တပည့်လက်ခံခြင်း
Vol. 2 Ch. 45
"မင်းခဏလောက် ဆက်နားလို့ရတယ်။ ငါရေနွေးသွားတည်လိုက်ဦးမယ်။ မနက်စာဘာစားချင်လဲ"
ရုတ်တရက် လင်းစစ်ယောင်၏အသံခပ်တိုးတိုးအား သူမနားထဲတွင်ကြားလိုက်ရသည်။ စုရွှေလျန်သည် သူ၏အပေါ်တွင် ရောက်နေကာ သူ့အားကျော်သွားရန်ကြိုးစားနေသည်ကို အခွင့်ကောင်းယူကာ သူမ မထခင် အနမ်းတစ်ပွင့်ခိုးယူလိုက်ပြီး အပြင်ဝတ်ဝတ်လိုက်သည်။
"ကျွန်မလည်းထပြီ။ ရှီချွေ့လာတဲ့အခါကျ လှဲနေတာမြင်ရင်မကောင်းဘူးလေ။ ဒီနေ့က နောက်ဆုံးနေ့ပဲ။ စောစောလက်စသတ်နိုင်ရင် ပိုကောင်းတယ်မလား"
စုရွှေလျန်က လင်းစစ်ယောင်၏အဝတ်အနားသတ်စအား ဆွဲထားလိုက်ကာ ရှက်ရွှံ့စွာပြောလိုက်သည်။
"မင်းလုပ်နိုင်မှာလား"
သူမအားထရန် မကူညီပေးခင်တွင် လင်းစစ်ယောင်က အဝတ်လျင်မြန်စွာဝတ်လိုက်သည်။ သူသည် ဗီရိုဆီသို့သွားကာ ဖန်တရာတေဝတ်ထားသောအစိမ်းရောင်အဝတ်အစားကို သွားယူသည်။ သူမသည်လည်း ပန်းထိုးစဉ်တွင် သက်တောင့်သက်သာရှိစေရန် အဝတ်ဟောင်းများကိုသာ ဝတ်ဆင်တတ်သည်။
စုရွှေလျန်သည် အဝတ်လဲရာတွင် သူ့အား အနိုင်မယူနိုင်ပေ။ ထို့ကြောင့် သူမအား လင်းစစ်ယောင်က အဝတ်လဲပေးကာ ဆံပင်လုပ်ပေးသည်ကိုသာ ကြည့်နေရသည်။
ကိုးရိုးကားရားမဖြစ်ဘဲ မိမိအားကူညီပေးနေသောသူ့အားကြည့်ကာ စုရွှေလျန်သည် စိတ်ကျေနပ်နေမိသည်။ သူသည် သူမတွေ့ဆုံခဲ့ရသည့် အေးတိအေးစက်သူမဟုတ်တော့ပေ။ ဂရုစိုက်ကာ အကြင်နာပိုသည့်ခင်ပွန်းပင်ဖြစ်သည်။ အဒေါ်ထျန်း နှင့် အဒေါ်လောင် ပြောသည်မှာမှန်ပေသည်။ သူသည် တွေ့ရခဲသောရှားပါးလှသည့်ခင်ပွန်းကောင်းတစ်ယောက်ဖြစ်သည်။
"ပြီးပြီ"
လင်းစစ်ယောင်သည် သူ၏နောက်ဆုံးအပြုအမူအား ပြီးသည့်နောက်တွင် ဆံထိုးအား ဆံပင်ထဲတွင် ပြန်ထိုးပေးလိုက်သည်။ သူမသည် ကျောက်စိမ်းဖြူနားကပ်များအား ကူညီဝတ်ဆင်ပေးပြီးနောက်တွင် သူမမျက်နှာက အပြုံးလေးအားတွေ့လိုက်ရသည်။ သူမ၏နှာခေါင်းလေးအား ထိလိုက်ကာ မေးလိုက်သည်။
"ဘာတွေပြုံးနေတာလဲ"
"အမ် ပြီးပြီလား။ ဘာမှမဟုတ်ပါဘူး"
