ဖြစ်ရပ်တွေရဲ့ နောက်ကွယ်ကလူ
Vol. 116 Ch. 1614
ထောင်ယိရွှမ် နိုးလာချိန်တွင် အိပ်ယာပေါ်တွင် လဲနေသည်ကို သိလိုက် ရသည်။
ခန္ဓာကိုယ်မှာ နာကျင်နေသေးသော်လည်း ဝိညာဉ်စွမ်းအင် ထိန်းချုပ် ထားမှုကို မခံစားရတော့ပေ။ သူသည် ချက်ချင်းပင် ခန္ဓာကိုယ်ကို စမ်းကြည့် သည်။ နာကျင်မှုမှလွဲပြီး အားလုံးမှာ ပုံမှန်ပြန်ဖြစ်သွဦးသည်။
ဆိုလိုတာက သူ့ အဆိပ်ကပျောက်သွားပြီပေါ့။
သူ အနည်းငယ်လှုပ်ကြည့်ရာ တစ်ကိုယ်လုံးသည် နာကျင်သွားလေသည်။ စိတ်ထဲတွင်တော့ အဆိပ်မိစဉ်ကထက် ပိုဆိုးသည်ဟု ခံစားရသည်။
သူသည် အပြင်မှ စကားပြောသံများကို ကြားသောအခါ ဖြည်းဖြည်းချင်း ထကြည့်သည်။ သူ အိပ်ယာပေါ်မှမဆင်းခင်တွင် တံခါးဖွင့်သံကြားလိုက်ရကာ ရှီမာယူယူ၏ အသံသည် တံခါးဆီမှထွက်လာသည်။
“ကျွန်မသာ ရှင်ဆိုရင် လှဲပြီးနားနေမှာပဲ မဟုတ်လို့ နောက်ပိုင်းတစ်ခုခု ဖြစ်လာရင် ကုဖို့ဆေးမရှိလို့ နောင်တရသွားမှာပဲ”
ထောင်ယိရွှမ်သည် ခန္ဓာကိုယ်အခြေအနေမကောင်းကြောင်းကို သိသဖြင့် ကျိုးနွံစွာပင် ပြန်လှဲချလိုက်သည်။
“ငါ သတိမေ့နေတာ ဘယ်လောက်ကြာပြီလဲ”
“သိပ်မကြာသေးပါဘူး သုံးလေးရက်ပဲရှိသေးတယ်” ရှီမာယူယူ လျှောက် သွားပြီး သူ၏သွေးကြောကို စမ်းသပ်လိုက်သည် “အဆိပ်တော့ရှင်းသွားပြီ”
“ဒီကုသမှုလုပ်ငန်းစဉ်က ဘာလို့ ဒီလောက်နာတာလဲ” ထောင်ယိရွှမ် မေး လိုက်သည်။
“ရှင့်ခန္ဓာကိုယ်က အဆိပ်ကြောင့် သေးသွဦးတာလေ အဲဒါကြောင့် အဆိပ် ဖြေဆေးသောက်ပြီးရင် ပြန်ကြီးထွားလာရမှာ… ခန္ဓာကိုယ်က ငယ်ရာကနေ ပြန်ကြီးလာရမှာဆိုတော့ သေချာပေါက် လုပ်ငန်းစဉ်တစ်ခုလိုတယ်လေ၊ ရှင် ကျွန်မနဲ့တွေ့လို့ ကံကောင်းတယ် မဟုတ်ရင် အဆိပ်ဖြေဆေးကြောင့်ရတဲ့ နာကျင်မှုနဲ့ပဲ သေနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ရှင်က ငယ်တုန်းကပိုကြည့်ကောင်းတယ်”
“….” ထောင်ယိရွှမ်သည် စနောက်ခံရသလိုခံစားရလေသည် “ငါတို့က အခု သခင်ကြီးဂျီရဲ့ ခြံဝန်းထဲမှာလား”
“ဟုတ်တယ်”
“မျိုးနွယ်က ဘယ်သူမှမသိကြဘူးလား” သူ စိုးရိမ်တကြီးမေးလိုက်သည်။
“ရှင်သူ့ကို မယုံရင်တောင် ကျွန်မကိုယုံသင့်တယ်၊ ကျွန်မက သူနဲ့ အဆိပ် တချို့ကိုစမ်းသပ်စရာရှိသေးတယ် အဲဒါကြောင့် ရှင် ဒီမှာပဲ သေချာလေး နား သင့်တယ်၊ နှစ်ရက်အတွင်းမှာ ရှင် အိပ်ယာပေါ်ကနေ ဆင်းနိုင်လိမ့်မယ်” ရှီမာယူယူသည် ဆေးတချို့ထုတ်ပြီး စားရန်ပြောပြီးနောက် ထွက်သွားလေ သည်။
ထောင်ယိရွှမ်သည် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ရှီမာယူယူကို စိတ်ဆိုးသည်လား ဘာလားတော့ မသေချာပေ။ ထိုမေးခွန်းကို ပြန်ဖြေရန် မလို ဘူးဟုတော့ သူ သိသည်။ ဒီအကြောင်းကို တခြားသူသာ သိရင် သူ နိုးလာနိုင်ဦး ပါ့ဦးမလား။ သူ သတိမေ့နေစဉ် အသတ်ခံလိုက်ရမည်ကို ကြောက်မိသည်။
သို့သော် ထိုမရှင်းလင်းမှုကို မေးလိုက်ပါက သူမ ဝမ်းနည်းသွားနိုင်သည်။
ဟူး….
