← Chapters

ယစ်ထုတ်တစ်ယောက်၏ရိုးသားစွာဝန်ခံခြင်း

Vol. 2 Ch. 50

ယစ်ထုတ်တစ်ယောက်၏ရိုးသားစွာဝန်ခံခြင်း

Vol. 2 Ch. 50

နှစ်ဦးသားအိမ်ပြန်ရောက်သောအခါတွင် လင်းစစ်ယောင်၏တိုက်တွန်းမှုအောက်တွင် စုရွှေလျန်သည် အိပ်ရာထဲသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရောက်သွားရပြန်သည်။ သူမ အိပ်မပျော်တော့ဟုတွေးမိသော်လည်း နေ၏ဦးခေါင်းသည် အနောက်အရပ်သို့ဝင်သောလမ်းတစ်ဝက်သောရောက်သောအခါတွင်မူ သူမနိုးထလာပေသည်။

ကုတင်အစွန်းတွင်ထိုင်ကာ စုရွှေလျန်က နဖူးကိုပုတ်ရင်းပြောလိုက်၏။

"တကယ်ပဲ။ ကျွန်မပိုပြီးနုံးချိလာသလိုပဲ"

"မင်းနိုးပြီလား"

ဧည့်ခန်းထဲတွင်ရှိသော လင်းစစ်ယောင်က အခန်းထဲမှလှုပ်ရှားသံကိုကြားသောအခါတွင် လာရောက်စစ်ဆေးကြည့်လိုက်၏။

"ရှင်အလုပ်များနေတာလား"

သူသည် အပြင်ဘက်ဝတ်ရုံကိုချွတ်ကာ အင်္ကျီလက်ခေါက်တင်ထားသည်ကို သူမတွေ့လိုက်ရသောကြောင့် သူသည် တစ်စုံတစ်ခုလုပ်နေခြင်းဖြစ်ကြောင်း သူမသတိထားမိလိုက်သည်။

"အင်း"

လင်းစစ်ယောင်က ခေါင်းညိတ်ပြလိုက်၏။ နှုတ်ခမ်းများကကွေးတက်လာသော်လည်း မည်သည့်အကြောင်းအရာကိုမျှ ဖွင့်ထုတ်မပြောပြပေ။

စုရွှေလျန်မြင်လိုက်သော်လည်း ဘာမျှစုံစမ်းမေးမြန်းမနေတော့ပေ။ သူ့အားသိသည်မှာ တစ်လမျှရှိပြီဖြစ်ကာ သူ့ဇနီးအဖြစ်ရှိလာသည်မှာ ရက်အတော်ကြာရှိပြီးနောက်တွင် သူ၏စိတ်အား သိသွားပြီဖြစ်သည်။ သူသည် "အင်း"ဟု တစ်လုံးတည်းဖြေလျှင် ထိုကိစ္စနှင့်ပက်သက်၍ ဆက်ပြီးမပြောချင်ဟု ဆိုလိုခြင်းပင်။

စုရွှေလျန်က ထလာကာ အပြင်ဝတ်ဝတ်လိုက်ပြီး ရုတ်တရက်ဆောင်းရာသီနှင့်ပက်သက်သည့်အတွေးတွေးမိသွားသည်။

"အားယောင် ဆောင်းရာသီအနွေးထည်တွေအတွက် ဘယ်လိုမျိုးပန်းထိုးထားတာကို ကြိုက်လဲ"

သူမသည် လင်းစစ်ယောင်ကြိုက်တတ်သောပုံစံအား သေချာမသိပေ။ သူမသည် အစ်ကိုဖြစ်သူ၏အကြိုက်အား ပန်းထိုးပေးခဲ့သည်။ သို့သော်လည်း ယခုတွင် ၎င်းတို့သည် အကြင်လင်မယားဖြစ်သောကြောင့် အချင်းချင်း၏အကြိုက်အားသိလျှင် အကောင်းဆုံးဖြစ်ပေမည်။

"ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်"

လင်းစစ်ယောင်သည် သူမအား အဝတ်လဲခန်းသို့ခေါ်သွားကာ အိပ်ရာမှထလာစဆံပင်အား ဖြီးရန်ကူညီပေး၏။