စုရွှေလျန်ကလျင်မြန်စွာ အကြည့်အားပြန်ရုပ်သိမ်းလိုက်ကာ ရှက်သကဲ့သို့ခံစားလိုက်ရသည်။
"ကျေးဇူးတင်ပါတယ်"
သူမက မျက်နှာသစ်ရန် မီးဖိုချောင်ထဲသို့ ပြေးသွားခဲ့လေသည်။
လင်းစစ်ယောင်ကပြုံးကာဖြင့် ခေါင်းခါမိလိုက်သည်။ သူမမည့်သည့်အကြောင်းကိုရှက်သွားသည်ကို ပဟေဠိဖြစ်သွားသည်။ သူနှင့်ပက်သက်သည့်အကြောင်းသာဖြစ်ပေမည်။ သူမသည် မနေ့ညက ချစ်စိတ်ပြင်းပြမှုအကြောင်းကိုသာ ပြန်စဉ်းစားခြင်းဖြစ်ရပေမည်။ သူမအား အိပ်ရာထဲသို့ပြန်ခေါ်သွားချင်မိသည့်စိတ်အား ပြန်လည်ဖိနှိပ်လိုက်ရသည်။ အနည်းငယ်မျှလှုပ်ရှားပြီးတွင် အိပ်ရာသည် သန့်ရှင်းသွားကာ သူသည်လည်း မိမိဘာသာဆေးကြောသန့်စင်ရန် မြစ်ဆီသို့ထွက်သွားသည်။
"ဆရာ ဆရာ"
စုရွှေလျန်နှင့် ရှီချွေ့သည် ပန်းထိုးခန်းထဲသို့ဝင်သွားပြီးနောက်တွင် လင်းစစ်ယောင်က ပန်းကန်များကို ဆေးကြောသန့်စင်နေကာ လျှော်ပြီးသားအဝတ်များအား လှမ်းလိုက်သည်။ သူသည် ငုတ်တုတ်ထိုင်ကာ ပေါင်းပင်များကို ရှင်းလင်းခါနီးတွင် ထျန်းအိမ်မှ လူငယ်လေးတပေါင်၏အသံအား ခြံဝန်းရှေ့မှခေါ်နေသည်ကိုကြားလိုက်ရသည်။
"ဆရာ၊ အစ်ကိုကြီးလင်း၊ ကျွန်တော့်ကို တပည့်အဖြစ်လက်ခံပေးပါ။ ကြိုးကြိုးစားစားသင်ယူပါ့မယ်။ ခက်ခဲကြမ်းတမ်းမှာကိုလည်းမကြောက်ပါဘူး။ အစ်ကိုကြီးလိုစွမ်းအားကြီးအောင် သင်ယူချင်ပါတယ် ကျွန်တော့်ကိုလက်ခံပေးပါ"
လင်းစစ်ယောင်ကတံခါးဖွင့်ထားသည်ကို ထျန်းတပေါင်တွေ့သောအခါတွင် ဒူးထောက်ကာ တောင်းပန်ဦးညွှတ်နေပေသည်။ သူသည် လင်းစစ်ယောင်မှတောင်းဆိုမှုအား လက်ခံမည့်အချိန်အထိ ထရန် ငြင်းဆန်ခဲ့ပေသည်။
လင်းစစ်ယောင်က တည်ငြိမ်လေးနက်စွာဖြင့် ကြည့်လိုက်ပြီး ပြန်လှည့်သွားကာ ပေါင်းပင်များကိုသာဆက်ရှင်းနေသည်။
