ပျော်ရွှင်မှုဖြင့်ပြည့်နှက်နေသောအိမ်ကလေး(၁)
Vol. 2 Ch. 33
လပြက္ခဒိန်၏(၈)ရက်မြောက်နေ့ မင်္ဂလာရှိနေ့ပင်ဖြစ်သည်။ ကြီးမြတ်သောမင်္ဂလာနေ့ဖြစ်သည်။ ကြိုးပမ်းအားထုတ်မှုများအားလုံး ပြီးမြောက်သွားကာ ကောင်းချီပေးသောအနာဂတ်နှင့် ချော့မော့သောဘဝခရီးလမ်းစတင်သောနေ့ဖြစ်သည်။
"အားယောင်၊ ငါ ဦးလေးလောင်ဆီကကြားခဲ့တယ်။ နေ့လည်(၁၁)နာရီမှာ အိမ်သစ်မင်္ဂလာပွဲရှိပြီး မွန်းလွဲပိုင်း(၅)နာရီမှာ မင်္ဂလာအရက်သောက်ကြမယ်ဆို"
အဒေါ်လောင်သည် မနက်စောစောတွင် စုရွှေလျန်ထံ အပြေးအလွှားလာကာ ပြောခြင်းဖြစ်သည်။ ခွေးအိမ်အားပြုပြင်နေသော လင်းစစ်ယောင်အား တွေ့သောအခါတွင် သူ့ကိုဆွဲကာမေးလိုက်လေသည်။
၎င်းတို့သည် စုရွှေလျန်အခမ်းအနားနေ့တွင် ကူညီပေးခဲ့ခြင်းဖြစ်သောကြောင့် သူမသည် ၎င်းတို့အား သခင်လေးနှင့်မိန်းကလေးဟုခေါ်သည်ကိုရပ်ခိုင်းကာ နာမည်များသာခေါ်စေသည်။
"အင်း"
လင်းစစ်ယောင်ကခေါင်းညိတ်ပြလိုက်သည်။ အဒေါ်လောင် အမောတကောပြောနေသည်ကို တွေ့သောကြောင့်မေးလိုက်မိသည်။
"ပြဿနာရှိလို့လား"
"မရှိပါဘူး"
အဒေါ်လောင်က အသက်ရှုလိုက်သည်။ လက်များကိုရမ်းပြကာ သူမကိုအနှောင့်အယှက်ပေးနေသောမေးခွန်းကိုမေးလိုက်သည်။
"အခမ်းအနားနှစ်ခုလုံးကိုတစ်ချိန်တည်းလုပ်တာမကောင်းဘူးလား။ အဲ့လိုဆို ငွေကုန်သက်သာတာပေါ့"
“ဒါက စုရွှေလျန်ဆန္ဒရှိတာပါ"
လင်းစစ်ယောင်က သူမတွတ်ထိုးပြောနေသည်ကို စကားတစ်ခွန်းတည်းဖြင့် စကားဖြတ်ပြောလိုက်သည်။
စုရွှေလျန်သည် ထိုအခွင့်အရေးကိုအသုံးချကာ အားလုံးကိုကျေးဇူးတင်ချင်နေသည်။ သူမသည် ရွာသူကြီးနှင့်သူ၏မိသားစု၊ ထျန်းအိမ်၊ ရွှေ့အိမ်၊ ဟယ်အိမ်၊ ဖန်အိမ်၊ ဝမ်အိမ်၊ ဖုန်းလောင်လျှို့နှင့်သူ၏မိသားစု၊ တည်းခိုခန်းပိုင်ရှင်၏ဇနီးနှင့်သူ၏မိသားစုအား ကျေးဇူးတင်နေပေသည်။ မြို့၏ဘိုးဘေးခန်းမတွင် စားပွဲလေးနေရာပြင်ဆင်ထားပြီးဖြစ်သည်။ အစားအသောက်အတွက်မူ တည်းခိုခန်းစားဖိုဆောင်မှ စားဖိုမှူအား ဖိတ်ကြားထားသည်။ စားပွဲလေးလုံးအတွက်လိုအပ်သော ပန်းကန်များနှင့် တူများကို ယူဆောင်လာပြီးဖြစ်သည်။ ထိုစားဖိုမှူးအား များပြားလှသောမင်္ဂလာပွဲသဒ္ဓါကြေးအား ပေးပြီးဖြစ်သည်။
"အဲ့လိုဆိုရင် ငွေစနဲ့ဆိုရင် ဘယ်လောက်တောင်သုံးပြီးပြီလဲ"