"ဘာပဲဖြစ်ဖြစ်လား။ သီးသန့်ကြိုက်တာမျိုးမရှိဘူးလား"

စုရွှေလျန်က ကြေးမုံထဲရှိ လင်းစစ်ယောင်၏ ဝေဝါးနေသောပုံရိပ်လေးကိုကြည့်ကာ မေးလိုက်၏။

"မရှိဘူး"

သူ၏ဝတ်ရုံများပေါ်မတွင် မည်သည့်ပုံစံရှိသည်ကို ပို၍ပင်ဂရုမစိုက်ခဲ့ဖူးပေ။ လူသတ်သမားဖြစ်ခဲ့စဉ်အချိန်က ရွေးချယ်တတ်သောဝတ်စုံမှာ အနက်ရောင်ဝတ်စုံသာဖြစ်သည်။ ဖုန်းယောင်တရားရုံး၏တရားဝင်ဝတ်စုံမှာ ညာဘက်အင်္ကျီလက်တွင် ရွှေရောင်ပန်းထိုးသောလင်းတတံဆိပ်တစ်ခု ပိုလာသည်မှာလွဲ၍ ထူးထူးခြားခြားမဟုတ်ပေ။

“အားယောင်...”

စုရွှေလျန် ခပ်မြန်မြန်လှည့်လိုက်ကာ လင်းစစ်ယောင်၏လက်များကို ဆုပ်ကိုင်ထားမိသည်။ သူ၏ခန္ဓာကိုယ်မှထုတ်လွှတ်လိုက်သောလေအေးသည် သူမအား ပျာယာခတ်သွားစေသည်။

"ကိုယ်အဆင်ပြေပါတယ်"

လင်းစစ်ယောင်က သူမ၏နောက်ကျောလေးကိုပုတ်ကာ ဖက်ထားပေးလိုက်သည်။ သူ၏အမှတ်တရများကြောင့် ကြောက်စိတ်မွှန်သွားသောသူမအား နှစ်သိမ့်ပေးရန်ကြိုးစားလိုက်သည်။

ထိုအရာအားလုံးသည် အတိတ်တွင်သာဖြစ်သည်။ ယခုတွင် သူသည် အားယောင်ဟုခေါ်သော လင်းစစ်ယောင်သာဖြစ်၏။ သိုင်းလောက၏စစ်လင်အား ကြောက်နေရသောလူသတ်သမားမဟုတ်တော့ချေ။

သို့သော်လည်း သူသည် မည်သည့်အခါမျှ ဖုန်းယောင်တရားရုံးအားမေ့လိမ့်မည်မဟုတ်ပေ။

ထို့နောက်တွင်မူ သူ့ဘဝ၏ဆယ်စုနှစ်တစ်ခုအထိကုန်ဆုံးခဲ့သောနေရာအား ယခင်ကအိမ်ဟု မှတ်ယူခဲ့သည်။ ဖုန်းယောင်၏ယခင်သခင်ကျေးဇူးဖြင့် ကယ်တင်ခြင်းခံခဲ့ရသည်။ ထို့နောက်တွင်မူ ကြိုးစားအားထုတ်ရသောချောင်းမြောင်းသတ်ဖြတ်ခြင်းအတွက်ပိုင်ရှင်အသစ်ဖြစ်သွားကာ ထိုအကြောင်းအားလည်း မေ့လိမ့်မည်မဟုတ်ပေ။

အကြွေးများပြေသွားသောအခါတွင် သူနှင့် ဖုန်းယောင်တရားရုံးသည် ပက်သက်စရာမရှိတော့ပေ။ ပြန်သွားတော့မည်မဟုတ်သော်လည်း ဖုန်းချင်းယာသည် အိပ်မက်ဆက်မက်နေမည်ဖြစ်ကာ သူ့အား အသက်ဆက်ရှင်ခွင့်ပြုမည်ကို ငြင်းဆန်ကာ သည်းခံနေလိမ့်မည်မဟုတ်ပေ။

အသက်ပျောက်ခါနီး တစ်ကြိမ်ဖြစ်သွားယုံနှင့်ပင် လုံလောက်ပေသည်။ ထို့အပြင် သူ၏လက်ရှိဘဝသည် သူမပင်ဖြစ်သည်။

"အားယောင်...ဒါက..."

