တကယ့် နတ်ဆိုးမလေး အဲလစ်
Vol. 1 Ch. 3
“ ကျွန်မနာမည် အဲလစ်ပါ။ ”
မိန်းမလှလေး၏ အပြစ်ကင်းသည့် အပြုံးက ချန်လွေ့အား ရှက်သွားစေသည်။
“ အစ်ကို့ရဲ့ နာမည်ကရော။ ”
“ ငါ့နာမည်....ချန်လွေ့ ပါ။ ”
ဒီလိုနေရာမှာ ငါပြန်မွေးဖွားလာတယ်ဆိုတော့ အာသာဆိုတဲ့ နာမည်ကို ဖျောက်ပြီး ငါ့နာမည်ရင်းပဲ သုံးလိုက်မယ်။
ချန်လွေ့ တွေးလိုက်သည်။
“ ညီမလေး အဲလစ်။ဒီကနေ ဘယ်လိုထွက်ရမလဲ ပြောပြနိုင်မလား။ ”
“ ထွက်ဖို့လား။ ”
အဲလစ်က တောက်ပနေသည့် ချစ်စရာ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ ဆရာအဲဒက်စ်ရဲ့ စမ်းသပ်ခန်းက ဒီနားမှာပဲ။ရှင်ရော အဲ့ဒီကို သွားမလို့လား။ကျွန်မ ခေါ်သွားပေးမယ်လေ။ ”
“ မဟုတ်ဘူး။အဲ့ဒီနေရာတော့ လုံးဝမဟုတ်ဘူး။ ”
ချန်လွေ့ ထိတ်လန့်သွားသည်။
လာနောက်နေတာလား။အဲ့ဒီအရူးနေရာကနေ ထွက်ဖို့ ငါအများကြီး ကြိုးစားခဲ့ရတာ။ငါအဲ့ဒီကိုပြန်သွားရင် ငါက ကျပ်မပြည့်လို့ပဲ။
အဲလစ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ ဘာလို့လဲ။အဲ့ဒီဆရာရဲ့ စမ်းသပ်ချက်တွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်လို့ကြားတယ်။ကျွန်မလည်း သွားကြည့်မလို့။ ”
တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။တစ်ခြားသူတွေကိုအဆိပ်တွေ အဖျော်ယမကာ လိုမျိုး သောက်ခိုင်းတာ တစ်ခုပဲ....
ချန်လွေ့သည် ထိုအပြစ်ကင်းပြီး ချစ်စရာကောင်းသည့် ကောင်မလေးအား ကြည့်လိုက်သည်။ထို့နောက် အံကြိတ်ကာ သူ၏နှလုံးသားအား ဆန့်ကျင်ပြီး လိမ်ပြောလိုက်သည်။
“ မင်းမသိဘူးလား။စမ်းသပ်ခန်းမှာ မတော်တဆမှုတစ်ခု ဖြစ်သွားတယ်။ငါက ဆရာအဲဒက်စ်ရဲ့ တပည့်အသစ်ပါ။ဆရာက ထူးဆန်းတဲ့ အဆိပ်တစ်ခုကို မတော်တဆ သောက်မိသွားပြီးတော့ ရူးသွပ်ပြီး တွေ့သမျှလူတိုင်းကို လိုက်တိုက်ခိုက်တယ်။စလီတောင် သူ့ကြောင့် သတိလစ်သွားပြီ။သူနဲ့တွေ့ရင် မင်းသေချာပေါက် ထိခိုက်မှာပဲ။ငါ ဒီကနေထွက်ဖို့ အလျင်လိုနေတယ်။ငါလမ်းမမှတ်မိတော့လို့။ငါ့ကို လမ်းပြပါလား။ ”
အဲဒက်စ် ရူးသွပ်သွားကြောင်း သိလိုက်သည့်အခါ အဲလစ် ကြောက်ရွံ့သွားပြီး ထပ်ကာထပ်ကာ ခေါင်းညိမ့်ကာ ပြောလိုက်သည်။
“ ကြောက်စရာကြီးပဲ။ရှင်ကသူ့ရဲ့ တပည့်ဆိုတော့ သူ့ခွင့်ပြုချက်မရှိဘဲ ထွက်သွားဖို့က ခက်လိမ့်မယ်။ ”
