← Chapters

ပျော်ရွှင်မှုဖြင့်ပြည့်နှက်နေသောအိမ်ကလေး(၂)

Vol. 2 Ch. 34

ပျော်ရွှင်မှုဖြင့်ပြည့်နှက်နေသောအိမ်ကလေး(၂)

Vol. 2 Ch. 34

စုရွှေလျန်နှင့် လင်းစစ်ယောင်သည် စားသောက်ပွဲကျင်းပရန်ဆုံးဖြတ်ထားခဲ့သောကြောင့် ၎င်းတို့အားကူညီခဲ့သောမိသားစုများကိုကျေးဇူးတင်သည့်အနေဖြင့် ငွေစသုံးစထုတ်ပေးကာ အားလုံးကို အိမ်သစ်တက်ပွဲနှင့်မင်္ဂလာပွဲကိုဖိတ်ကြားခဲ့သည်။

စားသောက်ပွဲစတင်သောအခါတွင် အပူအအေးဟင်းပွဲများစွာ ပါဝင်လာသည်။ ဟင်းပွဲများစွာနှင့်ရင်းနှီးသောစုရွှေလျန်ပင် အံ့ဩသွားရသည်။

သူမနှင့် လင်းစစ်ယောင်သည် အပူအအေးဟင်းပွဲ စုစုပေါင်း(၁၈)ပွဲအားမှာယူခဲ့ခြင်းဖြစ်သည်။ အပူကိုးပွဲနှင့် အအေးကိုးပွဲဖြစ်သည်။ (၁၈)ပွဲတွင် တစ်ဝက်သည် အသားဟင်းပွဲနှင့် ကျန်တစ်ဝက်မှာ ဟင်းသီးဟင်းရွက်များဖြစ်သည်။

စားပွဲပေါ်တွင် ထိုဟင်းလျာများအပါအဝင် သားသတ်လွတ်ဟင်းများ၊ အသားပန်းကန်ခြောက်ချပ်၊ အားလုံးသည် လွန်စွာမှထူးကဲနေပေသည်။ ဝက်ဂုတ်သားနှပ်၊ ကြက်သွန်နီနှင့်နှပ်ထားသောဘဲကင်၊ ငါးပေါင်း၊ အိမ်လုပ်ဆီပူထိုးဝယ်သားကြော်၊ ပဲဒိန်ပြားကြော်နှင့် အအီပြေစေသောကြက်သားစွပ်ပြုတ် စသည်ဖြင့် အမျိုးစုံနေပေသည်။

ငွေစသုံးစဖြင့် စားပွဲတိုင်းတွင် အဓိကဟင်းလျာနှစ်မျိုးစီရှိသည်။ သို့သော်လည်း ဟင်းလျာတိုင်းသည် အမြဲတမ်းထူးခြားနေသည်မဟုတ်ပါလော။ စုရွှေလျန်က လင်းစစ်ယောင်ဘက်သို့ တွေဝေစွာဖြင့်လှည့်ကြည့်လိုက်သည်။

"တည်းခိုခန်းပိုင်ရှင်ပြောတာတော့ ဒါက ငါတို့အတွက် သူ့လက်ဆောင်လို့ပြောတယ်"

လင်းစစ်ယောင်က သူမ၏အကြည့်ကိုတွေ့သောကြောင့် သူမပန်းကန်လုံးထဲသို့ဟင်းများထည့်ပေးကာ ပြန်ဖြေလိုက်၏။

စုရွှေလျန်က အခြားစားပွဲရှိ သားနှစ်ယောက်ဖြစ်သူအား ဟင်းထည့်ပေးနေသောတည်းခိုခန်းပိုင်ရှင်ကိုကြည့်ကာ ကျေးဇူးတင်သောအပြုံးမျိုး ပြုံးပြလိုက်သည်။

"ယဉ်ကျေးနေဖို့မလိုပါဘူး။ ဒီလောက်လေးပဲပေးတာပါ။ ငါတို့လုပ်ပေးတာက ဟင်းပွဲလေးလောက်ပါပဲ"