ထျန်းတပေါင်တွေ့သောအခါတွင် ရေအေးနှင့်လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ကြည့်ခဲ့ဖူးသောပြဇာတ်များကို ပြန်လည်စဉ်းစားမိပြီး ဒူးထောက်ကာ တပည့်အဖြစ်လက်ခံရန်ပုံစံဖြင့် တောင်းပန်ခဲ့သည်။ သို့သော် အချိန်ကြာသည်အထိ အစ်ကိုကြီးလင်းသည် မိမိအား လျစ်လျူရှုနေကာ ဆရာများသည် ထိုသို့ဒူးထောက်တောင်းပန်လျှင် လက်ခံတတ်သည့်အရာမျိုးသည် မည်သို့ဖြစ်သွားခဲ့သနည်း။ အမှန်တွင် သူကြည့်ဖူးသောပြဇာတ်များမှာ ကလေးများကခြင်းသာဖြစ်သည်။
သောကရောက်နေသောအတွေးဖြင့် ထျန်းတပေါင်က ဒူးဆက်လက်ထောက်နေကာ ခပ်လှမ်းလှမ်းရှိ လင်းစစ်ယောင်အား ငေးကြည့်နေမိသည်။ သူသည် ကလေးတစ်ယောက်၏စိတ်နှလုံးမျှသာရှိသေးသည်။
“တပေါင် တပေါင် မင်းဒီမှာ ဘာလာဒူးထောက်နေတာလဲ"
ခပ်လှမ်းလှမ်းမှ အဒေါ်ထျန်းနှင့် ထျန်းတဖူပြေးလာကာ ခြံဝန်းအားတိတ်ဆိတ်စွာ သန့်ရှင်းနေသောလင်းစစ်ယောင်အား တစ်ချက်ကြည့်လိုက်သည်။ အဒေါ်ထျန်းသည် စိတ်တိုသွားရသည်။ ခင်ပွန်းကောင်းဆိုသောသူသည် သူမ၏အဖိုးတန်သားလေးအား ခြံဝန်းရှေ့တွင် တစ်နာရီကျော်မျှ ဒူးထောက်ခိုင်းထားသည်။ ဖန်အိမ်မှအဒေါ်ကြီးသည်သာ သတိမထားမိလျှင် သူသည် ထိုသို့ဆက်ဒူးထောက်နေရလိမ့်မည်။
မည်သည့်အမှားကြီးကြီးအား ကျူးလွန်မိ၍ ထိုသို့အပြစ်ပေးခံရပါသနည်း။
အဒေါ်ထျန်းစိတ်တိုသွားကာ လင်းစစ်ယောင်ရှိသောခြံဝန်းဆီသို့ ပြေးလာမိသည်။ လင်းစစ်ယောင်အား အထင်ကြီးမိသော ထျန်းတဖူသည်ပင် ဒေါသထွက်သွားကာဇနီးဖြစ်သူနောက်သို့ ပြေးလိုက်ချင်မိသည်။
"အိုက်ယား အမေ ကျွန်တော်က ဒီမှာတပည့်ဖြစ်ဖို့ တောင်းဆိုနေတာလေ။ ဘာလုပ်တာလဲ။ မြန်မြန်ပြန်ပါ"
"ဘာ တပည့်"
အဒေါ်ထျန်းနှင့် ထျန်းတဖူနှစ်ယောက်လုံးပါ ကြောင်သွားကြသည်။
"တပေါင် ရှင်းရှင်းလင်းလင်းပြောစမ်း။ ဘာတပည့်လဲ"
အဒေါ်ထျန်းက သားဖြစ်သူအား မြေကြီးမှဆွဲထူရန် ကြိုးစားလိုက်သည်။ သို့သော် သူသည် မည်သည့်ကိစ္စပင်ရှိစေ ထရန်ကိုငြင်းဆန်နေပေသည်။ ထိုလွန်ဆွဲပွဲသည် နှစ်ဖက်လုံးအား အရှက်ရစေသည်။ အဒေါ်ထျန်းသည် ရုတ်တရက် ထျန်းတပေါင်၏အင်္ကျီကော်လံအား ဆောင့်ဆွဲလိုက်သည်။
"ကောင်းပြီ။ ကောင်လေး။ မင်းက မင်းအမေရဲ့စကားကိုတောင် လွန်ဆန်ရဲတယ်ပေါ့ တပည့်ဖြစ်ဖြစ် မဖြစ်ဖြစ် ခုချက်ချင်းအိမ်ပြန်စမ်း"