“ ဆရာက အခု နိုးမှာမဟုတ်သေးဘူး။ငါ့ရဲ့ အလုပ်ကိစ္စက အရေးကြီးနေတယ်။ ”
ချန်လွေ့ တောင်းပန်တိုးလျှိုလိုက်သည်။
“ အဲလစ်။မင်းငါ့ကို ကူညီနိုင်မလား။ ”
အဲလစ် နှုတ်ခမ်းစူလိုက်ပြီး ခဏတွေးလိုက်ကာ ခေါင်းညိမ့်ပြလိုက်သည်။
“ ကောင်းပြီလေ။ဒါပေမဲ့ ဒါပေမဲ့ ရှင် ဝတ်ရုံဝတ်ထားပြီးတော့ ခေါင်းငုံ့ရင်း လမ်းလျှောက်ရမယ်။ရှင်က တပည့်အသစ်ဆိုတာ တခြားသူတွေ မတွေ့သွားစေနဲ့။ ”
“ ကျေးဇူးအများကြီးတင်ပါတယ်။ ”
ချန်လွေ့က သူ လူသားဖြစ်ကြောင်းသိသွားမည်ကို ကြောက်သည်။ထိုကမ်းလှမ်းမှုသည် ကွက်တိပင်ဖြစ်သည့်အတွက် ချန်လွေ့ ပျော်ရွှင်သွားသည်။
“ ရပါတယ်။အစ်ကို။ ”
အဲလစ်က ချစ်စရာ ပါးချိုင့်နှစ်ခု ပေါ်အောင် ပြုံးလိုက်သည်။ထို့နောက် ချန်လွေ့၏ လက်ကိုကိုင်းပြီး အပြင်သို့ သွားတော့သည်။ထိုမိန်းကလေး၏ လက်သည် ချောမွေ့ပြီး စိုပြေသည်ဟု ချန်လွေ့ခံစားလိုက်ရပြီး နှလုံးသားထဲ၌ နွေးထွေးသွားသည်။
နတ်ဆိုးဘုံမှာ ကြောက်စရာ နတ်ဆိုးတွေပဲ ရှိတယ်လို့ ဘယ်သူပြောလဲ။ဒီကောင်မလေးက ကြင်နာတတ်တယ်။ ကူညီတတ်တယ်။နတ်သမီးတွေရဲ့ စံနမူနာပဲ။
လမ်းတစ်လျှောက်၌ ထူးခြားသော အသွင်အပြင်များရှိသည့် နတ်ဆိုးများအား သူတို့နှစ်ယောက် တွေ့ခဲ့ရသည်။အများစုသည် အရပ်မြင့်မြင့် နှင့် ကြောက်စရာကောင်းပြီး လက်ထဲတွင် လက်နက်များရှိသည်။သူတို့သည် အိမ်ယာ၏ အစောင့်များ ဖြစ်ဟန်တူသည်။
လိုလီလေးသည် ဤနေရာအား မကြာခဏ လာလည်ပုံရသည်။ထိုအစောင့်များက မေးခွန်းလာမမေးသည့်အပြင် သူတို့၏မျက်နှာ၏ ရိုသေလေးစားသည့် အမူအရာများ ပြသကြသည်။မည်သူမျှ မတားဆီးကြသည်ကို ချန်လွေ့တွေ့သွားပြီး စိတ်အေးသွားရသည်။ချန်လွေ့သည် အဲလစ်၏ စကားအတိုင်း မျက်နှာအား ဝတ်ရုံနှင့်ကွယ်ပြီး ခေါင်းငုံ့ကာ လမ်းလျှောက်နေသည့်အတွက် ထိုအစောင့်များ၏ အမူအရာများကို မတွေ့လိုက်ပေ။
ဤ အိမ်ယာသည် အလွန်ကျယ်လှသည်။လမ်းအကြာကြီး လျှောက်ပြီးနောက် လိုလီလေး ရပ်တန့်သွားပြီး ပြောလိုက်သည်။
“ ကျွန်မတို့ရောက်ပြီ။ ”
ချန်လွေ့ အလွန်ပျော်ရွှင်သွားပြီး ခေါင်းမော့လိုက်ရာ ချက်ချင်းပင် ကြက်သေသေ သွားသည်။ထိုနေရာသည် ချန်လွေ့အတွက် ကြောက်စရာအကောင်းဆုံးနေရာဖြစ်သည့် အဲဒက်စ်၏ စမ်းသပ်ခန်းပင် ဖြစ်လေသည်။
