← Chapters

ဆောင်းဦးပွဲတော်တွေကိုအတူတူဖြတ်သန်းကြမယ်

Vol. 2 Ch. 46

ဆောင်းဦးပွဲတော်တွေကိုအတူတူဖြတ်သန်းကြမယ်

Vol. 2 Ch. 46

(ဆောင်ဦးပွဲတော် : လပြက္ခဒိန် ရှစ်လပိုင်းမြောက် လကြည့်သည့်ပွဲတော်)

"ရှင် တပေါင်ကို တပည့်အဖြစ် လက်ခံလိုက်ပြီလား"

စုရွှေလျန်ကပြုံးကာမေးလိုက်၏။ သူမသည် မြစ်ထဲတွင် ဟင်းသီးဟင်းရွက်များဆေးလာသော လင်းစစ်ယောင်၏လက်များကို ခြောက်အောင်ကူညီပေးလိုက်သည်။ နောက်ဆုံးတွင် သုံးရက်ပြီးနောက် ဖီးနစ်နှစ်ကောင်စုံတွဲအား ပြီးမြောက်သွားကာ ထို့ကြောင့်ပင် ပို၍ပေါ့ပါးသွားသည်။ ညနေပိုင်းအစောတွင်းဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်းမကြားလိုက်သော်လည်း သူသည် အခြေအနေကိုကိုင်တွယ်မည်ကို သူမယုံကြည်သောကြောင့် ထွက်မလာခြင်းပင်။ သို့သော် အဆုံးသတ်တွင် ရှီချွေ့၏စပ်စုချင်စိတ်က နိုးထလာကာ ရလဒ်အားသိနိုင်ရန် ပြတင်းပေါက်မှချောင်းကြည့်လိုက်သည်။ သူသည် တပေါင်အား တပည့်အဖြစ်လက်ခံခဲ့သည့်ပုံပေါ်သည်။

"အင်း"

လင်းစစ်ယောင်ခေါင်းညိတ်ပြလိုက်ကာ သူမအားပြုံးပြလိုက်သည်။ အင်္ကျီလက်များကိုမတင်ပြီး စတင်ချက်ပြုတ်ပေတော့သည်။

အစားအသောက်များအား အဒေါ်လောင်မှယူဆောင်လာခြင်းဖြစ်သည်။ သူသည် သားမွေးများကိုသန့်ရှင်းနေဆဲဖြစ်ကာ သူမ၏လုပ်ကိုင်ပေးမှုအား မငြင်းခဲ့ပေ။ ရှီချွေ့အိမ်ပြန်သွားခါနီးတွင်မှ သမင်ကတိုးတစ်ကောင်အား အိမ်ယူသွားရန် ပေးလိုက်၏။ (ကတိုး - အာရှဖက်မှာရှိတဲ့ ဦးချိုမပါတဲ့သမင်ငယ်လေးတွေ)

၎င်းတို့သာ် တောကောင်များစွာနှင့်အတူ မြေခွေးနှစ်ကောင်၊ ကတိုးသုံးကောင်၊ ခွေးတူဝက်တူသုံးကောင်အား အမဲလိုက်ခဲ့ပါသော်လည်း ဝံပုလွေပေါက်များသည် ၎င်းတို့၏ဝေစုအား လွန်စွာမောင်ပိုင်စီးနေကြသည်။ တောကောင်များဘေးတွင်လှဲလျောင်းကာ ငေးကြည့်နေကြပေသည်။ သို့သော်လည်း လင်းစစ်ယောင်၏အာဏာစက်အား မတွန်းလှန်နိုင်ပေ။ တောကောင်တစ်ကောင်အား ပေးလိုက်သောအချိန်တိုင်းတွင် ၎င်းတို့စိတ်ထဲ၌ နာကျင်ရပေသည်။