အဒေါ်ထျန်းသည် စိတ်ဆိုးမာန်ဆိုးဖြင့် အော်လိုက်မိ၏။
"သူရှင်းပြတာကို အရင်နားထောင်ပါဦး"
ထျန်းတဖူသည် သားဖြစ်သူ၏လတ်ရှိအမူအရာအား တွေဝေနေမိသည်။ သူသည် များသောအားဖြင့် အဆော့မက်ကာ ထုံထိုင်းသည်။ ထိုသို့လေးနက်နေသည်မှာရှားပေသည်။ ခြံဝန်းထဲတွင် မြေခွေးနှင့်ယုန်သားမွေးများကို အရေခွံခွာနေသော ခံစားချက်ကင်းမဲ့သည့် လင်းစစ်ယောင်အား တစ်ချက်ကြည့်လိုက်သည်။ သူ့ဘေးမှ မျက်စိစွေစောင်းကြည့်နေသောခွေးကြီးနှစ်ကောင်အားတွေ့လိုက်ရသောအခါတွင်မူ ဇနီးဖြစ်သူအား စိတ်အေးအောင်လုပ်ရမည်ဟုသောသဲလွန်စရသွားသည့်ပုံပေါ်သည်။
" အဖေ အစ်ကိုကြီးကို ကျွန်တော့်ဆရာဖြစ်စေချင်တယ်"
ထျန်းတပေါင်က တောင်းပန်သောလေသံဖြင့်မဟုတ်ဘဲ ခိုင်မာသောလေသံဖြင့်ပြောလိုက်သည်။
"ဘာလို့လဲ"
ထျန်းတဖူသည် ထိုစကားအား နှုတ်မှလွှတ်ကနဲထွက်သွားမိသည်။
“အစ်ကိုကြီးက ကျွန်တော့်ကို ကိုယ်ခံပညာသင်ပေးနိုင်တယ်။ အဲ့လိုဆိုရင် ကျွန်တော်အရွယ်ရောက်လာတဲ့အခါကျ သူ့လိုမျိုးဖြစ်နိုင်ပြီး တောထဲမှာအမဲလိုက်နိုင်လိမ့်မယ်။ အဲ့လိုဆို တိရစ္ဆာန်သားမွေးတွေကိုရောင်းပြီး ငွေစအချို့ရှာနိုင်ပြီ။ ဒီနည်းလမ်းနဲ့ အဖေနဲ့အမေကိုလည်း ဒုက္ခများစေမှာမဟုတ်တော့ဘူး"
'နတ်သမီးမမလိုလှတဲ့မိန်းကလေးကိုလည်း လက်ထပ်နိုင်မယ်'
ထိုစကားကိုမူ စိတ်ထဲတွင်သာက ကျိတ်ပြောမိသည်။ သူငယ်ချင်းများသာတွေ့လျှင် မိမိအား မနာလိုဖြစ်ကြပေမည်။
အဒေါ်ထျန်းနှင့်ထျန်းတဖူကြားသောအခါတွင် အံ့ဩတုန်လှုပ်သွားကြရသည်။ အထူးသဖြင့် အဒေါ်ထျန်းဖြစ်သည်။ သူမသည် ထျန်းတပေါင်၏ခန္ဓာကိုယ်လေးအား တင်းကျပ်စွာထွေးပွေ့ထားမိသည်။
"တော်လိုက်တဲ့ တပေါင်လေး။ မင်းကို နမော်နမဲ့နဲ့ အပြစ်တင်မိတဲ့အမေမှားတာပါ"
