ဆောင်းရာသီအတွက် ပြင်ဆင်ခြင်း
Vol. 2 Ch. 52
အချိန်များ လျင်မြန်စွာ ကုန်လွန်ခဲ့ပြီး မကြာမီမှာပင် တဟွေ့နိုင်ငံ၏ ဆယ်စုနှစ်တစ်ခုအတွက် စက်တင်ဘာလ၏ စပါးရိတ်သိမ်းမှု အခမ်းအနား ကျရောက်လာခဲ့သည်။ ဒီလိုနဲ့ သူမပြောင်းလာတာ ခြောက်လတိတိရှိပြီ။
ထျန်းတပေါင်သည် လင်းစစ်ယောင် နောက်လိုက်ရင်း သူ့ကို "ရှစ်ဖူ" ဟုခေါ်သည်မှာ တစ်လခွဲခန့်ရှိပြီဖြစ်၏။ ထို့အပြင် သူ၏နေ့စဉ်အိမ်စာဖြစ်သည့် မြင်းခြေဟန်နှင့် လက်သီးထိုးချက်များအပြင်၊ နောက်ဆုံးတွင် လင်းစစ်ယောင်ထံမှ ကိုယ်ဖော့ပညာနှင့် ဓားဖြင့်တိုက်ခိုက်ခြင်းကို စတင်သင်ယူနိုင်လာခဲ့လေပြီ။
ထျန်းတပေါင် အသုံးပြုသော သံဓားသည် အဒေါ်လောင်၏ အကြီးဆုံးသားဖြစ်သူ လောင်ရုန်ဖူက ထျန်းတဖူ၏ တောင်းဆိုချက်အရ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အရောင်မှိုင်းပြီးအကြမ်းထည်ဖြင့် လုပ်ထားပုံရသော်လည်း ထျန်းတပေါင်သည် အလွန်မြတ်နိုးနေ၏။ အဒေါ်ထျန်းက 'သူအိပ်နေတဲ့အချိန်မှာတောင် တပေါင်က အဲဒါကို မလွှတ်ဘဲ ဆုပ်ကိုင်ထားလိမ့်မယ်'ဟု ဟာသပင်ပြောခဲ့သေးသည်။
လင်းစစ်ယောင်သည် ထျန်းတပေါင်ကို တပည့်အဖြစ်လက်ခံပြီးကတည်းက ဝံပုလွေခွေးပေါက်ကလေးများ နှင့်လမ်းလျှောက်ခြင်း၊ တောရိုင်းတိရစ္ဆာန်များကို ရံဖန်ရံခါ အမဲလိုက်ခြင်းကဲ့သို့သော နံနက်ခင်းအလုပ်များအားလုံးကို တပေါင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထျန်းတပေါင်ကို ဝံပုလွေတွေဆွဲငင်ခံနေရမယ့်အချိန်မှာ၊ လင်းစစ်ယောင် ကိုယ်တိုင်ကတော့ ကောင်းကင်တွင် နေအမြင့်သုံးတိုင်လောက်ရောက်တဲ့အထိ (မနက်မိုးလင်းနောက်ကျတဲ့အထိ) သူ့ချစ်စဖွယ် အပြစ်ကင်းစင်တဲ့ဇနီးလေးကို ပွေ့ဖက်ထားခဲ့သည်။ သူထိခိုက်ဒဏ်ရာမရဘဲနဲ့ ခြေကုန်လက်ပန်းကျလို့ လဲကျသွားမှာ အသေအချာပေ။
သို့သော် ထိုအခြေအနေသည် တစ်လအတွင်း စတင်ပြောင်းလဲလာသည်။ ထျန်းတပေါင်သည် ဝံပုလွေတွေဆီမှ တရွတ်တိုက်ဆွဲခံရမည့်အစား အဝေးကနေ ဝံပုလွေတွေနောက်ကို လိုက်နိုင်လာခဲ့ပြီး မကြာခင်မှာပင် ဝံပုလွေတွေနှင့်တစ်ချိန်တည်း အိမ်ပြန်နိုင်လာခဲ့သည်။ အမောတကောတော့လိုက်ရပေမယ့်လို့ပေါ့။
ထျန်းတပေါင်၏တိုးတက်မှုသည် ကျေနပ်စရာကောင်းပြီး သိသာထင်ရှားသည်။