၎င်းတို့သည် ပိုင်ရှင်ကိုကြည့်နေကြသည်။ ရှီချွေ့အိမ်ပြင်ထွက်လာပြီး သတိုးခပ်ဝဝတစ်ကောင်အားသယ်ကာ ပျော်ရွှင်စွာဖြင့် တံခါးမှထွက်သွားပေသည်။ နောက်ဆုံးတွင် ၎င်းတို့၏ စောင့်ကြည့်နေခြင်းအား လက်လျော့လိုက်ကာ ရှက်ကိုးရှက်ကန်းသာပြုမူလိုက်ပြီး စုရွှေလျန်ဆီမှ အစာတောင်းခံလိုက်ပေသည်။ ၎င်းတို့သည် အသားကင်လိုချင်ကြကာ မနေ့ကကဲ့သို့ အရသာမရှိသောအသားစိမ်းများကို မစားချင်ကြပေ။

စုရွှေလျန်က စားပွဲပေါ်တွင် ပန်းကန်များကို စီစဉ်လိုက်သည်။ သူမကလှည့်လိုက်ကာ လင်းစစ်ယောင်၏ဂန္ဓာမာပန်းပွင့်ရွက်များနှင့် ကြက်သွန်ဖြူဆီသတ်နေသော ကျွမ်းကျင်ညက်ညောသည့်လှုပ်ရှားမှုအား တွေ့လိုက်ရသောအခါတွင် စုရွှေလျန်တစ်ယောက် တွေဝေလာမိသည်။ သူသည် လယ်ယာလုပ်ကိုင်ခြင်း၊ ချက်ပြုတ်ခြင်းဖြင့် မရင်းနှီးဟု ပြောခဲ့သည်မဟုတ်လော။ မည်ကဲ့သို့ ထိုမျှကျွမ်းကျင်လာရပါသနည်း။

စုရွှေလျန် ရှက်သွားမိသည်။ အမှန်တကယ်မသိမနားလည်သောသူမှာ သူမ သာဖြစ်ပေမည်။

"ထပ်ပြီးအတွေးလွတ်သွားပြန်ပြီလား"

လင်းစစ်ယောင်က ကြက်သွန်ဖြူဆီသတ်ဂန္ဓာပန်းရွက်ကြော်အား စားပွဲပေါ်တွင်ချထားကာ သူကမခေါင်းလေးကိုပုတ်ပေးလိုက်ပြီး ရယ်လိုက်သည်။

“ဟမ်...”

စုရွှေလျန်က လျင်မြန်စွာဖြင့် အသိပြန်ဝင်လာပြီး သူမ၏လင်းယွင်ပုံစံဆံပင်အား ပုံစံမပျက်သွားစေရန် ကြိုးစားပြင်လိုက်သည်။ သူမသည် မီးဖိုပေါ်တွင် ထပ်၍ချက်ပြုတ်နေသည့် လင်းစစ်ယောင်အား ရှက်ရွံ့စွာ ငေးကြည့်မိလိုက်သည်။ သူမက သူ့နားလေးသို့တိုးသွားပြီး

"အားယောင်..."

"ဘာလဲ"

လင်းစစ်ယောင်က နာရီဝက်မျှဆူအောင်ထားထားသော ယုန်သားအစပ်ချက်ကို အဖုံးမပိတ်ခင်မွှေနေလေသည်။ ထို့နောက် သူကလှည့်လိုက်ကာ စုရွှေလျန်အား ခုံပေါ်တွင်ထိုင်စေပြီး သူက ဆန့်ကျင်ဘက်ခုံတွင်ထိုင်လိုက်သည်။ သူကကြက်သွန်ဖြူမွှာများအား အခွံနွှာနေကာ မနက်ဖြန်အသားနှပ်ရာတွင်သုံးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

စုရွှေလျန်က ကြက်သွန်ဖြူအချို့ယူကာ ကူညီနွာပေးသော်လည်း လင်းစစ်ယောင်က တားလိုက်သည်။

"ငါ့ဘာသာလုပ်နိုင်ပါတယ်"

သူမ၏ပိုးသားကဲ့သို့နူးညံ့သောလက်လေးအား အနံ့အသက်စူးရှသောအရာများကြောင့် ညစ်ညမ်းသွားမည်ကို မလိုလားပေ။

“အားယောင်...”