အဒေါ်လောင်က ညီးတွားပြောဆိုလိုက်သည်။ လင်းစစ်ယောင်က အသစ်ရက်လုပ်ထားသော ကောက်ရိုးဖျာအသစ်ပေါ်တွင် ထိုင်ချလိုက်ကာ သူမအား အာရုံမစိုက်တော့ပေ။ သူမက ခါးသက်စွာဖြင့် အိမ်ပြန်သွားရသည်။
"ခုနက အဒေါ်လောင်လာတာလား"
စုရွှေလျန်သည် လင်းစစ်ယောင်တစ်ယောက် မနက်စောစောဈေးမှဝယ်လာသော ဆီ၊ ဆန်နှင့် ခေါက်ဆွဲများကိုခွဲခြမ်းစိတ်ဖြာနေကာ မီးဖိုချောင်မှထွက်လာသည်။ အိမ်တက်အခမ်းအနားအတွက် လိုအပ်သောပစ္စည်းများကို ပြင်ဆင်နေကာ အိမ်သို့ပြန်သွားသော အဒေါ်လောင်အား ခပ်လှမ်းလှမ်းမှမြင်လိုက်ရသည်။
"သူက ငါတို့ ဘာလို့အခမ်းအနားနှစ်ခုလုပ်လဲမေးနေတာလေ"
လင်းစစ်ယောင်က ကောက်ရိုးဖျာပေါ်တွင် လှဲလျောင်းကာပြောလိုက်ပြီး မနက်ဖြန်တွင် ဝံပုလွေများအား စတင်လေ့ကျင့်ပေးမည့်အကြောင်းကို စဉ်းစားနေလေသည်။ စုရွှေလျန်က အဒေါ်လောင်အကြောင်းပြောသည်ကိုကြားသောအခါတွင် ပြုံးပြကာ ပြန်ပြောလိုက်၏။
"အဒေါ်လောင်က တကယ်ပဲ မင်းရဲ့ငွေတွေကို ဂရုစိုက်တာပဲ"
စုရွှေလျန်က သူ၏ရယ်သွမ်းသွေးနေသောမျက်လုံးများကို မြင်လိုက်ရသောအခါတွင် သူမအား နောက်ပြောင်နေသည်ကို သိသွားပေသည်။
"ကျွန်မရဲ့ငွေတွေအားလုံးကလည်း ရှင့်ငွေတွေပါပဲ"
စုရွှေလျန်က ညင်သာစွာ ငြီးတွားလိုက်သည်။ သူ့အားအာရုံမစိုက်တော့ဘဲ ပစ္စည်းများကိုပြင်ဆင်ရန် မီးဖိုချောင်ဆီသို့သာ ဦးတည်လိုက်သည်။
လင်းစစ်ယောင်သည် သူမညီးတွားသည်ကို မကြားနိုင်သည်လော။ သူကပြုံးလိုက်ကာ သူမနောက်သို့မလိုက်ခင်တွင် လက်သွားဆေးလိုက်သည်။ သူသည် မနက်ခင်းတွင် ဈေးမှဝယ်ယူလာသော လတ်ဆတ်သောအစာသွပ်မုန့်များ၊ သစ်သီးများနှင့် အစားအသောက်များကိုယူဆောင်လာကာ ပန်းကန်ပြားခြောက်ချပ်ပေါ်တွင် ချလိုက်သည်။
သူသည် စားပွဲပေါ်တွင် သေသပ်စွာနေရာချထား၏။ အစားအသောက်များရှေ့တွင် သစ်မွှေးလောင်စာအနည်းငယ်နှင့်ဖယောင်းတိုင်တစ်စုံကိုထွန်းညှိလိုက်သည်။ ထို့နောက်တွငမ်ူ ဖယောင်းတိုင်နှစ်ချောင်းနှင့် သစ်မွှေးချောင်းကိုထုတ်ယူကာ ဖယောင်းတိုင်စိုက်သည့်ခွက်နှင့် သစ်မွှေးအိုးထဲတွင် အသီးသီးထည့်လိုက်သည်။ စားပွဲရှေ့တွင် အသစ်ရက်လုပ်ထားသောလျှော်ပြားကိုချထားလိုက်သည်။
အရာအားလုံးပြင်ဆင်ပြီးကာ ယခုတွင် အခမ်းအနားစတင်ရန်သာ စောင့်ဆိုင်းရတော့မည်။
"ပြီးပြီ။ အခုအဝတ်အစားသွားလဲရအောင်"