သူမက ရှက်ရှက်ဖြင့် ရှင်းပြကာ ထျန်းတဖူ၏အင်္ကျီလက်စကိုဆွဲကာ အထဲသို့ဝင်ရန်ညွှန်ပြလိုက်ပြီး လင်းစစ်ယောင်နှင့် စကားပြောစေသည်။ ထိုကိစ္စအတွက် တပည့်ဖြစ်ရန်တောင်းဆိုသော သားဖြစ်သူအား အပြစ်မတင်မိတော့ပပေ။ သားသမီးဆိုသောအကြောင်းပြချက်ကြောင့်သာမဟုတ်လျှင် သူ့အတွက် သိုင်းပညာသင်ရန်မှာ အကျိုးရှိပေသည်။ ထိုသို့ဆိုလျှင် တောရိုင်းသားကောင်ကဲ့သို့ရိုင်းစိုင်းသောနေ့များ အဆုံးသတ်ပေလိမ့်မည်။ သူသည်သာ လင်းစစ်ယောင်ကဲ့သို့ အရည်အချင်းရှိလာလျှင် ဦးနှောက်သွေးခဲပိတ်ဆို့ခြင်းအားလည်း ဖယ်ရှားနိုင်ကာ စိတ်ကျန်းမာရေးလည်း ပုံမှန်ပြန်ဖြစ်သွားပေမည်။
ထျန်းတဖူသည် လင်းစစ်ယောင်၏ ပြောင်မြောက်လှသောကိုယ်ဖော့သိုင်းအား မြင်ဖူးပြီးဖြစ်သည်။ တစ်ချက်ခုန်လိုက်လျှင် ခြေလှမ်းဆယ်လှမ်းစာမျှသွားနိုင်သည်။ မြို့တစ်မြို့မှတစ်မြို့သို့ မိနစ်သုံးဆယ်ခန့်မျှဖြင့် သွားနိုင်သည်ဟု ကြားဖူးသည်။ ထိုသို့ဆရာကျသောသူမျိုးသည် တစ်ဖက်တွင်တောင်များရှိကာ အခြားတစ်ဖက်တွင်ရေများဝန်းရံနေသော လှပသောမြို့လေးတွင် အဘယ့်ကြောင့်အခြေချရသည်ကို နားမလည်နိုင်ပေ။ ကျွမ်းကျင်သူများသည် သမားရိုးကျမဟုတ်သည်သာဖြစ်ရပေမည်။
"ဘာလဲ။ ဘာတွေအချိန်ဖြုန်းနေတာလဲ။ ကျွန်မသားကို တစ်နေကုန်ဒူးထောက်ခိုင်းထားမလို့လား"
အဒေါ်ထျန်းက ထျန်းတဖူအား မျက်မှောင်ကြုတ်ကြည့်ကာ အထဲသို့ဝင်ရန်ရည်ရွယ်ချက်မရှိသောခင်ပွန်းဖြစ်သူအား တံတောင်ဖြင့်တွတ်လိုက်သည်။
"အင်း ကောင်းပြီ.."
ထျန်းတဖူက အကူအညီမဲ့စွာဖြင့် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"အမ်...အဲ့တာက..."
လင်းစစ်ယောင်သည် တောကောင်များအရေခွံနွှာခြင်းမှာပြီးလုနီးပါးဖြစ်သောကြောင့် သွေးစိုနေသောသားမွေးများကို ခြင်းကြီးထဲတွင် ထည့်လိုက်သည်။ ရေစည်ပိုင်းဆီသို့လမ်းလျှောက်လာကာ လက်ဆေးရန် ရေတစ်ခွက်ခပ်ယူလိုက်ပြီး သားမွေးအနံ့များကင်းစင်ရန် မြစ်ဆီသို့ ဦးတည်သွားသည်။
လှုပ်ရှားမှုတိုင်းအား ထျန်းတဖူမဆိုထားနှင့် တံခါးဝမှနှစ်ယောက်ပင် တိတ်ဆိတ်စွာရပ်ကြည့်နေရကာ လက်များအခြောက်ခံကာ သားမွေးများမှစွန်းထင်းနေသောသွေးများအခြောက်ခံပြီးသည်အထိ စောင့်နေရသည်။
"အဲ့တာ..ဟို...တပေါင်အကြောင်း...."