တည်းခိုခန်းပိုင်ရှင်က လက်ရမ်းပြလိုက်ကာ သူမအား ပြန်ပြုံးပြလိုက်ပြီး စုရွှေလျန်က မစိုးရိမ်ရန်ပြောလိုက်သည်။

ထိုသို့မြင်ရသောအခါ စုရွှေလျန်က လက်ဆောင်အား သဘောထားကြီးစွာလက်ခံလိုက်သည်။ ဟင်းအပိုနှစ်ပွဲမျှသာဖြစ်သော်လည်း ဈေးမပေါသည်ကို သိသည်။ သို့သော်လည်း သူမတို့သည် အပြန်အလှန်ညီအစ်မကဲ့သို့ဆက်ဆံရန် ပြောထားသောကြောင့် နောင်မှ အပြန်အလှန်အနေဖြင့် ပန်းထိုးပေးမည်ဟု စုရွှေလျန်ဆုံးဖြတ်လိုက်သည်။

သုံးချီမျှသောက်ပြီးနောက်တွင် စားသောက်ပွဲသည် ပို၍အသက်ဝင်လာသည်။ ယှဉ်ပြိုင်သောက်ကြခြင်းများ၊ ဖျော်ဖြေမှုများ၊ အကြောင်းပြချက်မရှိပြောဆိုသောစကားများနှင့် ပို၍သိမ်မွေ့သောခံစားချက်ကို ဖော်ပြနေကြသည်။

လင်းစစ်ယောင်သည် စုရွှေလျန်က ပေါ့သောဟင်းများကြိုက်သည်ကိုသိသောကြောင့် ရိုးရှင်းကာဆီနည်းသောဟင်းပွဲကိုရွေးချယ်လိုက်သည်။ ဥပမာအားဖြင့် ငါးပေါင်းကိုရွေးလိုက်ကာ အရိုးများဖယ်ပေးပြီးနောက်တွင် အသားများကိုသူမပန်းကန်ထဲသို့ထည့်ပေးသည်။

စုရွှေလျန်နှင့် မျက်နှာချင်းဆိုင်ထိုင်နေသော အဒေါ်လောင်က ထိုမြင်ကွင်းကိုကြည့်ကာရယ်မောလိုက်သည်။

"သူတို့ကိုကြည့်ပါဦး။ ကပ်နေလိုက်ကြတာများ"

တည်းခိုခန်းပိုင်ရှင်၏ဇနီးကကြားသောအခါတွင် ရယ်မောကာ ထပ်ပေါင်းပြောလိုက်သည်။

"ဒါပေါ့။ အားယောင်က နေ့တိုင်းစောစောထွက်ပြီး နောက်ကျမှပြန်လာတတ်တယ်။ အမြဲတမ်းသူမေးတဲ့စကားက ရွှေလျန် ဒီနေ့စားပြီးပြီလားတဲ့လေ။ ဟားဟားဟား"

သူမက ကျယ်လောင်စွာရယ်မောလိုက်သောကြောင့် စုရွှေလျန်တစ်ယောက် ရှက်သွေးဖြာသွားရသည်။

ယခင်နေ့များတွင် သူမသည် အခန်းထဲတွင်သာနေကာ ပန်းထိုးနေသည့်အတွက် နေ့လည်စာစားရန်ကိုပင် မေ့လျောနေသည်။ ထို့ကြောင့် လင်းစစ်ယောင်က သူမစားပြီးကြောင်းကို တည်းခိုခန်းပိုင်ရှင်အားမေးတတ်သည့်အကျင့်ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် သူ၏စိတ်သဘောထားအား နားလည်သွားခြင်းဖြစ်သည်။ စုရွှေလျန်ကနေ့လည်စာစားရန် မေ့လျော့နေသောနေ့များတွင် ၎င်းတို့ကပင် ဦးစွာတစ်ယောက်ယောက်အား နေ့လည်စာသွားပို့စေသည်။ ထိုသို့မှမဟုတ်လျှင် ၎င်းတို့သည် လင်းစစ်ယောင်ဆီမှ အေးစက်စက်ဖိအားပေးခြင်းအား ခံရပေလိမ့်မည်။ ထိုသို့ဖြင့် ရောက်လာသောဧည့်သည်များလန့်သွားပါလျှင် ၎င်းတို့သာအကျိုးမရှိဖြစ်ပေမည်။

