← Chapters

မင်္ဂလာဂုဏ်ပြုစားသောက်ပွဲငယ်လေး

Vol. 2 Ch. 36

မင်္ဂလာဂုဏ်ပြုစားသောက်ပွဲငယ်လေး

Vol. 2 Ch. 36

မင်္ဂလာပဝါလွှမ်းခြုံထားသော စုရွှေလျန်အား အဒေါ်ကြီးများအုပ်စုမှ ဦးဆောင်ခေါ်သွားသည်။ ချက်ချင်းပင် အဒေါ်လောင်၏အကူအညီဖြင့် မင်္ဂလာတုတ်တံအား အရှေ့တွင်ရပ်နေသော လင်းစစ်ယောင်ဆီသို့ ကမ်းပေးလိုက်သည်။

မင်္ဂလာတုတ်တံဖြင့် နှစ်ဦးသားသည် ပူဇော်စရာများတင်ထားသောစားပွဲဆီသို့ လျှောက်သွားကြသည်။ (မင်္ဂလာတုတ်တံဆိုတာ တရုတ်ကားတွေထဲမှာပါတယ်။ သတို့သားနဲ့သတို့သမီးလက်ချင်းမထိဘဲကြားထဲမှာခံတဲ့ ပန်းလုံးလိုသဘောမျိုးတွဲထားတာ)

"မင်္ဂလာအခမ်းအနားစတင်ပါပြီ"

အသံကျယ်ကျယ်လောင်လောင်အားသုံးကာ ဖုန်းလောင်လျှို့က လက်ခုပ်တီးကာပြောလိုက်သည်။

ဆူညံနေသောလူအုပ်ကြီးမှာ တိတ်ဆိတ်သွားရသည်။

"ပထမဆုံး ကောင်းကင်နဲ့မြေကြီးကို ကန်တော့ပါ"

"ဒုတိယအကြိမ် မိဘတွေကိုကန်တော့ပါ"

"အချင်းချင်းအရိုအသေပေးပါ"

အခမ်းအနားပြီးမြောက်ပါပြီ။ သူ့ကို မင်္ဂလာအိပ်ခန်းထဲခေါ်သွားပါ"

"ဟားဟားဟား"

"ဂုဏ်ပြုပါတယ်။ ဂုဏ်ပြုပါတယ်"

"မကြာခင်သားလေးမွေးပါစေ"

ယခုအခေါက်တွင်မူ စုရွှေလျန်သည် အရာအားလုံးအား အိပ်မက်ဟုသာခံစားရသည်။ အဒေါ်လောင်နှင့် အဒေါ်ထျန်းသည် သူမဘေးတွင်ရှိနေကာ သူမသည် မည်သို့အသက်ရှုရမည်ကိုပင် မေ့လျောနေပြီး သူမရှေ့တွင်ရပ်နေသောထိုအမျိုးသား၏အငွေ့အသက်ကိုသာ အနံ့ရနေသည်။ ပဝါပါးဖြင့်ဆိုသောကြောင့် သူ၏ဖိနပ်ကိုသာမြင်နိုင်သည်။ သူသည် သူမဘေးတွင် တစ်ချိန်လုံးညင်သာစွာ ရပ်နေသည်။ ပဝန်းကျင်တွင် ပျားပန်းခပ်နေသောလူများကြားတွင် သူမသည် ရုတ်တရက် ကုတင်တစ်ဖက်တွင်ထိုင်နေသည်ကို ခံစားမိလိုက်သည်။

ခေါင်းပေါ်ကပဝါပါးနှင့် သူမသည် ပတ်ဝန်းကျင်ရှိသူများ၏မျက်နှာကိုမမြင်နိုင်သော်လည်း ၎င်းတို့၏ရိုးရှင်းသောဆန္ဒကိုမူ နှလုံးသားမှ နက်နက်နဲနဲခံစားရသည်။

"မြန်မြန် မင်္ဂလာပဝါကိုမလိုက်။ အဲ့တာမှ မင်းဇနီးရဲ့မျက်နှာကိုမြင်နိုင်မှာ"