အဲလစ်ပြုံးပြလိုက်သည်။သူ၏ မျက်လုံးများသည် လှပသော လအသစ်များကဲ့သို့ လှပနေပေသည်။
“ အစ်ကိုက ဒီကိုလာချင်တာ မဟုတ်လား။အခု ကျွန်မတို့ ရောက်ပြီလေ။ကျွန်မကူညီတာကို ကျေးဇူးတင်ရမယ်နော်။ ”
သူ၏ အပြုံးသည် ယခင်ကကဲ့သို့ အပြစ်ကင်းပြီး ချစ်စရာကောင်းလှသည်။သို့သော်လည်း သူ၏ ချစ်စရာပါးစပ်အစွမ်း၌ ဝှက်ထားသည့် အစွယ်နှစ်ချောင်းကို ချန်လွေ့တွေ့လိုက်ရသည်။သူ၏ နောက်ဘက်၌ လှုပ်ရမ်းနေသည့် အမြှီးသေးသေးလေးတစ်ခုလည်း ရှိသည်။ချန်လွေ့ ထွက်ပြေးရန် ပြင်လိုက်ရာ အဲလစ်၏ နွေးထွေးသော လက်ကလေးများသည် သံမဏိကွင်းကဲ့သို့ဖြစ်နေပြီး သူ၏ခန္ဓာကိုယ် လှုပ်၍ပင် မရချေ။
“ တစ်ယောက်ယောက်ရှိလား။ကျွန်မ ဒီမှာ ရောက်နေပြီ။ ”
အဲလစ်က ချန်လွေ့အား ချက်ချင်းဆွဲပြီး အော်ပြောလိုက်သည်။
“ ဘယ်သူလဲ။လေးစားမှုမရှိဘဲ ပိုင်နက်ကျူးလွန်ရဲ.... ”
ထော့နဲ့ထော့နဲ့ဖြင့် စလီ ထွက်လာပြီး ဗလုံးဗထွေးပြောလိုက်သည်။အဲလစ်အား တွေ့လိုက်ရာ စလီသည် ချက်ချင်း ဒူးထောက်လိုက်သည်။ ကြောက်၍လား၊ထိတ်လန့်၍လား မသေချာပေ။
မျက်နှာ၏ ဖုန်များ၊သဲများ အပြည့်ဖြစ်နေသည့် အဲဒက်စ်သည် ဆူဆူညံညံကြားလိုက်ရပြီး ထွက်လာသည်။ချန်လွေ့အား တွေ့လိုက်ရာ အဲဒက်စ်သည် ချန်လွေ့အား ရက်စက်စွာ စိုက်ကြည့်လိုက်သည် သို့သော်လည်း ချန်လွေ့ထင်ထားသကဲ့သို့ သူ့ဆီမလာဘဲ အဲလစ်အား ဦးညွှတ်လိုက်သည်။
“ ဆရာ။မတွေ့ရတာ ကြာပြီနော်။ ”
အဲလစ် လက်လွှတ်လိုက်ပြီး စိတ်ထိခိုက်ပုံ ပေါက်သွားသည်။
“ ဆရာ့ရဲ့ တပည့်အသစ်က လမ်းပျောက်နေလို့ ကျွန်မ ခေါ်လာခဲ့ပေးတာ။ဒါပေမဲ့ ဒီအစ်ကိုက မရိုးသားဘူး။သူကျွန်မကို လိမ်ခဲ့တယ်။ဆရာက မသောက်သင့်တဲ့ ဆေးရည်တစ်မျိုး သောက်လိုက်မိပြီးတော့....ဆရာ့နဲ့တွေ့ရင် ဆရာက ကျွန်မရဲ့ အင်္ကျီတွေကို ဆွဲချွတ်ပြီးတော့.... ”
“ အဟွတ် ”
ချန်လွေ့ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြီး သူ၏မျက်နှာ အစိမ်းရောင်ပြောင်းလုနီးပါး ဖြစ်သွားသည်။ချန်လွေ့သည် တွင်းတူးပြီး ပုန်းချင်နေမိသည်။ ဒီကောင်မလေးက တော်တော်လေး စိတ်နှလုံးမကောင်းဘူး။တော်တော်လည်း သန်မာတယ်။
