲ့ဖြစ်ပြီး မင်းကတော့… ငါကြောက်တယ်၊ အနာဂတ်မှာ မင်း…”

"အားယောင်" စုရွှေလျန် က သူ့အ​​​ကြောက်တရားကို အမြန်ပြန်လည်ချေပလိုက်သည် “ရှင်… ကျွန်မအရင်တုန်းကပြောထားတဲ့ ဝန်ခံချက်က မရှင်းမလင်းဖြစ်နေလို့လား”သူမ ဒေါသတွေပေါက်ကွဲလုနီးပါးဖြစ်လာသည် ၊ "ဒါမှမဟုတ် ကျွန်မက ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ တွေးနေတာလား..."

လင်းစစ်ယောင် ကိုယ်ကိုကိုင်းညွှတ်လိုက်​ပြီး သူမပါးစပ်ကို သူ့နှုတ်ခမ်းများဖြင့် ပိတ်ထားလိုက်သည်။ ဒီမိုက်မဲတဲ့အမျိုးသမီးလေးဟာ ဘာကြောင့် သူ့စကားတွေကို အမြဲတမ်း နားလည်မှုလွဲနေရတာလဲ? သူ့ရဲ့ ထုံးစံအတိုင်း လုပ်ရပ်တွေက သူမကို မရှင်းမလင်း​ဖြစ်သွား​စေတာလား?

စုရွှေလျန် သည် သူ၏ရုတ်တရက်ဆန်သော အနမ်းကြောင့် အံ့အားသင့်သွားသည်ကို အခွင့်ကောင်းယူပြီး လင်းစစ်ယောင် လျှာနှစ်ခုကို လိမ်ယှက်လိုက်သည်။ သူမအသက်ရှုရခက်လာမှသာ ရပ်တန့်သွား၏။ သို့သော် ချစ်စရာကောင်းပြီး နူးညံ့သော သူမနှုတ်ခမ်းများကို လွှတ်ရန် ငြင်းဆန်နေခဲ့သည်။

"မင်းက ငါ့အပိုင်ပဲ၊ ရွှေလျန်" သက်ပြင်းချသံနှင့်အတူ လင်းစစ်ယောင်သည် သူမ၏ နားထဲသို့ ညင်သာစွာ တိုးတိုးလေးပြောလိုက်သည်။

စုရွှေလျန် ရှက်လာတာကြောင့် သူမရဲ့ခေါင်းကို သူ့ရင်ဘတ်ထဲသို့ အလျင်အမြန် ကွယ်ဝှက်လိုက်သည်။ သူ...သူတကယ်ပဲ သူ့မကိုနမ်းလိုက်တာ။ ဒီလိုမျိုးက လင်နဲ့မယားတွေပဲ သီးသန့်လုပ်ရတာမဟုတ်ဘူးလား?

"သုံးရက်​​နေရင်​ ကိုယ်တို့လက်​ထပ်ကြ​မယ်​ မင်းမှာ​မေးစရာ​တွေရှိသေးလား" လင်းစစ်ယောင် သူမပါးလေးကို ပွတ်သပ်ပြီး ရယ်မောရင်း မေးလိုက်လေသည်။

***

All Chapters