ပုံမှန်အဝတ်အစာများ ဝတ်ထားသည်ကို သတိထားမိပြီးနောက်တွင် စုရွှေလျန်က လင်းစစ်ယောင်အား အိပ်ခန်းထဲသို့ဆွဲခေါ်သွားသည်။
သူမက အနီရင့်ခရမ်းရောင်ဝတ်ရုံအား သူ့အတွက် ကောက်ယူလိုက်ည်။ ထိုဝတ်ရုံပေါ်တွင် ဝါးပုံငွေပန်းထိုးထားသည်။ ခါးစည်းကြိုးသည်လည်း အရောင်အတူတူပင်ဖြစ်သည်။ ကြီးမားသောခါးစည်းပြားပေါ်တွင် နွယ်ပင်လိမ်နေသည့်ပုံစံဖြင့် အဆင်တန်ဆာဆင်ထားသည်။ အဖြူရောင်ခြေအိတ်အသစ်တစ်စုံနှင့် အနက်ရောင်ဖိနပ်များက အစုံလိုက်ရှိနေသည်။ ထို့နောက် သူမက သူ့အား မှန်တင်ခုံရှေ့သို့ ဆွဲခေါ်သွားကာ ထိုင်ရန်တွန်းအားပေးလိုက်သည်။
လင်းစစ်ယောင်က သူမအား မေးခွန်းများဖြင့် ကြည့်နေမိသည်။ သူမ၏ဇွဲကောင်းနေသောမျက်လုံးများအား တွေ့လိုက်ရသောအခါတွင်မူ နာခံရန်သာတတ်နိုင်တော့၏။ ကိုးရိုးကိုးယားဖြင့် မှန်ရှေ့တွင်ထိုင်လိုက်သည်။
စုရွှေလျန်က အံဆွဲထဲမှ အဒေါ်ထျန်းပေးထားသော သစ်မွှေးဘီးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူမသည် သင့်လျော်သောဘီးအရွယ်အစားကို ရွေးချယ်လိုက်ကာ သူ့အား ခေါင်းဖြီးပေးရန် ရည်ရွယ်နေခြင်းဖြစ်သည်။
“ရွှေလျန်...”
သူမ၏ရည်ရွယ်ချက်အား လင်းစစ်ယောင်နားလည်သွားသောအခါတွင် သူမဘက်သို့လှည့်ကာ အနားသို့ဆွဲခေါ်လိုက်သည်။
"မင်းဒီလိုလုပ်စရာမလိုပါဘူး"
"ရှင့်ကိုခေါင်းဖြီးပေးချင်လို့ပါ"
ကြေးမုံရှေ့တွင်ထိုင်နေသောသူ့အား ပြုံးပြကာပြောလိုက်သည်။ သူမက သူ၏ဆံပင်များကိုစုသိမ်းလိုက်ကာ ရှည်လျားနက်မှောင်သောဆံနွယ်များကို စတင်ဖြီးပေးတော့သည်။
စုစုပေါင်းကိုးဆယ့်ကိုးခါ* ဖြီးပေးပြီးနောက်တွင်မူ စုရွှေလျန်က ဆံပင်အား စုကာချည်လိုက်သည်။ ရတနာသေတ္တာထဲမှ နဂါးသွဲ့ကျောက်စေ့ကိုထုတ်ယူကာ ချည်နောင်ထားသည့်ဆံပင်ပေါ်တွင် ညင်သာစွာချိတ်တင်လိုက်သည်။
(*ကိုးဆယ့်ကိုးကြိမ်ဖြီးပေးရတာက ၉၉ဆိုတဲ့စကားလုံးကို တရုတ်စကားမှာ အသက်ရှည်ခြင်းနဲ့အသံဆင်လို့ အသက်ရှည်ပါစေရည်ရွယ်ချက်နဲ့ ၉၉ခါဖြီးပေးတာ)
အစမှအဆုံးအထိ လင်းစစ်ယောင်သည် သူ၏ဆံပင်များအား လုပ်ပေးနေသောသူမကို ကြည့်နေမိသည်။ သူမက ဆံပင်ကိုစည်းကာ စိတ်ကျေနပ်သွားသည့်အခါမှသာ သူမကိုလှည့်ကာ သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
“အားယောင်...”