စုရွှေလျန်က ချယ်ရီပင်အောက်တွင် စားပွဲဝိုင်းအသစ်တစ်လုံးကိုတွေ့လိုက်ရသောအခါတွင် အံ့ဩသွားသည်။ စားပွဲအပေါ်ပိုင်းအား ထုံးကျောက်ဖြင့်ပြုလုပ်ထားကာ ကျားကွက်ပုံအပြား ထွင်းထုထားသည်။ စားပွဲပတ်ချာလည်တွင် ထိုင်ခုံအဝိုင်းလေးခုံနှင့် ထုံးကျောက်ဖြင့်ပင်ပြုလုပ်ထား၏။

"ဒီညနေလုပ်ထားတာလား"

သူမက လင်းစစ်ယောင်အားမေးလိုက်၏။ သူသည် မပြောပြချင်သေးပေ။

"ကိုယ်ကမင်းကို အံ့ဩအောင်လုပ်မလို့"

လင်းစစ်ယောင်က မျက်ခုံးပင့်ပြလိုက်သည်။ သူမသည် အံ့ဩမှုဖြင့်အရူးလုပ်ချင်နေသည်လော။

"အင်း ဒါပေမဲ့ ရှင့်လက်ကိုကြည့်ပါဦး။ အလုပ်ကြိုးစားလွန်းလို့ အသားမာတွေတောင်တက်နေပြီ"

သူမသည် အခန်းထဲတွင် သူ၏လက်အားကိုင်လိုက်သောအချိန်တွင် တွေ့ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ၏စိတ်အခြေအနေရုတ်တရက်ပြောင်းလဲသွားမှုနှင့် သူမ၏ရှက်သွေးဖြာသွားခြင်းကြောင့် ထိုအကြောင်းအားမေ့သွားခဲ့သည်။ ယခုတွင် စားပွဲသည် သူ၏အရှေ့တွင်ရှိသောကြောင့် သူမမှတ်မိသွားပေသည်။

"မနာပါဘူး"

လင်းစစ်ယောင်က လက်ကိုရုပ်လိုက်ကာ သူမ၏ပုခုံးပေါ်တွင် လက်တင်လိုက်ပြီး သူမအား ကျောက်တုံးခုံဆီသို့ခေါ်သွားသည်။

"ဒီည ဒီခုံမှာထိုင်ပြီး လရောင်အောက်မှာသောက်ကြမယ်"

"အဲ့တာကြောင့် အလျင်စလိုလုပ်လိုက်တာပေါ့လေ"

စုရွှေလျန်သည် စိတ်ထဲတွင်ကျေးဇူးတင်သွားကာ သူ၏လက်ကိုဆွဲယူကာပြောလိုက်သည်။

"အဲ့လိုတော့မဟုတ်ပါဘူး။ ကိုယ်ဒါလုပ်ဖို့စီစဉ်ထားတာ။ ဒါပေမဲ့ ပစ္စည်းကောင်းကောင်းမတွေ့သေးလို့"

လင်းစစ်ယောင်က သူမအား အမှတ်တမဲ့အပြုံးမျိုးဖြင့်ပြုံးကာပြောလိုက်၏။

"ဒီမှာတင်လုပ်လိုက်တာလား"

သူမက မခံမရပ်နိုင်ဖြစ်ကာ သက်ပြင်းချလိုက်မိသည်။ သူမမေ့သွားသည်လော။ ထိုကျောက်တုံးစားပွဲပေါ်အားလုပ်နေစဉ်တွင် အသံဆူနေမည်ဖြစ်ကာ သူမသည် ဘာမျှမကြားခဲ့ပေ။

"မဟုတ်ပါဘူး"

လင်းစစ်ယောင်ကခေါင်းရမ်းပြလိုက်၏။ သူမတွေးနေသည်ကို သူမ၏အမူအရာမှသိနိုင်သောကြောင့် ရှင်းပြလိုက်၏။