သူ့တွင် ကောင်းမွန်သော ဖွဲ့စည်းတည်ဆောက်ပုံရှိသည်။ လင်းစစ်ယောင်က ဒါကို သိထားပြီးသားဖြစ်ပြီး ဒါဟာ သူ့ကို ခေါ်ဆောင်ထားရတဲ့ ဒုတိယအကြောင်းရင်းဖြစ်၏။ ကောင်းမွန်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံမရှိလျှင် ခက်ခက်ခဲခဲကြိုးစားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ကို ရရှိနိုင်သော်လည်း ကိုယ်ခံပညာရှင်ကဲ့သို့ အထူးကျွမ်းကျင်မှုကိုတော့ ရရှိနိုင်မည်မဟုတ်ပေ။
အဓိကအကြောင်းအရင်းကတော့ သူမကိုကာကွယ်ဖို့ တခြားလူတစ်ယောက်ရှိရန်ပင်ဖြစ်၏။ လင်းစစ်ယောင် သိသလောက်ကတော့ ရွှေလျန်မှလွဲ၍ ယခင်က မည်သို့သောဆုံးရှုံးမှုမျှမရှိခဲ့ဖူးပေ။
အကယ်၍ ထျန်းတပေါင်သည် ယခင်က သူအသုံးပြုခဲ့ဖူးသော "သိမ်မွေ့နက်နဲသော ခြေလှမ်းတစ်ထောင်"ကို သင်ယူလိုပါက သင်ကြားပေး လိမ့်မည်ဖြစ်၏။ ခမ်းနားထည်ဝါသော "သူတော်စင်ဓား လှုပ်ရှားမှုများ"ကို လေ့လာလိုလျှင်လည်း သူသင်ကြားပေးပေလိမ့်မည်။ ထျန်းတပေါင် သင်ယူချင်စိတ်ရှိသရွေ့တော့ သူ့ရဲ့ အသိပညာကို မျှဝေဖို့ အကောင်းဆုံး ကြိုးစားသွားပေမည်။ သို့သော် အနာဂတ်တွင် သူမသည် မည်သည့်အန္တရာယ်မျိုးကြုံရသည်ဖြစ်စေ၊ သူ(ထျန်းတပေါင်)သည် သူ(လင်းစစ်ယောင်)၏ ရှစ်နျန်ကို အစွမ်းကုန်ကာကွယ်ပေးရပေလိမ့်မည်။ ဒါသည် သူ၏တစ်ခုတည်းသော စည်းကမ်းချက်ပင်ဖြစ်၏။
….
ဖန်းဟွာမြို့ မှ ရွာသူရွာသားများသည် နှစ်စဉ်ဆောင်းဦးရာသီကောက်ရိတ်ပွဲတော်ကို စောင့်မျှော်နေကြသည်။
ရွာသူကြီး ဝမ်ကန်းဖာသည် လင်းစစ်ယောင်ထံသို့ အလည်ရောက်လာခဲ့သည်။
အကြောင်းပြချက်က သူနဲ့မဆိုင်ပေ။ ဆောင်းဦးရာသီ ရိတ်သိမ်းပြီးနောက်တွင် မြေသြဇာကောင်းသော မြေနှစ်ဧကကို သူတို့ထံ တရားဝင်လွှဲပြောင်းပေးမည်ဖြစ်၏။ ထိုမျှမက စပါး၊ ပြောင်းဖူး၊ နှံစားပြောင်းနှင့် ပဲတို့ကိုရိတ်သိမ်းပြီးပါက ကျန်ရှိသော ဝါးလုံးများကို ရှင်းလင်းရန် လိုအပ်ပေသည်။ အဓိကအချက်မှာ ဆောင်းစပါးနှင့် အခြားဆောင်းရာသီအကြိုစာအတွက် လယ်ကွင်းများတွင် စိုက်ပျိုးနိုင်ရန်ဖြစ်၏။
လင်းစစ်ယောင်သည် ကိုယ်ခံပညာကျွမ်းကျင်ပြီး လူနှစ်ယောက်စာ အလုပ်လုပ်နိုင်သည်ကို ဝမ်ကန်းဖာ သတိထားမိခဲ့သည်။ ဒါကြောင့် လင်းစစ်ယောင်ကဆောင်းဦးရာသီမှာ သူတို့ကို ကူညီပေးနိုင်လိမ့်မည်ဟု သူမျှော်လင့်ထားသည်။ ဟုတ်တာပေါ့၊ သူ့ဖက်က သန့်ရှင်းရေးအတွက် ကူညီပေးမှာဖြစ်ပြီး လင်းစစ်ယောင်ကို ကောက်နှံငါးရာကတ်တီနှင့် ပြောင်းတစ်ရာကတ်တီ ပေးမယ်ဟု ကတိပြုခဲ့သည်။