စုရွှေလျန်က သူ၏တင်းကြပ်စွာပွေ့ဖက်ထားမှုအား တွန်းထုတ်လိုက်သည်။
"ကျွန်မပြင်ရမဲ့အလှည့်ပဲ။ အချိန်နီးနေပြီ"
သူမ၏အကြောင်းပြချက်အား နားထောင်ပြီးနောက်တွင် လင်းစစ်ယောင်တစ်ယောက် အင်တင်တင်ဖြင့် သူမအား လွှတ်ပေးလိုက်ရသည်။ သူမ၏အပြုအမူများကိုအတုခိုးကာ လင်းစစ်ယောင်က အပြင်ဘက်ဝတ်ရုံသည် တစ်ဝက်မျှထိုးဖောက်မြင်ရသော ခရမ်းနုရောင်ပိတ်ပါးဖြင့်ပြုလုပ်ထားသည့် အနီရောင်ဝတ်စုံအား ထုတ်ယူပေးလိုက်သည်။ ဗီရိုဘေးမှ ခြေအိတ်ဖြူတစ်စုံကိုကောက်ယူလိုက်သည်။ သူကလှည့်လိုက်အခါတွင် စုရွှေလျန်၏နီရဲနေသောပါးနှစ်ဖက်လေးကိုတွေ့လိုက်ရသည်။ သူမပြောရင်းဖြင့် သူ့အား တွန်းထုတ်လိုက်သည်။
"ကျွန်မ...ကျွန်မဘာသာလုပ်နိုင်ပါတယ်"
လင်းစစ်ယောင်က ခပ်ရေးရေးလေးပြုံးပြလိုက်သည်။ သူမခေါင်းငုံ့သွားသည်ကို တွေ့လိုက်သောအခါတွင် သူကမေးလိုက်၏။
"ဒါပေမဲ့ အဲ့တာမတိုင်ခင်တော့ ငါ့ကိုအပြင်ကိုကန်မထုတ်ဘူးမလား"
ထိုစကားကိုကြားသောအခါ စုရွှေလျန်မော့ကြည့်လိုက်မိသည်။
သူမနှင့်အကြည့်ချင်းဆုံသွားကာ လင်းစစ်ယောင်ကမျက်ခုံးပင့်ပြလိုက်၏။
သူ၏လှုပ်ရှားမှုသည် ရပ်တန့်မသွားပေ။ သူမတ်တပ်ရပ်လိုက်ကာ သူမ၏ထူးခြားတောက်ပြောင်သောပန်းထိုးဖိနပ်များကို ချွတ်ပေးလိုက်သည်။ ထို့နောက်တွင် ခြေအိတ်များကိုချွတ်ပေး၏။ သူမ၏ ခြေထောက်ဖြူဖြူဖွေးဖွေးသေးသေးလေးအား ညင်သာစွာပွတ်သပ်ပေးလိုက်သောကြောင့် စုရွှေလျန်တစ်ယောက် ရှက်သွားရသည်။ သို့သော်လည်း သူမ၏ခြေထောက်လေးအား တင်းကျပ်စွာဆုပ်ကိုင်ထားပေသည်။ ခြေထောက်လေးအား ခေတ္တမျှကြာအောင်ပွတ်ပေးပြီးမှ သူမအား ခြေအိတ်အသစ်ဝတ်ပေးကာ ပန်းထိုးဖိနပ်ကိုစီးပေးသည်။
ထို့နောက် မတ်တပ်ထကာ သူမအား မှန်ရှေ့သို့ခေါ်သွားသည်။ သူမ၏ဆံနွယ်များအား ဖြီးပေးရမည့်အလှည့်ပင်ဖြစ်သည်။
“အားယောင် ကျွန်မဘာသာလုပ်နိုင်ပါတယ်"
စုရွှေလျန်က သူ့ဆီမှဘီးကိုယူချင်သော်လည်း အားချင်းမမျှပေ။
"ငါဆံပင်ဖြီးတတ်တယ်တယ်ဆိုတာ မင်းကမယုံတာလား"
လင်းစစ်ယောင်က သူမနောက်တွင်ရပ်နေကာ ပြုံးရင်းဖြင့်မေးလိုက်သည်။
စုရွှေလျန်က မျက်တောင်ပေကလပ်ပေကလပ်လုပ်နေ၏။ ဖေးရှန်ဆံထုံးသည် ထုံးဖွဲ့ရန်ခက်ခဲကာ တည်းခိုခန်းရှိအရည်အချင်းရှိသောအစေခံဆီမှ ရက်အတော်ကြာသင်ခဲ့ရသည်။ သို့သော်လည်း မှန်ထဲရှိ လင်းစစ်ယောင်၏ ဝိုးတိုးဝါးတားပုံရိပ်ကိုကြည့်ကာ နှုတ်ခမ်းစူလိုက်ပြီး သူမ မတွေးတတ်တော့ပေ။ သူ့တွင် ချစ်ရသောအမျိုးသမီးရှိခဲ့သည့်ပုံပေါ်သည်။