အခုတော့ မည်သည်မျှ ပြောရန် မရှိတော့ပေ။ပထမဆုံးအကြိမ် အင်တာနက် သုံးနေရင်း ထရန်နီတစ်ခုရဲ့ အလိမ်ခံရလိုမျိုးပင် ဖြစ်သည်။အခြားသူများလောက် မကျွမ်းကျင်သည့်အတွက် ချန်လွေ့ ဆွံအသွားသည်။
“ မင်းသမီးလေး။ဒီဉာဏ်များတဲ့ လူသားကို မယုံပါနဲ့။ ”
အဲဒက်စ်သည် ကိုးရိုးကားရား မျက်နှာနှင့် ပြောလိုက်သည်။ထို့နောက် စကားလမ်းကြောင်းလွှဲလိုက်သည်။
“ သူက နတ်ဆိုးဘုံထဲကို လွန်ခဲ့တဲ့ ၃ရက်က ရောက်လာတာ။သူ့ကိုသုံးပြီး ကျုပ်ရဲ့ ဆေးရည် အသစ်တွေကို စမ်းသပ်နေတာ။အစကတော့ အဆင်ပြေတယ်။ဒါပေမဲ့ ဒီနေ့တော့ ဘယ်ဆေးရည်မှ သူ့ကိုမတိုးတော့ဘူး ။အဆိပ်ဖြူဆေးရည်ကို ကျုပ်ဖော်စပ်နေတုန်း မတော်တဆမှုတစ်ခု ဖြစ်သွားတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတာ။မင်းသမီးလေး သူ့ကို တွေ့သွားလို့ တော်သေးတာပေါ့။ ”
မင်းသမီးလေး တဲ့လား။
နောက်ဆုံးတော့ ချန်လွေ့သည် စိတ်နှလုံးမကောင်းသည့် လိုလီက မည်သူဖြစ်ကြာင်း သိသွားလေပြီ။ယခုတစ်ခေါက်တော့ ထောင်ခြောက်ထဲသို့ သူကိုယ်တိုင် ဝင်မိသွားခြင်းဖြစ်သည်။သို့သော်လည်း လူ အဲဒက်စ်ပြောသကဲ့သို့ သူသည် လိမ်ညာလှည့်ဖြားတတ်သည်ဆိုသည်ကို ဝန်မခံပေ။
အဲလစ်နဲ့ယှဉ်ရင် ငါက တော်တော်လေး ဖြူစင်ပါတယ်။
“ ဆရာ့ရဲ့ အဆိပ်ရည်အားလုံး မတိုးတော့ဘူးလား။ ”
စိတ်ဝင်စားစရာတစ်ခုခု တွေ့သွားသည့်နှယ် အဲလစ်၏ မျက်လုံးများ တောက်ပသွားသည်။
“ ကျွန်မ မိုးသစ်တောမည်းဆီ အသီနာ နဲ့သွားခဲ့ပြီးတော့ စိတ်ဝင်စားစရာအရာတွေ ယူလာခဲ့တယ်။ဒါက အူဖောက်မြက်၊ဒါက နှလုံးပုပ်ပန်း။ဒီလူသားကို ဒီတွေ စမ်းစားကြည့်ခိုင်းရင် မကောင်းဘူးလား။ ”
ခြင်းတောင်းသေးသေးလေးထဲက ဟာတွေက သစ်သီးတွေ၊ပန်းတွေမဟုတ်ဘဲ ဒီလို “ စိတ်ဝင်စားစရာ ” ပစ္စည်းတွေတဲ့လား။ဒီကောင်မလေးက တကယ့်ကို နတ်ဆိုးပဲ။
ချန်လွေ့ မခုခံနိုင်ခင်မှာပင် စလီသည် ချန်လွေ့အား ကြိုးတုပ်လိုက်ပြီး စမ်းသပ်ခန်းဆီ ခေါ်သွားလိုက်သည်။
တစ်နာရီကြာပြီးနောက်
အဲဒက်စ် ပို၍ မျက်မှောင်ကြုတ်လာသည်။မိုးသစ်တောမည်း၏ တောနက်ထဲရှိ ဆေးပင်၊ပန်းပင်များသည် အစွမ်းထက်လှသော်လည်း ချန်လွေ့အား မတိုးပေ။
စူပါစနစ်၏ တိုးတက်နှုန်းသည် ၁၉.၆% အထိ ရောက်ရှိသွားသော်လည်း ချန်လွေ့ လုံးဝ မပျော်ပေ။