(ကတ်တီသည် တရုတ်ပြည်နှင့် တစ်ချို့သောနိုင်ငံများတွင် အသုံးပြုသော အလေးချိန်ဖြစ်ပြီး 1 ကတ်တီသည် 0.5 kg နှင့် ညီမျှသည်)
လင်းစစ်ယောင် ကန့်ကွက်စရာမရှိသဖြင့် အလွယ်တကူ သဘောတူလိုက်သည်။
သူလက်ခံလိုက်ခြင်းမှာ ဆုကြေးကြောင့် မဟုတ်ဘဲ အတွေ့အကြုံရင့် လယ်သမားတစ်ဦးထံမှ ညွှန်ကြားချက်အချို့ကို ရယူလိုသောကြောင့်ပင်။
ဟုတ်ပါသည်၊ လယ်လုပ်ငန်းနှင့်ပတ်သက်လာလျှင် လင်းစစ်ယောင်သည် နလပိန်းတုံးတစ်ယောက်ပင်ဖြစ်၏။
ယခင်က သိရှိထားသောဗဟုသုတများမရှိဘဲ ဆယ်စုနှစ်တစ်ခုကျော်ကြာလုပ်ကြံသတ်ဖြတ်သူဖြစ်ခဲ့ဖူးသူအား အပင်စိုက်ရန်နှင့်အထွက်ကောင်းအောင်လုပ်ရန် မေးမြန်းခြင်းသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်လေ၏။
လယ်စိုက်ခြင်းအကြောင်း ဘာမှမသိသောကြောင့် သူအလွယ်တကူ လက်ခံခဲ့ခြင်းဖြစ်သည်။ ရွာသူကြီး၏ တောင်းဆိုမှုကို လက်ခံရုံသာမက လောင်အိမ်နှင့် ထျန်းအိမ်တို့ကိုလည်း သူ့ဘာသာသူ သွားမေးလေသည်။ အခြားအကြောင်းပြချက်မရှိပေ၊ ဆောင်းဦးကောက်ရိတ်ပွဲတော်တွင်ပါဝင်သည့်အလုပ်အကြောင်း ပိုမိုသိလိုရုံသာ။ သူ့ကိုယ်သူလည်း လယ်ယာလုပ်ငန်းနှင့်အကျွမ်းတဝင်ရှိစေချင်သည်။
နောက်နှစ် နွေဦးရာသီမှာ သူ့ဆီက အကူအညီရရှိလိမ့်မည်ဖြစ်သည့် ရွာသူကြီး၊ ထျန်းအိမ်နဲ့ လောင်အိမ် က ဘာမှမလုပ်ဘဲ အချည်းနှီးရပ်နေမှာလား? မဟုတ်ပေ၊ သူတို့က သူ့ကို လမ်းပြဖို့အစပြုလာပေလိမ့်မည်။
ထို့ကြောင့် လင်းစစ်ယောင်သည် မည်သည့်ဆုံးရှုံးမှုမှ မခံစားရချေ။ တစ်ခါတစ်ရံတွင် လုပ်ကြံသတ်ဖြတ်သူများသည် စီးပွားရေးသမားများထက် အပြန်အလှန်အကျိုးပြုရသောသဘောတရားနှင့်အကျိုးခံစားခွင့်ကို နားလည်ကြသည်။
…
စုရွှေလျန်သည် ဆောင်းရာသီအဝတ်အစားများနှင့် ဆောင်းတွင်းစောင်များကို ချုပ်လုပ်ရန် ဆုံးဖြတ်ထားပြီး ဆောင်းရာသီကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ရန် မျှော်လင့်နေသည်။
ဆောင်းရာသီအဝတ်အစားများအတွက်၊ သူမသည် ယခုခေတ်တွင်အသုံးများလေ့ရှိသောလည်ပတ်ကပ်ထားသော ဂျက်ကက်တိုများအစား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နောက်ဆုံးပေါ်ဝတ်စားဆင်ယင်မှုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခဲ့သည်။