"မနေ့မနက်က ရှို့ဖုန်းတောင်ကုန်းရဲ့မြောင်းထဲက ရှာတွေ့ခဲ့တာ။ ပြီး‌တော့ ဒီမှာပုံဖော်လိုက်တာ။ ပြန်လာတဲ့အခါကျ အတူတူချထားလိုက်တယ်"

နှစ်မနက်နှင့်တစ်ညနေသည် လင်းစစ်ယောင်သည် ထုံးကျောက်စားပွဲနှင့်ခုံများလုပ်ရန် လုံလောက်ပေသည်။

"နောက်တစ်ခေါက်ကျမလုပ်နဲ့။ ဘာမှအလျင်လိုစရာမလိုဘူး။ ဒါပေမဲ့ ရှင်က...ထပ်လုပ်ပြန်ပြီ...."

စုရွှေလျန်သည် လက်ပေါ်မှအသားမာများကို ညင်သာစွာပွတ်သပ်လိုက်ကာ မျက်လုံးများက စိတ်ပူခြင်းမျက်ရည်များဖြင့် ပြည့်နှက်လာပေသည်။

လင်းစစ်ယောင်က သက်ပြင်းချလိုက်ကာ သူမအား ထွေးဖက်လိုက်သည်။ ထိုမိုက်မဲသောမိန်းကလေးသည် မထင်မရှားမျက်ရည်ကြည်များက စီးကျလာပေသည်။ နောင်တွင် သူသည် အလုပ်မှမပြန်ခင်တွင် ခန္ဓာကိုယ်တွင် ဒဏ်ရာများရှိမရှိကိုစစ်ဆေးရမည်ဖြစ်ကာ ထိုသို့မှမဟုတ်လျှင် သူမငိုနေပေလိမ့်မည်။

သူမသည် ငုံ့လိုက်ကာ သူမ၏မျက်ရည်များပြည့်နှက်နေသောမျက်လုံးလေးများအား အနမ်းပေးလိုက်ပြီး တိုးညင်းစွာပြောလိုက်သည်။

"ကိစ္စသေးသေးလေးပါပဲ။ ရွှေလျန် ကိုယ်တကယ်အဆင်ပြေပါတယ်"

သူသည် ထို့ထက်ပြင်းထန်သောဒဏ်ရာများကို ခံစားခဲ့ရဖူးသောကြောင့် ထိုဒဏ်ရာမှာ အမှန်ပင်သေးငယ်လှ၏။

"အဲ့လိုမလုပ်နိုင်ဘူး"

သူမသည် ဒေါသထွက်သွားကာ

"အဲ့တာအရင်ကလေ။ အခုနဲ့မတူတော့ဘူး"

သူသည် ယခုတွင် သူမ၏ခင်ပွန်းဖြစ်နေပြီဖြစ်ကာ သူမမှီခိုနေရသောနေမင်းကြီးဖြစ်ကာ သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်အား ဒဏ်ရာသေးသေးလေးမျှပင် ဖြစ်ခွင့်မပြုနိုင်ပေ။

"ဘယ်လိုမတူတာလဲ"

လင်းစစ်ယောင်က သူမ၏နားနားလေးအား ကပ်တိုးလေးမေးလိုက်ကာ သူမအား ရှင်းပြစေသည်။

"တကယ်တာ့ မတူတော့ဘူးလေ...."

စုရွှေလျန်သည် သူမတွေးထားသောစကားလုံးများကို ပြောချင်ခဲ့သည်။ သို့သော်လည်း သူ၏ရယ်ချင်စိတ်ပြည့်နှက်နေသောမျက်လုံးများနှင့် မျက်နှာအား မော့ကြည့်လိုက်သောအခါတွင် သူမ၏မပြီးပြတ်သေးသောစကားအား သူ၏ရင်ဘတ်အပေါ်သို့လက်သီးတစ်လုံးအဖြစ်ပြောင်းလဲကာ ထိုးသွင်းလွှတ်လိုက်သည်။

“ရွှေလျန်...”