သူသည် သူမအား ထိုသို့ရိုးရှင်းသောကိစ္စကိုပင် လုပ်ခွင့်မပေးသည့်အခါတွင် မှားယွင်းနေသည်ဟု ခံစားရပြီး သူ၏မျက်လုံးထဲတွင် သူမသည် အသုံးမဝင်ဖြစ်နေသည်လောဟု တွေးနေမိသည်။

"အိမ်မှုကိစ္စတွေကို ကျွန်မလည်းအတူတူလုပ်သင့်တာပေါ့"

သူမ၏အသံသည် ဒေါသသံအနည်းငယ်မျှစွက်နေသည်။

လင်းစစ်ယောင်ကြားသောအခါတွင် သူမ၏နီရဲလာသောမျက်လုံးလေးများကို မော့ကြည့်လိုက်သည်။ သူ၏စကားအားအထင်လွဲသွားသည်ကို သဘောပေါက်သွားလေသည်။

သူက လက်ထဲရှိကြက်သွန်ဖြူအားချလိုက်ပြီး စုရွှေလျန်ရှေ့တွင် ဒူးထောက်ထိုင်ကာ မျက်ရည်များကိုသုတ်ပေးလိုက်သည်။

"ရွှေလျန် ကိုယ်ကအဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ အဲ့တာတွေက အနံ့အသက်မကောင်းလို့လေ။ မင်းမယုံဘူးဆိုရင် အနံ့ခံကြည့်..."

သူ၏လက်အား သူမ၏နှာခေါင်းနားတွင် တေ့လိုက်သောအခါ သူမမျက်မှောင်ကြုတ်မိသွား၏။ သူက သူမအားဖက်ထားလိုက်ပြီး သူ၏ပေါင်ပေါ်တွင် ထိုင်စေသည်။ သူ၏ခေါင်းအား သူမ၏ပုခုံးထဲတွင် နစ်မြုပ်ထားလိုက်ပြီး သာယာစွာရှင်းပြလိုက်လေသည်။

"မင်းလက်တွေကို အနံ့စူးစူးတွေကြောင့် မညစ်ပတ်စေချင်လို့ပါ။ အဲ့တာအပြင် ကိုယ်ကခံနိုင်ရည်ရှိတယ်လေ။ ကိုယ်ကအဲ့လိုလုပ်ရတာလည်းကြိုက်တယ်" (မိန်းမကိုအိမ်မှုကိစ္စမလုပ်စေချင်လို့ အိမ်အလုပ်လုပ်ရတာကြိုက်ပါတယ်ပြောနေပြီ)

"တကယ်လား...တကယ်ကြိုက်တာလား"

စုရွှေလျန်ကခေါင်းလှည့်လိုက်သောအခါ သူ၏အကြည့်စူးစူးဖြင့်ရင်ဆိုင်လိုက်ရသည့်အတွက် ရှက်သွေးဖြာသွားသည်။

"ကိုယ်မင်းဘေးမှာရှိနေသမျှ ဘာမဆိုလုပ်ရတာကြိုက်တယ်"

လင်းစစ်ယောင်သည် သူ၏အတွင်းစိတ်အား ဖွ့င်ဟဝန်ခံသောပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် သူ၏စိတ်ထဲမှ ဘယ်သောအခါမှ ထွက်ခွာသွားမည့်မဟုတ်သည့် တစ်ခုတည်းသောအရာဖြစ်သည်။ လက်ထပ်ခြင်းအား မသိမနားလည်ခြင်းနှင့် ဦးစားပေးပျော်ရွှင်မှု၊ လက်ထပ်ပြီးနောက်တွင် မဆုတ်မနစ်ကြိုးပမ်းခြင်းနှင့် စူးစိုက်နစ်မြုပ်ထားခြင်း။ သူသည် သူသည် သူမ၏ကတိနှင့်နူးညံ့ညင်သာမှုအသိုက်ထဲတွင် ဖမ်းခံလိုက်ရပြီးဖြ်သည်။ လွတ်လပ်နိုင်မည်လည်းမဟုတ်သကဲ့သို့ လွပ်လပ်ချင်မည်လည်းမဟုတ်တော့ပေ။