သူမသည် ဒူးအရှည်ရှိသော ဆောင်းရာသီအင်္ကျီတစ်ထည်ပြုလုပ်ခဲ့သည်၊ ခါးကျယ်ပြီးလက်တွင်ကျဉ်းသွားကာရှေ့တွင် တူညီသော ကြယ်သီးရှစ်လုံးကိုကော်လာအထိ တန်းစီထားသည်။ လျှော်ဖွပ်ရာတွင် အဆင်ပြေစေရန်အတွက် အတွင်းပိုင်းချည်သားကို အရှင်(ဖြုတ်နိုင်တပ်နိုင်အောင်)လုပ်ထားသည်။
လင်းစစ်ယောင်၏ အနက်ရောင် ဆောင်းရာသီ ဝတ်ရုံတွင် စုရွှေလျန်သည် ကောင်းကင်ပြာရောင် ပွင့်ချပ်နှစ်ထပ်ရှိသော ခေါင်ရမ်းပန်းကို ထိုးပေးထားသည်။ ဤသည်မှာ သူမရေးဆွဲခဲ့သော ဒါဇင်ကျော်ပုံများထဲမှ သူ့ရွေးချယ်မှုဖြစ်ပြီး ၎င်းသည် သူမအကြိုက်ဆုံး သစ်ပင်ပန်းပင်လည်းဖြစ်၏။ ပွင့်ချပ်နှစ်ထပ်ရှိသော ခေါင်ရမ်းပန်းသည် လှပသော်လည်း ဝံကြွားနေခြင်းမရှိပေ။ သေးသွယ်သောအကိုင်းအခက်များ ပေါများသော်လည်း တစုတစည်းတည်း ဖြစ်မနေချေ။ ၎င်း၏ သိမ်မွေ့သောပုံရိပ်သည် နူးညံသိမ်မွေ့သော ဣန္ဒြေကို ပေးစွမ်းနေသည်။
လင်းစစ်ယောင်သည် စိမ်းလန်းစိုပြေသော ဝါးပင်များ၊သစ်ခွများ... ဆောင်းထင်းရှူးပင်များ သို့မဟုတ် အေးခဲနေသော ဇီးပန်းများအစား ၎င်းကို ရွေးချယ်သောအခါ သူမ အံ့အားသင့်သွားခဲ့သည်။
အကြောင်းပြချက်ကို သူမ,မေးသော်လည်း သူ၏ချစ်စရာကောင်းသော ပါးချိုင့်လေးများကို တစ်ဖန်မြင်ရစေသည့် အံ့အားသင့်ဖွယ်ကောင်းသော၊ ဆွဲဆောင်မှုရှိသော အပြုံးဖြင့်သာ ပြန်ဖြေခဲ့သည်။
စုရွှေလျန်၏ ချယ်ရီနီရောင်ချည်သား ဆောင်းရာသီအဝတ်အစားများကို လင်းစစ်ယောင်က ရွေးချယ်ပေးခဲ့သည်။ ၎င်းပေါ်တွင် ပွင့်ချပ်နှစ်ထပ်ရှိသော ဂျပန်နှင်းဆီပန်းရုံလေးကို ထိုးချုပ်ထားသည်။ နက်မှောင်သော အစိမ်းရင့်ရောင် ချုံများနှင့်ဆန့်ကျင်ဘက်ပင် ပွင့်နေသော ပန်းရင့်ရောင် နှင်းဆီပန်းများသည် အလွန်ပင်သပ်ရပ်ပြီး လှပလွန်းသည်။
ဒါကို သူမတကယ်ကြိုက်ပေမယ့် အရင်တုန်းက မလုပ်နိုင်ခဲ့ပေ။ စုအိမ်၏ ကြီးမြတ်သောဖခင်ဖြစ်သူအတွက် နှင်းဆီပန်းရိုင်းများသည် လူမြင်ကွင်းတွင် ဝတ်ဆင်ရန် မသင့်တော်သောကြောင့်ပင်။
စုအိမ်သည် ဂုဏ်သိက္ခာတက်စေမည့် မြင့်မြတ်သောအပင်များအတွက်သာ အမြဲတမ်း ထောက်ခံအားပေးခဲ့သည်။ ဥပမာအားဖြင့် ပျိုနီပန်း၊ ကြာပန်း၊ ထင်းရှူး သို့မဟုတ် တရုတ်ဇီးပန်းများ အပါအဝင်ဖြစ်၏။
သူမသည် ဆူးရှိသော ဂျပန်နှင်းဆီများနှင့် ခရမ်း၊အဖြူပဲနွယ်ပန်းများကို ပင်ကိုယ်အားဖြင့် နှစ်သက်သော်လည်း ဘိုးဘေး၏ ကြိမ်ဖန်များစွာ ကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။ နှစ်စဉ်ပန်းထိုးပြိုင်ပွဲတွင် ထိုတောရိုင်းပန်းလေးများအတွက် နေရာမရှိတာကြောင့် အဲဒီပန်းတွေအတွက် သူမကိုအချိန်ဖြုန်းခွင့်မပြုခဲ့ချေ။