ထျန်းတဖူကလက်နှစ်ဖက်ကို ပွတ်သပ်လျက် စ၍ပြောမထွက်ဖြစ်နေသည်။ ၎င်းတို့၏စကားများအား လင်းစစ်ယောင်ကြားပြီးဖြစ်ကာ သူသာအလိုရှိလျှင် တပေါင်အား တပည့်အဖြစ် လက်ခံမည်မှာကြာပြီဖြစ်သည်။ မျက်နှာချင်းဆိုင်နေသောသူမှာ တပည့်အဖစ်လက်ခံရန် အစီအစဉ်မရှိသောကြောင့် သူ့အား ထိုတောင်းဆိုမှုအား ဖိအားပေးရမည်လော။
ထိုအတွေးဖြင့် ထျန်းတဖူတစ်ယောက် ဆက်ပြောရန်ခဲယဉ်းနေသေည်။ လက်များကိုပွတ်ကာ လင်းစစ်ယောင်အား အကူအညီမဲ့စွာကြည့်နေသည်။ သူက ထျန်းတပေါင်အားလှည့်ကြည့်လိုက်ကာ စိတ်ထဲတွင် သက်ပြင်းချမိပေသည်။
လင်းစစ်ယောင်သည် ထျန်းတပေါင်ဒူးထောက်နေသောတံခါးဆီသို့ လျှောက်လာပြီး ပြောလိုက်၏။
"ငါတို့တစ်ခါစမိတာနဲ့ မင်းလက်လျော့ရင်တောင် ရပ်တန့်မှာမဟုတ်တော့ဘူး"
ထျန်းတပေါင် ခေါင်းကုတ်လိုက်ကာ ထိုစကားလုံးများအား နားလည်ရန်ခဏမျှကြာကာ မကြာမီတွင် ပျော်ရွှင်စွာပင်ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"ကျွန်တော်လက်လျော့မှာမဟုတ်ပါဘူး. သေမယ်ဆိုရင်တောင် လက်မလျော့ဘူး။ ရှစ်ဖူ။ ရှစ်ဖူ။ တပည့်အရိုအသေပေးတာခံယူပါ"
ထျန်းတပေါင်သည် မြို့ထဲတွင်ပြခဲ့သောနှစ်သစ်ကူးပြဇာတ်မှမြင်ကွင်းတစ်ခုအား အာရုံပြန်ဖော်ကာအတုခိုးလုပ်လိုက်ခြင်းဖြစ်သည်။ သူသည် ထိုစကားလုံးများကို ထပ်ခါထပ်ခါပြောကာ အလွန်အကျွံအရိုအသေပေးနေပေသည်။
အင်္ကျီလက်စကိုတစ်ချက်ခါလိုက်ပြီး တပေါင်၏အလွန်အကျွံအရိုအသေပေးမှုအား ရပ်တန့်လိုက်ကာ သူ့အား သတိပေးလိုက်သည်။
"အခုကစပြီး အကြိမ်တိုင်းဒူးထောက်မနေနဲ့တော့"
"ကျွန်တော်နားလည်ပါပြီ ရှစ်ဖူ"
ထျန်းတပေါင်က ပျော်ရွှင်စွာ မတ်တပ်ရပ်လိုက်သည်။ သူသည် သတိမမူမိဘဲ ထုံနေသောဒူးများကို ပွတ်သပ်လိုက်ကာ ပြန်ပြောလိုက်၏။
အဒေါ်ထျန်းမြင်သောအခါတွင် စိတ်မကောင်းဖြစ်သွားရပေသည်။
သူသည် အိမ်တွင်ကောင်းကောင်းပြုမူတတ်သည်ကို မပြောနိုင်သော်လည်း လွန်စွာစဉ်းစားပေးတတ်ပေသည်။ ဆိုရိုးစကားဖြင့်ပြောရလျှင် 'သားကြီးသည် အမေဆီမှအကူအညီမလို'ဆိုသကဲ့သို့ပင်။ သို့သော် သူသည် စိတ်အခြေအနေမှာ ကိုးနှစ်မျှသာဖြစ်သောကြောင့် ဒုက္ခများအားကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေမည်လော။ အရွယ်ရပြီးသောမိန်းမတစ်ယောက်အနေဖြင့် များပြားလှစွာသောကိစ္စများအား ဖြတ်ကျော်လာခဲ့ရသော်လည်း သိုင်းပညာသင်သောအခါတွင်မူ ပို၍များပြားသောဆင်းရဲဒဏ်ခံရမည်ကို သူမသိပေသည်။ တပေါင်သည် ထို့အတွက်အဆင်သင့်ဖြစ်နေပြီလော။