ရှီမာယူယူ အခန်းထဲမှထွက်သွားသည်။ တကယ်တော့ သူမ စိတ်မဆိုး ပေ။ သို့သော် သူနှင့် ပြောစရာမရှိသလိုခံစားရကာ ခြံဝန်းထဲတွင် အဆိပ်ကိုသာ လေ့လာနေတော့သည်။ သူမ လာရခြင်းမှာ သူနိုးသံကို ကြားလိုက်ခြင်းကြောင့် ဖြစ်သည်။ သူမ လုပ်စရာရှိသည်ကို လုပ်ပြီးသည်နှင့် ထွက်သွားသည်မှာ ပုံမှန် ပင်ဖြစ်သည်။
“သူ ဘယ်လိုနေလဲ” သခင်ကြီးဂျီ မေးလိုက်သည်။
“လောင်ဂျီ ရှင့်ရဲ့ပန်းတစ်ရာပိုးကောင်အဆိပ်က ကျွန်မဟာထက်တောင် ပြင်းသေးတယ် လုပ်ငန်းစဉ်က လုံလောက်တာထက်တောင် ပိုနေသေးတယ်” ရှီမာယူယူသည် သူ့ဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။
“မင်းကသာ ငါ့ထက်ပိုပြီး အာကောင်းတာပါ” သခင်ကြီးဂျီ ပြောလိုက် သည် “ငါ့အဆိပ်က မင်းကိုဆို သက်ရောက်မှမဟုတ်ဘူး ဒါပေမဲ့ မင်းကငါ့ကို အဆိပ်ခတ်နိုင်တယ်”
“ကျွန်မက ဒီအတိုင်း ကံကောင်းသွားတာပါ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မကရှင့်ထက်ငယ်တယ် ရုပ်ပြောင်းရုပ်လွှဲလုပ်ထားတယ်၊ ရှင်က ကျွန်မကို မရင်းနှီးပေမဲ့ ကျွန်မကတော့ ရှင့်ကိုသိတယ်၊ အဲဒါကြောင့် ယှဉ်စရာ မလိုဘူး”
“တော်ပြီ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် မြှောက်ပင့်နေဖို့မလိုဘူး အဲဒီအဆိပ်ကို ဘယ်လိုလုပ်မလဲဆိုတာပဲ ကြည့်ရအောင်” သခင်ကြီးဂျီသည် ပြောပြီးသည်နှင့် သူမရှေ့သို့ စာရွက်တစ်ရွက်ထားလိုက်သည်။
ထိုနှစ်ရက်အတွင်းတွင် သူတို့သည် ထိုပစ္စည်းများနှင့် ကစားခဲ့ကြသည်။ တစ်ယောက်သည် လိုအပ်သည့် အချိုးအစားနှင့် သန့်စင်ခြင်းနည်းလမ်းကို မပြောဘဲ ကုန်ကြမ်းပစ္စည်းများကို ထုတ်ပြပြီး နောက်တစ်ယောက်က အဆိပ် ဖြေဆေး၏ နာမည်ကိုပြောသည်။
အချိန်အများစုမှာ သခင်ကြီးသည် ထုတ်ပေးကာ ရှီမာယူယူ ခန့်မှန်းခြင်း ဖြစ်သည်။ သူမသည် ရာနှုန်းပြည့် မတိကျသော်လည်း ၉၀ ရာခိုင်နှုန်းတော့ မှန် သည်။ ရှီမာယူယူ ပေးသည့် ကုန်ကြမ်းပစ္စည်းများကိုတော့ သခင်ကြီးဂျီသည် အချိန်ယူပြီး လေ့လာရသည်။
သူသည် အဆိပ်တွင် မကျွမ်းကျင်သောကြောင့်မဟုတ်ဘဲ ရှီမာယူယူသည် ထူးခြားသည့်ပစ္စည်းများ သို့မဟုတ် လှည့်စားသောအကွက်များကို ထုတ်ပြ သောကြောင့်ဖြစ်သည်။ သို့သော် သခင်ကြီးဂျီသည် သူအနိုင်ကျင့်ခံရသည်ကို ဂရုမစိုက်ပေ။ သူသည် ရှီမာယူယူ နည်းလမ်းများသုံးသည်ကို မြင်ရသည်ကိုပင် ပျော်ရွှင်နေသည်။