ယခုဆိုလျှင် သူမသည် အချိန်ဖြုန်းခြင်းဖြစ်သည်ဟု အပြောမခံရတော့ဘဲ သူမတို့၏အဝတ်အစားများ၊ ကူရှင်များနှင့် စားပွဲခင်းများပေါ်တွင် လွတ်လွတ်လပ်လပ် ၎င်းတို့ကို(သူမကြိုက်တဲ့ပန်းများကို)ပန်းထိုးနိုင်ပြီဖြစ်သည်။
ထို့ကြောင့်၊ ဆောင်းအဝတ်အစားနှစ်ထည်ပြီးမြောက်ပြီးနောက်၊ စုရွှေလျန် သည် သူမ၏ ပန်းပွင့်များအပေါ် စိတ်အားထက်သန်မှုကို ဖြေဖျောက်ရန် ပဲနွယ်ပန်းများထိုးထားသော စားပွဲခင်းတစ်ခုကို ပြုလုပ်ခဲ့သည်။
ပြီးနောက် သူမသည် ဆောင်းရာသီကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ရန် မျှော်လင့်ချက်ဖြင့် ဆောင်းတွင်းစောင်များကို စတင်ချုပ်လုပ်ခဲ့သည်။
မွေ့ယာနှစ်ခုနှင့် အဖုံး(မွေ့ယာဖုံး)နှစ်ခု။
အိပ်ယာအစွပ်များထဲမှ တစ်ခုမှာ အပြာရောင်ဖြစ်ပြီး ကျန်တစ်ခုမှာ ငန်းဝါရောင်ဖြစ်သည်။
အပြာရောင်အစွပ်ပေါ်တွင် စိမ်းလန်းစိုပြေသော ကြာရွက်များရှိသည့် ကြာနီပန်းများသည် ရေကန်အတွင်း လှိုင်းဂယက်ရိုက်ခတ်နေသည့်ပုံ ဖန်တီးထားသည်။ ငန်းဝါရောင်အစွပ်အတွက် စုရွှေလျန် သည် အရောင်စုံသောဆောင်းရာသီဇီးပန်းမျိုးစုံကို ချုပ်လုပ်ခဲ့သည်။ လှပပြီးအနုစိတ်သောအရောင်ခုနှစ်မျိုး- အနီရင့်ရောင်၊ ကြက်သွေးရောင်၊ တောက်ပသော အဝါရောင်၊ ပန်းရောင်ဖျော့ဖျော့၊ ကျောက်စိမ်းအဖြူ၊ ကြာစိမ်းရောင်နှင့် ခရမ်းရောင်ဖျော့ဖျော့ပန်းများသည် အကိုင်းပေါ်တွင် လှပစွာ ပွင့်လန်းနေကြသည်။
သူမ ဆောင်းရာသီအတွက်စောင်များချုပ်လုပ်ပြီးသောအခါ၊ ဆောင်းဦးပွဲတော်သည်လည်း ကုန်ဆုံးတော့မည်ဖြစ်၏။
ရွာသူကြီး၏ သီးနှံများအားလုံး ရိတ်သိမ်းပြီးလေပြီ။ ဝမ်ကန်းဖာသည် ကတိပြုထားသော ကောက်နှံငါးရာကတ်တီနှင့် ပြောင်းတစ်ရာကတ်တီတို့သယ်ဆောင်ရန် ထျန်းတပေါင်အား လှည်းတစ်စီး ယူဆောင်လာရန် ခွင့်ပြုခဲ့သည်။ ရာသီဥတုကောင်းတာကို အခွင့်ကောင်းယူပြီး လင်းစစ်ယောင်သည် ကောက်နှံအစည်းများကို မြစ်ကမ်းနံဘေးမှာ အခြောက်ခံဖို့ (သူလုပ်ထားတဲ့) ဖျာပေါ်တွင် ဖြန့်လိုက်သည်။
နေရောင်အောက်တွင် ခုနှစ်ရက်ကြာပြီးနောက်၊ ကောက်နှံများနှင့် ပြောင်းများ ခြောက်သွေ့သွားလေ၏။