လင်းစစ်ယောင်က ဘယ်ဘယ်လက်ကိုအာရုံစိုက်ကာ သူမ၏နူးညံ့ကာ နက်မှောင်သောပိုးသားဆံကေသာအား ဂရုတစိုက်ဖြီးပေးနေသည်။ (၉၉)ခေါက်ဖြီးပြီးသည့်နောက်တွင် ဘီးကိုချထားလိုက်သည်။ ထို့နောက် သူသည် ဆံပင်ကိုနှစ်ပိုင်းခွဲကာ သီးခြားစီလိမ်လိုက်ကာ နေရာတကျခိုင်မြဲအောင်ချည်လိုက်သည်။ ထို့နောက် သူမအနှစ်သက်ဆုံးကျောက်စိမ်းဆံထိုးထိုးပေးလိုက်သည်။ စုစည်းထားသောဆံပင်များအတွက်မူ နှစ်ပိုင်းခွဲလိုက်ကာ သူမ၏ပုခုံးနှစ်ဖက်တွင်ချထားလိုက်သည်။
"ပြီးပြီ"
လင်းစစ်ယောင်က သူ၏အနုပညာလက်ရာအား စုရွှေလျန်တစ်ယောက်မှန်မကြည့်ခင်တွင်ပင် ဂုဏ်ယူစွာကြည့်လိုက်မိသည်။
"စိတ်ကျေနပ်လား"
စုရွှေလျန်ငေးကာ မှန်ကိုကြည့်နေမိကာ အသံတစ်သံပင်ထွက်မလာပေ။
"ဘာလဲ။ မကောင်းဘူးလား။ အဲ့လိုဆိုရင် ပြန်ချလိုက်မယ် မင်းဘာသာလုပ်နိုင်တာပဲလေ"
"မဟုတ်ဘူး"
စုရွှေလျန်က ထိုးစိုက်ထားသောဆံထိုးကိုဆွဲယူခါနီးသော လင်းစစ်ယောင်၏လက်များကိုဆွဲယူလိုက်ကာ အလျင်စလိုပြောလိုက်သည်။
"ဆိုးလို့မဟုတ်ဘူး။ တကယ်ကောင်းပါတယ်"
ထိုစကားကိုကြားသောအခါတွင် လင်းစစ်ယောင်၏ရှားရှားပါးပါးအပြုံးလေးပေါ်လာ၏။
"အားယောင် ရှင်..ရှင့်မှာ အရင်က ချစ်ရတဲ့မိန်းကလေးများရှိခဲ့ဖူးလား"
စုရွှေလျန် သံသယမဝင်ဘဲ မနေနိုင်ပေ။ ထိုသို့မှမဟုတ်လျှင် သူမစိတ်အေးနိုင်မည်မဟုတ်ပေ။ သို့သော် မေးပြီးနောက်တွင် သူမသဘောပေါက်သွား၏။ လက်ထပ်မည့်နေ့တွင် ထိုသို့စိတ်မွန်းကျပ်စေသောမေးခွန်းကိုမေးသည်မှာ မသင့်လျော်ဟု သဘောပေါက်သွားလေသည်။ သူမက အားတုံ့အားနာဖြင့် ခေါင်းငုံ့သွား၏။
လင်းစစ်ယောင်က ပြန်ပြုံးလိုက်ကာ တိတ်ဆိတ်စွာငေးကြည့်နေမိသည်။ နောက်ဆုံးတွင် သူမဆိုလိုသည်ကို သဘောပေါက်သွားကာ ခေါင်းငိုက်စိုက်ဖြစ်သွားသည်ကို မြင်လိုက်ရသည်။ ဆိုးရွားကာ ရယ်စရာကောင်းသည်ကို တွေ့ရှိသွားကာ ထိုင်ချလိုက်ပြီး သူမက မေးစေ့လေးအား စောင်းငဲ့ကြည့်လိုက်သည်။
"စုရွှေလျန်၊ မင်းက ငါ့ရဲ့ပထမဆုံးသောသူ။ ပြီးတော့ ငါ့ရဲ့တစ်ဦးတည်းနဲ့တစ်ယောက်တည်းသောသူအဖြစ် ရှိနေဦးမှာပဲ။ ငါပြောတာကို မင်းနားလည်တယ်မလား"
စုရွှေလျန်က သူ့အားယုံကြည်ရန် တွန့်ဆုတ်နေသည်။ သူမက ဆံပင်ကိုညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
"ဒါပေမဲ့..."