"ဇနီးကအရမ်းလှတယ်လို့ကြားထားတယ် အစ်ကိုကြီးလင်း။ အရမ်းမနာလိုတာပဲ"

"ဒီကောင်ကတော့။ မစဉ်းစားတတ်လိုက်တာ"

"အားယိုး...အဖေ။ ခေါင်းကိုမရိုက်နဲ့လေ။ ဉာဏ်ထိုင်းသွားလိမ့်မယ်။ ဒီနှစ်ဆိုကျွန်တော်က (၁၃)နှစ်တာင်ရှိပြီ။ ဘယ်လိုလုပ်နည်းနည်းပဲ စဉ်းစားတတ်တာဖြစ်ရမှာလဲ"

"ဟားဟားဟား...."

စုရွှေလျန်သည် ထိုစကားများကိုကြားသောအခါ ရယ်စရာကောင်းသည့်အတွက် ပဝါအောက်ရှိ သူမနှုတ်ခမ်းလေးက ပြုံးသွားမိသည်။ သို့သော် လျှပ်တစ်ပြက်အတွင်းတွင် မျက်စိသို့အလင်းရောင်ကျလာပြီး မျက်လုံးပြန်ဖွင့်မိလိုက်သည်။ သူမ၏မင်္ဂလာပဝါကို လင်းစစ်ယောင်က ယူသွားခြင်းဖြစ်ကာ သူမဘေးတွင် ချထားလိုက်သည်။ သူမရှေ့တွင် သူကတိတ်တဆိတ်ထိုင်နေကာ လက်ထဲတွင် ချိန်ခွင်တစ်ခုကိုကိုင်ထားသည်။ လျှပ်တစ်ပြက်အံ့ဩမှုနှင့်အတူ သူ၏မျက်လုံးများထဲတွင် နူးညံ့သိမ်မွေ့မှုတို့ဖြင့် ပြည့်နှက်နေသည်။

"ဝိုး အစ်ကိုကြီးလင်း နတ်သမီးလေးကိုလက်ထပ်လိုက်တာလား။ ဒါပေမဲ့ ခုနှစ်လပိုင်းခုနစ်ရက်နေ့က နတ်သမီးတွေတောင် ဒီလောက်မလှကြဘူး"

စုရွှေလျန်သည် လင်းစစ်ယောင်ဘေးတွင် ရပ်နေသောကလေးကို သတိထားမိကာ သူသည် စကားမပြောခင်ကပင် အသက်(၁၃)နှစ်ခန့်ရှိပြီဟု ခန့်မှန်းပြီးဖြစ်သည်။

သူ့အားပြုံးပြနေသော စုရွှေလျန်အားတွေ့လိုက်ရသောအခါတွင် ရှက်ရွံ့သွားရမည့်အစား ချက်ချင်းပင် ပြန်ပြုံးပြလိုက်သည်။

"အင်း။ တော်လောက်ပြီ။ မင်္ဂလာစားသောက်ပွဲက မကြာခင်စတော့မှာ။ အားလုံးပဲ လူစုခွဲကြတော့။ ဒီအတွဲကို စကားနည်းနည်းလောက်ပြောလို့ရအောင် အချိန်ပေးလိုက်ဦး"

လင်းစစ်ယောင်၏မျက်နှာပျက်သွားသည်ကို မြင်သောအခါတွင် အဒေါ်ထျန်းက သတို့သမီးအားနှောင့်ယှက်နေသောလူအုပ်အား လျင်မြန်စွာပထုတ်ရန်ကြိုးစားလိုက်သည်။

"အဒေါ် ကျွန်တော်နတ်သမီးလေးကိုကောင်းကောင်းမကြည့်ရသေးဘူး။ ဘာလို့ ကျွန်တော်တို့ကို နှင်ထုတ်နေရတာလဲ"