"ဘာမှမပြောနဲ့။ ဖန်းဟွာမြို့မှာ လင်းစစ်ယောင်က အချစ်တတ်ဆုံးခင်ပွန်းပဲ"

သမီးဖြစ်သူနှင့် စားပွဲတစ်ခုတည်းတွင် အတူထိုင်သောအဒေါ်ထျန်းက စားနေစဉ်ပြောလိုက်ခြင်းဖြစ်သည်။

"ဒါပေမဲ့ မိန်းကလေးစုကိုလည်းကြည့်ပါဦး။ သူ့အသားအရေလေးက နူးညံ့နေလိုက်တာ။ သူက ဘယ်လိုလုပ်သူ့ကိုအလုပ်လုပ်ခိုင်းမှာတုန်း"

အဒေါ်လောင်သည် သမီးဖြစ်သူ၏ပန်းကန်လုံးထဲသို့ ဟင်းအနည်းငယ်ထည့်ပေးကာ ပြောလိုက်ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် စုရွှေလျန်အားတွေ့သောအခါတွင် သူမ၏ကျက်သရေရှိကာသန့်စင်သောစိတ်သဘောထားက ဆွဲဆောင်လိုက်သည်။ သူမအား ချွေးမပင်တော်ချင်ခဲ့မိသည်။ သူမဘာသာအရူးလုပ်ခဲ့မိ၏။ ယခုတွင်မူ ထိုမိန်းကလေးသည် လက်ထပ်တော့မည်ပင်ဖြစ်သည်။ သူမ၏ဒုတိယသား လောင်ရုန်ချန်းကိုကြည့်လိုက်ကာ သက်ပြင်းချမိသွားသည်။ ထိုအကြောင်းအားစဉ်းစားကြည့်လျှင် အဖေဖြစ်သူဘေး၌ထိုင်နေသောသားအား လှမ်းကြည့်မိလိုက်သည်။ သူမသည် စိတ်တွင်းတွင်သာ သက်ပြင်းချလိုက်မိသည်။

"အဘွားကြီးလောင် ပြောတာမှန်တယ်။ မိန်းကလေးစုကို ပထမဆုံးစတွေ့တုန်းက ငါကြောင်တောင်သွားတယ်။ တကယ်ကိုလှတဲ့မိန်းကလေးပဲ။ ကောင်းကင်ပေါ်ကဆင်းလာတဲ့နတ်သမီးလေးလိုမျိုးပဲ။”

အဒေါ်ထျန်းက ရယ်ရင်းဖြင့်ဆက်ပြောလိုက်၏။

သူမသည် မြို့ထဲရှိပွဲတော်အားလုံးသို့သွားဖူးသော်လည်း စုရွှေလျန်ကဲ့သို့ နူးညံ့ကာမိန်းမဆန်သောမိန်းကလေးကို မတွေ့ဖူးချေ။ ကံကောင်းစွာဖြင့်ပင် လင်းစစ်ယောင်သည် ကိုယ်ခံပညာတတ်ကာ အတော်လေးကျွမ်းကျင်သည့်အကြောင်းကို ခင်ပွန်းဖြစ်သူဆီမှကြားခဲ့သည်။ လူများသည် မကောင်းသောရည်ရွယ်ချက်ဖြင့် သူမအားအနိုင်ကျင့်မည်ကို စိတ်ပူစရာမလိုတော့ဟုတွေးမိခဲ့သည်။