"အစေခံက မင်းကိုသင်ပေးတုန်းက ကြည့်ပြီးသင်ထားတာ"
လင်းစစ်ယောင်၏မျက်လုံးများက ရှက်သွေးဖြန်းသွားသကဲ့သို့ပင်။ ချောင်းကြည့်သည်ဟု စဉ်းစားနိုင်သည်လော။ သူမအတွက် မနက်စာယူလာသောအချိန်တွင် အစေခံဆီမှ သူမ၏ဆံပင်အား လုပ်ပေးနေသည်ကို သင်ယူနေသည်ကိုတွေ့သောအခါတွင် အခန်းအပြင်ဘက်မှ တိတ်တဆိတ်ချောင်းကြည့်ကာ သင်ယူခဲ့ခြင်းဖြစ်သည်။ သုံးရက်တာမျှကြည့်ပြီးနောက်တွင် သင်ယူနိုင်ခဲ့သည်။
"တကယ်လား"
စုရွှေလျန်က ခေါင်းစောင်းကာ မေးလိုက်သည်။ သူမဘာသာ စတင်အပြစ်တင်မိတော့၏။ သူမသည် မည်သည့်အချိန်မှစ၍ သဝန်တိုတတ်သောဇနီးဖြစ်လာခဲ့ပါသနည်း။
လင်းစစ်ယောင်က တိုက်ရိုက်ပြန်မဖြေဘဲ သူမအား ဆွဲယူလိုက်ကာ အနမ်းတစ်ပွင့်အားခိုးယူလိုက်ပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ အိမ်တက်ပွဲသို့ ပြင်ဆင်ရန် မထွက်ခွာခင်တွင် သူသည် အလိုက်သိစွာဖြင့် သူမ၏ဝတ်စုံအား ရှင်းလင်းသပ်ရပ်အောင် လုပ်ပေးလိုက်သည်။
စုရွှေလျန်နှင့် လင်းစစ်ယောင်သည် မြို့၏ဘိုးဘေးခန်းမသို့ အချိန်မှီရောက်လာကြသည်။
ခန်းမထဲရှိစားပွဲလေးလုံးအား ဖိတ်ကြားထား၍ရောက်ရှိလာသောမိသားစုကိုးခုဖြင့် လူပြည့်နေပြီဖြစ်သည်။
အချိန်ကွက်တိ ဂုဏ်ပြုပေးရန်ရောက်လာကြသောဧည့်သည်များကို တွေ့သောအခါတွင် အားလုံးစတင်ချီးမွမ်းဂုဏ်ပြုကြသည်။
အခြားသောမိသားစုများက ရွာသူကြီး ဝမ်ကန်းဖာအား မင်္ဂလာစကားပြောစေချင်ကြသောကြောင့် တွန်းအားပေးလိုက်ကြသည်။
"အဟွတ်....အဲ့လိုဆိုရင် နည်းနည်းပဲပြောပါ့မယ်။ အရင်ဆုံး ငါတို့ရဲ့ ဖန်းဟွာမြို့ကနေ ကြိုဆိုပါတယ်။ အခုကစပြီး ငါတို့တစ်မိသားစုတည်းဖြစ်သွားပါပြီ။ ဒုတိယအနေနဲ့ကတော့ ငါတို့အိမ်အဟောင်းကို ငွေစ(၁၅)စနဲ့ ဝယ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကလည်းအရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ငါ့သားလက်ထပ်ပွဲက အခြေချသွားလို့ပါ။ နောက်ဆုံးအနေနဲ့ အိမ်သစ်ကိုပြောင်းလာလို့ ငါတို့က ဂုဏ်ပြုပါတယ်။ ငါတို့မိသားစုက မင်းတို့ကိုတစ်ခုခုပေးဖို့ပြင်ဆင်ထားတယ်။ အိမ်တက်ပွဲကိုမတက်ရောက်နိုင်ဘဲ လက်ထပ်ပွဲကို တက်ရောက်တဲ့အခါကျရင် ငါ့သားက မင်းတို့ကို ဆိတ်မတစ်ကောင်လက်ဆောင်ပေးပါ့မယ်။ ငါတို့မိသားစုရဲ့လက်ဆောင်အဖြစ် သတ်မှတ်နိုင်ပါတယ်"