နှစ်ယောက်လုံးသည် တစ်ချိန်လုံး ကစားနေရသည်ကို ပျော်ရွှင်နေကြ သည်။
ရှီမာယူယူသည် စာရွက်ကိုယူပြီး ကြည့်လိုက်သည်။ သူမသည် ချက်ချင်း မတုံ့ပြန်နိုင်ပေ။ ထိုအစား စားပွဲပေါ်တင်ပြီး ညာဘက်လက်ဖြင့် စာရွက်ပေါ်ကို အသာအယာခေါက်နေသည်။
“လောင်ဂျီ ထောင်ယိရွှမ်ရဲ့ အခြေအနေကို ကျွန်မဘယ်လိုလုပ်ချင်နေလဲ ဆိုတာကို ရှင်သိတယ်မလား” သူမ မေးလိုက်သည်။
“သိတယ်လေ ဘာလို့မေးတာလဲ”
“မိသားစုခေါင်းဆောင်နဲ့ တခြားသူတွေကို သွားပြောမယ်လို့ စဉ်းစားဖူး လား”
သခင်ကြီးဂျီသည် မျက်လုံးလှိမ့်ကာ ပြောလိုက်သည် “ဘာအကြောင်းပြ ချက်နဲ့ သူတို့ကိုသွားပြောရမှာလဲ”
“ရှင်တို့က တစ်ဖွဲ့တည်းမဟုတ်ဘူးလား”
“ငါက သူတို့နဲ့ တစ်ဖွဲ့တည်းလို့ ဘယ်သူပြောလဲ”
ရှီမာယူယူ မှင်တက်သွားသည်။ မဟုတ်ဘူးလား။
“သူတို့ရဲ့မျိုးရိုးနာမည်ကထောင်လေ ငါ့မျိုးရိုးနာမည်ကဂျီ၊ ငါက သူတို့ မျိုးနွယ်ကမှမဟုတ်တာ သူတို့ရဲ့ဧည့်သည်လည်းမဟုတ်ဘူး။ ငါတို့ကြားမှာရှိ တာက အပေးအယူတစ်ခုပဲ၊ သူတို့က ငါ့ကိုအေးချမ်းတဲ့ဘဝပေးတယ် ငါက သူတို့ကို အဆိပ်ပေးတယ် အဲဒါပဲလေ၊ ငါက သူတို့ ကိစ္စတွေကိုဝင်မပါဘူး သေချာပေါက် သူတို့လက်အောက်ကလည်းမဟုတ်ဘူး” သခင်ကြီးဂျီ ပြော လိုက်သည် “ငါ ဒီမှာနေလို့ရရင် နေမယ် နေလို့မရရင် ထွက်သွားမှာပဲ ငါက သူတို့ကို မလိုဘူး”
“….”
သူတို့သည် ထိုသို့ဆက်ဆံရေး ဖြစ်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။
“ဒါဆိုရင် ပန်းတစ်ရာပိုးကောင်အဆိပ်ကို ဘယ်သူလိုချင်တာလဲဆိုတာ သခင်ကြီးဂျီသိလား” သူမ မေးလိုက်သည်။
“မသိဘူး၊ ငါသိတာက အဲလူလက်ထဲမှာ မိသားစုခေါင်းဆောင်ရဲ့ ခါးချိတ် တံဆိပ်ပြားရှိတယ်၊ ငါက အဲဒီတံဆိပ်ပြားကိုပဲ မှတ်ထားတယ် လူကိုမှတ်မထား ဘူး၊ ငါက မျိုးနွယ်ကလူတွေကို အာရုံစိုက်တာမဟုတ်ဘူး၊ အဲဒါကြောင့် သူတို့ ကို မသိရင်တောင် အဆိပ်ပေးလိုက်တာပဲ” သခင်ကြီးဂျီသည် ရှီမာယူယူ ထိုစဉ် ကအဖြစ်ကို မေးချင်နေသည်ကိုသိသဖြင့် သူ သိသလောက်ပြောလိုက်သည်။
မိသားစုခေါင်းဆောင်ရဲ့ တံဆိပ်ပြားဟုတ်လား။ ထိုလူသည် သူနှင့် ဆက်ဆံရေးကောင်းသူ ဖြစ်ရမည်။ မဟုတ်လျှင် သူသည် ထိုတံဆိပ်ပြားရမည် မဟုတ်ပေ။
“ယူယူ ငါတို့စကားပြောနေမှတော့ ဝိုင်လေးသောက်ပြီး အရန်ဟင်းတွေ အချိုပွဲနဲ့ အသီးတွေစားရအောင်လေ” သခင်ကြီးဂျီ တောင်းဆိုလေသည်။