နောက်ရက်များတွင် လင်းစစ်ယောင်သည် အစေ့အဆန်များကို စီမံဆောင်ရွက်ရင်း အလုပ်များနေသည်။ သူသည် ထျန်းတပေါင်ကို သိုင်းလေ့ကျင့်သောတိုင်များပေါ်တွင် "သိမ်မွေ့နက်နဲသော ခြေလှမ်းတစ်ထောင်"ကို လေ့ကျင့်စေခဲ့သည်။ ကောက်နှံများကို ကြိတ်ချေရန်အတွက် ကြိတ်ဆုံကျောက်ကို တည်ဆောက်ရန် ပန်းရန်ဆရာကို တောင်းဆိုခဲ့သည်။ အခွံများကို ကောက်နှံများမှ ခွဲထုတ်ပြီးနောက် လေနှင့်ပါသွားစေရန် ဖျာပေါ်တွင် ဖြန့်ခင်းထားလိုက်သည်။
ဒီလိုနဲ့ပဲ တစ်ယောက်က အထည်ချုပ်ခန်းတွင် အပ်ချုပ်နေပြီး နောက်တစ်ယောက်မှာတော့ မြစ်ကမ်းပါးတွင် ကောက်နှံများနှင့်ပြောင်းများ တလင်းနယ်နေသည်။
ကောက်နှံငါးရာကတ်တီကို ကြိတ်ချေပြီးနောက်တွင် သုံးရာ့ခြောက်ဆယ်ကတ်တီခန့် ကျန်နေခဲ့သည်။ လင်းစစ်ယောင် ၎င်းကို အပိုင်းသုံးပိုင်းခွဲလိုက်သည်။ ခေါက်ဆွဲပြုလုပ်ရန် ရှစ်ဆယ်ကတ်တီ၊ ဆန်ကိတ်ပြုလုပ်ရန် နောက်ထပ် ရှစ်ဆယ်၊ ကျန်သော နှစ်ရာကိုတော့ ဗီရိုတစ်ခုထဲတွင် သိမ်းဆည်းထားပြီး နွေဦးအထိ ကျန်အောင်လုပ်ထားသည်။
ပြောင်းဖူးစေ့အားလုံးကို ကောက်နှံရှစ်ဆယ်နှင့်အတူ ဖန်းဟွာ၏ တစ်ခုတည်းသော ကြိတ်ဆုံစက်ရုံဖြစ်သည့် ဝမ်အိမ်၏ကြိတ်ဆုံသို့ ယူဆောင်လာခဲ့သည်။ ထိုနေရာတွင် လင်းစစ်ယောင်သည် အားလုံးကို ပြောင်းဖူးမှုန့်ဖြစ်အောင် ကြိတ်လိုက်သည်။
အခုဆိုရင် ဆောင်းရာသီနဲ့ နောက်ထပ်ခြောက်လအတွက် သူတို့ရဲ့စားနပ်ရိက္ခာက လုံလောက်ကောင်းပါရဲ့။ ဆောင်းရာသီအတွက် သူတို့ရဲ့အဝတ်အစားတွေကတော့ ပြီးသွားလေပြီ။
ဟုတ်သည်၊ လင်းစစ်ယောင် အမဲလိုက်၊ သန့်စင်ပြီး ဗီရိုထဲမှာ ထည့်ထားတဲ့ တိရစ္ဆာန်သားမွေးတွေကတော့ စုရွှေလျန် အသုံးပြုပြီးသွားပြီ။ သားမွေးများမှ ခါးတိုအင်္ကျီနှစ်ထည်၊ ဒူးစွပ်နှစ်စုံ၊ သားမွေးဦးထုပ်တစ်ထည်နှင့် လက်အိတ်တစ်စုံကိုလည်း ပြုလုပ်ခဲ့သည်။ ဦးထုပ်က လင်းစစ်ယောင် အတွက်၊လက်အိတ်များက စုရွှေလျန် အတွက်ဖြစ်ပြီး ဒူးစွပ်နဲ့အင်္ကျီတွေကတော့ သူတို့နှစ်ယောက်လုံးတွင် ကိုယ်စီရှိကြသည်။
အပ်ချုပ်နေစဉ်တစ်လျှောက်လုံးတွင် လင်းစစ်ယောင်က သူ့ကိုယ်ပိုင် ၀တ်စုံ မလိုအပ်ကြောင်း ပြင်းပြင်းထန်ထန် အခိုင်အမာ ပြောဆိုနေခဲ့သည်။ သို့သော်လည်း စုရွှေလျန်သည် သူ၏အရွယ်အစားအတိုင်း ဆက်လက်ချုပ်လုပ်နေတုန်းပင်။ နောင်တရမှာထက်စာရင် ကာကွယ်ထားတာက ပိုကောင်းတယ်လေ။ (ဆောင်းရာသီဝတ်စုံတွေရှိနေတော့ တကယ်လို့အေးလာရင်လည်း အခက်မတွေ့တော့ဘူးလို့ ဆိုချင်တာပါ။) ဒီမြို့က ဆောင်းရာသီကို သူကြံ့ကြံ့မခံနိုင်ရင် ဘယ်လိုလုပ်မလဲ?