လယ်သမားတစ်ယောက်အတွက် သမီးမိန်းကလေးမွေးလာလျှင် မိသားစုပေါ်မူတည်နေသည်ဟု ဆိုရပေမည်။ ကြင်နာတတ်သောမိသားစုမှ သမီးမိန်းကလေးမွေးလာလျှင် ကောင်းသောကိစ္စဖြစ်သည်။ စီးပွားရေအခြေအနေကျပ်တည်းကာ ဆင်းရဲသောမိသားစုမှမွေးလာလျှင်မူ ရလဒ်ပေါ်တွင်သာ မူတည်တော့သည်။ မကောင်းသောကြိုးပမ်းမှုတစ်ခုသည် ကပ်ဘေးကြီးအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

အိမ်သစ်တက်စားသောက်ပွဲသည် စားသောက်ပြီးသွားသော်လည်း နေ့လည်တစ်နာရီထိအပြီးမသတ်သေးပေ။ အိမ်တိုင်း၏အဒေါ်ကြီးများ၊ ချွေးမများနှင့်အဒေါ်ကြီးများသည် ပန်းကန်များကိုလျင်မြန်စွာ ကူညီရှင်းလင်းပေးလိုက်ကြကာ စုရွှေလျန်မှာအားတုံ့အားနာဖြစ်နေသည်။

"ဖုန်းလောင်လျှို့က လာကူညီရင် အားလုံးကိုငွေပေးမယ်လို့ ပြောထားတာကြောင့်ဖြစ်မယ်"

လင်းစစ်ယောင်က ဝိုင်နှစ်ခွက်မျှသောက်ပြီး အနည်းငယ်မျှယိမ်းထိုးနေသော စုရွှေလျန်အား ကူညီပေးကာ ပြောလိုက်သည်။ ထူးဆန်းစွာဖြင့် မေးလိုက်မိသည်။

"မင်းလမ်းလျှောက်နိုင်သေးလား"

စုရွှေလျန်ခေါင်းညိတ်ပြလိုက်သည်။ နှစ်ခွက်တည်းဖြင့်ပင် မြေကြီးသည်ချာချာလည်နေပြီဖြစ်သည်။ သူမသည် ထိုသို့ဖြစ်နေပြီးဖြစ်လျှင် ယနေ့ညအား မည်သို့ဖြတ်ကျော်မည်နည်း။ အဒေါ်လောင်ပြောခဲ့သည်မှာ နေ့လည်ဘက်သည် ရေခဲစိုင်ကြီး၏ထိပ်ပိုင်းမျှသာဖြစ်ကာ ပွဲကြီးမှာ ညဘက်မှသာဖြစ်သည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

စုရွှေလျန်စိတ်ဓာတ်ကျလာသည်။ နောင်မှသာ ထိုမျှလောက်မပြင်းသောအရက်အား မည်သို့ကျိုချက်ရမည်ကို သင်ယူရမည်။ ယခင်က အစ်ကိုဖြစ်သူသည် ပြင်သစ်မှစပျစ်ဝိုင်ယူလာတတ်ပေသည်။

အဆုံးသတ်တွင် စုရွှေလျန်အား လင်းစစ်ယောင်က အိမ်သို့ပြန်ခေါ်လာပေးကာ သူမ၏ခါးလေးအား ကိုင်ထားသည်။ ကံကောင်းစွာဖြင့်ပင် ပူပြင်းသောနေရောင်ကြောင့် အားလုံးသည် အိမ်ထဲတွင်သာနေနေကြသည်။ ထိုမြင်ကွင်းအားတွေ့သွားသောသူများမှာ စားသောက်ပွဲသို့တက်ရောက်ရန် ဖိတ်ကြားထားသောမိသားစုများသာဖြစ်ကာ ထိုသူတို့၏အပြုအမူများမှာ နောက်ပြောင်ကျီစယ်ယုံမျှသာဖြစ်သည်။

"စိတ်မပူနဲ့။ တစ်ရေးလောက်အိပ်လိုက်။ ငါအပြင်မှာရှိနေမယ်"