"ဒီနေ့မြို့ကိုအတူတူသွားရအောင်။ ကိုယ်တို့လိုအပ်တာတွေစဉ်းစားထားဦး"

သက်တောင့်သက်သာမှေးစက်အနားယူပြီးသည့်ညပြီးနောက်တွင် လင်းစစ်ယောင်က ထတော့မည့် စုရွှေလျန်အား ဖက်ထားလိုက်သည်။ သူမက သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသောအခါတွင် ပိုးသားဆံကေသာကိုသပ်ကာ တီးတိုးပြောလိုက်သည်။

"ကောင်းပြီလေ။ ဆောင်းဦးပွဲတော်ရောက်ခါနီးပြီးမလား။ လမုန့်လုပ်ဖို့ အစာသွပ်ရမဲ့ဟာတွေနဲ့ သကြားသွားဝယ်ရအောင်"

စုရွှေလျန်က လင်းစစ်ယောင်လည်ပင်းပေါ်ရှိ မင်ရောင်ကျောက်စိမ်းပြားလေးကိုကစားကာ စိတ်လှုပ်ရှားစွာဖြင့် အကြံပေးလိုက်သည်။

"လမုန့်လား။ မင်းလုပ်တတ်လား"

လင်းစစ်ယောင်က ခေါင်းနောက်တွင် လက်ထားလိုက်ပြီး စုရွှေလျန်က သူဝတ်ဆင်ထားသောကျောက်စိမ်းလည်ဆွဲ စိတ်ဝင်တစားစပ်စုနေသည်ကို ရယ်မောကာမေးလိုက်၏။

စုရွှေလျန်က မျက်တောင်ပေကလပ်ပေလပ်လုပ်ကာ ရိုးသားစွာပြန်ဖြေလိုက်သည်။

"ကျွန်မမလုပ်တတ်ပါဘူ။ ဒါပေမဲ့ ကျွန်မတို့သင်ကြရအောင်လေ"

"ကိုယ်လည်း ဆောင်းဦးပွဲတော်ကို မလုပ်တတ်ဘူး။ တကယ်တစ်ခါမှကိုမကျင်းပဖူးဘူး"

လင်းစစ်ယောင်သည် အိပ်ယာမှလိုက်ကာများကို တိတ်ဆိတ်စွာကြည့်နေမိသည်။ သူ့ကဲ့သို့ လူသတ်သမားများသည် ကျင်းပတတ်သည့်အားလပ်ရက်တစ်ရက်သာရှိသည်။ နှစ်သစ်ကူးနေ့ပင်။ ထိုနေ့တွင်သာ သတိတရားကိုဘေးဖယ်ကာ နှစ်သစ်ကူးအကြိုညစာစားနိုင်ပေသည်။ မှန်ပေသည်။ နှစ်သစ်ကူးအကြိုညစာပင်။ အများစုသည် မိဘမဲ့များဖြစ်သောကြောင့် နှစ်သစ်ကူးအကြိုပွဲညစာစားရန် မိသားစုမရှိတော့ချေ။ ထိုသို့တိတ်ဆိတ်ကာသက်တောင့်သက်သာရှိသောအိမ်သည်ပင် သူ့အတွက် အိပ်မက်ဖြစ်နိုင်ပေသည်။

“အားယောင်...”

စုရွှေလျန်သည် သူ၏စကားများထဲမှ အားနည်းဝမ်းနည်းခြင်းအားကြားလိုက်ရသည်။ သူမသည် သူ၏ရင်ဘတ်ပေါ်တွင် လှဲလျောင်းကာ တည်ငြိမ်၍အားကောင်းသောနှလုံးခုန်သံကိုနားထောင်လိုက်သည်။ သူမက သက်တောင့်သက်သာဖြင့် နူးညံ့သောအသံဖြင့်ပြောလိုက်၏။

"အနာဂတ်မှာ ကျွန်မတို့ ဆောင်းဦးပွဲတော်တွေကို အတူတူဖြတ်သန်းကြမယ်"

"ကောင်းပြီ"