မနေ့က သူမ ချက်ပြုတ်ကျွေးပေးပြီးသည့်နောက်တွင် သူ ထပ်မံ လောဘ တက်လာပြန်သည်။
ရှီမာယူယူသည် သူ ထိုသို့ပြုမူနေသည်ကို မြင်သောအခါ သူ့ဆီမှ သတင်း ရလိုပါက တောင်းဆိုချက်ကို အရင်ဖြည့်ဆည်းပေးရမည်ကို သိလိုက်သည်။ သည်လိုနှင့် သူမသည် မေးခွန်းများထပ်မမေးတော့ဘဲ ဟင်းလေးမျိုးနှင့် ဝိုင် တစ်ပုလင်းထုတ်ပေးလိုက်သည်။ သူမသည် ဝိညာဉ်အသီးတစ်ဗန်းပါထုတ် လိုက်သည်။
သခင်ကြီးဂျီသည် နှလုံးသားမဲ့အသီးကိုစားသည်။ သူသည် ထိုအရာ ကြောင့် အဆိပ်မိခဲ့သော်လည်း အချစ်မပျက်ခဲ့ပေ။
ရှီမာယူယူသည် ပြန်ထိုင်လိုက်ကာ သခင်ကြီးဂျီအတွက် ဝိုင်ငှဲ့ပေးပြီး နောက် သူမအတွက်ကိုလည်း ငှဲ့လိုက်သည်။ ထို့နောက် သူမ မေးလိုက်သည် “အဆိပ်အကြောင်းကို ကျွန်မသိပါတယ်၊ ဒါပေမဲ့ အဆိပ်ဖြေဆေးကဘာလဲ သူ့ကို အတူပေးလိုက်တာလား ဒါမှမဟုတ်ရင် နောက်မှပေးလိုက်တာလား”
“နောက်မှ မိသားစုခေါင်းဆောင်က ငါ့ဆီကိုယ်တိုင် လာယူတာ” သခင်ကြီးဂျီသည် ဝိုင်တစ်ကရားသောက်လိုက်သည် “အဲတုန်းက အချိန်အကြာ ကြီးနေမှ သူ အဆိပ်ဖြေဆေးလာတောင်းလို့ အကြောင်းအရင်းကိုတောင် ငါ မေးလိုက်သေးတယ် သူပြောတာက မေ့လိုက်တဲ့… သူ့ မျက်နှာထားက သဘာဝမကျဘူး၊ ငါသိပေမဲ့ မျိုးနွယ်ကကိစ္စတွေကို ငါစိတ်မဝင်စားဘူးလို့ ပြော ခဲ့တယ်မလား၊ အဲဒါကြောင့် များများစားစားမမေးတော့ဘဲ အဆိပ်ဖြေဆေးပေး လိုက်တာပဲ၊ နောက်တော့ သခင်လေးက အဆိပ်ခံကြံစည်ခံရကြောင်းကြား လိုက်တယ် ပြီးတော့ ထွက်ပြေးသွားတယ်တဲ့”
ရှီမာယူယူသည် ထိုအချက်အားနားထောင်ပြီး အများစုကို ခန့်မှန်းမိပြီး သားဖြစ်သည်။ သူ့ကို အဆိပ်ခတ်သူမှာ ထောင်ယိရွှမ်၏ ဖခင်မဖြစ်နိုင်ပေ။ ထိုအချက်သည် သူ့ကို နှစ်သိမ့်စေနိုင်မည်။ သို့သော် သူ၏ဖခင်သည် နောက်ပိုင်းတွင် ဤကိစ္စတွင် သေချာပေါက် ပါဝင်လာသည်။ သူ မည်သည့် အပိုင်းတွင် ပါဝင်လာသည်ကိုတော့ သူမ မသိပေ။
လုပ်ကြံမှု၏ နောက်ကွယ်မှလူသည် မိသားစုခေါင်းဆောင်ထောင်မှ ကာကွယ်ချင်သည့်သူ ဖြစ်ရမည်။ မဟုတ်လျှင် သူသည် ပြစ်မှုကျူးလွန်သူဆို သည့် အမည်နာမအတပ်ခံမည်မဟုတ်ပေ။
ထောင်ယိရွှမ်ကို မုန်းပြီး သူ့ကိုမြန်မြန်ရှင်းပစ်ချင်တဲ့သူ… လူနည်းစုတော့ ရှိတယ်။ ဒါပေမဲ့ မိသားစုခေါင်းဆောင်ထောင်က ကာကွယ်ချင်တဲ့သူကတော့ မများဘူး။
***