လင်းစစ်ယောင်က စုရွှေလျန်အား ကုတင်ပေါ်တွင်ချထားလိုက်ကာ ရင်ဘတ်ပေါ်သို့ စောင်ဆွဲတင်ပေးလိုက်သည်။ ထို့နောက်တွင် ခြံဝန်းထဲသို့လျှောက်သွားကာ ဝံပုလွေများသည် ၎င်းတို့အား ချကျွေးထားသောအသားစွပ်ပြုတ်နှင့်ထမင်းများကို စားသောက်ပြီးစီးကာ အိပ်စက်အနားယူနေကြသည်ကိုတွေ့လိုက်ရသည်။ ပြောင်သလင်းခါနေသောပန်းကန်ကိုယူကာ ရေထဲတွင် ဆေးကြောလိုက်သည်။ ရေဖြည့်လိုက်ပြီး ပန်းကန်လုံးများကို ခွေးအိမ်ရှေ့တွင် ချထားပေးလိုက်သည်။ ထိုမှသာ ဝံပုလွေများနိုးလာလျှင် ရေသောက်နိုင်ပေမည်။

ထိုသို့ဖြင့် သူသည် မင်္ဂလာပွဲအတွက် ပြင်ဆင်ရန် ဧည့်ခန်းမကြီးဆီသို့သွား၏။

အဒေါ်လောင်၏လမ်းညွှန်ချက်အတိုင်း ပူဇော်ရမည့်အစားအသောက်များကိုစုဆောင်းကာ ၎င်းတို့ကို ပန်းကန်းပြားကြီးပေါ်တွင်ထားလိုက်ပြီး ယခင်ပန်းကန်ပြားခြောက်ချပ်အား မုန့်များ သစ်သီးများဖြင့် ဖြည့်လိုက်သည်။ ထို့နောက် လက်ဖက်ရည်ခွက်နှင့် ဝိုင်ခွက်များကိုလည်း လဲလိုက်သည်။ အသုံးပြုပြီးထားဖယောင်တိုင်းများနှင့်သစ်မွှေးကိုယူကာ ညဘက်များတွင်အသုံးပြုနိုင်ရန် မီးဖိုချောင်ထဲရှိ ဗီရိုထဲတွင် ပြန်သိမ်းထားလိုက်သည်။ ဖယောင်းတိုင်အသစ်နှင့်သစ်မွှေးအသစ်များကို နေရာတကျထားလိုက်ပြန်သည်။

အရာအားလုံးပြီးမြောက်သွားသောအခါတွင် သူသည် အိပ်ခန်းထဲသို့ ပြန်လျှောက်လာကာ စုရွှေလျန်တစ်ယောက် အိပ်ပျော်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ ပြောင်းဝိုင်များစွာသောက်ခဲ့သောကြောင့် ဖြစ်နိုင်သည်လော။ လင်းစစ်ယောင်သည်လည်း ကုတင်တစ်ဘက်ခြမ်းတွင် အိပ်ပျော်သွား၏။

စုရွှေလျန်သည် သူမ၏ယခင်Suအိမ်တော်အား အိပ်မက်မက်သည်။ အိပ်မက်ထဲတွင် သူမသည် အားလုံးအား လက်ထပ်ပွဲအကြောင်းပြောလိုက်သည့်အခါ ဒေါသ၊ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်း ထိုသို့သောရလဒ်များကိုသာပြန်ရခဲ့သည်။ သို့သော် သူမ၏အမေ လီရူရှီသည်မူ ပြုံးပြကာ သူမအားခေါင်းညိတ်ပြလိုက်သည်။

"သူကလူသတ်သမားဆိုတော့ရော ဘယ်သူကဂရုစိုက်မှာလဲ။ သူကမင်းကိုချစ်ရင်ပြီးတာပဲ"