လင်းစစ်ယောင်က သူမလက်ကိုဆွဲလိုက်ကာ နူးညံ့စွာမတောင်းဆိုခင်တွင် နှုတ်ခမ်းပေါ်မှအနမ်းတစ်ပွင့်အား ခိုးယူလိုက်သည်။

"စကားနားထောင်။ ဒီညအတွက် ပြင်ဆင်သင့်ပြီ"

စုရွှေလျန်နှင့်စကားပြောပြီးနောက်တွင် နေမင်းကြီးသည် အနောက်ဘက်ဝင်ရိုးဆီသို့သက်ဆင်းသွားပြီဖြစ်ကာ မှောင်စပျိုးလာပြီဖြစ်၏။ အရှေ့ဘက်ရှိ နွယ်ယှက်နေသောတိမ်များမှထိုးထွက်လာသည့် လရောင်ဖျဖျလေးရှိ၏။ အလင်းမပေါက်သောတိမ်အချို့က လအား ဖြတ်သန်းသွားသောအခါတွင် အလင်းနှင့်အမှောင်သည် ရိပ်ကနဲဖြတ်သန်းလှုပ်ရှားနေသည်။

အသစ်ဆောက်ထားသောစားပွဲပေါ်တွင် ဖယောင်းတိုင်၊ သစ်မွှေးမီးခွက်နှင့် သစ်သီးများအား တစ်ခုပြီးတစ်ခုနေရာချသည်။

ဖယောင်းတိုင်များနှင့် သစ်မွေးအားထွန်းညှိပြီးနောက်တွင် တိတ်ဆိတ်နေသောညချမ်းသည် ပို၍ပင် ငြိမ်းချမ်းသွားသည်။

စုရွှေလျန်၏ပန်းထိုးခန်းထဲမှ ဝါးမီးအိမ်တစ်စုံကိုထုတ်ယူကာ အထဲတွင် ဖယောင်းတိုင်များထည့်လိုက်သည်။ ထိုသို့ဆိုလျှင် ဖယောင်းတိုင်များ လေတိုက်မည်ကို ကာကွယ်ရာကျမည်ဖြစ်ကာ ပို၍ပင်နွေးအောင်လုပ်ပေးသည်။

“အားယောင် ဖက်ထုပ်တွေအဆင်သင့်ဖြစ်ပြီ။ ဘယ်အချိန်စားချင်လဲ"

ခါးမြင့်ကြက်သွေးရင့်ရောင်ဝတ်စုံအားဝတ်ဆင်ထားသော စုရွှေလျန်က လက်ကို မီးဖိုချောင်တံခါးပေါ်တွင် ထားလိုက်ကာ တည်ငြိမ်စွာမေးလိုက်၏။

သကြားဂျုံဖက်ထုပ်စွပ်ပြုတ်သည် လင်းစစ်ယောင်စားကြည့်ရန်အတွက် သူမက မြို့ဈေးမှဝယ်လာခြင်းဖြစ်သည်။

အစတွင် သူမသည် နှမ်းဂျုံဖက်ထုပ်လုပ်ချင်ခဲ့သော်လည်း မည်သည့်နှမ်းမျရှာမတွေ့ခဲ့ပေ။ ထိုကြောင့် နောက်ဖေးခြံမှစွန်ပလွံအမှည့်များကိုသာသုံးကာ အမှုန့်ကြိတ်ပြီး ဂျုံအဖြစ်ပြောင်းလိုက်၏။ အဒေါ်လောင် ပေးထားသော ပဲနီလေးဂျုံအားသကြားဖြင့်ရောကာ ဖြူးလိုက်ပြီး အနံ့အရသာနှင့်ပြည့်စုံသောသကြားဂျုံပြည့်စုံသွားပေ၏။ ထုပ်ပြီးနောက်တွင် ဆန်ဂျုံအား ရေဖြင့်ရောကာ ဂျုံမုန့်ညက်ရသွားသည်။ ထို့နောက်တွင် အပိုင်းသေးသေးလေးများအဖြစ်ဖြတ်တောက်ပြီး အစာသွပ်ထည့်လိုက်သည်။ စုရွှေလျန်သည် ယခင်က တစ်ခါမျှမလုပ်ဖူးပေ။ သို့သော်လည်း အစေခံများလုပ်သည်ကို မြင်ဖူး၏။