လူပျိုပေါက်လေးအား အဒေါ်ထျန်းမှဆွဲခေါ်သွားသည့်အတွက် သူကစောဒကတက်လိုက်ခြင်းဖြစ်သည်။ ဆွဲခေါ်ခံရသော်လည်း ခန္ဓာကိုယ်က စုရွှေလျန်ဆီသို့တိုးသွားရန်ကို မမေ့လျောပေ။

"မမ..နတ်သမီးမမ...ကျွန်တော်က ထျန်းတပေါင်ပါ။ နောက်ကျရင်ထပ်တွေ့ကြမယ်။ အမေ ဘယ်လိုလုပ် ကျွန်တော့်ကို ဒီလိုမျိုးရိုက်ရတာလဲ။ မွေးထားတဲ့သားရောဟုတ်ရဲ့လား"

အားလုံးထွက်သွားပြီးနောက်တွင် စုရွှေလျန်နှင့် လင်းစစ်ယောင်သာ အခန်းထဲတွင် ကျန်ရှိခဲ့သည်။ ဝံပုလွေပေါက်များလည်းပြန်လာကြကာ ခွေးအိမ်ထဲတွင် တိတ်တဆိတ်အိပ်နေကြသည်။

လင်းစစ်ယောင်က ရေနွေးနွေးတစ်ဇလုံယူလာကာ သူ၏အင်္ကျီလက်ကိုမတင်လိုက်ပြီး စုရွှေလျန်ဘေးတွင်မထိုင်ခင် တဘတ်အားရေညှစ်လိုက်သည်။ သူမ၏ချွေးပြန်နေသောလက်ဖဝါးလေးများကိုဆွဲယူလိုက်ကာ စတင်သုတ်ပေးလေသည်။

“အားယောင်...”

စုရွှေလျန်အသံခပ်တိုးတိုးဖြင့် ရှက်ရွှံ့စွာခေါ်လိုက်သည်။

“အဒေါ်လောင်ပြောတာတော့ ကျွန်မတို့က မင်္ဂလာအရက်ကိုဖလှယ်ပြီးသောက်ရမယ်တဲ့လေ"

သူမ၏လက်အား သုတ်ပေးပြီးနောက်တွင် လင်းစစ်ယောင်ထလိုက်ကာ ဝိုင်နှစ်ခွက်ကိုယူလာပြီး ဒွိဟဖြစ်နေသောစုရွှေလျန်အား ရှင်းပြလိုက်သည်။

နှစ်ဦးသား၏လက်မောင်းများက ကန့်လတ်ဖြတ်ကာ ဝိုင်သောက်ကြပြီးနောက်တွင် လင်းစစ်ယောင်က စုရွှေလျန်အား အဒေါ်ထျန်း၏အိမ်လုပ်ဖက်ထုပ်များကို ခွံ့ကျွေးလိုက်သည်။

"မင်္ဂလာဝတ်စုံတွေက အရမ်းကြပ်လွန်းတယ်။ အဝတ်အစားလဲပြီး စားသောက်ပွဲကိုသွားကြရအောင်"

လင်းစစ်ယောင်က သူမ၏နဖူးမှချွေးစလေးကိုသုတ်ပေးကာပြောလိုက်လေသည်။

“အာ? ဒါပေမဲ့လို့…”

သတို့သမီးသည် အခန်းထဲတွင်သာနေခဲ့ရကာ အပြင်ထွက်ရန်ခွင့်မပြုထားသည်မဟုတ်လော။

“စုရွှေလျန် ကိုယ်က ရှေးရိုးမဆန်ဘူး။ အဲ့တာအပြင် စိုးရိမ်နေမိတာ"

လင်းစစ်ယောင်က ခပ်တိုးတိုးပြောပြီးနောက်တွင် မျက်လုံးထဲတွင်မမြင်နိုင်သောအရောင်မျိုး အရောင်လက်သွား၏။

ထူးဆန်းသည်....? စုရွှေလျန်က မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ အဝတ်အစားလဲရန် ဗီရိုကိုဖွင့်ကာရှာနေသော လင်းစစ်ယောင်အား ကြည့်လိုက်သည်။

"ဒီတစ်စုံလား"