ဇွဲကောင်းသောအကြီးဆုံးသမီး စုရွှေလျန်တစ်ယောက် လင်းစစ်ယောင်သည် ဒေသခံဖြစ်ပြီး ကျွမ်းကျင်သော ကိုယ်ခံပညာရှင်လည်းဖြစ်သည်ကို မေ့လျော့နေပုံပင်။ သူသည် မြေပြင်အထက် သုံးလက်မကျော်တွင် ဆီးနှင်းများ ပြည့်နေသည်ကို တစ်ခါမှမမြင်ဖူးသော သူမနှင့်တော့ မတူပေ။
နေ့စဉ်ဟင်းချက်ပစ္စည်းများအတွက် တောင်ဘက်ယျာဉ်တွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ အဆင်သင့်ဖြစ်နေလေပြီ။ မြေသြဇာကောင်းသော မြေနှစ်ဧကတွင် ဆောင်းစပါးမှလွဲ၍ ဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် အသုံးပြုသည့်အပိုင်းလည်း ရှိသေးသည်။ ဟင်းနုနွယ်ရွက်၊ တရုတ်ဂေါ်ဖီထုပ်၊ အာလူးနှင့် ဆောင်းရာသီတွင် ပေါက်နိုင်သော အခြားဟင်းသီးဟင်းရွက်များကို ထိုနေရာတွင် တစ်ကန့်ပြီးတစ်ကန့် စိုက်ပျိုးထားသည်။
အသားဓာတ်အတွက် လင်းစစ်ယောင်သည် ရှောင်ချွမ်နှင့်အတူ တောသို့ထွက်၍ ဆောင်းမခိုရသေးသော တိရိစ္ဆာန်များကို လိုက်လံရှာဖွေခဲ့သည်။ အသက်ရှင်လျက် ဖမ်းမိပါက၊ ကြက်ခြံဘေးရှိ အသစ်လုပ်ထားသော အကာအရံထဲတွင် ထားထားမည်ဖြစ်၏။ ဒဏ်ရာများနှင့်ဖမ်းမိလျှင် သတ်ပြီး တာရှည်ခံအောင်လုပ်ထားမည်။ အခြားဟာတွေကိုတော့ မတူညီတဲ့ဟင်းပွဲများအဖြစ်ပြောင်းလဲခဲ့၏၊ နှပ်ပြီး သို့မဟုတ် ပြုတ်ပြီး အပြန်အလှန်ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် လောင်အိမ်နှင့် ထျန်းအိမ်သို့ ပို့ပေးခဲ့သည်။ ဝံပုလွေလေးတွေကလည်း ၎င်းတို့ရဲ့မျှတတဲ့ဝေစုကိုရရှိခဲ့ပြီး အသားတွေနဲ့ပြည့်နေသောအစာကို ရက်အတော်ကြာ စားလိုက်ကြရသည်။ ၎င်းတို့သည် အလွန်ပျော်ရွှင်စိတ်လှုပ်ရှားနေကြပြီး နောက်တစ်ကြိမ် အမဲလိုက်ရန် စိတ်အားထက်သန်နေကြ၏။ သို့သော်လည်း လင်းစစ်ယောင်ထံမှ စိန်းစိန်းဝါးဝါးအကြည့်ကြောင့် လျင်မြန်စွာ ငြိမ်သက်သွားပြီး သူတို့အိမ်လေးထဲသို့ တုံ့ဆိုင်းစွာ ပြန်သွားကြလေသည်။