သူမ၏ဖော်ပြချက်မှ လင်းစစ်ယောင်သည် နိဂုံးချုပ်အား ဆုပ်ကိုင်နိုင်လိုက်သည်။ တစ်နာရီအတွင်းတွင် သူသည် ကုန်ကြမ်းများမှ ဖက်ထုပ်(၅၈)ခုပြုလုပ်နိုင်လိုက်သည်။ တစ်ခုချင်းစီသည် အယိုအယွင်းမရှိ၊ ဖိတ်စင်ခြင်းမရှိဘဲ ပုံသဏ္ဍာန်ပြည့်စုံကာ အရွယ်အစားမှာလည်း ကွက်တိပင်ဖြစ်၏။

အဒေါ်လောင်၏ ပဲနီလေးအား ကျေးဇူးမတင်ခင်တွင် စုရွှေလျန်သည် သူမ၏ကြောက်ရွှံ့ခြင်းနှင့် စိတ်အနှောင့်အယှက်ပေးခြင်းအား ရုပ်သိမ်းလိုက်သည်။ ထို့နောက်တွင် လင်းစစ်ယောင်မမြင်နိုင်သောထောင့်တစ်ထောင့်တွင် သူမတိတ်တဆိတ်ရယ်လိုက်မိသည်။ လူသတ်သမားတစ်ယောက်သည် သူ၏အလုပ်အကိုင်မှာ ချက်ပြုတ်ခြင်းအဖြစ်ပြောင်းလဲသွားသည်မှာ မည်သို့မျှပြဿနာရှိပုံမပေါ်ပါ။

"ဒီလောက်အရက်တွေအများကြီးသောက်ရင်မကောင်းဘူးလေ။ နည်းနည်းပဲသောက်"

လင်းစစ်ယောင်က အရက်များစွာသောက်ထားသောသူမအား ကူပေးလိုက်ကာ သူမအား သစ်သားထိုင်ခုံလေးပေါ်တွင်ထိုင်ရန် ခေါ်ဆောင်သွား၏။

ဖက်ထုပ်စွပ်ပြုတ်အချို့သောက်ပြီးနောက်တွင် ကျောက်တုံးစားပွဲဘေးတွင်ထိုင်နေကာ လမင်းကြီးဖြင့် မျက်နှာချင်းဆိုင်ကာ မီးလှုံနေကြသည်။ ကွေ့ဟွားပန်းသုံးခွက်သည် စုရွှေလျန်အတွက် မူးယစ်သွားစေသည်မှာ သေချာပေသည်။

“အားယောင် ဒီလောကကြီးမှာ ဝိညာဉ်လို့ခေါ်တဲ့အရာမျိုးရှိတာကိုယုံလား"

စုရွှေလျန်က ကောင်းကင်တွင်တွဲလောင်းကျနေသောလမင်းဝိုင်းစက်စက်အား မော့ကြည့်ကာ မေးလိုက်သည်။

"ဝိညာဉ်လား။ ရှိနိုင်ပါတယ်"

လင်းစစ်ယောင်က သစ်သားခုံပေါ်တွင်လက်ဖြင့်မှီနေကာ သူမ၏ခေါင်းအား သူ၏ပုခုံးပေါ်တွင်ထားလိုက်သည်။

“ဟားဟား အဲ့လိုဆို ရှင်ကယုံတယ်ပေါ့။ ကောင်းတာပေါ့...."

စုရွှေလျန်က လေချဉ်တက်လိုက်မိသည်။ သူမသည် အသက်ရှုရင်း ကွေ့ဟွားသေရည်နံအား နှာခေါင်းရှုတ်အနံ့ခံလိုက်ကာ ညီးတွားမိ၏။

"ကွေ့ဟွားနံ့သေရည်အရသာက တကယ်ဆိုးတယ်"

"မင်းအရင်က ကွေ့ဟွားနံ့သေရည်သောက်ဖူးလို့လား"

လင်းစစ်ယောင်က သူမအားငုံ့ကြည့်လိုက်သည်။ သူမသည် သေရည်များစွာသောက်ထားသည့်သူမျိုးနှင့်မတူပါ။

“အင်း...အစ်ကိုကြီးက ဝိုင်သောက်ရတာကြိုက်တယ်လေ။ အစ်ကိုကြီး... သူကလေ...နေရာသစ်တွေကိုခရီးထွက်ပြီး အထူးကျိုချက်ထားတဲ့ဝိုင်တွေပြန်သယ်လာတယ်။ စိတ်ကောင်းနေရင်တော့ မျှသောက်တယ်..."