အားလုံးက ဝမ်ကန်းဖာ၏မိန့်ခွန်းအား သဘောကျသွားကြသည်။ စုရွှေလျန်လည်း ရယ်လိုက်ကာ ပါးများရဲတက်သွားသည့်အတွက် ပြန်ထိန်းလိုက်ရသည်။ လင်းစစ်ယောင်က သူမ၏တောင့်တင်းသွားသောပါးလေးအား ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။
"ရယ်စရာရှိရင်ရယ်လိုက်ပေါ့။ ဘာလို့ထိန်းထားတာလဲ"
"အဟီး"
စုရွှေလျန်က နာခံစွာဖြင့် စတင်ရယ်မောမိတော့၏။ ထို့နောက် သူမသည် လင်းစစ်ယောင်၏ပြုံးယောင်သမ်းနေသောမျက်လုံးလေးများကို မေးလိုက်၏။
"ဖန်းဟွာမြို့ကိုပြောင်းတာက ရွေးချယ်မှုကောင်းပဲမလား"
လင်းစစ်ယောင်ခေါင်းညိတ်ပြလိုက်သည်။ မျက်လုံးများက နူးညံ့သိမ်မွေ့နေသည်။
"ကောင်းပြီ။ အားလုံးထိုင်ကြပါ။ ဧည့်ခံပွဲက မကြာခင်စပါတော့မယ်"
အဒေါ်လောင်က မီးဖိုချောင်ထဲမှထွက်လာကာ အားလုံးအားထိုင်ရန် ဖိတ်ကြားလိုက်သည်။
ချက်ချင်းပင် မိသားစုများ၏သမီးကထွက်လာကြကာ စားပွဲပေါ်တွင် ပန်းကန်မျာထားပေးလိုက်ကြသည်။
"ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ ကျွန်မသွားကူညီလိုက်ဦးမယ်"
စုရွှေလျန်မြင်သောအခါတွင် လျင်မြန်စွာထကာ ကူညီပေးချင်သော်လည်း လင်းစစ်ယောင်ကဆွဲထားသည်။
"ကိုယ့်ဘာသာဖိစီးမခံနေနဲ့။ ဖုန်းလောင်လျှို့နဲ့ငါက မိန်းကလေးတွေကို ဒီကိစ္စကိုကူညီပေးဖို့ဆွေးနွေးထားပြီးပြီ။ တစ်ယောက်ချင်းစီအတွက်လည်း ကြေးပြားနည်းနည်းစီပေးထားပြီးပြီ"
စုရွှေလျန်က ထိုသို့ဖြစ်သည်ကို ကြားလိုက်ရသောအခါမှသာ ပြန်ထိုင်နိုင်ပေသည်။ ဖုန်းလောင်လျှို့၏အကြံပြုချက်သာဖြစ်မည်ဆိုလျှင် အဆင်ပြေမည်သာပင်။ ငွေနည်းနည်းမျှဖြုန်းခြင်းသည်လည်း ကောင်းပေသည်။ ထိုသို့မှမဟုတ်လျှင် ၎င်းတို့သည် ယခုမှပြောင်းလာပြီး ရွာ၏သမီးပျိူများကိုအမိန့်ပေးကာ လေလုံးထွားနေသည်ဟု ထင်ကြပေလိ့မ်မည်။
***