အရူးဝါသနာအိုး တစ်ယောက်နဲ့တောင် ကြောက်စရာ ကောင်းနေပြီ။နောက်ထပ် စိတ်နှလုံးမကောင်းတဲ့ လီလိုလေးပါ ထပ်ပါလာရင်တော့ သူတို့စွမ်းအားက ၁နဲ့၁ပေါင်းရင် ၂ ရသလိုမျိုး ရိုးရှင်းမှာ မဟုတ်တော့ဘူး။
အဆိပ်ပျော့များကိုသုံး၍ စနောက်ရခြင်းကို သဘောကျသည့်အတွက် အဲလစ်သည် ဆေးပညာကို အမြဲပင် စိတ်ဝင်တစားရှိခဲ့သည်။သူ့အား အဲဒက်စ်ရဲ့ တပည့် တစ်ပိုင်းဟုပင် သတ်မှတ်၍ပင်ရသည်။အဲလစ်သည် သူ၏မျက်နှာအား ပွတ်သပ်ရင်း တွေးနေသည်။
“ ဆရာ။ဆရာက အမြဲတမ်း ဆိုးကျိုးအစွမ်းပြတဲ့ ဆေးရည်တွေကိုပဲ သုံးတာမလား။ကောင်းကျိုးတွေ ပေးနိုင်တဲ့ဟာတစ်ခုခုကို စမ်းကြည့်ပါလား။
ထိုအကြံ ဖြစ်နိုင်သည်ဟု အဲဒက်စ် ခံစားရလိုက်သည်။ထို့နောက် သံဗီဒိုတစ်လုံးအား ဖွင့်လိုက်ပြီး အနီရောင် ဆေးရည်တစ်ပုလင်းကို ရွေးချယ်ကာ ပြောလိုက်သည်။
“ ခွန်အား ဆေးရည်ကို အရင် စမ်းကြည့်ရအောင်။ ”
စလီသည် ဆေးရည်ကို ရိုရိုသေသေလက်ခံပြီး ချန်လွေ့အား အတင်းတိုက်လိုက်သည်။အားတိုးဆေး ထိုးရသကဲ့သို့ ချန်လွေ့၏ ခန္ဓာကိုယ် နွေးထွေးသွားသည်။သူ၏ ခွန်အား သိသိသာသာ တိုးတက်သွားပြီး တုပ်ထားသောကြိုးသည်လည်း ရုတ်တရက် ပြတ်ထွက်သွားသည်။
စလီသည် မင်းသမီးလေးအား အထင်ကြီးစေရန်အတွက် ချန်လွေ့အား ချိုးနှိမ်ရန် ကြိုးစားလိုက်သည်။ချန်လွေ့၏ ခန္ဓာကိုယ်ထဲ၌ စွမ်းအားများပိုလျှံနေပြီး သူတို့နှစ်ဦး လုံးထွေးသတ်ပုတ်ကြကုန်သည်။သန်မာမှုဆေးရည်နှင့်ဆိုလျှင်ပင် စလီအား အနိုင်ယူရန် ခဲယဉ်းလှသည်။သို့သော်လည်း စလီသည် ချန်လွေ့အား မင်းသမီးလေးနှင့် အဲဒက်စ် အရှေ့၌ မသတ်ရဲပေ။ချန်လွေ့သည်လည်း သန်မာမှု ဆေးရည်သောက်ပြီးနောက် အပြင်းအထန် တိုက်ခိုက်သည့်အတွက် စလီ ပြန်မတိုက်နိုင်တော့ပေ။
စလီ၏ အကူအညီတောင်းသံများ ပို၍ကျယ်လောင်လာသည်။သို့သော် အဲဒက်စ်နှင့် အဲလစ်တို့၌ ကူညီချင်စိတ် မရှိပေ။ဤ အနိုင်ကျင့်သည့် မှင်စာအား ချန်လွေ့ ခံပြင်းနေသည်မှာ အတော်ကြာလေပြီ။ယခု ထိုမှင်စာအား ရိုက်နှက်ရသည့်အတွက် ကောင်းလှပေသည်။သို့သော်လည်း အဲလစ် နှင့် အဲဒက်စ်တို့အား ချန်လွေ့ ဘာမှ မလုပ်ရဲပေ။သူတို့နှစ်ဦးသည် မဆန့်ကျင်နိုင်သည့် အကြမ်းဖက်သမားများ ဖြစ်ကြပေသည်။