အမေဖြစ်သူသည် သူမ၏ဘဝဖြင့် နှိုင်းယှဉ်ခြင်းဖြစ်မည်။ အဖေသည် ဒုတိယဇနီးကိုသာ မျက်နှာသာပေးခဲ့သည်။ သို့သော်လည်း မယားကြီးဆိုသောရာထူးကြောင့် ပြုံးပြကာသည်းခံခဲ့ရ၏။ ထိုကြောင့်ပင်ဖြစ်မည်။ သူမငယ်ရွယ်စဉ်ကပင် အမေဖြစ်သူသည် စိတ်ထဲမှ နှစ်နှစ်ကာကာဖြင့် ရယ်မောသည်ကိုမြင်ရသည်မှာ ရှားပေသည်။

စုရွှေလျန်သည် သူမ၏တစ်ဘဝလုံး သူမရှေ့မှမားမားမတ်မတ်ရပ်တည်ပေးခဲ့သော အမေဖြစ်သူသည် သူမရှေ့တွင်ပင် တဖြည်းဖြည်းဖြင့်ပျောကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူမဆွဲထားသော်လည်း မမှီလိုက်ပေ။

"အမေ...အမေ...."

“ရွှေလျန်! ရွှေလျန်!”

သူမ၏နာမည်အား နူးညံ့စွာခေါ်လိုက်သူမှာ မည်သူနည်း။ စုရွှေလျန်က သူမ၏မျက်ရည်များကိုသုတ်လိုက်သည်။

'အမေ ကိုယ့်ဘာသာဂရုစိုက်ပါ'

“ရွှေလျန်...”

တစ်စုံတစ်ယောက်သည် သူမ၏နာမည်အား ထပ်ခါထပ်ခါခေါ်နေသည်။ မျက်လုံးများကို စပ်စုခြင်းများစွာဖြင့် ဖွင့်ကြည့်လိုက်သည်။ မည်သည့်နေရာရောက်နေသနည်း။

လင်းစစ်ယောင်နှင့် သူမတို့အတူတူမျှဝေသုံးသောအိပ်ခန်းဖြစ်သည်။ ယနေ့တွင်မူ ၎င်းတို့၏ပျော်ရွှင်စရာကောင်းလှသော လက်ထပ်ပွဲနေဖြစ်၏။

စုရွှေလျန်သဘောပေါက်သွားကာ မတ်တပ်ရပ်လိုက်သည်။ ဝိုင်နှစ်ခွက်လောက်ဖြင့် တစ်ရေးတစ်မောအိပ်ပျော်သွားခြင်းဖြစ်သည်။ လုပ်စရာများစွာရှိနေကြောင်း သဘောပေါက်သွားလေသည်။

"စိတ်မပူပါနဲ့။ ငါတို့မှာ ပွဲမတိုင်ခင်အထိ အချိန်တွေအများကြီးရှိပါသေးတယ်"

လင်းစစ်ယောင်၏ အသံခပ်တိုးတိုးလေးက သူမနားသို့ ဝင်ရောက်လာကာ စုရွှေလျန်လန့်သွား၏။ သူမကခေါင်းလှည့်လိုက်ကာ လင်းစစ်ယောင်သည် အိပ်ရာဘေးတွင်ထိုင်နေသည်ကို တွေ့လိုက်ရပြီး တောက်ပသောမျက်လုံးဖြင့်ကြည့်နေကာ အတွင်းဝတ်သာဝတ်ထား၏။

"ရှင်..."

စုရွှေလျန်၏မျက်နှာနီမြန်းသွားသည်။

"အင်္ကျီမြန်မြန်ပြန်ဝတ်သင့်တယ်မဟုတ်လား"

"အတွေးလွန်မနေနဲ့"

သူမ၏တုံ့ပြန်မှုကိုတွေးလိုက်ရသောအခါ လင်းစစ်ယောင်တစ်ယောက် ရယ်ရခက်ငိုရခက်ဖြစ်သွားသည်။

"မင်းမျက်ရည်တွေက ငါ့အင်္ကျီကိုစိုသွားလို့။ မကြာခင် မင်္ဂလာဝတ်စုံလည်းလဲရတော့မှာ။ အဲ့တာကြောင့် အဝတ်တွေချွတ်ထားရုံတင်ပဲ"