လင်းစစ်ယောင်က သူမ၏အပြုအမူကိုမနှောင့်ယှက်ဘဲ ကြက်သွေးရင့်ရောင်အဝတ်အစားတစ်စုံကိုထုတ်လာသည်။ ထိုသို့သောအရောင်တောက်တောက်များသည် ယနေ့တွင်ဝတ်သင့်ပေသည်။

စုရွှေလျန်ခေါင်းညိတ်ပြလိုက်ကာ ရှုပ်ထွေးလှသောမင်္ဂလာဝတ်စုံကိုဖယ်ရှားရန်ကြိုးစားနေသောသူ့အား ကူညီရန်ထလာသည်။

"မင်းလည်းလဲလေ"

လင်းစစ်ယောင်က ကြိုးဖြည်လိုက်ကာ လှပသောလည်းလေးလံနေသည့်မင်္ဂလာဝတ်စုံအား ဝတ်ဆင်ထားသောစုရွှေလျန်အား ပြောလိုက်သည်။

"ကျွန်မ...ကျွန်မတကယ်ပဲ ရှင်နဲ့အပြင်ထွက်လာလို့ရလို့လား"

စုရွှေလျန်ကမော့ကြည့်ကာ အင်္ကျီကြယ်သီးများကိုကူဖြုတ်ရင်းမေးလိုက်လေသည်။

"ပုံမှန်ဆိုရင်တော့ ငါတို့အတူသွားရမှာ"

လင်းစစ်ယောင်က အနီရင့်ရောင်ကြိုးပေါ်တွင် ငွေရောင်ပန်းထိုးထားသောခါးစီးကြိုးကိုချည်လိုက်ကာ သူမ၏အဝတ်အစားကိုထိုင်ကာ စားပွဲဝိုင်းကိုငေးနေသော စုရွှေလျန်အားကြည့်လိုက်သည်။

"အတွေးထဲမှာမျောနေတုန်းပဲလား"

လင်းစစ်ယောင်က တခစ်ခစ်ရယ်မောလိုက်ကာ စုရွှေလျန်အဝတ်အစားလဲခန်းသို့မထွက်ခွာခင် သူမအားကူလဲပေးရန် လက်ထဲမှအဝတ်များကိုယူလိုက်သည်။

"တော်၊ ကျွန်မဘာသာလုပ်ပါ့မယ်"

စုရွှေလျန်က ရှက်ရှက်ဖြင့် အဝတ်အစားများကိုဆွဲယူလိုက်သည်။ ထို့နောက် သူမသည် သူ့အား အဝတ်အစားလဲခန်းထဲမှတွန်းထုတ်လိုက်ပြီး လင်းစစ်ယောင်က အသံတိုးတိုးဖြင့် တခစ်ခစ်ရယ်ကာ ရန်စနေသည်။

ထိုအခါတွင် စုရွှေလျန်၏မျက်နှာပို၍နီမြန်းသွားကာ ရောက်လာမည့်မင်္ဂလာအခမ်းအနားကိုတွေးမိလိုက်ကာ ပါးနှစ်ဖက်အား မိမိဘာသာကိုင်ထားမိလိုက်သည်။ နှလုံးခုန်မြန်လွန်းသည့်အတွက် ရင်ဘတ်ထဲမှပင် ထွက်ကျမတတ်ခံစားနေရသည်။

"အားယောင်ကိုကြည့်ပါဦး။ သူက တကယ်ကို သူ့မိန်းမကို ဘယ်လိုမြတ်နိုးပေးရမလဲဆိုတာသိတယ်"

လိုက်ဖက်စွာတွဲစပ်ထားသောဝတ်စုံဖြင့် ဘေးချင်းယှဉ်ကာရောက်လာကြသည့်စုံတွဲကိုကြည့်ကာ အဒေါ်လောင်က အဒေါ်ထျန်းအား တံတောင်ဖြင့်တွတ်ကာပြောလိုက်သည်။ သို့သော် သူမ၏စကားလုံးများသည် နောက်တွင်ပိုက်ဖြင့်ဆေးလိပ်သောက်နေသာခင်ပွန်းဖြစ်သူဆီသို့သာ သက်ဆိုင်သွားပေသည်။