စုရွှေလျန်က မျက်စောင်းထိုးလိုက်၏။ အစ်ကိုကြီးနှင့်အတူ ဝိုင်အမျိုးမျိုးအားနှိုင်းယှဉ်ကာ စမ်းသောက်ကြည့်ခဲ့သာအချိန်အား သူ မမေ့သေးပေ။ သူမမူးနေသော်လည်း အသိမရှိနေခြင်းမျိုးမဟုတ်ပေ။ သို့သော်လည်း အရက်သည် သူမအားစကားများအောင်လုပ်သောကြောင့် အတွင်းစိတ်ထဲမှအတွေးများက ဖွင့်ဟလာသည်။

“ရွှေလျန်…. မင်းရဲ့အရင်တုန်းက မိသားစုက..."

လင်းစစ်ယောင်က သး၏မေးအား သူမခေါင်းပေါ်တွင်တင်ကာမေးလိုက်၏။ သူသည် သူမ၏မိသားစုအကြောင်းမသိချင်ခဲ့ပေ။ သို့သော်လည်း စိတ်ပူမိ၏။ တစ်နေ့တွင် သူမသည် ထိုနေရာသို့သာပြန်လျှင် သူမရောက်နိုင်တော့ပေ။

"မိသားစုလား။ လှောင်အိမ်ထဲကဌက်လေး.. ရေတွင်းထဲကဖားလေးနဲ့ပိုတူတယ်။ အစ်ကိုကြီးနဲ့အမေကြောင့်သာမဟုတ်ရင် သူတို့ကို ပြန်တောင်မှတ်မိမှာမဟုတ်ဘူး"

စုရွှေလျန်က ခါးသက်သောသံဖြင့်ပြောလိုက်၏။

သူမ၏တည်ရှိမှုအား မေးခွန်းထုတ်ကာ မိထွေးနှင့် ရွှေယန်၏မကျေနပ်မှုများကို တိုးပွားစေခဲ့သည်။ ၎င်းတို့သည် သူမ၏ပန်းထိုးခြင်းအတတ်နှင့် အသက်ကိုပင်ယူသွားရန်အထိ သူမအား မုန်းတီးနေခဲ့ကြ၏။

"ရွှေယန်၊ ကျွန်မမှာ ရွှေယန်လို့ခေါ်တဲ့အစ်မတစ်ယောက်ရှိတယ်။ မတူတဲ့အမေကနေမွေးလာတာ။ သူကစိတ်တိုတတ်ပြီး ဖျက်လိုဖျက်ဆီးလုပ်တတ်တယ်။ ဒါပေမဲ့ ဘယ်တော့မှထင်မထားခဲ့တာက...."

သူမ၏စကားအား အဆုံးမသတ်နိုင်တော့ပေ။

သဲကန္တရထဲတွင် ပိတ်မိသွားကာ အကူအညီမဲ့နေသောခံစားချက်အား ပြန်စဉ်းစားကြည့်လိုက်သောအခါတွင်....ကျားဖြူနှင့်ဝံပုလွေကြီးကြားမှ အသေအကြေတိုက်ပွဲသာမရှိခဲ့ပါလျှင်...ရှောင်ရွှယ်နှင့် ရှောင်ချွမ်သာ ထိုနေရာတွင်မရှိခဲ့ပါလျှင် သူမသည် လင်းစစ်ယောင်နှင့်မတွေ့ခဲ့ပါလျှင် ထိုအချိန်များတွင်ပင် အကြိမ်တစ်ရာမက သေနေပေလိမ့်မည်ဖြစ်၏။

***

All Chapters