စုရွှေလျန်က သူ၏ရှင်းပြချက်အား ကြားလိုက်ရသောအခါတွင် အိပ်မက်ကိုပြန်တွေးလိုက်ကာ အနည်းငယ်မျှတွေဝေသွား၏။

"ဘာဖြစ်တာလဲ"

လင်းစစ်ယောင်က သူမအားထိုင်နိုင်အောင် ဘေးမှကူညီပေးလိုက်သည်။ သူမ၏ဝမ်းနည်းနေသောအမူအရာကိုမြင်ရသောအခါတွင် မျက်မှောင်ကြုံ့ကာမေးလိုက်မိသည်။ သူမငိုနေသောကြောင့် သူနိုးလာခြင်းဖြစ်သည်။ သူမအိပ်မက်ဆိုးမက်နေသည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း မည်သည့်အိပ်မက်ဆိုးက ဝမ်းနည်းစေနိုင်မည်နည်း။ သူ၏စိတ်သည် မသာမယာမှုဖြင့်ပြည့်နှက်သွားကာ လက်ထပ်ပွဲအတွက်နောင်တရနေသည်ဟု ထင်ခဲ့မိသည်။ လင်းစစ်ယောင်က လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး လစ်ဆစ်ချိုးသံများပင် ထွက်ပေါ်လာသည်။

"အမေ့ကိုအိပ်မက်မက်ခဲ့တာ"

စုရွှေလျန်ငေးနေရာမှ အသိပြန်ဝင်လာပြီး အမေဖြစ်သူ၏စကားမျာကို အမှတ်ရသွားသည်။ ဇနီးတစ်ယောက်နှင့်ခင်ပွန်းတစ်ယောက်အတူရှိနေရန် အပြန်အလှန်နားလည်ပေးနိုင်ခြင်းသည် အရေးကြီးပေသည်။ သူမရှက်စပြုလာသည်။ သူမလှည့်ကြည့်လိုက်သောအခါ လင်းစစ်ယောက်၏ ဖြူဖျော့နေသောမျက်နှာအား တွေ့လိုက်ရသည်။

"အားယောင်..ရှင်အဆင်ပြေရဲ့လား"

လင်းစစ်ယောင်ကခေါင်းရမ်းပြလိုက်သည်။ သူမ၏လက်များကိုဆွဲယူကာ သူ၏ပါးပေါ်တွင်ထပ်လိုက်သည်။

"ငါထင်ခဲ့တာက..."

"ကျွန်မအမေအကြောင်းကို အိပ်မက်မက်နေတာ။ Su အိမ်ကသူတွေကိုလည်း လက်ထပ်တော့မဲ့အကြောင်းတွေပြောနေတာ..."

စုရွှေလျန်သတ္တိမွေးကာဆက်ပြောလိုက်သည်။ ပြောမည့်စကားများသည် နောင်တရသွားနိုင်သည်။

" အားယောင် အခုကစပြီး ရှင်က ကျွန်မရဲ့အနာဂတ်ပဲ...."

“ရွှေလျန်… ငါ့ဇနီးလေး...”

လင်းစစ်ယောင်ပြောလိုက်မိသည်။

ထိုအသံသည် သူမ၏နားထဲတွင် စိတ်ထိခိုက်နေသည်ဟု ခံစားနေမိသည်။

" အားယောင် အခုကစပြီး တစ်ခုခုဖြစ်လာရင် စိတ်ထဲမှာသိမ်းမထားဘဲ အပြန်အလှန်ပြောပြကြမယ်"

သူမသည် အမေဖြစ်သူ၏စကားကို အမှတ်ရနေသည်။ အမေနှင့်အဖေဖြစ်သူကဲ့သို့ မဖြစ်ရန် သူမ ကြိုးစားမည်။

လင်းစစ်ယောင်က တည်ငြိမ်လေးနက်စွာခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် သူသည် သူမအားထွေးပွေ့ကာ အချိန်အတော်ကြာ ဖက်ထားလိုက်လေသည်။

***

All Chapters