"အင်း ဒီမိန်းကလေးက တကယ်ကံကောင်းတာပဲ"

အဒေါ်ထျန်းဿည် စုရွှေလျန်ဝင်လာသည်ကို တုံ့ပြန်မှုမရှိသောသမီးဖြစ်သူ ထျန်းနျိုအား တစ်ချက်ကြည့်လိုက်သည်။ သူမသည် သက်ပြင်းချမိပြီး သမီးဖြစ်သူ၏အနာဂတ်ခင်ပွန်းလောင်းသည် သမီးအားထိုသို့ဆက်ဆံရန်သာ ဆုတောင်းနေမိသည်။ သူမတွင် ကလေးနှစ်ယောက်ရှိကြာ သားဖြစ်သူအတွက် မျှော်လင့်ချက်မရှိသောကြောင့် သမီးဖြစ်သူ၏အနာဂတ်ခရီးသာချောမောနေရန် ဆုတောင်းမိလေသည်။

သူမသည် သမီးဖြစ်သူ ထျန်းနျိုအား စကားပြောရန်ခေါ်ခါနီးတွင် တုံးအသောသားဖြစ်သူပြောသံကိုကြားလိုက်ရသည်။

"အစ်ကိုကြီးလင်း၊ နတ်သမီးမမ။ လာပါ။ လာပါ။ ဒီမှာထိုင်ပါ။ ဒီမှာခုံနှစ်ခုံပါ"

အဒေါ်ထျန်းသည် တိတ်တဆိတ်ဖြင့်သာ မိမိနဖူးကိုနှိပ်နေမိသည်။ အသက်(၁၂)နှစ်ရှိပြီဖြစ်သော တပေါင်သည် အသက်ကိုးနှစ်တွင် ရေကန်ထဲသို့ပြုတ်ကျခဲ့သည်။ ကယ်ထားရသည်ဖြစ်ကာ အပြင်ပိုင်းဒဏ်ရာကြီးကြီးမားမားမရှိသော်လည်း စိတ်သည်မူ ဖွံ့ဖြိုးခြင်းမရှိတော့ဘဲ အသက်ကိုးနှစ်တွင်သာရပ်တန့်နေတော့သည်။ အသက်ကြီးလေလေ ပို၍သတိထားလာမိလေလေဖြစ်သည်။ နောင်တွင်မည်သို့လုပ်ရမည်ကို သူမမသိတော့ပေ။

“တပေါင်၊ ကောင်လေး။ ဒီကိုလာပြီး မင်းအဖေနဲ့ထိုင်လှည့်"

အဒေါ်ထျန်းက သူ့ဆီသို့လာကာ တပေါင်၏နားရွက်များကိုဆွဲလိမ်လိုက်ကာ ထျန်းတဖူ၏စားပွဲဆီသို့ခေါ်သွားသည်။

"အိုက်ယား အမေ အမေ ကျွန်တော်က နတ်သမီးမမကို မေးစရာလေးရှိလို့ပါ။ နတ်သမီးမမမှာ ညီမလေးများရှိလား မေးချင်ယုံတင်ပါ။ အား..."

"ဟားဟားဟား...."

ဘေးတွင်ထိုင်နေသောရွာသားများက စတင်ရယ်မောမိကြတော့သည်။

"တဖူ၊ မင်း တပေါင်ကပြောပြီးသွားပြီ။ နောက်နှစ်ရောက်ရင်တော့ သူ့အတွက် တစ်ခုခုစီစဉ်ပေးရတော့မဲ့ပုံပဲ။ ဟားဟားဟား"

"အစ်မထျန်းကတော့ တပေါင်ကငယ်ပြီးကလေးလေးလိုပဲလို့ အမြဲတမ်းပြောနေတာ။ ဒါပေမဲ့ မထင်ဘူး။ သူ့ကြည့်ရတာမိန်းမလိုချင်နေတဲ့ပုံပဲ"