ထူးဆန်းသည်မှာ စူပါစနစ်သည် ကောင်းကျိုးသက်ရောက်မှု၏ စွမ်းအင်ကို မစုပ်ယူခြင်းပင်။တိုးတက်နှုန်းမှာ အနည်းငယ်သာ တိုးလာသည်။ယခုတွင်တော့ ၁၉.၇% ရှိပြီဖြစ်သည်။
မှင်စာ၏မျက်နှာဖူးယောင်ပြီး မောဟိုက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့်အခါမှသာ သန်မာမှုဆေးရည်၏ အစွမ်း ကုန်သွားလေသည်။ပြန်တည်ငြိမ်သွားသည့် ချန်လွေ့အား သေချာအကဲခတ်ရင်း အဲဒက်စ် အံ့အားသင့်သွားပြန်သည်။
“ သန်မာမှု ဆေးရည်က ခွန်အားအများကြီး တိုးစေတယ်။ဒါပေမဲ့ အဲ့ဒါမှာ ဘေးထက် ဆိုးကျိုးရှိတယ်။ဆေးစွမ်းပြယ်ပြီးရင် သူက အရမ်းအားနည်းနေရမှာ။ဘာလို့ သူက ဘာမှမဖြစ်ရတာလဲ။ ”
အဲလစ် အံ့အားသင့်စွာ မေးလိုက်သည်။
“ ဒါဆို ဆရာက ဘေးထွက်ဆိုးကျိုးမရှိတဲ့ သန်မာမှုဆေးရည်ကို ဖော်စပ်နိုင်သွားတာလား။ ”
အဲဒက်စ် စိတ်အားထက်သွားသည်။သို့သော်လည်း သူ ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
“ မဖြစ်နိုင်ဘူး။ဆေးရည်ရဲ့ ဆေးညွှန်းက ပျောက်ကွယ်သွားတာ ကြာပြီ။ပြီးတော့လည်း ဒဏ္ဍာရီလာ ဆရာသခင်မှပဲ ဒါကို ဖော်စပ်ဖို့ အစွမ်းရှိမယ်။နယ်ဆိုးဘုံ တစ်ခုလုံးမှာတောင် တစ်ပုလင်းမှ တွေ့မှာ မဟုတ်ဘူး။ ”
တစ်ဖက်တွင်တော့ ချန်လွေ့သည် “ ဘေးထွက်ဆိုးကျိုး ” ဆိုသည်ကို ကြားလိုက်ပြီး တွေးလိုက်သည်။
ဒါက [အလိုအလျောက် စုပ်ယူခြင်း ]ရဲ့ အစွမ်းလား။ဘေးထွက်ဆိုးကျိုးရှိတဲ့ ပစ္စည်းကိုစုပ်ယူပြီးတော့ အကျိုးရှိတာတွေကိုပဲ ချန်ထားတာလား။အထင်ဖြစ်ပေမဲ့လည်း မှန်ဖို့များမယ်။စနစ်ကသာ အကျိုးရှိတဲ့ ပစ္စည်းအားလုံး စုပ်ယူလိုက်ရင် ငါ ဘယ်လောက်စားစား အသက်ရှင်မှာ မဟုတ်တော့ဘူး။
အမျိုးမျိုးသော တိုးမြှင့်ဆေးရည်များကာ အဆက်လိုက် စမ်းကြည့်ပြီးသည့်အခါ အဲဒက်စ်သည် ရူးချင်စရာ ကောင်းအောင် ကောက်ချက်ချလိုက်သည်။
အဆိပ်တွေက ဒီလူသားကို မတိုးဘူး။ဒါပေမဲ့ တိုးမြှင့်ဆေးရည်တွေကတော့ သူ့အတွက် အကျိုးရှိတယ်။
ချန်လွေ့ကဲ့သို့ သူရှေ့၌ နာမည်ကြီး အဆိပ်သခင်များသည် ကြင်နာပြီး ကူညီတတ်သည့် အာဟာရ သိပ္ပံ ပါရဂူများသာ ဖြစ်ပေသည်။
“ သူ့ကို ချုပ်ထိန်းနိုင်တာ တစ်ခုခုတော့ ရှိရမယ်။ ”
အဲဒက်စ် အော်ဟစ်လိုက်သည်။မင်းသမီးလေးရှေ့၌ မယဉ်မကျေးဖြစ်သည်ကို အရေးမစိုက်နိုင်တော့ချေ။