လင်းစစ်ယောင်က ပြန်ကြည့်လိုက်ကာ သာယာနူးညံ့စွာပြန်ဖြေလိုက်သည်။ သူက လက်များကိုသူမပါးပေါ်တွင် ကပ်ထားလိုက်ကာ အသားမာများတက်နေသောလက်ဖြင့် သူမ၏အပြစ်အနာအဆာကင်းသောအသားအရေဖြင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

"အရင်နေ့တွေတုန်းက ရှင်တကယ်ကြိုးကြိုးအလုပ်လုပ်ခဲ့တာပဲ"

စုရွှေလျန်က သူ၏ကြီးမားသောလက်ကိုယူကာ သူ၏မျက်နှာပေါ်တွင်ထားလိုက်ပြီး သာယာစွာပြောလိုက်သည်။

"ကိုယ်အရင်ကပြောခဲ့သားပဲ။ မင်းအတွက်ဆိုရင် ဘယ်ဆင်းရဲဒုက္ခကိုမဆို ခံနိုင်ရည်ရှိတယ်"

ထိုသို့ပြောနေစဉ်တွင် လင်းစစ်ယောင်ကခန္ဓာကိုယ်လှည့်လိုက်ကာ စုရွှေလျန်က သူ့အောက်သို့ရောက်သွားသည်။ သူ၏နှလုံးခုန်သံကို မထိန်းချုပ်နိုင်ဖြစ်ကာ သူမအား စားမတတ်ဝါးမတတ်ကြည့်မိပြန်သည်။

ဖန်းလော့မြို့သည် ထိုနေ့ရက်များတွင် လွန်စွာအလုပ်များနေပေသည်။ လပြက္ခဒိန်၏ရှစ်လမြောက် (၁၅)ရက်မြောက်နေ့ရောက်ရန် သုံးရက်မျှသာလိုတော့၏။ ပစ္စည်းမျိုးစုံရောင်းသောပျံကျဈေးသည်များက လမ်းတိုင်း၏ထောင့်များတွင် နေရာယူထားကြသည်။

လင်းစစ်ယောင်နှင့် စုရွှေလျန်မြို့သို့ရောက်သောအခါတွင် မွန်းလွဲပိုင်းပင်ရှိပြီဖြစ်သည်။ လမ်းတွင် စုရွှေလျန်နားများနီရဲနေသည်။ လင်းစစ်ယောင်နှင့်သူမသည် အရုဏ်တက်ပြီးသည့်နောက်တွင်ပင် အိပ်ရာထဲတွင်အလုပ်များနေကြကာ အိပ်ရာမှထွက်လာရန်ပင် ခက်ခဲနေပေသည်။

"ပင်ပန်းနေပြီလား။ နားဖို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်လောက်ရှာလိုက်ရမလား"

လင်းစစ်ယောင်က မေးလိုက်ကာ မြို့တံခါးမှ တစ်လီအကွာ(၅၀၀မီတာ)တွင် ရပ်လိုက်သည်။ သူမကရှက်နေကာ ထူးထူးဆန်းဆန်းပြုမူနေသည်ကို တွေ့လိုက်ရသောအခါတွင် နေမကောင်းဟု သူထင်မိလိုက်၏။

"ကျွန်မအဆင်ပြေပါတယ်။ အရင်ဆုံးပစ္စည်းတွေဝယ်ရအောင်။ ပစ္စည်းတွေကုန်သွားရင် ခရီးထွက်လာရတာ အလကားဖြစ်သွားမှာပေါ့"

စုရွှေလျန်က နီရဲနေသောပါးနှစ်ဖက်ကိုပုတ်ကာ လင်းစစ်ယောင်အားကြည့်ပြီးပြောလိုက်သည်။

လင်းစစ်ယောင်က သူမ၏လက်လေးကိုယူပြီး သူ၏လက်ဖဝါးထဲတွင်ဆုပ်ကိုင်ထားလိုက်သည်။ ခရီးဆက်ထွက်လာကာ တမင်သက်သက်ပင် နှေးကာခရီးဆက်ပေ၏။

***

All Chapters