ရွှေ့အိမ်၏ဇနီးအဒေါ်ဟယ်တွင် အဒေါ်ထျန်းအားဟာသလုပ်တတ်သော ရွှင်ပျသည့်စရိုက်ရှိသည်။ စိတ်ထဲတွင်မူ အဒေါ်ထျန်းမျက်နှာပူနေသော်လည်း သားဖြစ်သူကိုသာ တိတ်တဆိတ်ကြိမ်းမောင်းနေမိသည်။

ပြောရမည်ဆိုလျှင် အလွန်ထူးဆန်းပေသည်။ မည်သည့်ရွာသားကမျှ လင်းစစ်ယောင်အား တိုက်ရိုက်မပြောကြပေ။ သူနှင့်အနေနီးသော ဖုန်းလောင်လျှို့သည်ပင် သူ့ဆီမှတင်းမာမှုအား ခံစားရပေသည်။ သို့သော် သူမ၏အရွယ်မရောက်သောသားသည်မူ အခမ်းအနားအတောအတွင်းတွင် လင်းစစ်ယောင်၏ခွေးနှစ်ကောင်ဖြင့် ဆော့ကစားနေပြီး အစ်ကိုကြီးလင်း ဟူ၍ပါခေါ်လိုက်သေး၏။ သို့သော်လည်း ၎င်းတို့သည် ရင်းနှီးကျွမ်းဝင်သည့်ပုံမပေါ်ပေ။ နေ့လည်ဘက်အိမ်သစ်တက်ပွဲတွင် သူမရှိသော်လည်း သူ၏မိသားစုကိုဖိတ်ကြားထားသည်။ ရင်းနှီးသွားရန်လည်း အချိန်မရှိပေ။ အဒေါ်ထျန်းသည် တိတ်ဆိတ်စွာသုံးသပ်နေမိသည်။

တစ်ဖက်တွင်မူ စုရွှေလျန်နှင့် လင်းစစ်ယောင်သည် စားပွဲကြီးဆီသို့လာကာ ဧည့်သည်များအား ဧည့်ခံနေသည်။

"ရှင်နဲ့ အဒေါ်ထျန်းရဲ့သား တပေါင်နဲ့ကရင်းနှီးတာလား"

ထျန်းတဖူဘေးတွင် ထိုင်ရန် ဖိအားပေးခံထားရသော တပေါင်ကိုကြည့်ကာ စုရွှေလျန်ကပြောလိုက်သည်။ သူ့အား စပ်စုစွာဖြင့်ကြည့်နေသောသူမအားတွေ့လိုက်သောအခါတွင် သူကပြန်ပြုံးပြလိုက်သည်။

"မသိပါဘူး"

လင်းစစ်ယောင်ကတွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ သူ့အကြောင်းတွေးနေခြင်းမဟုတ်သည့်အတွက် အနည်းငယ်မျှခါးသက်သွားရှာသည်။ ချက်ချင်းပင် ရယ်စရာကောင်းသည်ကိုသိရှိသွားသည်။ ထိုကလေးသည် သူ၏အသက်တစ်ဝက်မျှပင်ရှိသေးကာ အဘယ့်ကြောင့် ထိုကလေးအား သဝန်တိုနေရပါသနည်း။

စုရွှေလျန်ကြားသောအခါတွင် သူ့အားအနှောင့်အယှက်မပေးတော့ပေ။ သူစိမ်းများအားနွေးထွေးစွာဆက်ဆံနိုင်သောထူးဆန်းသောအကျင့်စရိုက်သာဖြစ်မည်ဟု တွေးလိုက်လေသည်။

"လာပါ မိန်းကလေး၊ အားယောင်၊ အဒေါ်လောင်က အများကြီးမသောက်နိုင်ဘူး။ ဒီလောက်ခွက်သေးသေးလေးနဲ့ပဲ ခွက်တိုက်ကြမယ်။ မင်းတို့နှစ်ယောက် အိုအောင်မင်းအောင်ပေါင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