“ နှစ်ပေါင်းရာနဲ့ချီ လေးနဲ့ လူသားတွေက ဒီလောက်ထိ ကြောက်စရာ ကောင်းသွားပြီလား။ဒါက အားနည်းတဲ့ သာမန်လူသားလေးပဲ။ဒါဆိုရင် နတ်ဆိုးတွေရဲ့ အနာဂတ်ကရော ဘယ်လိုဖြစ်မှာလဲ။ ”
ဘေးမှ ဝိုင်းကြည့်သူတစ်ယောက်ဖြစ်သည့် အဲလစ်သည် အဲဒက်စ်ရဲ့ အဖြစ်ကို မြင်ပြီး ခေါင်းခါလိုက်သည် ။
“ လူသားအကုန်လုံး သူ့လိုမျိုးကို ကျွန်မ မထင်ဘူး။ဒါပေမဲ့ သူက တစ်ခုခုလွဲနေတယ်။ဆရာ။သူ့ကို စမ်းသပ်ဖို့ မှော်ကိရိယာတစ်ခု လုပ်ချင်လား။ ”
“ ဒီလိုကိရိယာတွေ ကျုပ် မလုပ်နိုင်ဘူး။အဂ္ဂိရတ် ပညာက ကျယ်ပြန့်ပြီး နက်ရှိုင်းတယ်။ကျုပ်က ဆေးဝါးပညာကိုပဲ တတ်ကျွမ်းတာ။ ”
အဲဒက်စ်သည် ဘာသာရပ်များ၌ အတော်လေး တင်းကြပ်သည်။သူ ရုတ်တရက်အကြံရသွားပြီး သူ၏မျက်လုံးများ သွေးဆာသကဲ့သို့ ဖြစ်သွားသည်။
“ သူ့ရဲ့သွေးကို စလီဆီ ပေးခဲ့တယ်။ဒါပေမဲ့ စလီက ဘာခုခံမှုမှ မရခဲ့ဘူး။ဒီတစ်ခေါက်တော့ သူ့ခန္ဓာကိုယ်ကို ခွဲစိတ်ပြီး သုတေသန လုပ်ရမယ်။ ”
ချန်လွေ့သည် ကျောရိုးတစ်လျှောက် အေးစက်သွားသည်။သူ စိုးရိမ်နေသည့်အရာသည် နောက်ဆုံးတော့ ဖြစ်လာလေပြီ။
“ ဆရာ။နေပါဦး။ ”
အဲလစ်သည် ချန်လွေ့ပြောချင်နေသည်ကို ပြောလိုက်သည်။
“ သူ့ကိုမသတ်ပါနဲ့။သူက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်မသူနဲ့ ကစားမယ်လေ။ ”
ထိုအချိန်၌ နတ်သမီး၏ ရောင်ခြည်စက်ဝန်းသည် အဲလစ်၏ ခေါင်းပေါ် ထပ်ကျလာပြန်ပြီဟု ချန်လွေ့ခံစားလိုက်ရသည်။ချန်လွေ့သည် အရုပ်ဖြစ်မည့် ကံကြမ္မာအား လက်ခံလိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။
“ ဆရာ။ကျုပ်ကို မသတ်ပါနဲ့။ခင်ဗျားကျေနပ်တဲ့အထိ ဆေးရည်တွေအားလုံးကို စမ်းကြည့်ပေးမှပါ။ ”
ဒါက အကြံကောင်းပဲ။ငါ့အသက်ကိုလည်း ကယ်နိုင်သလို စူပါစနစ်ကိုလည်း ၁၀၀% အထိရောက်အောင် လုပ်နိုင်မယ်။ဒါဆိုရင် ငါက နတ်ဆိုးမလေးကို ထိုးနိုင်ပြီး အမှောင်နတ်သူငယ်ကို နင်းချနိုင်တဲ့ စူပါလူသားတစ်ယောက် ဖြစ်လာမှာလား။
ထိုစကားကို လွန်ခဲ့သော နာရီများ၌ ပြောလျှင် ပိုကောင်းပေမည်။အကြောင်းမှာ ထိုစကားများသည် အဲဒက်စ်၏ နားရွက်ချွန်ချွန်ထဲ၌ အလွန်အမင်း ထေ့ငေါ့ပြောသကဲ့သို့ ဖြစ်နေပြီး သူ၏ မျက်နှာမည်းကြီးသည်လည်း ပို၍ မည်းမှောင်လာလေသည်။