တစ်နေ့တွင်၊ ထျန်းတပေါင်သည် သိုင်းလေ့ကျင့်သည့်တိုင်များပေါ်တွင်လေ့ကျင့်နေစဉ်၊ ကြည်လင်သောမြစ်ထဲတွင် သာမန်ငါးကြင်းများ၊ နီညိုရောင်ငါးကြင်းများနှင့် အနက်ရောင်ငါးကြင်းများ ပတ်လည်တွင် ကူးခတ်နေသည်ကို သတိပြုမိခဲ့သည်။
ကွေ့ကောက်သော ဤမြစ်သည် အနောက်တောင်တန်းများမှ စီးဆင်းလာသည်။ စုရွှေလျန်၏အိမ်သည် ပထမဆုံးအိမ်ဖြစ်သည်၊ ထို့ကြောင့်သဘာဝအလျောက် ငါးများစွာရှိမည်မှာ အသေအချာပေ။
ဤအတွက်ကြောင့် ထျန်းတပေါင်သည် နေ့လည်စာစားရန် ပြန်သွားပြီးနောက် ငါးဖမ်းပိုက်ကွန်ကြီးတစ်ခုနှင့်အတူ ပြန်လာခဲ့သည်။
စုရွှေလျန်နှင့် ဝံပုလွေခွေးနှစ်ကောင်၏ တလက်လက်တောက်နေသောမျက်လုံးများအောက်တွင် လင်းစစ်ယောင်သည် ငါးဖမ်းပိုက်ကို တုံ့ဆိုင်းစွာယူကာ ငါးဖမ်းရန် မြစ်ထဲသို့သွားလေသည်။
တွေးထားသည့်အတိုင်း ပိုက်ကွန်ကို ပထမဆုံးအကြိမ် ဆွဲတင်လိုက်သောအခါတွင် တဖျပ်ဖျပ်ခုန်နေသော ငါးများ၊ ပုစွန်များနှင့် ကဏန်းများကို ကြည့်ရင်း မကြာမီ သူတို့မျက်နှာပေါ်မှ အံဩမှုများက ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ယနေ့ညတွင် စားပွဲသောက်ပွဲရှိရုံတင်မကဘဲ တောထဲက ရနံ့မွှေးပျံ့တဲ့ တောရိုင်းတိရိစ္ဆာန်တို့ရဲ့အသားတွေအပြင် ဆောင်းရာသီမှာ နောက်ထပ် စားကောင်းသောက်ဖွယ်တစ်မျိုးဖြစ်တဲ့ ငါးနဲ့ အခွံမာရေနေသတ္တဝါ (ပုစွန် နဲ့ကဏန်း)တို့ကိုလည်း ခံစားနိုင်တော့မည်။
အချိန်အတော်ကြာ ငါးဖမ်းပြီးနောက် အိမ်နှစ်အိမ်ရှိ ထည့်စရာများအားလုံး ငါးများနှင့် ပြည့်သွားသည် ။
စုရွှေလျန်သည် ထျန်းတပေါင်ကို တစ်ဝက်ယူခွင့်ပြုပြီးနောက် လောင်အိမ်သို့ စည်ပိုင်းကြီးတစ်ခုစာ ပေးလိုက်သည်။ ကျန်တာ သူတို့အပိုင်ပင်။ ညစာအတွက် အနည်းငယ်ကို ရွေးယူပြီး ကျန်တာကို တော့ ဆားငန်ရေထဲတွင် စိမ်ထားလိုက်၏။ နှစ်ရက်ကြာအောင် စိမ်ပြီးနောက် မီးဖိုခန်းထဲသို့ မသွင်းမီ တစ်ကောင်ချင်း တွဲလောင်းချိတ်ထားပြီး သုံးရက်ကြာ နေလှန်းအခြောက်ခံလိုက်သည်။
အခုဆို ဆောင်းရာသီမှာ စားဖို့ ရွေးချယ်စရာ အစားအသောက်တွေ တစ်စထက်တစ်စ တိုးလာနေလေပြီ....
***