အဒေါ်လောင်သည် ကွေ့ဟွားပန်းအရက်ကို ခွက်တစ်ခွက်စာဖြည့်လိုက်ကာ နှစ်ယောက်အားဂုဏ်ပြုရင်းပြောပြလိုက်သည်။

စုရွှေလျန်နှင့် လင်းစစ်ယောင်တို့က ပြန်ပြုံးပြလိုက်ကာ ထလိုက်ပြီး ခွက်တိုက်ကာတစ်ကျိုက်တည်းဖြင့်သောက်လိုက်ကြသည်။

"ငါရော ငါရော"

အဒေါ်ထျန်းက ဝိုင်အပြည့်ပန်းကန်လုံးအား မြှောက်ကာရောက်လာသည်။

"ငါက မင်းတို့သာလေးမွေးပါစေလို့ဆုတောင်းပေးလိုက်တယ်။ သောက်ကြမယ်"

“အဒေါ်ထျန်း…”

စုရွှေလျန်က အဒေါ်ထျန်းကမ်းလိုက်သောပန်းကန်လုံးတွင် ပြောစရာစကားမဲ့သွားသည်။ သူမသည် အရက်အားခံနိုင်စွမ်းမရှိပေ။ ပို၍များသောခွက်တိုက်ရမည့်ဝိုင်များရောက်လာမည်မှာ ပြောစရာပင်မလိုပါ။ အရက်ပါဝင်မှုနှုန်းများသည့် ကွေ့ဟွားပန်းဝိုင်အား သောက်မိပြီးဖြစ်သည်။

“အဒေါ်ထျန်း, စုရွှေလျန်က သောက်နိုင်တာမဟုတ်ဘူး။ သူ့အတွက်သောက်ပေးရမလား"

လင်းစစ်ယောင်က အဒေါ်ထျန်းအား တိတ်ဆိတ်စွာပြုံးကာမေးလိုက်သည်။ လက်ဆန့်ထုတ်လိုက်ကာ သူမဖြေနိုင်ခင်တွင်ပင် ပန်းကန်လုံးအားမော့ချလိုက်သည်။

"ကောင်းတယ်။ ယောင်္ကျားပီသတယ်။ အစ်ကိုကြီးဆီကိုလာ။ ငါတို့ထပ်သောက်ကြမယ်"

ဖုန်းလောင်လျှို့သည် ဝိုင်အနည်းငယ်မျှသောက်ပြီးဖြစ်ကာ အာသွက်လျှာသွက်ဖြစ်နေသည်။ ထို့ကြောင့်ပင် စိတ်ဖိစီးခြင်းမရှိတော့ဘဲ အရက်ပန်းကန်လုံးတစ်လုံးကိုယူကာ လင်းစစ်ယောင်နှင့်ခွက်ချင်းတိုက်ကာ သောက်ချင်နေမိသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ စုရွှေလျန်က လင်းစစ်ယောင်၏အင်္ကျီစကိုဆောင့်ဆွဲကာ စိတ်ပူနေမိသည်။

လင်းစစ်ယောင်က သူမဘက်သို့လှည့်ကာပြုံးပြလိုက်ပြီ။ စိတ်မပူရန် နှစ်သိမ့်လိုက်သည်။ ပြန်လှည့်သွားပြီး ပန်းကန်လုံးကိုလက်ခံကာသာ ဆက်သောက်နေပေသည်။

"ကောင်းတယ်"

"ကောင်းတယ်"

"ယောင်္ကျားပီသတယ်"

"ကောင်းပြီ ကောင်းပြီ။ အခုငါ့အလှည့်ပဲ"

"ငါရောပဲ။ ငါ့ကိုရောမမေ့နဲ့"

"အလျင်မလိုပါနဲ့။ တစ်ကြိမ်မှာတစ်ယောက်ပေါ့။ ငါတို့မှာအရက်တွေရှိသေးတာပဲ။ တပေါင်၊ ဦးလေးလျှို့နဲ့အိမ်သွားပြီး ဝိုင်သွားယူချည်"

***

All Chapters