"ကောင်းပြီ။ ဒီနေ့အိမ်ပြန်နိုင်ပြီ။ မင်းဒူးကောင်းသွားရင် အဲ့အခါကျပြန်လာခဲ့"
ထိုသို့ပြောပြီးနောက်တွင် လင်းစစ်ယောင်ကလှည့်သွားကာ တောကောင်သားမွေးများထည့်ထားသောခြင်းမှ အမွှေးနှုတ်ထားသောယုန်ကိုယူကာ ခပ်တုံးတုံး ထျန်းတပေါင်ဆီသို့ "မင်းအတွက်"ဆိုသောသဘောဖြင့် ပစ်ပေးလိုက်သည်။ သူသည်သွေးများပေကျံနေသောသားမွေးခြင်းကိုယူကာ မြစ်ဆီသို့ ဦးတည်သွားပေသည်။
ဝံပုလွေပေါက်နှစ်ကောင်သည် မျက်လုံးများပြူးကျယ်စွာဖြင့် ထျန်းတပေါင်လက်ထဲရှိယုန်အားငေးကြည့်နေကြကာ လင်းစစ်ယောင်၏တိတ်တဆိတ်သတိပေးလိုက်မှုကြောင့် မျကလုံးများမှိတ်လိုက်ကြကာ နေ့ခင်းတစ်ရေးတစ်မောပြန်အိပ်လိုက်ကြသည်။
"အဲ့လိုဆို...ဒါက သူငါတို့ကိုပေးတာလား"
အဒေါ်ထျန်းက စိတ်လှုပ်ရှားစွာမေးလိုက်ပြီး ထျန်းတပေါင်လက်ထဲရှိယုန်ဝတုတ်အား လက်ညှိုးညွှန်ပြလိုက်သည်။
"ထင်တာပဲ"
ထျန်းတဖူက ခေါင်းကုတ်ကာ ခြံဝန်းတံခါးဆီသို့ ပြန်လျှောက်လာသည်။ မိမိဘာသာပြောနေသည့်ပုံစံဖြင့်
"ထုံးတမ်းအစဉ်အလာပြီးမြောက်ဖို့အတွက် လက်ဆောင်များလား"
"ဘာကိုလဲ။ ငါတို့က သင်ပေးဖို့ သူ့ကိုငွေပေးရမယ်လို့ဆိုလိုတာလား"
အဒေါ်ထျန်း တွေးနေစဉ်တွင်ပင် ထျန်းတဖူအား စိုးရိမ်ပူပန်စွာမေးလိုက်မိသည်။
ထျန်းတဖူကြားသောအခါတွင်မူ ဘေးရှိငေးနေသော တပေါင်အား တစ်ချက်ကြည့်လိုက်ပြီး ဇနီးဖြစ်သူဆီသို့လှည့်ကာပြောလိုက်၏။
"မနက်ဖြန် မင်းနဲ့ တပေါင်တို့ သူ့ကိုသွားပြီး ကျောင်းတွေပေးတဲ့ပုံစံအတိုင်းပဲ အခကြေးငွေပေးလိုက်ပါ"
အဒေါ်ထျန်းခေါင်းသာညိတ်ပြလိုက်၏။ စိတ်ထဲတွင်မူ နာကျင်သွားရှာသည်။ သူသည် သူမ၏တစ်ဦးတည်းသောသားလေးဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းနေရှာသည်။ သို့သော်လည်း ကြေးပြားဆယ်ပြားထုတ်ယူရန်မှာမူ အနည်းငယ်မျှပင် စိတ်ဆန္ဒမရှိပေ။
***